Thursday, June 29, 2017

ကြုံရဆုံရ စင်္ကာပူဘုံဘဝ ( ၁ ) Tin Myint 1994-2017


May 10 · 2017
ကြုံရဆုံရ စင်္ကာပူဘုံဘဝ ( ၁ )
**************************
ပြီးခဲ့သည့် ကျနော်၏ဘဝအမောများ ( ၃၆ ) နောက်ဆုံးအခန်းလေးကို တရွာသားဘဝအစ လို့ ခေါင်းစဉ်ပေးခဲ့သည်မှာ အကြောင်းရှိပါသည်။ ကျနော်တို့၏ ရှေးလူကြီးများထားခဲ့သောစကားလေးတစ်ခွန်းကိုဘဲ ကိုးကားရပါမည်။ " ကိုယ့်အိမ် ကိုယ့် ရွာမှာ ကိုယ်က ကြက်ဖ သူများအိမ်သူများရွာတွင် ကိုယ်ဟာ ကြက်မ" တဲ့။ မှန်ပါသည်။ တပြေတရွာဆိုတော့ သူတို့စည်းမျဉ်း သူတို့စည်းကမ်းအတိုင်း လိုက်နာနေထိုင်ကြဖို့ ဆိုလိုရင်းပါ။
လေဆိပ်သို့ လေယာဉ်ဆိုက်တာနဲ့ မလွဲမသွေ ဖြတ်သန်းရမှာက စင်္ကာပူလူဝင်မှုကြီးကြပ်ရေး ကောင်တာပါ။ ကို့ညွှန့်သိန်း ကအရင်ဝင်သွားပြီးမှ ကျနော်ဝင်ခါ လဝကအရာရှိ၏ စစ်ဆေးခြင်းကို ခံယူပါသည်။ ရန်ကုန်ရှိ စင်္ကာပူသံရုံးမှ ထုတ်ပေးထား သော ဗီဇာစာရွက် ပါတာတောင် လေဆိပ်ရှိ လဝကအရာရှိက သူသံသယဖြစ်လျှင် ပြည်ဝင်ခွင့်ကို ငြင်းပယ်နိုင်မှန်း သိထားတော့ ထိုကာ လလေးမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးတဒင်္ဂလေးပါ။ အလည်အပတ်လို့ ဗီဇာစာရွက်မှာ ရေးထားတာတောင် ဘာလုပ်ဖို့လာ တာလဲတဲ့။ ကျနော်ကလည်း မဆိုင်းမတွပင် အလည်ခဏလာတာပါလို့ ပြောလိုက်တော့ အရာရှိက မျက်မှောင် ကြုတ်လိုက်ခါ ကျနော့်ကို စူးစမ်းသည့်အကြည့်ဖြင့်ကြည့်နေတုန်း ကောင်တာအလွန်မှာ စေါင့်နေတဲ့ ကိုညွန့်သိန်းက ကျနော်ကို လက်ညိုးထိုး ပြရင်း " သူငါ့မိတ်ဆွေပါ။ ငါတာဝန်ယူပါတယ် " လို့ အရာရှိကို လှမ်းပြောတော့မှ တစ်ချက်တွေသွားပြီး ( ၁၄ ) ရက်နေခွင့်ကို ကျနော့်နိုင်ငံကူးစာအုပ်တွင် တံဆိပ်တုံးထုလိုက်ခါ ပြည်ဝင်ခွင့် ပေးလိုက်ပါတော့သည်။ ကျေးဇူးရှင် ကိုညွန့်သိန်းသာ မပါခဲ့လျှင် ကျနော် ထိုနေ့ကလာခဲ့သည့် လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်ရကိန်းများဖြစ်ခဲ့မလားမသိပါ။
အရာရှိမင်းစိတ်ကောင်းဝင်နေချိန်လည်း ဖြစ်နိုင်ပါသည်။ ကံကောင်းလို့ ပေါ့ဗျာ။ ဒီလိုနဲ့ Luggage (ခရီးဆောင်အိပ်) များ ရွေးရမည့်နေရာရောက်လို့ အပြင်ကို ကြည့်မိတော့မှ ကျနော်တို့ကို လက်များဝှေ့ယမ်းပြရင်း ကြိုဆိုနေကြသော ယခင်စက်မှု ဆောင်ရွက်မှုလုပ်ငန်းကော်ပိုရေးရှင်း (TSC) မှ လုပ်ဖော်ကိုင်ဖက်များ ကို တွေ့မြင်မိပြီး အားလည်းရှိ ဝမ်းလည်းသာသွားမိပါ သည်။ တနင်္ဂနွေနေ့မို့ အတော်များများ လာကြိုနိုင်ကြခြင်းဖြစ်ပါသည်။ သူတို့အထဲမှ အသက်အကြီးဆုံးဖြစ်သူ ယခင် EE မှ ကျနော့်အား တစ်နေရာသို့ လက်ညိုးထိုးပြရင်း တစ်ခုခုပြောနေပုံရသဖြင့် သူတို့ရှိရာသို့သွားပြီး မှန်နှစ်ချပ်ကြားဘေးမှ "ဘာလဲ" ဆိုတော့ " မင့်အဘိုးမှဘဲ ။ Duty Free ဆိုင်က ဝီစကီ (Black Label) တစ်လုံး သွားဝယ်ခဲ့ " တဲ့။ နောက်မှသိရသည်မှာ စင်္ကာပူတွင် ရောင်းချ သော အရက် နှင့် ဆေးလိပ်များကို စင်္ကာပူအစိုးရက ကြီးလေးသောအခွန်ကောက်ယူသဖြင့် ဈေးအလွန် ကြီးပါသတဲ့။
အပြင်မှာ တွေ့ကြတော့ ကျနော်ချွေးတွေပြန်နေတာ သတိထားမိပြီး ကျနော့်ရှပ်အင်္ကီင်္ျအပေါ်မှ ထပ်ဝတ်လာသော ကုတ်အကီင်္ျ နှင့် လည်ပင်းတွင် စည်းလာသော နက်ကတိုင်ကို တဟားဟားဖြင့် ရယ်မောခါ ချွတ်ခိုင်းကြပါတော့သည်။ မသိဘူးလေဗျာ။ ကျနော့်ဆရာကျော်က စမတ်ကျကျ ဝတ်သွားဆိုလို့ ရုရှားသွားတုန်းက ကုတ်အကီင်္ျ နဲ့ နက်ကတိုင် စည်းလာမိ တာကိုးဗျာ။ ဒီလိုနဲ့ တည်းခိုမဲ့ ကိုညွန့်သိန်းတို့ ငှါးနေသော Clementi အိမ်ကို ရောက်ခဲ့ပါတော့သည်။ အခန်းတွေက လူပြည့် နေတာမို့ အိမ်ရှေ့မှာ အဆင်ပြေသလိုသာ နေရပါသည်။ ရေမိုးချိုးပြီးတာနဲ့ အိမ်နှင့်သိပ်မဝေးလှသော ဆိုင်ခန်းများတွင် မွေ့ယာအပါး ခေါင်းအုံး စေါင် တစ်စုံဝယ်ရပါသည်။ ညအိပ်စရာ ဘယ်သူမှ အပိုမပေးနိုင်ကြပါ။ တယ်လီဖုံး နံပါတ်များ ကို မှတ်သားခါ အိမ်အောက်ရှိ အများသုံး ဖုံးဖြင့် မတွေ့ရသေးသူများကိုလည်း လှမ်းဆက်ရပါသည်။ ထိုစဉ်ကာလမှာ ယနေ့ခောတ် စားနေသော ဟန်းဆက် ဟန်းဖုံးများ မပေါ်သေးပါ။ နောက်တစ်နေ့ အလုပ်ရှာရန် လိုက်ပို့မည့်သူကို ချိန်းပြီး မြတ်စွာဘုရားရှင်ကို ရည်မှန်းခါရှိခိုး သမာဒေဝနတ်ကောင်း နတ်မြတ်များကို တိုင်တည်ဆုတောင်း ပြုနေကြအတိုင်း မိဘများကို ရည်မှန်းဦးချ ကန်တော့ပြီး သမံတလင်းကြမ်းပြင်ပေါ်တွင် ဝယ်ထားသော မွေ့ယာပါးလေးကို ခင်း၍ အိပ်ပျော်သွားပါတော့ သည်။
