Sunday, July 30, 2017

NLD အစိုးရရဲ့ တစ်နှစ်ပြည့် စီးပွားရေးမူဝါဒ (၁၂) ချက် ဘယ်လောက် အသက်ဝင်နေပြီလဲ (အီလဲဗင်းမီဒီယာ ၁.၈.၂၀၁၇)

NLD အစိုးရရဲ့ တစ်နှစ်ပြည့် စီးပွားရေးမူဝါဒ (၁၂) ချက် ဘယ်လောက် အသက်ဝင်နေပြီလဲ



ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ဥပဒေအပြောင်းအလဲကြောင့် မြန်မာအလုပ်သမားများ မြ၀တီ ကိုးသုံးလုံးဂိတ်မှ ပြန်လည်ဝင်ရောက်လာစဉ်
၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ စတင် မိတ်ဆက်ခဲ့တဲ့ အာဏာရပါတီ NLD ရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်ဟာ အခုဆိုရင် တစ်နှစ်သက်တမ်းပြည့်ခဲ့ပါပြီ။
စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေ ထုတ်ပြန်ခဲ့ပြီးဖြစ်သလို စီးပွားရေးမူဝါဒရဲ့ အကျယ်လုပ်ဆောင်မယ့် ကဏ္ဍတွေအတွက်လည်း ထွက်ခဲ့ပြီဖြစ်သလို အာဏာရလာမှု သက်တမ်းကလည်း အခုဆိုရင် တစ်နှစ်နဲ့ လေးလကျော်ခဲ့ပါပြီ။ အစိုးရတစ်ရပ်ရဲ့ သက်တမ်းက ငါးနှစ်ပဲဖြစ်လို့ ရာခိုင်နှုန်းနဲ့ တွက်ဆမယ်ဆိုရင် အာဏာရပါတီ NLD ဟာ သူ့ သက်တမ်းရဲ့ ၂၆ ရာခိုင်နှုန်းကျော်ကို သုံးစွဲပြီးခဲ့ပြီဆိုတဲ့ အခြေအနေပါ။


ဒီအချိန်မှာ အစိုးရတစ်ရပ်ဟာ ကိုယ်တိုင်ချမှတ်ထားတဲ့ မူဝါဒတွေကို ဘယ်လို  အကောင်အထည် ဖော်နိုင်နေပြီလဲ။ ဘယ်လောက်လုပ်ဆောင်နိုင်ပြီလဲ။ ဘယ်လိုအတိုင်းအတာအထိ အောင်မြင်နေပြီလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့  လိုအပ်လာမှာဖြစ်ပြီး အရင်အစိုးရတွေ လုပ်ခဲ့တာဆိုတဲ့ လက်ညှိုးထိုးမှုနဲ့ပဲ ငါးနှစ်သက်တမ်းပြည့်အောင် ဆက်သွားမယ်ဆိုတဲ့ပုံစံနဲ့ ရှေ့ဆက်မယ်ဆိုရင်တော့ ပြောင်းလဲချင်လွန်းလို့ မဲပုံပေးခဲ့တဲ့ ပြည်သူတွေက နှစ်လိုမယ်မထင်ပါဘူး။
တစ်နှစ်ကျော်သက်တမ်းအတွင်းမှာ NLD အစိုးရဟာ တိုင်းပြည်တစ်ပြည်ရှေ့ဆက်ဖို့၊ တိုးတက်ဖို့အတွက်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒတွေနဲ့ ကုန်သွယ်ရေးမူဝါဒအားလုံးဟာ  NLD အစိုးရလက်ထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့  အနှောင့်အယှက်ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သက်တမ်းလွန်လာချိန်အထိ ဆက် ထားနေတာ ဘာကြောင့်လဲ နားမလည်စရာ ဖြစ်ပေမယ့် ဒီလုပ်ရပ်ဟာ ကိုင်တွယ်ရခက်တဲ့ လ၀က၊ သာသနာရေးလို အရင်လူဟောင်းတွေ လုပ်ခဲ့တာမို့ အရင်လူဟောင်းတွေနဲ့ပဲ အိမ်ကြက်ချင်း ခွပ်ခိုင်းတယ်ဆိုရင်တော့ လှပတဲ့ ဗျုဟာတစ်ခုလို့ပဲ ပြောရမှာဖြစ်ပြီး ပြည်သူ့ လက်ညှိုးထိုးမှု မြင့်တက်လာရင် အရင်လူတွေကို တာဝန်ပေးထားတာကြောင့်ပါလို့ လွှဲချရုံနဲ့ရမယ့် အခြေအနေလို့ ယူဆစရာပါ။

အာဏာ စတင်ရယူစမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန် စတင်ယူချိန်မှာ “မိမိတို့ နိုင်ငံရေးအရ သွားနေသည့်လမ်းသည် စီးပွားရေးအရ သွားနေသည့်လမ်းနှင့် လိုက် လျောညီထွေရှိရမည်ဖြစ်ကြောင်း၊ စီးပွားရေးမူဝါဒကို အခြေခံသည့်အခြေခံအုတ်မြစ်များထဲတွင် အရေးအကြီးဆုံးတစ်ခုမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမရရှိဘဲ ရှေ့ဆက်သွား၍ မရနိုင်ပါကြောင်း၊ တစ်ချိန်က မိမိတို့ နိုင်ငံသည် ဒေသတွင်းနိုင်ငံများထက် စီးပွားရေးအခြေအနေ ကောင်းမွန်ခဲ့ကြောင်း၊ သို့သော် နိုင်ငံရေး ကျဆင်းသွားသည့်အခါ စီးပွားရေးပါ ကျဆင်းသွားပါကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အင်မတန် အလေးထားပါကြောင်း၊ ညီညီညွတ်ညွတ်ရှိမှသာ မိမိတို့ လုပ်ကိုင်လိုသည့် အလုပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်ရန် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးသည် အင်မတန်အရေးကြီးကြောင်း၊ စီးပွားရေးအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညီညီမျှမျှဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရမည်” ဆိုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဓိကထား လုပ်ဆောင်မယ်ဆိုတာမျိုး ပြောခဲ့သလို “ငြိမ်းချမ်းရေးရရှိမှ မိမိတို့ပြည်သူလူထု၏ စိတ်နှလုံးချမ်းသာနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အတိတ်ကို သင်ခန်းစာယူရမည် ဖြစ်ကြောင်း၊ မိမိတို့ပြည်သူလူထု တိုးတက်နိုင်ရန်မှာ ရေရှည်တွင် ငြိမ်းချမ်းရေးမရှိဘဲနှင့် စီးပွားရေးကို မည်သို့မျှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါကြောင်း၊ စီးပွားရေးမည်မျှတိုးတက်သည် ဖြစ်စေငြိမ်းချမ်းမှု မရှိလျှင် စီးပွားရေးပြိုလဲသွားနိုင်ပါကြောင်း၊ ယင်းကိုဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း” လည်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးကို ဦးတည် လုပ်ဆောင်မယ်ဆိုတာကြောင့် စီးပွားရေးကို မေ့မထားဘဲ တစ်ဖက်တစ်လမ်းက လုပ်ဆောင်သင့်ကြောင်း တန်းတူလုပ်ဆောင်သင့်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရဟာ ငြိမ်းချမ်းရေးလည်း မအောင်မြင်၊ စီးပွားရေးလည်း မအောင်မြင်ဖြစ်ခဲ့တာကို ထောက်ပြခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးကဏ္ဍကို စတင်ကြီးကြပ်နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ စကားကိုကိုးကားပြီး စံတော်ချိန်သတင်းစာမှာ ဖော်ပြခဲ့တာကြောင့် အချိန်မနှောင်းခင် စီးပွားရေးအတွက် ဦးတည်လာတာကို ကြိုဆိုရမှာပါ။
“ကိုင်တွယ်မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ကိုင်တွယ်မလဲဆိုတဲ့ ပုံစံရှိသေးတယ်။ Economic Point ကပဲ ပြောမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကလည်း ပိုက်ဆံရှိမှဖြစ်မှာပဲ။ တိုင်းပြည်မှာ ဓနအင်အား ရှိဖို့လိုပါတယ်။ ကာကွယ်ရေးအင်အားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ ဓနအင်အားအပေါ် မူတည်သွားတာပါပဲ။ တိုင်းပြည်တစ်ခုတည်ဆောက်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုလမ်းစဉ်ကို ရည်မှန်းတာပဲ ဖြစ်ဖြစ် ဓနအင်အား လိုအပ်တယ်။ ဓနအင်အားအတွက်က တိုင်းပြည်စီးပွားရေး တောင့်တင်းသထက် တောင့်တင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ လိုအပ်တယ်။ ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာတော့ ကျွန်တော်မသိသေးဘူး” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုပါတယ်။
ဒါပေမဲ့ စီးပွားရေးဆိုတာက နေ့ချင်းညချင်း ဥုံဖွဆိုပြီး ပြောင်းလို့မရသလို ကြန့် ကြာနှောင့်နှေးနေပြီး လာဘ်စားမှုနာမည်ကြီးတဲ့ ဗျုရိုကရေစီယန္တရားကို ကိုင်တွယ်ဖို့ဆိုရင် ဖြုတ်ထုတ်သတ် မလုပ်ချင်လို့ မရသလို လာဘ်စားမှုကို လုံးဝသည်းမခံဘဲ အရေးယူမယ်ဆိုတာကို ပြဖို့လည်းလိုအပ်ပါတယ်။ ၀န်ကြီးဌာနတွေ ပေါင်းစည်းလိုက်ပေမယ့် ၀န်ကြီးဌာနအချင်းချင်းအကြား ညှိနှိုင်းမရတာတွေ၊ ဌာနတစ်ခုနဲ့ တစ်ခုထုတ်ပြန်ချက်က ဌာနတစ်ခုနဲ့ ဘယ်လိုမှ အဆင်မပြေတာတွေ၊ ဌာနတစ်ခုက ပညာပြနေရင် တခြားဌာနတွေက အလုပ်ဆက်လုပ်လို့ မရတာတွေအတွက် တစ်နှစ်ကျော်အတွေ့အကြုံနဲ့ အဖြေရှာဖို့ လိုမှာဖြစ်ပြီး ၀န်ကြီးဌာနတွေ ပေါင်းစည်းပေမယ့် ဘာလို့ လုပ်ငန်း မတွင်ကျယ်သလဲဆိုတာကို ဆင်ခြင်ဖို့ လိုအပ်ပါမယ်။
စီးပွားရေးမူဝါဒဆိုတာကို ပြန်လည်မသုံးသပ်ခင်မှာ အစိုးရအဖွဲ့ကြားက လိုအပ်ချက်တွေကို အရင်ပြန်လည်သုံးသပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကြီးမားတဲ့အစိုးရကို သေးငယ်တဲ့အစိုးရဖြစ်အောင် ပြောင်းလဲပေမယ့် မလွယ်ကူတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတာကြောင့် ဒုဝန်ကြီးတွေ ဆက်တိုက်ခန့်ခဲ့ရသလို သေးငယ်နေတဲ့ စီးပွားရေးကို ကြီးမားအောင် လုပ်ဆောင်ရာမှာလည်း အရင်အစိုးရလက်ထက်ကထက်တောင် ကျဆင်းနေရတဲ့အဖြစ်ကို အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ ရေရှည်လုပ်ရမှာဖြစ်ပြီး ဆယ်စုနှစ် သက်တမ်းလောက်အထိ ကြာရှည်နိုင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်မှ တိုင်းပြည်စီးပွားရေး တိုးတက်မယ်ဆိုတာနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး။
ကောင်းမွန်တဲ့ စီးပွားရေးမူဝါဒဆိုတာ တစ်နှစ်အတွက် မဟုတ်ဘူး။ ငါးနှစ်အတွက် မဟုတ်ဘူး။ ဆယ်စုနှစ်တွေအတွက် စဉ်းစားထားတယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာတော့ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒတွေဟာ လုပ်ဆောင်မှုမမြင်ရဘဲ Vision တွေသာ ဖြစ်နေပြီး နောက်ဆက်တွဲလုပ်ရမယ့် Action Plan ပျောက်နေတယ်လို့ သုံးသပ်ခံနေရပါတယ်။ ဒီအခြေအနေဟာ ထည့်သွင်း စဉ်းစားစရာပါ။ 
“အစိုးရရဲ့ လက်ရှိမူဝါဒ ၁၂ ချက်က ယေဘုယျဆန်တယ်။ ဘာမှသုံးသပ်လို့မှ မရတာ။ ဘာပြီးအောင်လုပ်မယ်မှ မပြောထားတာ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မယ်ဆိုတာမှ မပါတာ။ General ဆန်တော့ ကျွန်တော်တို့ သုံးသပ်လို့မှ မရတာ။ မူဝါဒတို့ Policy တို့တော့ အကြမ်းဖျင်းကတော့ ပြောကြတာပဲ။ Vision ပေါ့။ Vision ပြီးရင် Action Plan လိုသေးတယ်။ နိုင်ငံခြားသားတွေ သုံးသပ်တာက လက်ရှိအစိုးရက Vision တော့ရှိတယ်။ Action Plan တော့မရှိဘူး” လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။
NLD အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ အလုပ်ဖြစ်မဖြစ် ငါးနှစ်စောင့်ရမယ်ဆိုပေမယ့် အစိုးရတစ်ရပ်ရဲ့ အနာဂတ်ဟာ တိုးတက်မှုအပေါ်ပဲ ပြည်သူက အမှတ်ပေးမှာဖြစ်တဲ့အပြင် ဒုတိယအကြိမ်သက်တမ်း အိပ်မက်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်မှုနဲ့လည်း တိုက်ရိုက်အချိုးကျပါတယ်။ NLD အစိုးရရဲ့ ပထမသက်တမ်းမှာ မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းမှု၊ ရွှေဈေး အလွန်အကျွံမြင့်တက်မှု၊  အလုပ်အကိုင်သစ် ဖန်တီးပေးနိုင်မှု အားနည်းခဲ့တဲ့အပြင် ရှိပြီးသား အလုပ်အကိုင်တွေကိုပါ ပျောက်အောင်ဖန်တီးခဲ့မှု၊ စံချိန်တင်မြင့်တက်လာတဲ့ ဘတ်ဂျက်လိုငွေ၊ ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံးနှစ်နှစ် ခြေဖျားတောင် မမီခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ တိုင်းပြည်ရဲ့ စီးပွားရေးကို အဓိက မောင်းနှင်ရာ ရန်ကုန်မြို့မှာ လက်ရှိအချိန်အထိ မအောင်မြင်သေးတဲ့ YBS စနစ်ကြောင့် သွားလာရ ခက်ခဲလာတဲ့အပြင် ငွေကုန်ကြေးကျ ပိုမိုမြင့်မားလာမှု၊ အလုပ်အကိုင်သစ် အခွင့်အလမ်းသစ် ဖန်တီးမပေးနိုင်သေးဘဲ ကေတီဗီ တွေ အခြေစိုက်ရာနေရာတစ်ခုကို ဖျက်ဆီးခဲ့မှုစတဲ့  အခြေအနေဆိုးပေါင်းများစွာ ကြုံခဲ့ပြီး ဖြစ်ပါတယ်။
ဒီလိုအခြေအနေဆိုးတွေဟာ NLD အစိုးရကို ထင်တစ်လုံးနဲ့ မြင်ခဲ့တဲ့ ပြည်သူတွေ အတွက်တော့ လက်ခံနိုင်စရာ မရှိခဲ့သလို တစ်နှစ်လောက်သာ ပေးလုပ်ရင် တိုင်းပြည် တိုးတက်စေရမယ်လို့ ထင်မြင်ကြွေးကြော်ခဲ့တဲ့ သူတွေနဲ့ NLD အစိုးရအတွက်လည်း အိပ်မက်ဆိုးတစ်ခုပါ။ ကံကောင်းတာ တစ်ချက်ကတော့ အရင်အစိုးရတွေ လုပ်ခဲ့တာ၊ အနှစ် ၅၀ ကျော် ဖျက်ဆီးခဲ့တာဆိုတာနဲ့ ဖြေတွေးခဲ့ပြီး တစ်နှစ်သက်တမ်းကာလဟာ ပျားရည်ဆမ်းခွင့် ရခဲ့တာပါ။ ဒါပေမဲ့ ဒီအခြေအနေတွေအတွက် တာဝန်အရှိဆုံးကတော့  NLD အစိုးရဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောခဲ့သလို “တာဝန်ခံမှုဆိုတာဟာ ပြည်သူလူထုရဲ့ အကျိုးအတွက် လုပ်ဆောင်မယ်လို့ ဆိုပြီးတော့ တာဝန်ယူလာတဲ့ အစိုးရအားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်ခံမှုဆိုတဲ့ ကိစ္စက ဘာလဲဆိုတော့ ဘာဖြစ်ဖြစ် ဟိုအရင်လူတွေက လုပ်ခဲ့လို့ဆိုတဲ့ အဲဒီလိုအပြစ်ဖို့တာဟာ တာဝန်ယူမှု မဟုတ်ပါဘူး။ အစကတည်းက မသိဘူးလား ဘာတွေ လုပ်ခဲ့တယ်ဆိုတာ။ မသိလို့ရှိရင်လည်း ဒီအလုပ် မလုပ်သင့်ဘူး။ ကျွန်မတို့ဆို သိတာပဲ။ ဘယ်လို ဘယ်လိုဖြစ်ခဲ့ဆိုတာ သမိုင်းစဉ်က ဘယ်လိုရှိခဲ့တယ်ဆိုတာ။ သို့သော်လည်း ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေ အပေါ်မှာယုံကြည်မှု ကျွန်မတို့ယုံကြည်တဲ့ ဒီမိုကရေစီအရေးတော်ပုံအပေါ်မှာ ယုံကြည်မှုနဲ့လုပ်ခဲ့တာ။ တို့နဲ့မဆိုင်ဘူးလို့ ကျွန်မတို့ ဘယ်တော့မှ မပြောဘူး” လို့ဆိုခဲ့တာကို သိထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