စင်္ကာပူမှာ အလုပ်ရှာ
*****************
၁၄ ရက်ထဲက တစ်ရက်ကုန်ဆုံးခဲ့ပါပြီ။ လိုက်ပို့သူကလည်း အလုပ်ရှာဆဲမို့ နှစ်ယောက်သား Jurong East ဘူတာရုံနား တွင် သတင်းစာတစ်စေါင်ဝယ်ခါ အလုပ်ခေါ်ကြော်ငြာများကို ကြည့်ပြီး လိပ်စာ နှင့် တယ်လီဖုံးနံပါတ်များကို မှတ်သားရပါသည်။ ကြော်ငြာအများစုမှာ စက်ရုံပစ္စည်းထုတ်လုပ်ရေးဆိုင်ရာအလုပ်များသာဖြစ်ပြီး စင်္ကာပူနိုင်ငံသား (သို့) အမြဲ တမ်းနေထိုင်ခွင့် ရသူများသာ လို့ပါပါသည်။ ကိစ္စမရှိဘူး သွားသာဝင်တွေ့လို့ အကြံပေးကြတာလဲရှိတာမို့ အဆင်ပြေနိုင်မည့် စက်ရုံများကို သွားခဲ့ပါသည်။ ရုံး စက်ရုံ ဂိတ်ပေါက်များကသာ ပြန်ခဲ့ရတာများပါသည်။ ထမင်းကိုလည်း အဆင်ပြေတဲ့တစ်နေ ရာမှာ စားပေါ့ဗျာ။ နေ့ခင်း ၃ နာရီကျော်တော့ Boon Lay ဘူတာရုံအနောက်ဖက်ရှိ လှေကားထစ်များပေါ်ထိုင်ရင်း အနောက်ဖက်က ကွင်းပြင်ကြီးကို စိတ်ဓာတ်ကျစွာဖြင့် ထိုင်ငေးနေမိကြတာ အမှတ်ရပါသည်။ ညနေဖက်ရောက်တော့ Teban Garden အရပ်မှာ နေသော ကိုမိုးမြင့် နှင့် မမို့တိုအိမ်ကို ထမင်းစားဖိတ်ထားလို့ သွားရပါသည်။ သူတို့ကလည်း စိတ်ဓာတ်မကျဖို့ အားပေးကြ ပါသည်။ ကိုမိုးမြင့်က အကြံပေးလို့ Tuas အရပ်ရှိ သူတို့ ကုမ္ပဏီရုံးကို နောက်တစ်နေ့ သွားမေးတော့လည်း လောလောဆယ် လူမလိုသေးပါတဲ့။ ကိုမိုးတို့အိမ်မှ အိမ်ငှါးတစ်ယောက်က နိုဝင်ဘာလကုန်တွင် ထွက်မှာမို့ ကျနော်ပြောင်းနေဖို့ အဆင်ပြေသွား ပါသည်။ အလုပ်လုပ်ခွင့်ပါမစ် (EP) တင်ဖြစ်လျှင် ပြောင်းလာပါမည်လို့သာ ပြောခဲ့ပါသည်။
တစ်ခါ ကိုအောင်ဝင်းဦးက လိုက်ပို့လို့ နာမည်ကြီး Sembawang Shipyard မှ ခေါ်သောအလုပ်နှင့် Sea Gate ကုမ္ပဏီမှ ခေါ်သောအလုပ်များကို Walk-in- interview များသွားဖြေသော်လည်း ကျနော့် အတွေ့အကြုံများနှင့် သူတို့အလုပ် မအပ်စပ်ပါ တဲ့။ အဲ့ဒီကာလက MRT ရထားလမ်းမှာ Jurong East မှ Chua Chu Kang အထိသာရှိပါသည်။ မြောက်ဖက်ဆိုလျှင် City Hall မှ Yishun အထိသာ ရထား ရှိပါသည်။ တယ်လီဖုံးဖြင့် Interview ကလည်း နိုင်ငံခြားသားလို့ ပြောလိုက်တာနဲ့ "Sorry" ဆိုခါ ဖုံးချသွားတာက များပါသည်။ ဒီလိုနဲ့ တနင်္လာ မှ သောကြာ တစ်ပတ်မှာ ကုန်လွယ်လွန်းလှသည်ဟု ထင်မိပါသည်။ စနေနေ့ ထုတ် နေ့စဉ်သတင်းစာမှာ အလုပ်ခေါ်စာများ ပါလေ့ရှိတာမို့ မဝယ်မဖြစ်ပါ။ နောက်တစ်ပတ်အတွက် အလုပ်ရှာဖို့ ဖတ်ရှုမှတ် သားရပြန်ပါပြီ။ စနေနေ့ညနေ၌ လာနိုင်သည့် မိတ်ဆွေများက စားသောက်ဆိုင်တစ်ခုမှာ စုပြီး စိတ်ပြေလက်ပျောက် စားသောက် ရင်း တွေ့ဆုံခါ စကားပြောရတာက အားရှိတယ် ဆိုရုံပါ။ တချို့မိတ်ဆွေများကလည်း အိမ်အလည်လာဖို့ ဖိတ်ကြပါသည်။ အရင် တုန်းကလို ခင်မင်မပျက် ပြောဆိုဆက်ဆံကြတာကို ကြည်နှူးဝမ်းသာရပါသည်။ တဖက်မှာလည်း ည ညအိပ်မပျော်နိုင်အောင် စိတ်ဖိစီးလှပါသည်။ ကျန်သည့် လေးငါးရက်အတွင်းမှ အဆင်မပြေလျှင် ဘာလုပ်ရပါမည်နည်း ဟူသော အတွေးများက နှိပ်စက် ကလူ စတင်နေပါပြီ။
အရင်ကတော့ စင်္ကာပူမှာ Stay ခေါ် နေထိုင်ခွင့် မကုန်ခင် မလေးရှားဗီဇာကို ကြိုလျှောက်ထားပြီး တစ်ရက် နှစ်ရက်အလို တွင် စင်္ကာပူ နှင့် တံတားဖြင့်ကူးထားသော မလေးရှားဖက်ရှိ Johor သို့ ကား သို့မဟုတ် ရထားစီးသွားရောက်ခါ တစ်ပတ် နှစ်ပတ် နေပြီးမှ စင်္ကာပူသို့ ပြန်ဝင်ခါ နေထိုင်ခွင့် နှစ်ပတ် တစ်လ ထပ်ရတတ်ပြီး အလုပ်ဆက်ရှာရပါသည်။ သူတို့အခေါ် တိုင်ပတ် သည် ဟူ၍ ခေါ်ပါသည်။ အဲ့ဒီလိုလုပ်တာတွေများလာလို့ စင်္ကာပူဖက်က လုံးဝပြန်ပေးမဝင်တော့ပါတဲ့။ ဒီလိုမှမရလှရင် ထိုင်းနိုင်ငံ ဘန်ကောက်ကို လေယာဉ်ဖြင့် သွားဖို့ ဗီဇာလျှောက်ထားခါ လေယာဉ်လက်မှတ်ကို ရှေ့တပတ်ထဲ လုပ်ရမှာပါလား ဟု တွေးနေမိပါသည်။ မြန်မာပြည်၌ ကျန်ရစ်ခဲ့သူဇနီးသည်ထံကိုတော့ အလုပ်ရှာနေဆဲ အားလုံးအဆင်ပြေသည် လို့သာ စာတစ် စေါင် ရေးထည့်ပြီးပါပြီ။ တနင်္ဂနွေနေ့ မနက်ရောက်တော့ Topayo အရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ လိုက်ပို့ကြသဖြင့် ဘုန်းကြီးကျောင်းရှိ သပ္ပါယ်လှသော ကျောက်ဆင်းထုတော်ကြီးအား ဖူးမျှော်ခါ အဆင်ပြေပါစေကြောင်း ဆုတောင်းရပါသည်။ တစ်ခြားသော မြန်မာလူမျိုး ဘုရားဖူး များကိုလည်း အထူးများပြားသည်ကို သတိထားမိပါသည်။
နောက်တစ်နေ့ လိုက်ပို့သူက TSC မှ လုပ်ဖော်ကိုင်ဖက်ဟောင်း ကိုခင်သန်းအောင်ပါ။ သူကတော့ ကုမ္ပဏီပြောင်းခါ အီးပီ ပြန်တင်လိုက်တာမို့ ပြန်မကျမခြင်း အားနေပြီဖြစ်လို့ တောက်လျှောက်လိုက်ပို့ရုံမက ကျနော့်ကိုယ်စား ဖုံးဆက်ခါမေးမြန်းပေးပါ သည်။ ကျနော်က လိုရမယ်ရ ထိုင်းဗီဇာ နှင့် လေယာဉ်လက်မှတ်လုပ်ထားမယ် ပြောတော့ "အသာနေစမ်းပါ ခင်ဗျားကလည်း။ အေးဆေးပါ" တဲ့။ ညနေစားသောက်ပြီး အိမ်ပြန်ရောက်တော့ TSC မိတ်ဆွေ ကိုစောသန်းဦးက ဖုံးဆက်ပြီး " သူအရင်လုပ်ခဲ့တဲ့ ကုမ္ပဏီက မန်နေဂျာတစ်ယောက် စီမံကိန်းအသစ်တစ်ခုအတွက် လူလိုခြင်တယ်သိရလို့ သူဖုံးဆက်ပြောထားတာ မနက်ဖံ အင်္ဂါနေ့ မနက်ဆယ်နာရီမှာ သွားတွေ့လိုက်ပါ"တဲ့။ မိတ်ဆွေများ၏ ကျေးဇူးကြီးမားလှပါသည်။
ပေးထားသည့်ရုံးလိပ်စာအတိုင်း သွားတွေ့တော့ မန်နေဂျာက သူတို့ကုမ္ပဏီ၏ Human Resources ဌာနမှ အမျိုးသမီး တစ်ဦးပါခေါ်ပြီး ပါလာသည့်စာရွက်စတမ်းများကို သာမန်သာကြည့်ခါ မြန်မာပြည် စီမံကိန်းများ၏ တပ်ဆင်ရေး အတွေ့အကြုံ
များကို အနည်းငယ်မေးပြီး ကိုစောသန်းဦး နှင့် အတူလုပ်ခဲ့သော စီမံကိန်းအကြောင်း ပြောခိုင်းပါသည်။ မန်နေဂျာက သူ့ဖက်က မေးစရာမရှိတော့ဘဲ HR မှ အမျိုးသမီးကို တစ်လှည့်မေးစေပါသည်။ ကျနော်တင်ထားသည့် ဘွဲ့လက်မှတ်ကအစ အားလုံးကို စစ်ဆေးပြီး ကျနော့်တွင် Computor Knowledge မရှိတာတွေ့ရ၍ လုပ်ငန်းလုပ်ရာတွင် အဆင်မပြေ ဖြစ်နိုင်သည်ဟု မှတ်ချက် ပေးပါသည်။ ကျနော်တို့ သက်တမ်းတွင် ကွန်ပြူတာဆိုတာ ကြားဘူးယုံပါ။ မလာခင် လေးငါးလလောက်က ဖြစ်ပါမည်။ ကွန်ပြူတာပုံဆွဲ (Auto Cat) ဆိုတာကို တစ်လ သွားတက်ဖူးပါသည်။ နောက်တော့ ဘာမှလည်း ဆက်မလုပ်ဖြစ်တာမို့ ကိုယ်ရေးရာဇဝင်တွင် မဖော်ပြခဲ့ပါ။ အမှန်တကယ်လည်း မတတ်ပါ။ ဘာပြောရမှန်းမသိဖြစ်နေသော မန်နေဂျာကို ကျနော်က တစ်ခုလောက်ပြန်မေးပါရစေ ဆိုတော့ မေးပါ တဲ့။ ငါ ဘွဲ့ရ ပြီးတဲ့ အင်ဂျင်နီယာတစ်ယောက် ကွန်ပြူတာကို လေ့လာလေ့ကျင့် ရင် တတ်ဖို့ဘယ်လောက်ကြာမလဲလို့ သိခြင်တာပါ လို့မေး လိုက်ရာ " သိပ်မှန်တာပေါ့ကွာ။ အလွန်ဆုံး သုံး လေးလဆို အိုကေ ဘဲ" ဟုပြန်ဖြေရင်း သူတို့အခြင်းခြင်း တရုပ်ဘာသာဖြင့် စကား ပြောကြပြီး " မင်းကိုသဘောကျပါတယ်။ ဒါပေမဲ့ ငါတို့ HR မန်နေဂျာက ခရီးသွားနေလို့ သူပြန်လာရင် အကြောင်းကြားမယ်" တဲ့။ ကျနော်က ကမန်းကတန်းပင် ကျနော့် Stay က လာမဲ့ စနေနေ့အထိသာ ရှိတာမို့ အမြန်လုပ်ပေးဖို့ ပြောခဲ့ရပါသည်။ အဲ့ဒီ နေ့က အင်္ဂါနေ့ ဖြစ်ပါသည်။
အချိန်ရှိတုန်း မြို့ထဲသွားပြီး အပြန်လေယာဉ်လက်မှတ်ကို လာမည့်စနေနေ့ လေယာဉ်ဖြင့်ပြန်ရန် စီစဉ်ရပါသည်။ မတော်တဆ မရခဲ့သော် ဘန်ကောက်သွားပြီး Stay ရှောင်ဖို့ကို မစဉ်းစားတော့ပါ။ ထိုင်းဖက်နှင့် ဘာအဆက်အသွယ်မှလည်း မရှိပါ။ လိုက်ပို့သူ ကိုခင်သန်းအောင်ကတော့ မြို့ထဲရှိ သူအရင်ကုမ္ပဏီအလုပ်ဖြင့် လုပ်ခဲ့သည့်မိုးမျှော်တိုက်ကြီးများကို ပြရင်း ကျနော်စိတ်ပြေလက်ပျောက်ရှိအောင် စလိုက်နောက်လိုက် လုပ်ရှာပါသည်။ သတင်းစာထဲမှာ တွေ့သည့် အလုပ်နှစ်နေရာကို ဗုဒ္ဓဟူးနေ့က သွားလိုက်ပါသေးသည်။ ထုံးစံအတိုင်း အဆင်မပြေပါ။ ညနေသာစေါင်းသွားပြီး မနေ့က ဖြေခဲ့သည့် ကုမ္ပဏီကို လှမ်း၍ ဖုံးဆက်မေးတော့ သူ တို့ HR မန်နေဂျာ ပြန်မရောက်သေးပါတဲ့။ ဘယ်တော့ပြန်ရောက်မလဲ မေးတော့လဲ မသိပါတဲ့။ ကျနော့် Stay က ကြာသာပတေး သောကြာ စနေ သုံးရက်သာ ကျန်ပါသည်။ စနေနေ့ က အဆိုပါကုမ္ပဏီ၏ ရုံးပိတ်ရက်ပါ။ ဒီတော့ တကယ်တမ်း အားဖြင့် မနက်ဖံကြာသာပတေးနှင့် သဘက်ခါသောကြာ နှစ်ရက်သာ ကျန်ပါတော့ သည်။ အလုပ်လုပ်ခွင့် ပါမစ် (EP) ကို ကုမ္ပဏီက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူအင်အားဦးစီးဌာနသို့ သတ်မှတ်ထားသော ရုံးချိန်အတွင်း တင်ပေးခဲ့လျှင် တင်သည့်နေ့မှစ၍ ယာယီနေထိုင်ခွင့် တစ်လကို စီစစ်ဆဲကာလအဖြစ် ပေးပါသည်။ ကျနော့်အဖြစ်က ဝမ်းနည်း ရမှာလား ဝမ်းသာရမှာလား ဖြစ်နေပါပြီ။
" မဖြေသာ အတွေးဆိုး ••• ဝေဒနာတစ်ရေးနိုးနေပြီ •••• အဆွေးမိုးက ရင်ထဲမှာရွာပြီ•••• ••••"
(ကိုသန်းလှိုင် - အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်မည် )
၁၁:၄၅ နာရီ
၁၀/၀၅/၂၀၁၇




May 13 · 
ကြုံရဆုံရ စင်္ကာပူဘုံဘဝ ( ၂ )