(၁)
အသေးစိတ်ဆန်လွန်းတယ်။ ယေဘုယျ ဆန်လွန်းတယ်ဆိုတဲ့ ဝေဖန်သံတွေ ရှိနေဆဲဖြစ်တဲ့ အာဏာရပါတီ NLD ရဲ့ စီးပွားရေး မူဝါဒ အမှတ်စဉ် (၁) ကတော့ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်နဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ တိုးတက်ပွားများလာအောင် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းတဲ့ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဟာ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်မှုအောက်မှာ ရေစုန်မျောနေဆဲပါ။ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံအထိ လိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကိုဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လိုငွေကျပ်ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေအများအဖြစ် စံချိန်တင်ခဲ့တဲ့ နှစ်လည်းဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ထပ်တိုးဘတ်ဂျက် မပါခင် ကနဦးမှာ လိုငွေ ကျပ် ဘီလျံ ၃၉၉၀ ကျော် ရှိနေပါတယ်။ ဒီ ဆီးသီးဗန်းမှောက် ဘတ်ဂျက်အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက လွှတ်တော်ကိုယ်စားလှယ်အများစု တာဝန်ကျေကြပေမယ့် ပြည်ထောင်စုအဆင့်မှာတော့ အားနည်းချက် အများအပြားနဲ့ စိစစ်နိုင်မှု အားနည်းနေဆဲပါ။ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်မှာ လုပ်ပိုင်ခွင့် အများအပြားအပြင် စီမံကိန်းတွေကို လိုက်ပါစစ်ဆေးနိုင်တဲ့ အနေအထားမျိုးနဲ့ ပထမနှစ်သက်တမ်းမှာ ထင်သလိုလုပ်ခဲ့တဲ့ တင်ဒါလာဘ်ပေး လာဘ်ယူမှုတွေကို ကြပ်မတ်ဖို့ အရေးပေါ်လိုအပ်တဲ့ အခြေအနေဖြစ်နေပါပြီ။

(၂) 
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၂) မှာတော့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ ဆောင်ရွက်မယ်။ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ပြီး အလုပ်အကိုင်ရရှိရေးနဲ့ စီးပွားရေးတိုးတက်မှု အထောက်အကူပြုတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အချက်တွေကို အဓိကအချက်အနေနဲ့ မူဝါဒချမှတ်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာဆိုရင်လည်း လက်ရှိအစိုးရရဲ့ စီးပွားရေးကဏ္ဍကို တာဝန်ယူထားတဲ့သူတွေက ဘယ်လိုလုပ်ငန်းဖြစ်ဖြစ် အမြတ်ရမယ် ထင်နေတာပါ။ လက်ရှိမှာ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေကလည်း လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေခိုင်မာမှု မရှိတဲ့ အခြေအနေနဲ့ တုံ့ဆိုင်းနေသလို အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေက လုပ်ငန်း သဘောသဘာဝအရ ပုဂ္ဂလိကကို ပေးရင် မြတ်မယ်ဆိုတဲ့ ထင်တစ်လုံး ရှိနေပေမယ့် လက်ရှိအထိတော့ ရပ်ဆိုင်းထားတဲ့ စက်ရုံ ၃၃ ခုအတွက် ဆက်လက်လုပ်ဆောင်ရမှုက မမြင်ရသလောက်ပါ။ ပုဂ္ဂလိကပိုင်လုပ်တယ် ဆိုတာက နိုင်ငံပိုင်မြေနဲ့ အဆောက်အအုံ ရောင်းစားတာကို ခေါ်တာမဟုတ်ဘူးဆိုတာကို သိရှိဖို့လိုအပ်မှာဖြစ်ပြီး ပုဂ္ဂလိကကို လွှဲပေးတဲ့ လုပ်ငန်းကြီးတွေကို တင်ဒါမခေါ်ဘဲ လက်သိပ်ထိုးပေးတာကလည်း တိုင်းပြည်နစ်နာမယ့် လမ်းကြောင်းဆိုတာ သိရှိဖို့လိုပါတယ်။ တင်ဒါမခေါ်ဘဲပေးခြင်းဟာ အရင်အစိုးရတုန်းကလို လေရှယ်ယာတွေများရလို့ စီမံကိန်းတွေ ပေးချင်တဲ့ခရိုနီကို ပေးနေတာလားဆိုတဲ့ ထင်မြင်မှုကိုလည်း ဖြစ်စေတာကို သတိပြုကြပါ။
ဒါ့အပြင် တိုင်းပြည်အတွက် အရေးအကြီးဆုံးက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ထူမနိုင်ရေးပါ။ တိုင်းပြည်ရဲ့ ၉၈ ရာခိုင်နှုန်းလောက်အထိ ရှိနေတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေအတွက် လက်ရှိအခြေအနေမှာ ဖြေလျှော့မှုတွေ အများကြီးလိုအပ်နေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “ SME နဲ့ပတ်သက်လို့ရှိရင် ဥက္ကဋ္ဌကြီးက တင်ပြစရာရှိတယ်ဆိုပြီး တင်ပြတော့ အခက်အခဲရှိတာက Cost of Production အရေးကြီးတယ်။  Cost of Production မြင့်နေတယ်။ အဲဒီတော့ အခွန်တွေ လျှော့ပေးပါတဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ကောက်သမျှ အခွန်ထဲမှာ အနည်းဆုံးဖြစ်နေတယ်။ လျှော့ခဲ့တာလည်း အလီလီလျှော့ခဲ့တာများပြီ။ တံဆိပ်ခေါင်းခွန်ဆိုရင် ခုနစ်ရာခိုင်နှုန်းကနေ နှစ်ရာခိုင်နှုန်းရောက်သွားပြီ။ အဲဒါကို ထပ်လျှော့ပေးစရာအကြောင်း မရှိတော့ဘူး။ အဲဒါကို လျော့အောင်လုပ်ပေးပါဆိုရင်တော့ ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။  ကျွန်တော်တို့ရဲ့ Limit ကုန်ပြီ။ အဲဒါဆိုရင် အခြားလုပ်ငန်း ပြောင်းရင်ပြောင်း၊ ဒါပဲရှိတော့တယ်။ ဒီလိုသာ လျှော့ပေးကြစတမ်းဆိုရင် ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေ ဘာနဲ့သွားလုပ်မလဲ။ ဒီကနေ့ ပြည်သူတွေ လိုအပ်ချက် ဘာနဲ့သွားလုပ်မလဲ” လို့ ဆိုထားတဲ့အတွက် ၀မ်းနည်းစရာအခြေအနေကို ရောက်နေပြီလို့ ဆိုရမှာဖြစ်ပြီး အသေးစား အလတ်စား လုပ်ငန်းတွေရဲ့ ပကတိအခက်အခဲတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ သုံးသပ်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုရပါမယ်။
တိုင်းပြည်ရဲ့ အခွန်စနစ်မှာ လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေ အများအပြားပါ။ လုပ်ငန်းတစ်ခုက မှတ်ပုံတင်ငါးမျိုးလောက်နဲ့ အခွန် ငါးမျိုးခြောက်မျိုးလောက် ပေးနေရတဲ့ တိုင်းပြည်မှာ ဖြေလျှော့မပေးနိုင်တော့ဘူးချည်း လုပ်နေမယ်ဆိုရင် မှတ်ပုံတင်မထားရသေးတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေကို မှတ်ပုံတင်အခွန်ဆောင်လမ်းကြောင်းပေါ် တွန်းတင်နိုင်မှာ မဟုတ်ပါဘူး။ အရင်အစိုးရ လက်ထက်မှာဆိုရင် စက်မှုကုန်ချောတွေကို ပြည်ပနဲ့ယှဉ်နိုင်ဖို့ ကုန်သွယ်လုပ်ငန်း ခွန်ကို သတ်မှတ်ချက်တွေရဲ့ ရာခိုင်နှုန်း ၂၀ ပဲ ကောက်ခံတာ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေအတွက် လျော့ပေါ့ခံစားခွင့်တွေကို ရာခိုင်နှုန်း ၂၀ အထိ ပေးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်မပေးတော့ဘဲ ယှဉ်ပြိုင်မှုကို ဦးတည်လာစေမယ့် အစိုးရအနေနဲ့ ပြည်တွင်းလုပ်ငန်းတွေက နိုင်ငံတကာ ထုတ်ကုန်အဆင့် ရောက်လာပြီး ယှဉ်ပြိုင်နိုင်အောင် ဘယ်လို ထောက်ကူပေးရမလဲဆိုတာကိုပဲ ဦးတည်စဉ်းစားရမှာဖြစ်ပြီးတော့ ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းတွေ ရှင်သန်ကြီးထွားရေး ထောက်ကူပေးမယ့် မဟာဗျုဟာရှိနေဖို့ လိုအပ်ပါတယ်။
“တိုင်းပြည်စီးပွားရေး တိုးတက်မှုမှာ SME ကဏ္ဍဟာ မရှိမဖြစ် အင်မတန်အရေးပါတဲ့ ကဏ္ဍဖြစ်ပါတယ်။ SME  ဆိုတာကို ရှေးယခင်ကလည်း ဒီနာမည်ပဲသုံးပြီးတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်ခဲ့တာလည်း ကြာပါပြီ။ ကြာခဲ့သော်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုတွေကို သိပ်ပြီးတော့ ရလဒ်က မပေါ်လွင်သေးဘူးဆိုတာကို အားလုံးသိတဲ့အတိုင်းပဲ” လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဆိုပါတယ်။