**************************
၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ( ကြာသာပတေးနေ့) ရောက်ခဲ့ပါပြီ။ ဒီနေ့တော့ လိုက်ပို့မဲ့သူလည်း မရှိ။ ကိုခင်သန်း အောင်ကလည်း ကိစ္စရှိလို့ ဒီနေ့မအားပါတဲ့။ ညနေထမင်းစားချိန်မှာ Jurong East ဘူတာရုံအနီးက စားသောက်ဆိုင်တန်းမှာ ဆုံမယ်လို့ ချိန်းထားကြပါသည်။ မနက်ခင်း ရုံးချိန်က ၈ နာရီစတယ်ဆိုပေမဲ့ ကုမ္ပဏီတွေက ဌာနအလိုက်အစည်းအဝေးများကို နံနက်ပိုင်း လုပ်လေ့ရှိပါသည်။ ဖုံးခေါ်လိုက်တိုင်း သက်ဆိုင်ရာ ဌာန၏ စာရေးမများက အလွယ်တကူပင် "အစည်းအဝေး ရှိတယ်" လို့ ဖြေလေ့ရှိပီး "ခေါ်သူအမည် နှင့် ပြန်ဆက်ရမည့် ဖုံးနံပါတ်ထားခဲ့ပါ " လို့သာ ပြန်ဖြေလေ့ရှိပါသည်။ ကျနော့်မှာက အများ သုံး စင်္ကာပူငွေအကြွေ ထည့်ပြီးဆက်ရသည့် ဖုံးကိုသုံးပြီး ဆက်ရသဖြင့် နောက်နာရီဝက် တစ်နာရီကြာလျှင် ပြန်ခေါ်ပါရစေ လို့ သာပြောနိုင်ပါသည်။ အချိန်ရှိတုန်းလေး ကိုယ့်ပစ္စည်းများကို ပြန်စစ်နေမိပါသည်။ မတော်တဆ သဘက်ခါ စနေနေ့ ပြန်ရလျှင် အဆင်သင့် ဖြစ်အောင်လို့ပါ။
၉ နာရီခွဲခန့်တွင် ကျနော့်ကို Interview ခဲ့သည့် မန်နေဂျာနှင့် ဖုံးပြောရပါသည်။ ကျနော်က အခြေအနေကို ရှင်းပြတော့ "မင်း ငါ့ကို နောက် ၁၅ မိနစ်နေရင် ပြန်ဆက်ပါ"တဲ့။ သည်စေါင့်ရသည့် ၁၅ မိနစ်မှာ ကျနော့်အဖို့ တကမာမက ကြာလှသည်ဟု ထင်နေမိပါသည်။ အချိန်စေ့လို့ ဖုံးပြန်ခေါ်လိုက်တော့ " HR မန်နေဂျာကို သူပြောလိုက်ပြီးပီ။ မနက်ပိုင်း မအားလို့ နေ့လည် ၂ နာရီမှာ ကျနော့်ကို HR မန်နေဂျာက တွေ့ပြီး အလုပ်လုပ်ခွင့်ပါမစ် (Employment Pass) တင်ဖို့လုပ်ပေးမယ်။ ကုမ္ပဏီရုံးကို နေ့လည် လာခဲ့ပါ"တဲ့။ ဘုရား ဘုရား ကုသိုလ်ကံလေးက ကိုယ့်ဖက်ပါလာလေပြီ ဟု တွေးမိပြီး ဝမ်းသာပီတိဖြစ်မိပါသည်။ ရောက်ကထဲက နေ့တဒူဝ ရင်ပူရလွန်းလို့ သည်တစ်ခါဖြင့် စိတ်အေးလက်အေးသီချင်းလေး တကျော်ကျော်ဆိုကာ ရေမိုးချိုး အဝတ်အစားလဲ Clementi အိမ်နားက စားသောက်ဆိုင်တန်းမှာ ထမင်းစားလိုက်ပြီး ကုမ္ပဏီရှိရာသို့ ဘတ်စ်ကား အဆင့်ဆင့် ပြောင်းစီးခါ ကြိုကြိုတင်တင်လေး နေ့လည် ၁ နာရီခွဲ အရောက်သွားခဲ့ပါသည်။
ရတော့မလို လို
*************
ဧည့်ခန်းငယ်တစ်ခုတွင် မန်နေဂျာအစည်းအဝေးရှိနေလို့ဟုဆိုခါ ထိုင်စေါင့်ခိုင်းထားပါသည်။ အခန်းထဲတွင် နံရံမှာ ချိပ်ထား သည့် ပန်းချီကားငယ်တစ်ခုကလွဲလို့ ကြည့်စရာ ဘာမျှမရှိ။ သက်ပြင်းကို အခါခါချရင်း ထိုင်စေါင့်နေမိပါသည်။ ရံဖါရံခါ အခန်း ထဲကို ချောင်းကြည့်မှန်ပေါက်မှ အခန်းအားသလားဟု လာကြည့်သူ တစ်ယောက်တစ်လေမှတပါး မည်သူမှပေါ်မလာပါ။ နေ့ခင်း ၃ နာရီထိုးလောက်မှ HR မန်နေဂျာဆိုသူ နှင့် ကျနော့်ကို တမြန်နေ့က မေးမြန်းခဲ့သည့် အမျိုးသမီးတို့ ဝင်လာပြီး HR မန်နေဂျာ ဆိုသူက ကျနော့်ကိုယ်ရေးရာဇဝင် နှင့် လုပ်ငန်းအတွေ့အကြုံများ ဖော်ပြထားသည့် စာရွက်စာတမ်းများကို ကြည့်ပြီး လုပ်ဖူး သော လုပ်ငန်းများမှာ အလွန်သေးငယ်သော စီမံကိန်းများသာ တွေ့ရကြောင်း အခုလာမည့် သူတို့စီမံကိန်းကြီးမှာ အလွန်ကြီးမား သည်ဖြစ်ရာ သူ့အနေနဲ့ ကျနော်လုပ်နိုင်မည် မလုပ်နိုင်မည်ကို သံသယရှိကြောင်း စတာတွေပြောနေပါသည်။ နောက်တော့ သူတို့ နှစ်ယောက် တရုပ်ဘာသာစကားဖြင့် အတန်ကြာ အငြင်းပွားနေကြပြီးမှ ကျနော့်ကို ခဏစေါင့်ဟု အမျိုးသမီးလုပ်သူက ပြောခါ နှစ်ယောက်စလုံး အခန်းတွင်းမှ ထွက်သွားကြပါသည်။
ဆယ်မိနစ်ခန့်လောက်ကြာမှ အမျိုးသမီးဖြစ်သူ အခန်းတွင်းသို့ ပြန်ဝင်လာပြီး အလုပ်လုပ်ခွင့် ပါမစ် (EP) လျှောက်ရန် ပုံစံများကို ဖြည့်ခိုင်းပြီး ပြန်ထွက်ပါတော့သည်။ ဖောင်တွင်ဖော်ပြထားသော အကွက်ငယ်များတွင် အင်္ဂလိပ်စာလုံးကြီး (Capital Letter) များဖြင့်သာ ဖြည့်ရရာ မှားသွားမှာစိုးပြီး ဖြေးဖြေးခြင်းဖြည့်ရတော့ အချိန်နည်းနည်းကြာသွားတာတော့ အမှန်ပါ။ ပြီးတာနဲ့ လက်မှတ်ထိုးရမည့် နေရာတွင် လက်မှတ်ထိုးနေတုန်း HR မန်နေဂျာဆိုသူ ပြန်ဝင်လာပြီး ဘာလို့ဒါလောက်ကြာနေရသ လဲ ဟု ငေါက်ငန်းပါသေးသည်။ ကျနော်က ဖြည့်ထားသောပုံစံစာရွက်များကို ပြန်ပေးရင်း ကျနော့် လက်ရှိ နေထိုင်ခွင့် (Stay ) က သဘက်ခါစနေနေ့ ကုန်မှာမို့ ဖြစ်နိုင်ပါက မနက်ဖံသောကြာနေ့တွင် တင်ပေးစေလိုကြောင်း ပြောလိုက်ရာ " အဲ့ဒါက မင့်ပြဿနာဘဲ။ ကုမ္ပဏီက EP တင်တာတွေကို အပတ်စဉ် အင်္ဂါ နဲ့ ကြာသပတေးနေ့တွေမှာဘဲ လုပ်တာ" " ဗမာပြည်ကို ပြန်စေါင့်ပေါ့ကွ။ လွယ်လွယ်လေးဘဲ" လို့ပြောပြီး လှည့်ထွက်သွားပါတော့ သည်။ ကမန်းကတမ်း လက်မှနာရီကို ကြည့်လိုက် တော့ ညနေ ၄ နာရီ ကျော်ပါပြီ။ ကျနော် အခန်းထဲကပြန်မယ်လို့ ထွက်လိုက်တော့ "ဗမာ လား" လို့ မေးလာပြီး " ကျနော် စိုးဝင်း ပါ" " ခင်မျာ့ မန်နေဂျာက သွားတွေ့လိုက်လို့ ပြောလို့လာတွေ့တာပါ" တဲ့။ ကျနော် ဝမ်းသာသွားတာတော့ ပြောမပြတတ်အောင် ပါ။ အခြေအနေကို အကြမ်းဖြင်းရှင်းပြလိုက်တော့ " သူတို့တုန်းကလည်း ဒီလိုပါဘဲ။ သူ့ရုံးဖုံး နံပါတ်ကို ပေးပြီး လိုအပ်ရင် သူ့ကို အချိန်မရွေး ဆက်ပါ " တဲ့။ ကျေးဇူးတင်ရပါသည်။
ဘာဆက်လုပ်ရပါ့မလဲ
*******************
Clementi အိမ်သို့လည်း မပြန်ခြင်။ ပြန်ဖို့လဲ အချိန်မရတော့။ ဒါနဲ့ ခင်သန်းအောင်တို့နှင့်ချိန်းထားရာ Jurong East MRT ဘူတာနားက စားသောက်ဆိုင်များဆီသို့ သွားလိုက်ပါသည်။ စိတ်ထဲတွင် ရှုပ်ထွေးခါ ဝေခွဲမရခြင်း ပူလောင်ခြင်းတို့ဖြင့် ပြည့်နေမိပါသည်။ စားသောက်ဆိုင်မှာ တွေ့ကြတော့ ကျနော်က အခြေအနေကို ပြန်ရှင်းပြပြီး မရလှရင် သဘက်ခါ ပြန်လိုက် တော့မယ်ဟု စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်ပါသည်။ ဟုတ်တယ်လေဗျာ။ နေရင်းထိုင်ရင်း တရားဝင်နေထိုင်ခွင့်ရက် ကျော်သွား ပါက တရားမဝင်နေထိုင်သူဖြစ်သွားခါ (Over Stay ) ဖမ်းမိပါက ထောင်ဒဏ် ၃ လ နှင့် ကြိမ် ၃ ချက် ပြစ်ဒဏ်ကျခံရပါမည်။ ထောင် ဒဏ် ၃ လ က ပြဿနာမဟုတ် ကြိမ်ဒဏ် ၃ ချက်အပြင် ပြစ်ဒဏ်ခံရပြီး ပြန်ပို့လျှင် နိုင်ငံကူးလက်မှတ်ကို တံဆိပ်တုံးအနီ ရောင်ထုခါ လူ၏ လက်ဗွေရာများအားလုံးကို ယူထားလိုက်ခြင်းဖြင့် အဆိုပါ ပုဂ္ဂိုလ်အဖို့ နောင်တစ်ကြိမ် စင်္ကာပူကို ပြန်ဝင်ခြင်းမှ ပိတ်ပင်ထားနိုင်ပါသည်။ ကျနော်ကတော့ ကြိမ်ဒဏ်ကို အကြောက်ဆုံးပါ။
ခင်သန်းအောင်ကတော့ အေးအေးဆေးဆေးပါ။ ဘီယာနှင့်စားစရာများမှာပြီး သူလည်းစား ကျနော့်ကိုလည်းစားသောက် စေပါသည်။ ဖြစ်ခြင်ရာ ဖြစ်စေတော့ သဘောထားလိုက်ပြီး စားသောက်လိုက်ပါသည်။ စားသောက်နေတုန်း ခင်သန်းအောင်က " ခင်များ ဆယ်တန်းအောင်လက်မှတ် နိုတြီလုပ်ပြီး ယူမလာဘူးလား"တဲ့။ စားလက်စတောင် နင်မလိုဖြစ်သွားပြီး " ဟဲ့ကောင်ရဲ့ စင်္ကာပူ အလုပ်ရှာတာ ဆယ်တန်းအောင်လက်မှတ်နဲ့ ဘာဆိုင်လို့တုန်း" "ဘယ်သူမှလည်း မပြောတော့ မယူလာဘူး" လို့ ပြန်ပြော လိုက်ပါသည်။ " ဟာ ခင်ဗျားဒီအတိုင်းဆို ဘယ်လိုလုပ် စင်္ကာပူမှာ နေလို့ဖြစ်မလဲ" " ဒီလိုလုပ် မနက်ဖံ လှုပ်ရှားဖို့ Clementi MRT ဘူတာမှာ မနက် ၈ နာရီခွဲ အရောက်လာခဲ့" " ပိုက်ဆံ နိုင်ငံကူးလက်မှတ် နဲ့ ပတ်စ်ပို့မှာကပ်တဲ့အရွယ် ဓာတ်ပုံ ၂ ပုံ ယူခဲ့" လို့ ခင်သန်းအောင်က မှာကြားခါ လူစုခွဲကြပါသည်။ ကိုင်း သဘက်ခါပြန်ဖို့လည်း ပြင်ပြီးပီမို့ မနက်ဖံတစ်ရက် ဘာဖြစ်မယ်ဆိုတာ စေါင့်ကြည့်ယုံသာ ရှိပါတော့သည်။
ဆယ်တန်းအောင်လက်မှတ်
***********************
ထိုစဉ်ကာလ ၁၉၉၄ ခုနှစ်က စင်္ကာပူတွင် အဆင်ပြေသည့် ကျောင်းတစ်ကျောင်းတွင် သင်ယူနိုင်ခွင့်ရှိသည့် ဘာသာရပ် တစ်ခုကို သင်ကြားဖို့ ကျောင်းလျှောက်ထားပါက လူဝင်မှုကြီးကြပ်ရေးဌာနသို့ ကျောင်းမှထောက်ခံခါ ကျောင်းသားအဖြစ်နေ ထိုင်ခွင့် လျှောက်ထားပေးကြောင်း ခင်သန်းအောင်ပြောလို့ သိရပါသည်။ အဲ့ဒီကျောင်းတက်ဖို့ ခွင့်ပြုလိုက်လျှင် အလုပ်လုပ်ဖို့ လာပါတယ်ဗျာ ဘယ့်နှယ်ကျောင်းတက်ရမယ်လို့။ မောင်ခင်သန်းအောင်ကတော့ လောလောဆယ် ဒီလောက်ဖဲ ရှင်းပြမယ် ဆိုကာ ဒီဇင်ဘာလ ၂ ရက်နေ့ သောကြာနေ့ မနက်တွင် စင်္ကာပူ တရုတ်တန်း(China Town) အဆောက်အဦးတစ်ခုရှိ တစ်ခု သော အခန်းငယ်ဆီကို ခေါ်သွားပါသည်။ အခန်းကျဉ်းလေးတစ်ခုတွင် ကိုယ့်လူမျိုးအများအပြားကို တွေ့ရပြီး ကျနော်ရေးယူလာ သော ကိုယ်ရေးအကြောင်းအရာများ (မှတ်ပုံတင်အမှတ် ဖခင်အမည် စာဖြေဌာန ဆယ်တန်းအောင်မြင်သည့် ခုနှစ် ဓာတ်ပုံတစ်ပုံ ဂုဏ်ထူးရဘာသာများ) ကို ပေးခဲ့ပြီး နေ့ခင်း ၂ နာရီ မှ ပြန်လာရန် ပြောပါသည်။ ကိုယ့်ခုံနံပါတ်ကို မမှတ်မိလည်း ရပါသည် ။ သူတို့အဆင်ပြေသလို ထည့်ပေးပါသည်။ တရုတ်တန်းရှိ မြန်မာသင်္ဘောသားများ တည်းခိုလေ့ရှိသည့် အဆောက်အဦး ဟု သိရပါသည်။ အောက်ဆုံးထပ်က စားသောက်ဆိုင်များတွင် နေ့လည်စာ စားသောက်ကြပြီး အနီးအနားရှိ ဆိုင်ခန်းများကို လှည့်ပတ်ကြည့်ရင်း အချိန်ဖြုန်းရပါသည်။ နေ့လည် ၂ နာရီ မထိုးခင် အဆိုပါအခန်းတွင် သွားစေါင့်တော့ လူတွေ တအားများ လွန်းတာမို့ ပူအိုက်ရသည့်အပြင် အသက်ရှူရတာတောင် မဝခြင်ပါ။ ကျနော့နာမည်နဲ့ ကိစ္စကို ပြောပြတော့ "ရပြီ အကိုကြီး လက်မှတ်ထိုး တံဆိပ်ကပ်ဖို့ဖဲ ကျန်တာ" တဲ့။ မျက်စိရှေ့မှာပင် ကျန်တာတွေ အကုန်လုပ်ပေးပြီး လိုခြင်သည့် နိုတြီလုပ်ပီးသား ဆယ်တန်းအောင်လက်မှတ်ကို တခါထဲ ငွေရှင်းပေးခါ ထုတ်ယူခဲ့ပါသည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ (သောကြာနေ့) ပါ။