(၃) 
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၃) မှာတော့ ခေတ်မီဖွံ့ဖြိုးတဲ့ စီးပွားရေး ဖြစ်ထွန်းစေနိုင်တဲ့ လူ့အရင်းအမြစ်တွေ မွေးထုတ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
ဒီအချက်ကလည်း ဘယ်လောက်အထိ ရှေ့ရောက်နေပြီလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ပါးစပ်တွေကတော့ လူ့အရင်းအမြစ်တွေ မွေးထုတ်မယ်။ ဘယ်နေရာမှာ ဘာလုပ်မယ် ကြွေးကြော်နေပေမယ့် နောက်ဆက်တွဲလုပ်ရပ်တွေကတော့ ဘာမှမမြင်ရပါဘူး။ အထူးသဖြင့် ပညာရေးကဏ္ဍပါ။ နှစ်အလိုက် ဘတ်ဂျက်တွေ တိုးမြှင့်လာခဲ့တာဟာ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာမှာ ကျပ် ၇၆၁ ဘီလျံကနေ လက်ရှိဘဏ္ဍာနှစ်မှာ ၁၇၅၆ ဘီလျံအထိ တိုးလာခဲ့ပေမယ့် အားရစရာ တိုးတက်မှုနတ္ထိပါ။
သုတေသနလုပ်ဖို့အတွက် ရန်ပုံငွေတွေ ထောက်ပံ့ဖို့အတွက် ပြင်ဆင်လာတာ မြင်ရပေမယ့် အားရစရာ မရှိသေးသလို ပုဂ္ဂလိက ပညာရေးကျောင်းတွေကိုလည်း ကြပ်မတ်နိုင်စွမ်း မမြင်ရသေးပါဘူး။ အထူးသဖြင့် ပညာရေးကဏ္ဍဟာ အစိုးရအဆက်ဆက်ရဲ့ အစမ်းသပ်ခံ ဖြစ်နေဆဲဖြစ်ပြီး တော်ကြာ မူဝါဒတစ်မျိုး၊ ခဏနေ မူဝါဒတစ်မျိုးနဲ့ လောလောဆယ်အထိတော့ ပညာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစီမံကိန်းတွေက ဝေေ၀၀ါးဝါးပါ။ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူလို့ ၀မ်းသာခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့ လက်ရှိ အခြေအနေအပေါ် အားရကျေနပ်မှုမရှိကြသလို ပွင့်လင်း မြင်သာမှု မရှိတာနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒ အကျယ်ဖွင့်ဆိုမှုမှာ ဖော်ပြခဲ့တာကလွဲရင် လက်ရှိအထိတော့ Road Map ကိုတောင် ချပြနိုင်စွမ်း မရှိသေးပါဘူး။

(၄)
NLDရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၄) မှာတော့ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စတဲ့ အခြေခံစီးပွားရေး အဆောက်အအုံတွေ လျင်မြန်စွာ တိုးတက်လာဖို့ ဦးစားပေးဆောင်ရွက်မယ်။ Data ID Card System၊ Digital Government Strategy နဲ့ e-Government System  ထူထောင်မယ်လို့ ဆိုထားပါတယ်။ အခြေခံအဆောက်အအုံအတွက်ကတော့ ဝေဖန်စရာ မရှိသလောက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီအခြေခံအဆောက်အအုံ အားလုံးပြီးဖို့ဆိုရင် အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ အထက် သုံးစွဲရမယ့် မူဝါဒဖြစ်နေတာကြောင့်ဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာ လျှပ်စစ်မီး၊ လမ်း၊ ဆိပ်ကမ်းတွေအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွေက တစ်နှစ်တစ်နှစ် ချပြထားတဲ့ စီမံကိန်းတွေကို မခိုးမ၀ှက်နိုင်အောင် စိစစ်နိုင်ရင်၊ တင်ဒါ ဘက်လိုက်မှုတွေမရှိရင်၊ အဂတိလိုက်စားမှု စိစစ်နိုင်ရင်ကိုပဲ အခြေအနေ ကောင်းနေပြီလို့ ဆိုရမှာပါ။


(၅)
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၅) မှာတော့ ပြည်တွင်းနေ နိုင်ငံသားတွေနဲ့ ပြည်ပက ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းမြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေ ကာလတိုအတွင်း ပိုမိုဦးစားပေး လုပ်ဆောင်မယ် ဆိုထားပါတယ်။
ဒီအချက်က အခုထိ လုံးဝမဖြစ်သေးပါဘူး။ ရန်ကုန်ဆောက်လုပ်ရေး ရပ်ဆိုင်းမှု ဂယက်နဲ့ လမ်းဘေးဈေးသည်တွေကို ကမ်းနားလမ်း ပို့ခဲ့ရာမှာ ဈေးသည်အများစု အခြေမလှတဲ့ အနေအထားဖြစ်ခဲ့ပြီး ရှိပြီးသား အလုပ်အကိုင်တောင် ပျောက်ရှခဲ့ပါတယ်။ ဒီကြားထဲမှာ တစ်လသုံးသိန်းအထက်လောက်ပဲ မျှော်လင့်နိုင်ပေမယ့် မြန်မာ့အနိမ့်ဆုံး လုပ်ခထက် သုံးဆလောက်မြင့်နေလို့ မြန်မာတွေ အသွားများတဲ့ မလေးရှားနိုင်ငံကိုသွားပြီး အလုပ်လုပ်ခွင့်ကလည်း ပိတ်ခဲ့ရပြန်ပါသေးတယ်။ အဲဒီအခြေအနေကို မယုံကြည်ဘူးဆိုရင် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကူးလက်မှတ် ရုံးရှေ့ တစ်ချက်လောက်သွားကြည့်ပါလို့ အကြံပြုရမှာပါ။ ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေကို အလုပ်ကြမ်းနဲ့ အန္တရာယ်များတဲ့ အလုပ်တွေ၊ အိမ်ဖော်လုပ်ငန်းတွေလုပ်ဖို့ ထွက်နေတဲ့ပြည်သူတွေကို နေ့စဉ်များပြားစွာ ရင်နင့်ဖွယ်ရာ တွေ့ရမှာပါ။
မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကို ပြောရမယ်ဆိုရင် အရင်အစိုးရလက်ထက်မှာကတည်းက လေးရာခိုင်နှုန်းလောက်ပဲ ရှိတယ်ပြောလို့ ရယ်ပွဲဖွဲ့ခံရမှုတွေ ရှိခဲ့ပါတယ်။
ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံက ပြည်ပကို တရားမ၀င်လုပ်သားတွေ စီးထွက်နေတဲ့ မြန်မာနိုင်ငံက ကမ္ဘာ့လုပ်ခလစာ အနိမ့်ဆုံး နိုင်ငံလည်း ဖြစ်နေပြန်ပါသေးတယ်။ ဒီလို နိုင်ငံမျိုးက အလုပ်လက်မဲ့ လေးရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုတာ လူရယ်စရာဖြစ်သလို မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကို ငြင်းခုံမယ်ဆိုရင်လည်း ပုဂံရာဇ၀င်ကို ငြင်းရသလို တုတ်ထမ်း၊ ဓားထမ်း ငြင်းရမလိုပါ။
ဒါပေမဲ့ လက်ရှိမှာတော့ မှန်ကန်နိုင်တဲ့ အလုပ်လက်မဲ့နှုန်းတစ်ခုကို ပြည်သူ့လွှတ်တော်မှာ လှိုင်းဘွဲမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက မေ ၂၅ ရက်မှာ မြန်မာ နိုင်ငံမှာ အလုပ်လုပ်နိုင်သူ လူဦးရေရဲ့ ၃၄ ရာခိုင်နှုန်းက အလုပ်လက်မဲ့သဘောဖြစ်နေလို့ နိုင်ငံရဲ့ အလုပ်လက်မဲ့ပြဿနာတွေ တဖြည်းဖြည်း လျော့နည်းကျဆင်းလာရေး နိုင်ငံတော်အစိုးရက စနစ်တကျ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း အဆိုကို တင်ပြထားပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး ၁၅ ခုမှာ လူဦးရေ ၅၁ ဒသမ ၄၉ သန်း နီးပါးရှိပြီး အလုပ်လုပ်နိုင်တဲ့ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အထိက ၃၂ ဒသမ ၉၈ သန်းရှိပြီး အလုပ်မလုပ်နိုင်တော့တဲ့ အသက် ၆၅ နှစ်နဲ့အထက်က၂ ဒသမ ၉၀ သန်းရှိတယ်လို့ ဦးခင်ချိုက ဆွေးနွေးပါတယ်။ ဒါပေမဲ့ တကယ် အလုပ်လုပ်နိုင်တဲ့ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား အလုပ်လုပ်နေတဲ့ လူဦးရေက ၂၁ ဒသမ ၈၇ သန်းကျော်ပဲ ရှိနေတာဖြစ်ပါတယ်။
“ဒီ လူဦးရေစာရင်းအရ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား အလုပ်လုပ်နေတဲ့ လူဦးရေက ၂၁ ဒသမ ၈၇ သန်းကျော် ရှိတဲ့အတွက် အလုပ်လုပ်နိုင်သူ ဦးရေပေါင်းရဲ့ ၆၆  ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်ကြရတာ တွေ့ရပြီးတော့ ၃၄ ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ သဘောလို့ ယူဆနိုင်ပါတယ်” လို့ ဦးခင်ချိုက ဆိုပါတယ်။
အလုပ်လုပ်နိုင်သူ ၃၂ ဒသမ ၉၈ သန်း မှာ တကယ်အလုပ်လုပ်နေသူက ၂၁ ဒသမ ၈၇ သန်းကျော်ပဲရှိနေတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၁၁ သန်းကျော်ရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
“နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးအခြေအနေ နဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာမို့ ပညာရေးစနစ် အားကောင်းခိုင်မာဖို့ အလွန်အရေးကြီးပါတယ်။ အရည်အသွေးပြည့်ဝတဲ့ လူငယ်ပညာရှင်တွေ၊ ပညာတတ်တွေ၊ လုပ်အားအရင်းအမြစ်တွေ လုံလောက်ပြည့်စုံမှုရှိနေမှလည်း နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ရနိုင်မှာဖြစ်တဲ့အတွက်  ရေသယံဇာတ၊ မြေသယံဇာတပြည့်စုံတဲ့နိုင်ငံဖြစ်တဲ့ ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာနဲ့ အလုပ်အကိုင်တွေ အဆင်သင့် ဖန်တီးပေးနိုင်မှာဖြစ်လို့ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်များမှာ ၁၀ ဦးအနက် ခြောက်ဦးလောက် အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရလို့ သူတို့ကို အရည်အသွေးပြည့်ဝနေအောင်၊ နိုင်ငံတကာက လက်ခံယုံကြည်နိုင်တဲ့ အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်”လို့ ဦးခင်ချိုက အဆိုပြုခဲ့ပါတယ်။
ဦးခင်ချိုရဲ့အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံခဲ့တာမို့ ပြည်ထောင်စုအစိုးရက အလုပ်အကိုင်ဖန်တီးပေးရေးကို ဆောင်ရွက်ရတော့မှာဖြစ်သလို ချမှတ်ထားတဲ့ မူဝါဒ အမှတ်စဉ် (၅) အတွက် လတ်တလောစိန်ခေါ်မှုက ထိုင်းကပြန်လာတဲ့ မြန်မာတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပါ။ အစိုးရအနေနဲ့ ဘယ်လိုများ ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားလဲ မေးခွန်းထုတ်လိုပါတယ်။

(၆)
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၆) က ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနဲ့ စက်မှု ကဏ္ဍတွေ ဘက်ညီတိုးတက်အောင် လုပ်ဆောင်မယ်။  လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီတဲ့ စီးပွားရေးပုံစံ ဖော်ထုတ်မယ်ဆိုပါတယ်။ စားနပ်ရိက္ခာဆိုရာမှာ ဆန်ရေစပါးပေါများတယ်ဆိုတဲ့ နိုင်ငံမှာ ဖူလုံမှုတော့ ရှိပါတယ်။ မရှိတာက ငွေကြေးဖြစ်ပြီးတော့ ငွေဖောင်းပွမှုနဲ့ ကုန် ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကို ပြည်သူလူထုက ကြံ့ကြံ့ခံနေရတဲ့ အခြေအနေပါ။ အစားအစာ ဘေးကင်းလုံခြုံမှုဆိုရင်လည်း စားသုံးသူ အကာအကွယ်ပေးရေးက အသက်မ၀င်သလို ဥပဒေကလည်းပြင်ဆင်ဖို့ ကြိုးပမ်းနေဆဲအ ဆင့်ဖြစ်နေပြီးတော့ တရုတ်၊ ထိုင်းဘက်က၀င်လာတဲ့ စားသုံးရန်မသင့် အစားအစာ၊ ဆေးဝါး၊ အေးခဲအသား၊ သုံးစွဲရန်မသင့်တဲ့ ပစ္စည်းတွေအတွက် အဖြေမရှာနိုင်သေးပါဘူး။

(၇)
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၇) မှာဆို ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့ နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိဖို့နဲ့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေတိုးမြှင့်ဖို့ မူဝါဒတွေ သီးခြားရေးဆွဲ ဆောင်ရွက်မယ်။ မူပိုင်ခွင့်တွေနဲ့ တရားဥပဒေ စိုးမိုးမူရှိစေဖို့ တိုးမြှင့်ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ဖို့ နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုတဲ့ စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိဖို့ဆိုရာမှာ လက်ရှိခက်ခဲနေတာက လုပ်ထုံးလုပ်နည်းတွေနဲ့ အခွန်တွေပါ။ လုပ်ငန်းတစ်ခုဟာ အနည်းဆုံး ရာခိုင်နှုန်း ၄၀ လောက် အခွန်ထမ်းနေရတာဖြစ်ပြီးတော့ အခွန်ရှောင်နေတဲ့လုပ်ငန်းတွေကို မစိစစ်နိုင်ဘဲ အခွန်ပေးနေတဲ့သူတွေကိုပဲ မဲပြီးစစ်ဆေးနေတာမျိုးတွေဟာ ရှိရင်းစွဲ အခွန်ထမ်းဆောင်လိုစိတ်ကိုပါ ပျောက်ရှစေတဲ့အပြင် ငွေရှိတဲ့ ပေါက်ရောက်တဲ့ လုပ်သားအင်အား အများအပြားနဲ့ ပညာရှင်တွေကို ထိန်းချုပ်ထားနိုင်တဲ့ ခရိုနီတွေဟာ လက်ရှိမှာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက အသေးစား အလတ်စား စီးပွားရေးသမားတွေ အားလုံးကို ကျော်ဖြတ်ပြီး စီမံ ကိန်းနဲ့ လုပ်ကွက်မှန်သမျှ အရယူနိုင်နေဆဲပါ။ ဒီလိုအခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရအနေနဲ့ လုပ်ဆောင်မှုတစ်ခုမှ မမြင်ရသေးသလို ဦးသိန်းစိန်အစိုးရက ငါးနှစ်လောက် ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်ကျမှ အသက်ဝင်ဖို့ အချိန်ဆွဲခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေကိုလည်း လက်ရှိအစိုးရက အသက်သွင်းနိုင်စွမ်း မရှိသေးပါဘူး။ အရင်အစိုးရတွေ လက်ထက်မှာ ခရိုနီတွေထွက်ခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း ခရိုနီလက်သစ်တွေ မြင်နေရတယ်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင်က ဝေဖန်ထားပါတယ်။ ဒီလိုခရိုနီတွေကို ပြည်သူ့အတွက်ဖြစ်ဖို့ အသွင်ပြောင်းနိုင်ရေး လိုအပ်နေပြီးတော့ လုပ်နိုင်တဲ့သူ ငါးယောက်ကနေ ၁၀၀ ဖြစ်လာဖို့ အစိုးရအနေနဲ့ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ခရိုနီတွေကို အရေးမယူပါဘူးလို့ ဆိုထားတဲ့ အစိုးရ၊ ပြည့်ဝမ်းလို့ခေါ်တဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ လက်တွဲလုပ်ရင် မြန်မာ့စီးပွားရေးလည် ပတ်မှုအရှိန် နှစ်ဆ၊ သုံးဆ မြင့်တက်လာမယ် ဆိုထားတဲ့ အစိုးရအနေနဲ့ လက်ရှိအချိန်အထိ စာရွက်ပေါ်မှာပဲ တိုးတက်နေဆဲ အခြေအနေကို ပြန်သုံးသပ်ဖို့လိုပါတယ်။

(၉)
NLD ရဲ့ စီးပွားရေးမူဝါဒအမှတ်စဉ် (၇)  မှာ အိမ်ထောင်စုတွေ တောင်သူလယ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုပေးမယ့် ငွေရေးကြေးရေးစနစ်နဲ့ ဘဏ္ဍာရေး တည်ငြိမ်ဖို့ ဆောင်ရွက်မယ်ဆိုပြီးတော့ အမှတ်စဉ် (၉) ကတော့ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ လိုက်လျောညီထွေဖြစ်စေမယ့် မြို့ပြတွေတည်ထောင်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ အဆင့်မြှင့်မယ်။ အများ ပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ တိုးချဲ့ဖော်ထုတ်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ပိုမိုစောင့်ရှောက် ထိန်းသိမ်းမယ်လို့ဆိုပါတယ်။ ဒီအချက် နှစ်ချက်မှာတော့ တောင်သူလယ်သမားတွေဟာ မြေအသိမ်းခံရတဲ့အပြင် ထောင်ပါအကျခံနေရတာ၊ ဆန္ဒပြပြန်တော့ အင်အားသုံးဖြိုခွင်းခံရတာ စတာတွေနဲ့ပဲ လုံးချာလည်လိုက်နေပြီးတော့ တောင်သူဦးကြီးတွေအတွက် ၀မ်းနည်းစိတ်ပျက်စရာ အခြေအနေပါလို့ ပြောရရုံပဲရှိပြီး NLD အစိုးရလက်ထက်မှာ ထောင်ကျတဲ့ တောင်သူဦးကြီးတွေရဲ့ အမည်စာရင်းတွေ ထုတ်ပြရင်လည်း စာရှည်ရုံပဲရှိပါမယ်။