ကျောင်းအပ်ခြင်း
**************
အချိန်နည်းနေပြီဆိုခါ တိုင်စီတစ်စင်းဖြင့် Bugis အနီး ဘုရားကျောင်းဝင်း တစ်ခုသို့ သွားရပါသည်။ ဘုရားကျောင်းထဲ မဝင် ရပါ။ ကျောင်းအနောက်ရှိ အဆောက်အဦးငယ်တစ်ခုအတွင်းသို့ ဝင်လိုက်တော့ တရုပ်မလေး နှစ်ယောက်ကို ရုံးစားပွဲသေးတစ် လုံး မိတ္တူကူးစက်တစ်လုံးနှင့်အတူ တွေ့လိုက်ရပါသည်။ ခင်သန်းအောင် နှင့် တရုပ်မလေးတွေ စကားပြောကြပြီး ကျနော့်ဆီမှ လိုအပ်တာများယူခါ ကောင်မလေးတစ်ယောက်က ဖေါင်များတွင် ရေးဖြည့်ပေးပါသည်။ ကျောင်းတွင် လေ့လာမည့် ဘာသာရပ် မှာ တရုပ်စာ (Mandrin) လို့ဖြည့်ထားတာကို ကျနော့်ကို လက်မှတ်ထိုးခိုင်းတော့ ကြည့်လိုက်မိပါသည်။ ကျသင့်ငွေ နှင့်အတူ နိုင်ငံကူး ပတ်စ်ပို့ စာအုပ်ပါ ယူထားလိုက်ပြီး လာမည့် ဒီဇင်ဘာ ၅ ရက်နေ့ (တနင်္လာနေ့) နေ့လည်ကို ပတ်စ်ပို့လာပြန်ယူတဲ့ဗျား။ ကြီးတောင့်ကြီးမား သည်အရွယ်ရောက်မှ ကျောင်းတစ်ခါပြန်အပ်ခံရတယ်လို့ဗျာ။
အဲ့ဒီနေရာကပြန်တော့မှ ခင်သန်းအောင်က ရှင်းပြပါတော့သည်။ ကျောင်းသား အဖြစ်နေထိုင်ခွင့် လျှောက်တာနဲ့ စီစစ်ဆဲ ကာလ အဖြစ် နေထိုင်ခွင့်တစ်လ ပေးပါသတဲ့။ ဒီကြားထဲ ကျနော့်ကို အလုပ်ခန့်မည့် ကုမ္ပဏီက အလုပ်လုပ်ခွင့်ပါမစ် (EP) တင် လိုက်ပါက ကျောင်းသားအဖြစ်နေထိုင်ခွင့် လျှောက်ထားခြင်းက အလိုအလျှောက် ပျက်ပြယ်သွားပြီး (EP) စီစစ်ဆဲ ကာလအဖြစ် တစ်လထပ်ရနိုင်ပါသတဲ့ခင်မျာ။ "အခု ကျောင်းသွားအပ်ခဲ့တဲ့နေရာက ကျောင်းနဲ့လည်းမတူလို့ မတော်တဆ မရခဲ့ရင် ဘယ်နှယ် လုပ်ရမလဲ" လို့ ခင်သန်းအောင်ကို မေးတော့ " အဲဒါဆိုလည်း Overstay လိုက်ပေါ့" တဲ့။ လူတစ်ဖက်သား စိတ်ချမ်းသာအောင် ပြောလိုက်ရင် ပိုက်ဆံကုန်မှာ ကျနေရောဗျာ။
အားကိုးရာ အစစ်ကိုရှာပြီ
**********************
နိုင်ငံကူးလက်မှတ်ကလည်း ကျောင်းအပ်တုန်းက ပေးထားခဲ့ရပြီဆိုတော့ စနေနေ့ပြန်ဖို့ ကိစ္စက ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ မနက်ဖံ တနင်္ဂနွေနေ့ဆို တရားဝင်နေထိုင်ခွင့် မရှိတော့ဘဲ (Overstay) ဆိုတာကြီးက ခြောက်လှန့်နေပါတော့သည်။ အလာတုန်း ကရင်း တည်းနေသည့် Clementi ရှိ ကိုညွန့်သိန်းတို့အိမ်မှ ပြောထားသည့် အတိုင်း Teban Garden အရပ်ရှိ ကိုမိုးမြင့် နှင့် မမို့တို့၏ အိမ်သို့ ပြောင်းနေလိုက်ပါသည်။ သူတို့ကလည်း အဆင်ပြေသွားမှာ လို့သာ အားပေးကြပါသည်။ ကိုညွန့်သိန်းကို လည်း ကျေးဇူးတင်ရပါသည်။ နောက်နေ့ တနင်္ဂနွေနေ့တွင် Topayoh ရှိ မြန်မာဘုန်းကြီးကျောင်းကို ထပ်သွားခါ အလှူငွေကပ် လှူရင်း ကျောင်းအပေါ်ထပ်တွင် ပုတီးထိုင်စိတ်လိုက်ပါသေးသည်။ ရင်ထဲရှိ ပူပန်ဆင်းရဲတာတွေတော့ မလျော့ပါ။ ခင်သန်းအောင် ဝင်းမြင့်ဌေး နှင့် ကိုကျော်ဝင်း (မြို့ပြအင်ယာ) တို့က လိုက်ပို့ပေးကြတာကို မှတ်မိနေပါသည်။ မြန်မာဘုန်းကြီး ကျောင်းတွင် လူစည်ကားရခြင်း အကြောင်းမှာ ကိုယ်လိုလူစား အများကြီးဆိုတာ နောက်မှသိလာရပါသည်။ အလုပ်ရှာနေသူများ အလုပ်ရပြီး EP တင်ထားဆဲသူများ EPကျပြီးသော အလုပ်ရခါစသူများ စသည်ဖြင့် အမျိုးစုံပါဗျာ။ နို့ EP ကျပြီး အလုပ်စလုပ် နေတာ ဘာဖြစ်လို့ပါလိမ့်လို့ စပ်စုကြည့်တော့ စလုပ်ခါစက အစမ်းခန့်ကာလ သုံးလမှာ ကုမ္ပဏီ သို့မဟုတ် ပိုင်ရှင်သူဌေးက မကြိုက်လျှင် အလုပ်မှရပ်စဲလို့ ရတော့ အားလုံးတူညီစွာ အားကိုးရာရှာရင်း ဘုရားတရားကို ပိုမိုဆည်းကပ် ကိုးကွယ်လာကြ ပါ တော့သည်။
ညပိုင်းရောက်တော့ ဇနီးသည်နေသည့် အရှေ့ကြို့ကုန်း ၆ လမ်းရှိ သူအလုပ်လုပ်နေသည့် ဆေးကုမ္ပဏီ၏ မန်နေဂျာ တစ်ဦး အိမ်ကို ဖုံးဆက်ခါ ဇနီးသည်ကို ခေါ်ပေးဖို့ ပြောရပါသည်။ နောက်ဆယ့်ငါးမိနစ်လောက်နေမှ ပြန်ခေါ်ပြီး ဇနီးသည်နှင့် ဖုံး ပြောရ ပါသည်။ အခြေအနေကို ပြောပြတော့ မရလှရင် စင်္ကာပူကို လည်ပြီးသာပြန်ခဲ့တဲ့။ သူလည်းအလုပ်ရှိနေပြီမို့ ဒီမှာဖြစ်သလိုလုပ် စားကြတာပေါ့တဲ့။ အားရှိရပါသည်။ သို့သော် လျှောက်ခဲ့ပြီးသောခရီးကို ပြန်တွေးမိပြီး နောက်ဆုံးတော့ ကံသာလျှင် အမိ ကံသာလျှင် အဖ လို့သာ စိတ်ထဲတွင် ထားလိုက်မိပါတော့သည်။ လွမ်းရေးထက် ဝမ်းရေးခက်သည့် ကာလများပင်တည်း။
(ဆက်ရန်)
၁၁:၂၅ နာရီ
၁၃/၀၅/၂၀၁၇





May 17 · 
ကြုံရ ဆုံရ စင်္ကာပူဘုံဘဝများ ( ၃ )
*****************************
စေါင့်ပေအုံးတော့
*****************
၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက် (တနင်္လာနေ့) နေ့လည်ခင်းတွင် ကျောင်းအပ်ခဲ့သည့်နေရာသို့ ပြန်သွားပြီး ကိုယ့်နိုင်ငံကူး လက်မှတ်ကို ပြန်ယူရပါသည်။ ဘုရားတွေအဆူဆူ ရည်စူးပြီးဆုတောင်းခဲ့ရကျိုးနပ်ပါသည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ လာမည့်နှစ် ဇန္နဝါရီလ ၂ ရက်နေ့ထိ ကျောင်းလျှောက်ထားမှုစီစစ်ဆဲကာလအဖြစ် နေထိုင်ခွင့် တစ်လထပ်ရပါသည်။ ထိုနေရာအနီးရှိ ကွမ်ရင် ကျောင်းကို ဝင်လည်ခဲ့ပြီး Bugis Village အနီး စားသောက်ဆိုင်ခန်းများတွင် ဖွင့်လှစ်ထားသော ဒေါင်းမလေးမြန်မာဆိုင်တွင် မြန်မာထမင်းဟင်းများဖြင့် ကျေးဇူးရှင် ခင်သန်းအောင်ကို ကျေးဇူးပြုရပါသည်။ (မှတ်ချက် - ထိုစဉ်က မြန်မာထမင်းဟင်းရောင်း သည့်ဆိုင်များ Pennisular Plaza တွင် မရှိသေးပါ။) ညနေအိမ်ပြန်ရောက်တော့ ဇနီးသည်ထံသို့ အခြေအနေကို စာတစ်စောင် ရေးထည့်လိုက်ပါသည်။ ဘာဘဲဖြစ်ဖြစ် တရားဝင်နေခွင့်ရသွားတာကိုက သွားရာလာရာတွင် စိတ်လက်ပေါ့ပါးသွားတာတော့ အမှန်ပင် ဖြစ်ပါသည်။
Teban Garden ရှိ ကိုမိုးမြင့်နှင့် မမို့ တို့အိမ်တွင် သူတို့သားငယ်လေးက သုံး လေးနှစ်သားလောက်ရှိမှာပါ။ တခြားအတူ နေကြသူများမှာ သင်္ဘောလိုက်ရင်း နားနေသည့် ကိုသိန်းဇော် စင်္ကာပူဆိပ်ကမ်းရှိ ကွန်တိန်နာအတင်အချ ကရိန်းကြီးမျာ ပြုပြင် ထိန်းသိမ်းရေးတွင် လုပ်နေသည့် ကိုနေဝင်း ဆိုသူနှင့် အမည်မမှတ်မိတော့သော တစ်ယောက် ကျနော်ပါနှင့်စုစုပေါင်း လေးဥိးက အိပ်ခန်းတစ်ခန်းလျှင် နှစ်ဦးစီနေကြပြီး ကိုမိုးတို့မိသားစုက Master Bed Room တွင် နေကြပါသည်။ ကျနော် အပါအဝင် ကျန် လေးဦးမှာ အိပ်ခန်းတွင်းရှိ သမံတလင်းပေါ်တွင် မွေ့ယာပါးခင်းပြီး အိပ်ကြရပါသည်။ ဧည့်ခန်းတွင် တီဗီတစ်လုံးနှင့် ဆိုဖာကြီး တစ်လုံး ကုလားထိုင် နှစ်လုံးသာ ရှိပါသည်။ အိမ်ခန်းပိုင်ရှင်ဖြစ်သူက သူ့အိမ်ခန်းကို ငှါးတုန်းက ပြောခဲ့သည့်စည်းမျဉ်းစည်းကမ်း
များအတိုင်း နေမနေကို မကြာခဏ လာစစ်လေ့ရှိကြောင်း မမို့က ပြောပြပါသည်။ အထူးသဖြင့် အိမ်တွင်း မီးဖိုခန်း အိမ်သာခန်း သန့်ရှင်းကို ဂရုစိုက်ရပါသည်။
နှစ်ရက်ခန့်အကြာတွင် ကုမ္ပဏီမှ အလုပ်လုပ်ခွင့်ပါမစ်(EP) တင်ပေးပါသည်။ နိုင်ငံကူးလက်မှတ်ထဲတွင် နေထိုင်ခွင့်ရက်က ရှိနေသေးတာမို့ သက်တမ်းထပ်မံတိုးမပေးသေးဘဲ လက်ရှိနေထိုင်ခွင့် ကုန်ဆုံးမည့်ရက် ( ၁၉၉၅ ခုနှစ် ဇန္နဝါရီလ ၂ ရက်) နေ့မတိုင်မှီ တစ်ပတ်အလိုအထိ ပါမစ်မကျသေးပါက ကုမ္ပဏီမှ Stay ထပ်တောင်းပေးမယ်တဲ့။ စေါင့်ရမှာပေါ့ဗျာ။ မနက်မိုးလင်းတာနဲ့ ကျနော်နေထိုင်ရာ Teban Garden မှ ဘတ်စ်ကားနှစ်ဆင့်စီးပြီး ခင်သန်းအောင် အောင်ဝင်းဦး တို့နေထိုင်ရာ Jurong East အရပ်ရှိ တိုက်ခန်းသို့ သွားရာတွင် မရောက်ခင် တစ်မှတ်တိုင်ရှိ အသီးအရွက်သားငါးရောင်းသော ဈေးတွင်ဆင်းခါ လိုအပ်တာ များကို ဝယ်ခြမ်းပြီးမှ သူတို့တိုက်ခန်းသို့သွားပါသည်။ သော့အပိုတစ်ချောင်းကို ကျနော့်ကို ပေးထားလို့ အဆင်ပြေ တာပါ။ ကျနော် ရောက်ချိန် မနက် ၈ နာရီလောက်တွင် ခင်သန်းအောင်တို့ အလုပ်သွားခဲ့ကြပါပြီ။ နောက်အခန်းတစ်ခု တွင် နေသည့် ကိုစိုးဝင်း (ကျနော် နိုင်ငံကူးလက်မှတ်ရအောင် ကူညီဘူးသူ) နှင့် ကိုလှလွင် (TSC အင်ယာဟောင်း) တို့မှာ ညဆိုင်း ဆင်းအလုပ်များမှ မနက် ၉ နာရီလောက်မှ ပြန်လာတတ်ကြပါသည်။