(၁၀)
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၁၀)  ကတော့ အဆိုးဆုံးအခြေအနေတွေထဲမှာ ရှိနေပြီး  နိုင်ငံတော်ရဲ့ ၀င်ငွေတိုးတက်ဖို့ အကျိုးသက်ရောက်မှုရှိပြီး မျှတတဲ့အခွန်စနစ် ထူထောင်မယ်။ ပြည်သူ့အခွင့်အရေးနဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကာကွယ်ပေးမယ်ဆိုပါတယ်။
အဆိုးဆုံးအခြေအနေလို့ ရည်ညွှန်းရတာက အခွန်စနစ်ပါ။ လက်ရှိအစိုးရက အခွန်တွေ လျာထားချက်ထက် ပိုရနေလို့ ကျေနပ်ချင် ကျေနပ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ အခွန်ဆောင်သူ လည်ပင်းညှစ်ပြီး အခွန်ရှောင်သူ အရေးမယူ စနစ်ဆိုတာကို အနုပညာသည်တွေ အခွန်ရှောင်မှုမှာ မြင်နေရပြီးတော့ ရှုပ်ထွေးနေတဲ့ အခွန်စနစ်ကို မဖြေရှင်းနိုင်တဲ့အပြင် Value Added စနစ်နဲ့ မြေဈေးကစားပြီး လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေတွေကို ထိန်းကျောင်းဖို့ Property Tax တွေကို ပြဋ္ဌာန်းဖို့ မကြိုးပမ်းတဲ့အခြေအနေတွေ တွေ့မြင်ရပါတယ်။ Property Tax ဥပဒေကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်က ရေးဆွဲဖို့ကြိုးပမ်းနေတယ် ဆိုပေမယ့် ဒီဥပဒေဟာ ဦးသိန်းစိန် အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ယှဉ်ပြိုင်မှု ဥပဒေလို အစိုးရသက်တမ်း ကုန်လုချိန်မှ ထွက်ပေါ်လာမယ့် အခြေအနေမျိုးပါ။
မြန်မာနိုင်ငံက အခွန်တွေမှာဆိုရင် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ Withholding Tax စသည်ဖြင့် အခွန်တွေ ရှိပါတယ်။ လုပ်ငန်းတစ်ခုက အခွန် ရာခိုင်နှုန်း ၃၀ အထက်ဆောင်ရပြီး လုပ်ငန်းအလိုက် ရာခိုင်နှုန်း ၅၀ အထက် ဆောင်ရတာမျိုးလည်း ရှိနေပါတယ်။ အခွန်ရှောင်သူ ထောင်ချအရေးယူစနစ်တကျဥပဒေနဲ့အညီ လုပ်နေရင် အခွန်ဆောင်ရမှုက ပြောစရာမရှိပေမယ့် လက်ရှိအခြေအနေက အခွန်ရှောင်သူတွေ လွတ်နေပြီး ပြည်သူတွေ တိုက်ရိုက်ဝန်ပိတဲ့ သွယ်ဝိုက်ခွန်ကိုပဲ ဖိကောက်နေတာ မြင်ရပါတယ်။ အကြမ်းဖျင်းအနေနဲ့ အခွန်ကောက်ခံမှု တစ်ခုလောက်အကြောင်း တွက်ပြရရင် ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း ကောက်ခံနေမှုပါ။  လုပ်ငန်းတစ်ခု ကုန်သွယ်မှုပြုတိုင်း နှစ်ရာခိုင် နှုန်း အခွန်ကြိုကောက်တဲ့အတွက် တစ်ကြိမ် သိန်း ၁၀၀ နဲ့ တစ်လကို ၁၀ ကြိမ်ကုန်သွယ်မှုလုပ်တဲ့ လုပ်ငန်းရှင်ဟာ တစ်လအတွက် သိန်း ၂၀ ကို ကြိုအခွန်သွင်းရပြီး တစ်နှစ်အတွက် သိန်း ၂၄၀ ကို အခွန်ကြိုသွင်းရလို့ လုပ် ငန်းလည်ပတ်မှု ထိခိုက်တာ၊ ကြိုတင်ခွန်ကြောင့် အကြိမ်ကြိမ်အလုပ်ရှုပ်တာ၊ အမြတ်ရရှိမှု ထိခိုက်တာတွေကို ဖြစ်စေတဲ့အပြင် လုပ်ငန်းလုပ်တိုင်းမြတ်တာ မဟုတ်လို့ အခွန်ဆောင်နေရတဲ့ လုပ်ငန်းတွေအတွက် နစ်နာစေပါတယ်။ ဒီနေရာမှာ အစိုးရအနေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က အခွန်ဆိုင်ရာ ဖြေလျှော့မှုတွေ လေ့လာဖို့လိုအပ်ပါတယ်။ အခွန်ထပ် မလျှော့နိုင်တော့ဘူး၊ လုပ်ငန်းအသစ်ပြောင်းပါလို့ အော်နေတာက အစိုးရကောင်းတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်သလို နိုင်ငံရဲ့ လုပ်ငန်းတွေက ၉၈ ရာခိုင်နှုန်းက အသေးစား အလတ်စား လုပ်ငန်းတွေပါ။ ဒီလုပ်ငန်းက ဒါနဲ့မလုပ်နိုင်ရင် လုပ်ငန်းပြောင်းပါလို့ အလွယ်ပြောရအောင် အစိုးရက လိုလေသေးမရှိ ထောက်ပံ့ထားတဲ့ အခြေအနေ မဟုတ်ဘူးဆိုတာကို စီးပွားရေးကဏ္ဍတွေကို ကိုင်တွယ်သူတွေအနေနဲ့ သိဖို့လိုအပ်ပြီး တိုင်းပြည်ရဲ့ ၉၈ ရာခိုင်နှုန်း ရှိနေတဲ့ SME တွေသာ အခွန်နှုန်းနည်းနည်းနဲ့ များများဆောင်လာအောင် လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့အခွန်ဟာ နှစ်ချင်းပေါက်ကို ဂဏန်းနှစ်လုံးအဆင့် ရောက်လာပါလိမ့်မယ်။ ပေးတဲ့သူကမြတ်လို့။ မင်းတို့ပိုဆောင်ရမယ်ဆိုတဲ့ လုပ်ပေါက်နဲ့တော့ ပုံမှန်အခွန်ဆောင်နေသူတောင် အခွန်ရှောင်ချင် လာပါလိမ့်မယ်။
“အစိုးရအနေနဲ့ပြောရရင် အချို့လုပ်ထုံး လုပ်နည်းတွေက ကြန့်ကြာမှုရှိနေတုန်း၊ ကြိုးနီစနစ်တွေရှိနေတုန်းပဲ။ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ကျွန်တော်တို့နိုင်ငံမှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ များနေတယ်။ ဘယ်လိုများနေသလဲဆိုရင် ကျွန်တော်တို့က ငွေရင်းကို တစ်နှစ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်ပဲ လှည့်လို့ရတယ်။ ကျွန်တော်တို့က Process လုပ်တာတင် ကြာနေတယ်။ ဒီလိုငွေပင်ငွေရင်းကို ဂျပန်နိုင်ငံဆိုရင် တစ်နှစ်ကို ၁၀ ကြိမ် ၁၂ ကြိမ်လောက် လှည့်နိုင်တယ်ဆိုတော့ ကျွန်တော်တို့ပေးနေရတဲ့အခွန်က ပိုများသလိုဖြစ်နေတယ်။ ကျွန်တော်တို့က သုံးကြိမ်လှည့်ပြီး အခွန် ၂၅ ရာခိုင်နှုန်း ဆောင်နေရချိန် မှာ ဂျပန်က ၁၂ ကြိမ်လောက်လှည့်နိုင်တော့ တစ်ကြိမ်ကို အခွန် နှစ်ရာခိုင်နှုန်းလောက်ပဲ ကျတယ်။ သူတို့မြင်တာကတော့ မြန်မာနိုင်ငံက အခွန်အနည်းဆုံးဆောင်ရတဲ့ နိုင်ငံလို့မြင်တယ်။ ကျွန်တော်တို့မှာကျတော့ Turnover လုပ်တဲ့နှုန်းကနည်းနေတယ်။ ရှိတဲ့ငွေကိုလှည့်ဖို့ အခက်အခဲတွေရှိတယ်။ အစိုးရပိုင်းအနေနဲ့ ဒါတွေကို ဖြေလျှော့ပေးဖို့လိုတယ်။ ဥပမာ တစ်ခုပြောရရင် မှတ်ပုံတင်ကိစ္စလိုမျိုး။ ကျွန်တော်တို့က မှတ်ပုံတင်အများကြီး ယူရတယ်။ စည်ပင်လိုမျိုး၊ SME တွေဆိုရင် စက်မှုလုပ်ငန်း၊ စီးပွားကူးသန်းမှတ်ပုံတင်၊ ကုမ္ပဏီ ထောင်ဖို့မှတ်ပုံတင် ဒါတွေအားလုံးယူရတယ်။ ဒါတွေအကုန်လုံးကို အစိုးရပိုင်းအနေနဲ့ ပြန်ပြီး စဉ်းစားဖို့လိုတယ်။ စာရွက်စာတမ်းပြည့်စုံရင် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမယ်လို့ DICA ကပြောတယ်။ ဒါပေမဲ့ အဲဒီစာရွက် စာတမ်းစုရတာက တစ်နှစ်နှစ်နှစ်ကြာတယ်။ ဟိုထောက်ခံချက်ယူ ဒီထောက်ခံချက်ယူနဲ့ ကြာနေတယ်။ ဒါတွေက အစိုးရက ပြင်ပေးမှ၊ ဒီလိုပြင်ပေးမှ SME တွေအတွက် လွယ်ကူမယ်။ အစိုးရကတော့ ပြုပြင်ပေးမယ်ပြောတာပဲ။ လက်ရှိအစိုးရက အခွန်ထမ်းမယ်ဆိုရင် ကုန်ကျစရိတ်ကို လက်မခံဘူး။ လုပ်ငန်းအားလုံးကို မြတ်မယ်ပဲယူဆနေတယ်။ ဘာလုပ်လုပ် ၂၅ ရာခိုင်နှုန်းကောက်နေတယ်။ ကျွန်တော်တို့ လုပ်ငန်းဆိုတာ မြတ်တယ်ချည်း မရှိဘူး။ ရှုံးတဲ့ဟာရှိတယ်။ မြတ်တဲ့ဟာရှိတယ်။ အခွန် နှုန်း လျှော့တာထက် လုပ်ငန်းတွေလည်ပတ်မှု သွက်လက်အောင်လုပ်ပေးရမယ်။ လုပ်ငန်းတွေရဲ့အရှုံးတွေကို လက်ခံပေးဖို့လိုတယ်။ နိုင်ငံတော်ပိုင်တဲ့ စက်ရုံတွေတောင် ရှုံးနေတာပဲ။ လက်ရှိကတော့ အများစုရပ်ထားတယ်။ အားလုံးမြတ်ရမယ်ဆိုတာ မဟုတ်ဘူး။ အဲဒါမှားနေတယ်”လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

(၁၁) (၁၂) 
NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၁၁) က  တီထွင်မှုစွမ်းရည်နဲ့ အဆင့်မြင့်နည်းပညာတွေ တိုးတက်မှုကို အားထုတ်ကြိုးပမ်းနိုင်စေမယ့် အသိဥာဏ်ပစ္စည်း ပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ နည်းစနစ်တွေ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်မယ် ဆိုတာနဲ့  NLD ရဲ့ စီးပွားရေးမူဝါဒ အမှတ်စဉ် (၁၂) ကတော့  စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အာဆီယံဒေသတွင်းမှာမက အခြားဒေသတွေမှာပါ တိုးတက်ပြောင်းလဲလာနိုင်ဖွယ် ရှိတဲ့ အခြေအနေတွေကိုဖော်ထုတ်ပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြော်အမြင်ကောင်းတွေနဲ့ အခြေတည်ထူထောင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အာဆီယံစီးပွားရေး အသိုက်အ၀န်း၊ OBOR တွေမှာ ပြိုင်ရတော့မယ့် မြန်မာနိုင်ငံက မှန်ကန်တဲ့ မူဝါဒတွေချမှတ်နိုင်မှုမရှိရင် တခြားနိုင်ငံတွေကလာပြီး အမြတ်ထုတ်ခံရမယ့် အခြေအနေပါ။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းမှာတောင် ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေ အကောင်အထည်ဖော်နိုင်မှု မမြင်ရသေးတဲ့ အခြေအနေမှာ အာဆီယံစီးပွားရေး အသိုက်အ၀န်းနဲ့ OBOR ဟာ အားရစရာ လုပ်ဆောင်နိုင်မှု မရှိတာက မဆန်းပါဘူး ။


“လောလောဆယ် အနေအထားကတော့ ဂျက်ပါဝါနဲ့တက်နိုင်မယ့် အနေအထားမှာ မရှိသေးဘူးလို့မြင်တယ်။ Economic Setting ပိုင်းမှာ အားနည်းနေတယ်။ စီးပွားရေး မူဝါဒ ၁၂ ချက်ဆိုတာက Macro စီးပွား ရေးရည်မှန်းချက် အနေနဲ့ဆိုတော့ Target ထားတာပဲရှိသေးတယ်။ ဒီ ၁၂ ချက်ကို အောင်မြင်အောင် လုပ်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ် အစိုးရတွေ ဘာတွေလုပ်မလဲ။ တိုင်းနဲ့ပြည်နယ် အစိုးရအလိုက်လုပ်ရမယ့် စီးပွားရေးမူဝါဒတွေ လိုနေသေးတယ်။ ၀န်ကြီးဌာနအလိုက် လုပ်ရမယ့် စီးပွားရေးမူဝါဒတွေ လိုနေသေးတယ်။ ဒီနှစ်ခုပေါင်းစပ်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာ လိုနေသေးတယ်။ တိုင်းနဲ့ ပြည်နယ် အစိုးရအလိုက် ပြောရမယ်ဆိုရင် ဆင်းရဲမွဲတေမှုနှုန်း လျှော့ချရေးထက် ဥပမာ အလုပ်လက်မဲ့နှုန်း ဘယ်လိုလျှော့ချမလဲပေါ့။ တိုင်းနဲ့ပြည်နယ်အလိုက် အလုပ်လက်မဲ့နှုန်းကို သူ့ပမာဏအလိုက် ဘယ်လိုလျှော့ချမလဲ။ ဘယ်လို လျှော့ဖို့အစီအမံတွေရှိလဲ။ ဗဟိုအစိုးရအနေနဲ့ ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံမှုတွေတိုးမြှင့်အောင် ဘယ်လိုလုပ်မလဲ။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဒေသအလိုက် ဘယ်လိုခွဲဝေဖြန့်ကြက်မလဲ။ ဒေသတစ်ခုတည်းသွားပြီးတော့ စုစည်းနေရင် အဆင်မပြေဘူးလေ။ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ကိုယ်ဒေသအလိုက် ဖွံ့ဖြိုးမှုစီမံကိန်းတွေ ဘယ်လိုလုပ်မလဲ။ အဲဒါတွေပေါင်းစပ်ပြီးမှာ Macro စီးပွားရေးမူဝါဒကို အောင်မြင်အောင် လုပ်နိုင်မယ်။ နောက်ထပ်အရေးကြီးဆုံးလို့ ပြောနိုင်တာက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုပေါ့။ လယ်ယာကဏ္ဍဟာ ကျွန်တော်တို့ရဲ့ Food Security အတွက် အရေးကြီးတယ်။ နောက်တစ်ခုက လယ်ယာကဏ္ဍမှာ နိုင်ငံသား ရာခိုင်နှုန်း ၇၀ က ဆက်စပ်နေတယ်။ လယ်ယာကဏ္ဍကို ပစ်ပယ်ပြီးတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့အနေအထား မရှိသေးဘူး။ ကျွန်တော်တို့က နည်းပညာမြင့်မားတဲ့နိုင်ငံ မဟုတ်ဘူး။ နည်းပညာမြင့်မားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် လယ်ယာကဏ္ဍသည်  အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေဆဲဖြစ်တယ်။ နောင် တက်လာမယ့် အစိုးရတွေကလည်း လယ်ယာကဏ္ဍကိုပစ်ပယ်ပြီးတော့ စီးပွားရေးကို တိုးတက်အောင်လုပ်မယ်ဆိုတာမျိုး လုပ်လို့မရသေးဘူး။ လယ်ယာကဏ္ဍတိုးတက်အောင် လုပ်မယ်ဆိုရင် ထုတ်လုပ်မှု တိုးတက်အောင် လုပ်ရမယ်။ ထုတ်လုပ်မှု တိုးမြှင့်တာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ အသင့်စားသောက်ကုန်တွေကို ပြည်ပစားသောက်ကုန်နဲ့ ယှဉ်ထုတ်လုပ်နိုင်အောင်မျိုးဖြစ်ဖြစ်ပေါ့။ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုနှစ်ခု လိုပြီး အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းပြည်ပရဲ့ ရင်းနှီးမြှုပ်နှံမှု။ အဲဒီနှစ်ခုစလုံးကို ပေါင်းစပ်ပြီး လယ်ယာကဏ္ဍတိုးတက်အောင် လုပ်မယ်ဆိုရင် လယ်ယာကဏ္ဍမှာ အရေးကြီးတာက ထုတ်လုပ်မှုမြင့်လာတိုင်း သွင်းအားစုက လိုအပ်ချက်မြင့်တက်လာတယ်။ Backward Industry တွေ လိုအပ်တယ်။ နောက်တစ်ခုက Forward Industry တွေလိုအပ်တယ်။ Backward Industry နဲ့ Forward Industry တွေ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်အစိုးရတွေက ပက တိအနေအထားပေါ့။ ကချင်ပြည်နယ်ဆို ခါကာဘိုရာဇီတောင်မျိုး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်ရဲ့ အလှအပတွေရှိတယ်။ သူ့ဒေသအလိုက် ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ စီမံကိန်းတွေ ရှိဖို့လိုတယ်။ ဒေသအလိုက် အလုပ်လက်မဲ့နှုန်းတွေ လျော့သွားတာနဲ့ ရန်ကုန်၊ မန္တလေးလို နေရာတွေမှာ လာပြီးတော့ စုဝေးတာတွေ လျော့နည်းသွားစေမယ်။ ဒီလိုလုပ်နိုင်ရင် ပြည်တွင်းမှာ အလုပ်မရှိလို့ ပြည်ပသွားနေတဲ့ အလုပ်သမားတွေ ပြန်ဝင်လာမယ်။ ဒီလို Economic Setting တစ်ခုလုံးကို အသက်ဝင် နိုင်အောင်လုပ်နိုင်မှာ စီးပွားရေးမူဝါဒ ၁၂ ချက်က အသက်ဝင်မယ်” လို့ ဒေါက်တာအောင်ကိုကို က ဆိုပါတယ်။  
Writer: 
ဖြိုးဝေ

ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ဆွေးနွေး


ကိုဆွေဝင်း ဖမ်းဆီးခံရ၊ အာမခံရရှိ

30 July 2017

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားပြီးချိန်မှာ ကိုဆွေဝင်းဟာ ဘန်ကောက်မှာရှိတဲ့ Myanmar Now ရုံးခွဲထံ သွားဖို့ ဒီနေ့ လေဆိပ်ရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှ ခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese




The Voice အယ်ဒီတာချုပ် အဖမ်းခံရ


ပီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice သတင်းစာမှာ တပ်မတော်ကရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး သရော်စာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြားခဲ့ပြီး မေလ ၁၇ ရက်နေ့က ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်လိုက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ် ။

Eleven Broadcasting
သရော်စာရေးသားဖော်ပြမှုကြောင့် ပုဒ်မ ၆၆ဃဖြင့်တရားစွဲခံထားရသည့် ဗြိတိသျှကိုကိုမောင်ကို တရားသေလွှတ်ပေးပြီး ကိုကျော်မင်းဆွေ အာမခံလျောက်ထားမှုကို ပယ်ချ (ရုပ်သံ)
ကျည်ထောင်စုသစ္စာသရော်စာကို ရေးသားဖော်ပြခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃနဲ့တရားစွဲခံထားရတဲ့ ဗြိတိသျှကိုကိုမောင်နဲ့ The Voice သတင်းစာအယ်ဒီတာချုပ်ကို ကျော်မင်းဆွေတို့ အမှုမှာသရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်ကိုတရားသေလွှတ်ပေးခဲ့ပြီး ကိုကျော်မင်းဆွေရဲ့ ဒုတိယအကြိမ် အာမခံတင်ထားမှုကိုတော့ ပယ်ချခဲ့ တယ်လို့ သိရပါတယ်။




 ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ဆွေးနွေး

အိချယ်ရီအောင် (Myanmar Now)
ရန်ကုန်၊ ဇူလိုင် ၂၅
အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကိုလုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အများစုက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော ‘ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း’နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထိုသို့ဆွေးနွေးကြခြင်းဖြစ်သည်။
“ဒီမိုကရေစံချိန် စံညွှန်းနဲ့ လည်းမညီ၊ လူ့ အခွင့်အရေးနဲ့ လည်း မညီတဲ့အတွက် ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ ဥပဒေဖြစ်တဲ့အတွက် သူခိုးကို သူခိုးမှန်း ရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အတွက် ပယ်ဖျက်သင့်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဆွေးနွေးသည်။
ထိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ ဆွေးနွေးသူ ၁၄ ဦးရှိခဲ့ရာ ပုဒ်မ ၆၆(ဃ)ကို လုံးဝ ပယ်ဖျက်သင့်သည်ဟု အကြုံပြုဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးရှိခဲ့ပြီး ခြောက်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) သည် ဥပဒေ အရ၊ နိုင်ငံရေး အရ၊ လူမှုရေးအရ လုံးဝမရှိသင့်ဟု ယူဆခြင်းကြောင့် ယင်းဥပဒေကို လုံးဝပယ်ဖျက်ရန် သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက ၆၆ (ဃ) တွင် ပါရှိသည့် “အသရေဖျက်မှု”ဆိုသည့် အငြင်းပွားဖွယ် စကားရပ်ကို ပြင်ဆင်ရန်လိုသည့်အပြင် ထိုပုဒ်မအပေါ်တွင် အာမခံပေးသင့်ကြောင်း အသီးသီး ဆွေးနွေးကြသည်။


ဗိုလ်မှူးသက်မင်းဦး
ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပါ “ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည်” ဆိုသည့် အဆိုပြုစကားရပ်အား နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ထည့်သွင်း ပြဋ္ဌာန်းရန်မသင့်ကြောင်းနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ(က)သည် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးများနှင့် ပတ်သက်၍ တားဆီးအရေးယူနိုင်ရန်အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည့် တစ်ဦးတည်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်မင်းဦးက ပြောသည်။
“၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်တဲ့ network (ကွန်ရက်) များကို ၀င်ရောက်နှောင့်ယှက်သူအား မဖြစ်မနေအရေး ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ eGovernment system (နည်းပညာအခြေပြု အစိုးရ ယန္တရား) များ နှောင့်ယှက်ဖျက်စီးခြင်းခံရပါက နိုင်ငံတော်အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှု လုပ်ငန်းစဉ်များ နှောင့်နှေးသွားမှာဖြစ်ပါတယ်။ အုပ်ချုပ်မှု ယန္တရားအား များစွာထိခိုက်နိုင်တာကြောင့် နိုင်ငံတော်အတွက်လည်း ကြီးမားသောဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ဆက်သွယ်ရေးရာဇ၀တ်မှု ကျူးလွန်သူတစ်စုံတစ်ဦး သို့ မဟုတ် အဖွဲ့ အစည်းတစ်ရပ်အား အာမခံ ပေးထားခြင်းသည် သင့်လျော်မှုမရှိဟု ၎င်းကပြောသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅၊ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့အား အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရန် ထည့်သွင်းထားခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် လွှမ်းမိုးဆောင်ရွက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း ဗိုလ်မှူးသက်မင်းဦးကပြောသည်။
“လူ့ အခွင့်အရေး ကာကွယ်မှုတစ်ခုတည်းသာမရှုမြင်ဘဲ နိုင်ငံတော်လုံခြုံရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး အမြင်များဖြစ်သုံးသပ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့်ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း … တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေပုဒ်မကို ပြင်ဆင် သို့မဟုတ် ပယ်ဖျက်ပေးဖို့ အတွက် အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုမှုလျက်ရှိသည်။
ယခင်အစိုးရလက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရမှု ငါးမှု ရှိခဲ့ကြောင်း လက်ရှိအစိုးရလက်ထက်တွင် ရုံးတင်တရားစွဲဆိုခံရသည့် အမှုပေါင်း ၆၉ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ပြီးအမှု ၁၁ မှု၊ လတ်တလောအာမခံမရရှိဘဲ အချုပ်ကျနေသော အမှုကိုးမှု ရှိကြောင်း ဆက်သွယ်ရေးဥပဒေ ဆိုင်ရာသုတေသနအဖွဲ့ (Research Team For Telecommunications Law) အဖွဲ့၏ ဇူလိုင်လ ၂၃ ရက်နေ ထုတ်ပြန်ချက်များ အရသိရသည်။

ထိုအမှုများထဲတွင် 
တပ်မတော်ကတရားစွဲခဲ့သောအမှုခုနစ်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲခဲ့သောအမှုခြောက်မှု နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ရှစ်မှုရှိကြောင်း သိရသည်။
ထို့ ပြင် သတင်းမီဒီယာသမားများအပေါ် အရေးယူထားသောအမှု ၁၀ မှု အထိရှိနေပြီး သတင်းသမား ၁၈ ဦး တရားရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိချက်များအရသိရသည်။
၂ဝ၁၇ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ရုံးတင်ပြီးတရားစွဲဆိုမှု စုစုပေါင်း ၇၆ မှု ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ တွက်ချက်မှုများတွင် တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသောအမှုများနှင့် ရဲစခန်းမှာတွင်ပင် ပိတ်သိမ်းသွားသည့် အမှုများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း ယင်းအဖွဲ့ဝင် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။
မောင်ဆောင်းခ ကိုယ်တိုင်က ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရသူဖြစ်သည်။


ပုဒ်မ ၆၆ဃ ပြင်ဆင်မှုနှင့်ပတ်သက်၍ လွှတ်တော်နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့တွင် အဓိက တာဝန်ရှိကြောင်း၊ ပြင်သည်ဆိုရာတွင်လည်း အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရုံဖြင့် တရားမျှတမှု ပိုရှိမလာနိုင်ကြောင်း ၎င်းက ပြောသည်။

"လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာရှိတယ်။ အသရေဖျက်မှု မြောက်မမြောက်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။ လူတစ်ယောက်က ဝေဖန်တယ်။ ဒါကို တစ်ဖက်သက် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့ အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေ နည်းသွားတာပေါ့။ အာမခံပေးရုံနဲ့ကတော့ လုံးဝ အဖြေ ဖြစ်မလာနိုင်ဘူး။ ဒီလိုအမှုတွေက လျော့သွားမှာမဟုတ်ဘူး။ ဒီအမှုနဲ့မတရား ဖမ်းဆီး ထောင်ချခံရခြင်းကလည်း လွတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်" ဟု မောင်ဆောင်းခကဆိုသည်။
.
.
ထိုပြင်ဆင်သော ၆၆(ဃ) အတည်ဖြစ်လျှင် ဖမ်းခံရလျှင်လဲ အာမခံရမည်ဖြစ်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Saturday, July 29, 2017

ဦးပြုံးချို ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အဂတိဖမ်းဆီးခံရခြင်းနှင့် အဂတိတိုက်ဖျက်ရေးဝက်ဆိုဒ် ဇူလိုင်-၂၀၁၇ လှုပ်ရှားပြီလား ? (မွန်ပြည်နယ်အစိုးရ အဂတိ)


ဦးပြုံးချို
ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင် ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန) သည် ရာထူးတာဝန်ကို အကြောင်းပြုကာ ကိုယ်ကျိုးစီးပွား အတွက် အဂတိလိုက်စားမှု ကျူး လွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ဇေယျ၊ စစ်ကိုင်းတိုင်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ မြေရှင်၏ ကိုယ်စားလှယ် ဦးကျော်စိုးနိုင်နှင့် အငြိမ်းစားဗိုလ်ကြီး ဦးနေမျိုးထွန်းတို့ကို ရာထူးအလွဲသုံးစား လုပ်သည်ကို သိလျက်ဖြင့် လိုက်ပါကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/ ၆၃ ဖြင့် တရားစွဲဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။
.
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန စုံစမ်းရေးမှူးဦး အောင်ကြည်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း။

ထို့ကြောင့် ဇူလိုင်လ ၂၀၁၇ ကို ကြိုဆိုရပါသည်။ 

Friends of Moemaka
2 hrs
အဂတိလိုက်စား၊ လာပ်စားသူ ရဲအရာရှိ၊ တရားသူကြီး၊ ရှေ့နေ၊ မြေစာရင်းဝန်ထမ်း၊ အုပ်ချုပ်ရေးမှုးများ၊ တပ်မတော်စစ်မှုထမ်းဟောင်းများကို ၃နှစ်အတွင်း အရေးယူဆောင်ရွက်မှုများ (၃၁) ခုကို ကော်မရှင်ဝက်ဆိုဒ်မှာ အောက်ပါအတိုင်း အမည်၊ ရာထူး၊ ဌာန နဲ့လာပ်စားပုံများကို စုပေါင်း တင်ပြထားပါတယ်။
.
ကိုးကား. .ကော်မရှင်ဝက်ဆိုဒ်
http://www.accm.gov.mm
၁။ ရန်ကင်းမြို့နယ်တရားသူကြီ ဒေါ်ခင်လေးငယ် ကျပ်(၃)သိန်း လာပ်ယူမှု၊ ထောင်၁၀နှစ် (တရားခံပြေး)။
၂။ ဟုံးမလင်းတရားသူကြီး အမှုများစွာ လာပ်ယူမှု၊ ထောင်၁၀နှစ်။
၃။ သထုံမြို့နယ်မူးရစ်မှ ဒုရဲအုပ်သန်းဇော် သိန်း(၂၀) လာပ်ယူမှုပြီး တရားခံလွတ်မြောက်စေမှု။
၎။ မင်္ဂလာဒုံဥယျာဉ်မြို့တော် ဇေကမ္ဘာ နှင့် ခိုင်သစ္စာကုမ္ပဏီ (၉ဦး။
၅။ တောင်ငူ ခရိုင်တရားသူကြီး ဦးရွှေ၊ လာပ်ငွေတောင်းခံမှု (တရားခံပြေး)။
၆။ ဂျိုချောင်းကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် စာရေးမ မြေကိစ္စ။
၇။ မလိုင်မြို့နယ် တရားသူကြီးဦးထင်လင်းနှင့် ရှေ့နေဒေါ်နွယ်မာဝင်း (ထောင်၂နှစ်-တရားခံများပြေးကြသည်)။
၈။ ပြန်ကြားရေးဝန်ကြီးဌာနမှ Heart Media ကြော်ငြာမှု ၁၄သိန်း (၁၁ဦး)။
၉။ မိတ္တီလာမြို့ ရှေ့နေ ဦးအေးလွင်၊ ဦးတင်ဝင်းနိုင် လာပ်စားမှု (ထောင်၂နှစ်)။
၁၀။ ကျိုက်ထိုမြို့နယ်၊ မြေတိုင်း ဦးချစ်ကို နှင့် ကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှစိုး လာပ်စားမှု (ထောင်၅နှစ်)။
၁၁။ ရွှေပြည်သာမြို့နယ် တရားသူကြီး ဦးစံသိန်း လာပ်စားမှု။
၁၂။ မိထ္ထီလာတက္ကသိုလ် ပါချုပ် ဒေါက်တာကိုကိုကျော်စိုး အဆောက်ဦးလာပ်ယူမှု (တရားခံပြေး)။
၁၃။ လက်ပန်းတန်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသီဟ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးစန်းလှိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသောင်းညွန့်၊ ဦးအောင်ဆွေမင်း စားကျက်မြေ သိမ်းစည်းရောင်းစားမှု ။
၁၄။ ချောင်းဦးမြို့နယ် လယ်ယာမြေကော်မတီဥက္ကဌ ဦးဝင်းနိုင် ပုံစံ(၇) အလွဲသုံးစားမှု။
၁၅။ မကွေးတိုင်း စည်ပင် ညွန်ကြားရေးမှုး ဦးမောင်မောင်အောင် နှင့် ၁၃ဦး၊ လာပ်စားပြီး လာပ်မစားသူဝန်ထမ်းအား အလုပ်မှထွက်စေခြင်း။
၁၆။ မြို့သစ်မြို့နယ် ဥပဒေအရာရှိ ဒေါ်ခိုင်မာလာဝင်း ၊ လောင်းကစားမှုတွင် လာပ်ယူခြင်း။
၁၇။ ကချင်ပြည်နယ်ဝန်ကြီးချုပ် နှင့် အတွင်းရေးမှု ..နယ်စပ်မှ ယန္တယားကြီးများ မြန်မာပြည်တွင်းဝင်လာစေမှု။
၁၈။ မိထ္ထီလာမြို့မ ဒုရဲမှုး ဦးသိန်းဟန်၊ ရဲအုပ်ဇော်ဝေကျော် စက်သုံးဆီဆိုင်ဝန်ထမ်း ဓါတ်လိုက်သေဆုံးမှုတွင် လာပ်ငွေ ၂သိန်းယူခြင်း။
၁၉။ တောင်ငူမြို့၊ ဦးမောင်မောင်ညွန့် (ဗိုလ်မှုးငြိမ်း)၊ မြစ်ကြီးနားမြို့ ဒေါ်ဖြူဖြူဝင်းခင်ပွန်း အမှုတွင် ကျပ်သိန်း ၄၁၅ လာပ်ယူခြင်း။
၂၀။ မန္တလေးတိုင်း ပျဉ်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးတင်နိုင်စိုး၊ ဒု-ဦးစီးမှုး ဦးကျော်ကျော်နိုင်၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုး၊ စာရေးမ ဒေါ်ကြူကြူအေး၊ စာရေး ဦးသက်လှိုင်ဝင်း၊ လွန်ကောင်းကျေးရွာအုပ်စု ငွေတောင်းခံပြီး မြေအမည်ပေါက်လုပ်ပေးခြင်း၊
၂၁။ ညောင်လေးပင်မြို့နယ် မြေတိုင်းစာရေး ဦးမင်းရွှေ နှင့် ဦးဖိုးချော ပုံစံ(၇) ရေးဆွဲရာတွင် ငွေတောင်းခံမှု။
၂၂။ သံတောင်ကြီးမြို့နယ်အုပ်ချုပ်ေ၇းမှုး ဦးမျိုးဇော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်သန်း၊ မြေစာရင်းဦးစီးမှုး ဦးခိုင်ဝင်း၊ ပုံစံ(၁၀၅)ရေးဆွဲခြင်း အဂတိမှု။
၂၃။ ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္စလီမြရှိန် ယစ်မျိုး ငွေမပေးသူအား ထောင်ချပြီး၊ ငွေပေးသူအား ငွေဒဏ်ချမှတ်ခြင်း။
၂၄။ ရေးမြို့ ရဲအုပ်ကျော်သက်ခိုင်၊ ဒု-ရဲမှုး မင်းဆွေ၊ ရဲမှုးမြင့်သော် (မြို့နယ်ရဲတပ်ဖွဲ့မှုး)၊ ယာဉ်တိမ်းမှောက်မှု ငွေတောင်းခံခြင်း၊ အမှုဆင်ခြင်း။
၂၅။ မြို့သစ်မြို့နယ် ပညာရေးမှုး ဒေါ်ခင်အုန်းမြ၊ ဆရာမ ဒေါ်ကြူကြူ၊ ဆရာဦးအောင်ဆန်းဦး၊ ဆရာမဒေါ်ခင်ထွေးဦး၊ ဆရာဦးစိုးတင့် ပညာရေးဝန်ထမ်းများ ရာထူးတိုး၊ လျှောက်ထားရာတွင် လာပ်ယူ၊ မသမာမှုဆောင်ရွက်ခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု အားနည်းခြင်း၊ အထက်အမိန့်မနာခံခြင်း။
၂၆။ ကလေးဝမြို့နယ်တရားရုံး၊ ဘီလစ်စာရေး ဒေါ်မြင့်မြင့်ထွေး(ခ)ထွေးထွေး ၊ မြို့နယ်တရားသူကြီး ဦးအောင်နိုင်စိုး ၊ ကျမ်းကျိန်လွှာရေးသားရာတွင် ငွေတောင်းခံခြင်း။
၂၇။ တပ်ကုန်းမြို့နယ်၊ တောအုပ် ဦးကျော်အေး၊ သစ်တောဦးစီးအရာရှိ ဦးသန်းနိုင်ဝင်း၊ ရုံးအုပ် ဒေါ်စန်းစန်းဦး၊ ကညင်သစ်တန်၈၀ အတွက် မျောစာ ငွေတောင်းခံခြင်း။
.
၂၈။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှု ဦးမြင့်သိန်း၊ ဦးစီးဌာနမှုး ဦးအောင်ချမ်းလွင်၊ မြေတိုင်း ဦးငြိမ်းဆွေ၊ ဦးကျော်သူလတ် ပုံစံ(၇) လုပ်ရာတွင် အပိုငွေတောင်းခံခြင်း။
.
၂၉။ ကျိုက်ထိုမြို့နယ်၊ ကျေးရွာအုပ်အုပ်ရေးမှုး ဦးသက်တင်၊ ဦးမြင့်လွင်
ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးအောင်၊ မြေကွက်ရိုက်ရောင်းချခြင်းကိစ္စ။
.
၃၀။ စဥ့်ကိုင်မြို့ ဒုရဲအုပ်စိုးမိုးအောင်၊ ဒုရဲမှုးစိုးလွင်၊ ရဲတပ်သားနိုင်လင်းစိုး ၀ယ်ပြီး သယ်လာသောနွားထီး၂ကောင်အား ငွေထောင်းခံမှု။
.
၃၁။ ဇမ္ဗူသီရိမြို့နယ် ဒုရဲအုပ်ခင်မောင်ညို၊ ဥပဒေအရာရှိ ဦးကျော်သူယာဝင်း၊ တရားရုံး အကြီးတန်းစာရေး ဒေါ်ချယ်ရီအေး ရာဇ၀တ်မှုမှ ကွင်းလုံးကျွတ်လွတ်မြောက်မှု ငွေပေးရခြင်း။
.
.
အဂတိ လူအမည်.ရာထူးအပြည့်အစုံ. . တပ်မတော်အရာရှိဟောင်းကြီးများ.
.အရေးယူဆောင်ရွက်မှုများ (၃၁) ခုပဲ ရှိပြီး (၃)မှုပဲ အပြစ်ဒဏ်ချမှတ်ရပါသေးတယ်။ ဆက်လက် ဆောင်ရွက်ဖို့ အရှိန်စတင်မြှင့်တင်တဲ့ ၀က်ဆိုဒ် ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
တိုင်ကြားစာများ
မတ်-၂၀၁၄ မှ ဇွန်-၂၀၁၇ အထိ တိုင်ကြားစာပေါင်း ၃၄၃၈ စောင် ရရှိတဲ့အတွက် ၊ တစ်လကို ၈၈စောင် လက်ခံရရှိနေပါတယ်။ ရန်ကုန်တိုင်းက ၉၀၇ခု နဲ့အများဆုံး၊ မန္တလေးတိုင်းက ၆၁၄ခု ဒုတိယအများဆုံး တိုင်ကြားကြပါတယ်။ ကယား၊ ချင်း၊ တနင်္သာရီ၊ တို့မှာ တိုင်ကြားစာ ၅၀အောက်ပဲ ရှိပါတယ်။
.
အထက်ပါ ၃၁ မှုကို အရေးယူခဲ့ပါတယ်။
အခြားတိုင်စာများ.....
စုံစမ်းစစ်ဆေးခြင်း - ၄၆ မှု
ပြည်နယ်တိုင်းဒေသအစိုးရများသို့လွှဲခြင်း - ၈၀၆ မှု
မှတ်တမ်းတွဲခြင်း - ၂၈၅၄ မှု
စိစစ်ဆဲ - ၂ မှု ... စုစုပေါင်း ၃၄၃၈ မှု တို့ဖြစ်ပါတယ်။
.
မှတ်တမ်းတွဲခြင်းမှာ မပြည့်စုံတဲ့ တိုင်ကြားမှုများလို့ ဆိုပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
မြန်မာနိုင်ငံ အဂတိတိုက်ဖြတ်ရေး ၀က်ဆိုဒ်၊ အသက်ဝင်လာပြီလား ?
.
ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာပြီးနောက် နှေးကွေး၊ ငြိမ်သက်နေတဲ့ အဂတိတိုက်ဖြတ်ရေးကော်မရှင်ရဲ့ လုပ်ဆောင်မှုများကို ဇူလိုင်လ ၂၀၁၇ မှာ လှုပ်ရှားသက်ဝင်လာတာကို တွေ့လိုက်ရပါတယ်။
.
ဝက်ဆိုဒ်နဲ့မှတ်တမ်းတင်ခြင်းက မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဖေ့ဘုတ်လို ပို့စ် လုပ်ပြီး နောက်တပါတ်လောက်ဆို ရှာလို့မလွယ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ၀က်ဆိုဒ်ကို ပိုမိုကောင်းမွန်တဲ့၊ မှတ်တမ်းအဖြစ် ထားရှိမှသာ ပြည်သူ့ဝန်ထမ်းများ အဂတိ၊ လာပ်စားမှုများက လွတ်မြောက်နိုင်မယ် ဖြစ်ပါတယ်။
.
.
.
ဝက်ဆိုဒ် ပထမစာမျက်နှာက အဂတိသတင်းများ....။
.
- အိမ်ခြံမြေ အရောင်းအ၀ယ် ကိစ္စမှာ ယခင် ပြည်ထဲရေးဝန်ကြီးရဲ့ အတွင်းဝန်ရာထူး ၊ ယခု ကရင်ပြည်နယ်အုပ်ချုပ်ရေးမှုး အဆင့်ရှိသူ ဦးပြုံးချို၊ ဒု-ရဲမှုးကြီးကျော်ဇေယျာ၊ ဒု-ညွန်ကြားရေးမှုးဦးကျော်ရဲသွေး၊ ဦးစီးအရာရှိ ဦးမျိုးနိုင်၊ မြေပိုင်ရှင်ကိုယ်စားလှယ် ဦးကျော်နိုင်စိုး နဲ့ ဗိုလ်ကြီးနေမျိုးထွန်း တို့အပေါ် အရေးယူခြင်းကို ၀က်ဆိုဒ်မှာ ပွင့်လင်းမြင်သားစွာ ဖော်ပြလိုက်ပါတယ်။
.
- မကွေးတိုင်းဒေသကြီး၊ ပွှင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး (ယခု ဥပဒေအရာရှိ(အဆင့်-၃)၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး) အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်း ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး (လယ်ယာမြေစီမံခန့်ခွှဲမှုအဖွှဲ့ ဥက္ကဌ) ဦးမြအောင်အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် Federal Bareau of Investigation (FBI - USA) တို့ ပူးပေါင်းဖွှင့်လှစ်သည့် သင်တန်းဆင်းပွှဲကျင်းပခြင်း
- အရှ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွှဲ့ (SEA-PAC) ၏ (၁၃)ကြိမ်မြောက် ရုံးအဖွှဲ့အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း
- နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ခင်မောင်ညို နှင့် မြို့နယ်ဥပဒေ အရာရှိ ဦးကျော်သူယျာဝင်းတို့အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှု အခြေအနေ
- မွှန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြ ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်တင် အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွှက်ထားမှုအခြေအနေ
- မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်စိုးမိုးအောင် (လ ၂၀၀၉၅၀)အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွှက်ထားမှု အခြေအနေ
- မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအညွှန်းကိန်းအဆင့် အမှန် အား ဖော်ပြခြင်း
- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် လယ်ယာမြေ စီမံခန့်ခွှဲရေးနှင့် စာရင်းအင်းဩးစီးဌာနမှ လက်ထောက် ဩးစီးမှူး ဩးမြင့်သိန်းအပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွှက်ထားမှုအခြေအနေ
- မကွှေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်)အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွှက်ထားရှိမှု အခြေအနေ
.
အထက်ပါအမှုများကို ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဖေ့ဘုတ်လို ရှာရခက်ခဲမှု မရှိပါဘူ။ ဒါပေမဲ့ တိုင်ကြားမှု အမှုအားလုံးကိုတော့ မဖော်ပြနိုင်သေးပါဘူး။
.
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အတူပူးပေါင်း၊ ကူညီပံ့ပိုးလုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၅ခု ကို ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
.
၁။ ကုသသမဂ္ဂ ယူအင်အိုဒီစီ
United Nation Office on Drugs and Crime
http://www.unodc.org
၂။ ပွင့်လင်းမြင်သားနိုင်ငံတကာအဖွဲ့.
Transparency International
https://www.transparency.org
၃။ ဘရူနိုင်းနိုင်ငံအဂတိတိုက်ဖျက်ရေးအဖွဲ့
http://www.bmr.gov.bn
.
၎။ အရှေ့တောင်အာရှအဂတိတိုက်ဖျက်ရေးအဖွဲ့
SEA-PAC South East Asia Parties Aganst Corruption
http://www.sea-pac.org
.
၅။ အင်ဒိုနီးရှားနိုင်ငံ၊ အဂတိတိုက်ဖျက်ရေးအဖွဲ့ KDK
Corruption Eradication Commission
https://www.kpk.go.id
.
.
.
တိုင်ကြားရာမှ သတိပြုရမဲ့အချက်များကိုလဲ ဖေါ်ပြထားပါတယ်။
** ၂၀၁၃ စက်တင်ဘာလ ၁၇ နောက်ပိုင်းအမှု ဖြစ်ရမည်။
** အရေးကြီးသည့် သက်သေခံချက်ပါရမည်။
** တိုင်ကြားသူသည်..အမည်..လက်မှတ်..နိုင်ငံသားလက်မှတ်မိတ္တူ .. ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ ..ပါရမည်။
** ကော်မရှင်သို့ တိုက်ရိုက်လိပ်မှု ပေးပို့ရမည်။ မိတ္တုပို့ခြင်း မဖြစ်စေရပါ။
.
တိုင်စာပို့ရန်လိပ်စာ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ ၀ဏ္ဍသိဒ္ဓိရပ်ကွှက်၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။
ဖုန်း _ +၉၅ ၆၇ ၈၁၀ ၃၃၄ ၇
အီးမေးလ် myanmaracc2014@gmail.com
အဂတိတိုက်ဖြတ်ရေး ကော်မရှင်မှ ပိုမိုပွင့်လင်းစွာ မြန်ဆန်စွာ တရားစွဲ၊ အမိန့်ချနိုင်ဖို့၊ တိုင်သူမရှိလဲ လစာနဲ့မမျှအောင် မတရားအလွန်ကြွယ်ဝနေတဲ့ ၀န်ထမ်းများကို အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်။ စုစုပေါင်း ၃၄၃၈ မှု ထဲက
ထင်ရှားတဲ့အမှု အားလုံးကို တင်ပြထားနိုင်ရင် ပိုမိုထိရောက်မယ် ဖြစ်ပါတယ်။
.
မိုးမခမိတ်ဆွေ
၂၉.၇.၂၀၁၇
.
.
ကိုးကား. .ကော်မရှင်ဝက်ဆိုဒ်
http://www.accm.gov.mm
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အားရကျေနပ်မှု မရှိကြောင်းနှင့် ကော်မရှင်အား အသစ်ဖွဲ့ရန် ရည်ရွယ်ချက်ရှိကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက မီဒီယာများအား ပြောကြားသည်။
ဇွန် ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခဲ့သည့်အတွက် လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်သည်။ သတင်းထောက်တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား အားရကျေနပ်မှုရှိ မရှိနှင့် မည်ကဲ့သို့ တိုက်တွန်းသွားမည်နည်းဟု မေးမြန်းသည်။

အဆိုပါ မေးမြန်းမှုအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရခြင်းမရှိဘူး။ မရှိဘူးဆိုတာက ကော်မရှင်တွေ တော်တော်များများရှိတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့။ ပြီးခဲ့တဲ့အစိုးရသက်တမ်းက ဖွဲ့စည်းခဲ့တဲ့ကော်မရှင်တိုင်းကို ထုံးစံအတိုင်း အခုအစိုးရသစ်မှာပါတဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အားရကျေနပ်မှုမရှိဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ထိရောက်မှုရှိစေဖို့အတွက် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင် ချိတ်ဆက်နိုင်မှုအပေါ် အဲဒီကော်မတီကို ဖိအားပေးရင်တော့ရတယ်။ ကျန်တဲ့ကော်မတီတွေကိုတော့ အန်ကယ်တို့က အကြောင်းတိုက်ဆိုင်လာရင် တိုက်ဆိုင်လာသလို ဖိအားပေးမယ်။ တွန်းအားပေးမယ်။ မကြာခင် ဒီဥပဒေလာပါလိမ့်မယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အသစ်ဖွဲ့ဖို့ ရည်ရွယ်ချက် ရှိပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ။ အခုပြင်တာက ပုဒ်မ ၉ (ခ)ကို ပြင်တာ။ (ခ) ပြင်တာ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ အထက်ကို ခွင့်ပြုပေးပါ။ ၇၅ နှစ်ကို သင့်လျော်ပါတယ်။ ၇၅ နှစ်အထိ တိုးမြှင့်ပေးပါလို့ တင်ပြတဲ့ ဥပဒေကြမ်းပဲ။ ဘာကြောင့်လဲဆို အစိုးရအဖွဲ့မှာ သမ္မတကြီးကအစ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ ၇၀ ကျော်ပုဂ္ဂိုလ်တွေ၊ ထို့အတူ လွှတ်တော်ထဲမှာဆိုလည်း ၇၅ လောက်ရှိတဲ့ ကိုယ်စားလှယ်တွေရှိတယ်။ ပြောချင်တာက အသက် ၇၀ ကျော်ပေမယ်လို့ လုပ်နိုင်စွမ်း အများကြီးရှိသေးတယ်။ သူတို့အတွေ့အကြုံတွေက အင်မတန်တန်ဖိုးရှိတယ်။ ဒီအတွေ့အကြုံတွေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ပိုအဆင်ပြေတယ်၊ ပိုထိရောက်တယ်ဆိုတဲ့အမြင်နဲ့ ဒီဥပဒေကို ပြင်ခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းမည်ဖြစ်ကြောင်း၊ ယခုတင်သွင်းမည့် ဥပဒေတွင် မူလဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသည့် အသက် ၇၀ နှစ်ထက်မကြီးသူဆိုသည့် စကားရပ်ကို အသက် ၇၅ နှစ်ထက် မကြီးသူဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်လိုကြောင်း၊ ပြင်ဆင်ရသည့်ရည်ရွယ်ချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာဖြင့် အတွေ့အကြုံများအပေါ် အခြေခံကာ ဆောင်ရွက်နိုင်ရန်အတွက် အသက်အရွယ် ကန့်သတ်ချက်ကို တိုးမြှင့်လိုခြင်းဖြစ်ကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်သူမရှိသည့်အတွက် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ပြီး ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။ 

Eleven Media, Writer:
စိုးမင်းထိုက်
.


ဝန်ထမ်းများ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်များ
(က) အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ မေ ၃၀ ရကမှာ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပါတယ်။
(ခ) ၂၀၁၆ ဇူလိုင်လမှာ ပြည်ထောင်စုလွှတ်တော်က အဂတိတိုက်ဖြတ်ရေးဥပဒေကို အသက်၇၅နှစ်အထိ အသက်တိုးမြှင့်သတ်မှတ်တဲ့ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုပြီး၊ လူသစ် အတွေ့ကြုံကြီးသူများနဲ့ အားမနာတမ်း အရေးယူတော့မယ့်ပုံစံ မျှော်လင့်နေရပါပြီ။
(ဂ) ဇူလိုင် ၁၀ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ထမ်းများအတွက် အိုးအိမ်၊ အခွင့်ရေးများ လုပ်ဆောင်နေပြီး၊ အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း၊ အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း ပြက်သားစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
(ဃ) စင်ကာပူမှာ CBIP ဆိုတဲ့ အဂတိတိုက်ဖျက်ရေး ရဲအဖွဲ့က အလွန်တန်ခိုးကြီးသလို၊ မြန်မာနိုင်ငံမှာလဲ စသုံးလုံး ဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က တန်ခိုးကြီးပါတယ်။ အဲဒီ စ သုံးလုံး အဖွဲ့ကို အကြီးအကဲ အသစ် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်ကို အတည်ပြုခန့်အပ်လိုက်ပါတယ်။ ဦးမောင်မောင်ကျော်ဆိုတာ တစ်ချိန်က စစ်အစိုးရလက်ထက် ပါဆယ်စာအုပ်နဲ့ ဗုံးခွဲလုပ်ကြံခံလိုက်ရတဲ့ ဒေါ်ချိုလဲ့ဦး ရဲ့ အမျိုးသားဖြစ်ပါတယ်။ ယခင်က ထက်မြက်တဲ့ လုပ်ရည်ကိုင်ရည်ရှိသူများကို ပြန်လည်ခန့်ထားခြင်းနဲ့ အဂတိ တိုက်ဖျက်မယ်လို့ ယုံကြည်မိပါတယ်။
.
အထက်ပါ အရေးယူမှု၊ ဥပဒေပြုမှု၊ ရာထူးခန့်မှုများဟာ မြန်မာ့တပ်မတော် (လက်ရှိ) ခေါင်းဆောင်များသဘောတူညီမှုကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ရင်ကြားစေစပ်နိုင်တဲ့အတွက် အကျင့်ပျက်ဝန်ထမ်း နဲ့ အကျင့်ပျက်တပ်မတော်အရာရှိဟောင်းအချို့ကို ဖမ်းဆီး အရေးယူနိုင်ခြင်းဖြစ်ပါတယ်။ တပ်မတော် ဆက်လက် ပူးပေါင်းကူညီခြင်းနဲ့ အောင်မြင တိုးတက်လာမယ် ဖြစ်ပါတယ်။
.

End....




တိုင်ကြားစာလက်ခံမှုကော်မတီ (၁၁)ဦးက စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးတဲ့အခါ မှန်ကန်ကြောင်း သိရှိရပါတယ်။ လာပ်ယူသူ လွှတ်တော်ဦးစီးမှုး ဌာနပြောင်းရွှေ့ဖို့ အမိန့်ကြောင့် လွှတ်တော်မှ အရေးယူမှု မလုပ်နိုင်ပဲ၊ သူ့ရဲ့မိခင်ဌာန အထွေထွေအုပ်ချုပ်ရေးဌာနကိုပဲ အမှုကို ဆက်လက်လွှဲအပ်လိုက်ပါတယ်။
.
လွှတ်တော်က အဂတိလိုက်စားမှုကို တိုက်ဖျက်ရမဲ့တာဝန်ရှိပေမဲ့..လွှတ်တော်ကပဲ အဂတိလိုက်စားမှု ပေါ်ပေါက်လာရခြင်းအတွက် အများကြီးစိတ်မကောင်းကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က DVB တီဗွီကို ပြော
ကြားပါတယ်။
.
မြန်မာတနိုင်ငံလုံး
အစိုးရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ တရားဝင်ဝက်ဆိုက်မှာ အရေးယူခံရသူများ စာရင်းကို ကြည့်နိုင်ပါတယ်။
http://www.accm.gov.mm/acc/index.php…


.
.
သမ္မတ ၀က်ဆိုဒ်မှ အကြံပြုစာ၊ တိုင်စာ၊ အသနားခံစာ) Website Link...
http://www.edeliveryservicemm.com/