ရောက်တာနဲ့ ထမင်းအိုးကို ကြည့်ခါ ထမင်းကြမ်းကျန်နေလျှင် ကြက်ဥနှင့်ထမင်းကျော်ထားပြီး အချဉ်တစ်မျိုးလောက် ရှာကြံသုပ်ထား လိုက်ပါသည်။ ကိုစိုးဝင်းတို့ပြန်ရောက်လာလျှင် ကျနော်နှင့် အတူစားပေါ့ဗျာ။ ပြီးလျှင် သူတို့အိပ်ကြပါသည်။ ကျနော်က နေ့စာ နှင့်ညစာပေါင်းစားဖို့ အသားဟင်းတစ်ခွက် အသီးအရွက်ကျော်တစ်မျိုး အချဉ်တစ်မျိုး နှင့် အရည်သောက် တစ်ခွက် ချက်ထား လိုက်ပြီး ထမင်းအိုးပါ တည်ထားလိုက်ပါသည်။ နေ့လည်စာကိုတော့ ကျနော်တစ်ယောက်ထဲ စားလိုက်ပါ သည်။ ပြီးရင် အိမ်ရှေ့ က တီဗီဖွင့်ကြည့်ခြင်ကြည့် မကြည်လျှင် တစ်ရေးအိပ်ပေါ့ဗျာ။ ညနေ ၄ နာရီကျော်တွင် ကို စိုးဝင်း နှင့် ကိုလှလွင်တို့ အိပ်ယာမှ ထပြီးရေမိုးချိုးခါ ထမင်းစားကြပါသည်။ ပြီးတာနှင့် သူတို့ ညပိုင်းအလုပ်ကို ထွက်သွားကြ ပါသည်။ ကိုအောင်ဝင်းဦး နဲ့ ခင်သန်းအောင်တို့တော့ ညနေ ၆ နာရီခွဲ ခန့်မှ ပြန်ရောက်တတ်ကြပြီး သူတို့ရေမိုးချိုးပြီးချိန်မှ ကျနော်နှင့် အတူ ညစာစားကြပါသည်။ ညစာစားပြီးလျှင် မနက်ဖံချက်ဖို့ စိတ်ကူးထားတာကို သူတို့နဲ့ တိုင်ပင်ပြီး ကျနော်က Teban Garden အိမ်သို့ ပြန်လေ့ရှိပါသည်။
"ချဉ်ပေါင်ရွက်တွေ ရမယ်" "ဆူးပုတ် ရမယ်" " ဒညင်းသီး ရမယ်" "ငါးပိရည် ရမယ်"
********************************************************************
စနေနေ့ညဆို ကိုမိုးတို့အိမ်တွင် တီဗီအစီအစဉ်များကို လာပြီးစုကြည့်ကြတာ မှတ်မိနေပါသေးသည်။ တနင်္ဂနွေနေ့ ဆိုရင် တော့ အားလုံးအားကြတာမို့ စင်္ကာပူ Serangoon အရပ်ရှိ Mustafa ကုန်တိုက် Little India ရှိ KK Wet Market ကို တစ်ခါ တစ်ရံ သွားခါ မြန်မာကြိုက် အသီးအရွက်များကို " ချဉ်ပေါင်ရွက်တွေ ရမယ်" "ဆူးပုတ် ရမယ်" " ဒညင်းသီး ရမယ်" "ငါးပိရည် ရမယ်" စသည်ဖြင့် မြန်မာလို အော်ဟစ်ရောင်းချနေသည့် တရုတ်လူမျိုး အဖိုးကြီးတစ်ယောက်၏ဆိုင်မှာ လိုအပ်တာများ ဝယ်ရ ပါသည်။ မှန်ပါသည်။ ဒီလိုမြန်မာကြိုက် အသီးအရွက်များကို တခြားသော ဈေးများမှာ မရနိုင်ပါ။ နောက်တစ်ခု စဉ်းစားမိတာက တော့ စင်္ကာပူ ကို မြန်မာများ သို့မဟုတ် မြန်မာအစားအစာကို ကြိုက်နှစ်သက်ပြီး မြန်မာစကားပြောသူများ ဝင်ရောက်သွားလာ နေထိုင်ကြတာ ကာလ အတော်ကြာနေပြီဆိုတာ ပြသနေခြင်းပါ။ အလားတူပင် China Town အရပ်ရှိ တစ်ချို့သော စားသောက် ဆိုင်များတွင် စားပွဲထိုးတရုတ်လေးများက မြန်မာလို မပီကလာ ပီကလာဖြင့် သူတို့ဆိုင်က စားသောက်ဖွယ်ရာများကို ရောင်းချ နေတာကို တွေ့မိပါသည်။ မြန်မာသင်္ဘောသားများ အဝင်အထွက်များရာ အရပ်မို့ ဖြစ်ပါသည်။
ကိုယ်လိုလူစား အများကြီး
**********************
ကိုယ်က နေထိုင်ခွင့်လေးရ အလုပ်လုပ်ခွင့်ပါမစ် စေါင့်နေချိန်တွင် ကိုယ့်နောက်မှ ဝင်ကြသူ အသိမိတ်ဆွေများကို ကိုယ်က တဖန် လိုက်လံပို့ဆောင် လုပ်ကိုင်ပေးရပါသည်။ အားလုံးက ရေခြားမြေခြားကို သမုဒ္ဒရာဝမ်းတစ်ထွာအတွက် အလုပ်အကိုင်ရှာ ဖွေဖို့ လာကြသူ ဘဝတူများဖြစ်ကြပါသည်။ တစ်ချို့လည်း စားရိတ်စကအတွက် ပေါင်နှံချေးငှါးခါ လာခဲ့ကြရာ အဆင်မပြေ ပါက ငွေထပ်မှာနိုင်သူက ထပ်မှာကြ နေခွင့်လုံးဝကုန်ဆုံးသူများကလည်း အများအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားခါ အိမ်နှင့်ပြန်ဆက်သွယ်ပြီး စါးရိတ်ပြန်စုကြပါသည်။ ပြီးမှ စင်္ကာပူကို အချိန်ကာလတစ်ခုခြားခါ ပြန်ဝင်၍ အလုပ်ရှာကြရပါသည်။ သေချာတာတစ်ခုကတော့ ထိုချေးငှါးခဲ့သည့် ငွေပမာဏကို မြန်မာပြည်ကို ပြန်၍အလုပ်လုပ်ခါ စုဆောင်းပြီးဆပ်ဖို့မှာ မဖြစ်နိုင် လောက်အောင် ခက်ခဲလှပါသည်။ ရောင်းစရာ ပေါင်စရာရှိကြရင်တော့ ဖြစ်နိုင်ပါသည်။
အရင်ကတော့ ကျနော်တို့အင်ဂျင်နီယာအများစုသာ လာရောက်အလုပ်ရှာဖွေ လုပ်ကိုင်နေကြသည် ဟုထင်ထားရာ အထင် နဲ့ အမြင် တက်တက်စင်အောင် လွဲနေမှန်း သိရှိလာရတာကတော့ မြန်မာပြည်မှ အလွှာပေါင်းစုံမှ လူအများ အကြောင်း အမျိုးမျိုးဖြင့် ဝင်ရောက်ခါ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေတာ တွေ့ရပါသည်။ တစ်ချို့လည်း အဆင်ပြေပြေ လုပ်ခွင့်ရကြပါ သည်။ တစ်ချို့လည်း အဆင်မပြေဖြစ်ပြီး ပြန်ထွက်သွားကြသည်များရှိပါသည်။ အဖြေကတော့ ရှင်းပါသည်။ ကိုယ့်ဆီမှာ ရှာဖွေ စားသောက်ရ ခက်ခဲလာပြီး အလုပ်အကိုင်ရှားပါးခါ ရှိသည့်အလုပ်များတွင်လည်း လစာနည်းပါးရသည့်ထဲတွင် အလကားနေ ရင်း ဗိုလ်ကျခံနေရတာက လူအများကို ဖြစ်ခြင်ရာဖြစ်တော့ ဟု စိတ်ပိုင်းဖြတ်ခါ ထွက်လာကြခြင်း ဖြစ်ပါတော့သည်။ သို့သော် လည်း အားလုံးအဆင်ပြေကြသည်လို့တော့ မဆိုလိုပါ။
ဥပမာလေးတစ်ခု ပြောပြလိုပါသည်။ ကျနော် အလုပ်လုပ်ခွင့်ပါမစ် စေါင့်နေတုန်းကာလ တစ်ခုသော စနေနေ့တွင် စင်္ကာပူ မှ မော်တော်ဘုတ်ငယ်ဖြင့် သွားရသော ကျွန်းတစ်ခုပေါ်ရှိ ကိုမိုးမြင့် ၏အလုပ်ရှိရာသို့ အပျင်းလည်းပြေ ဗဟုသုတလည်း ရ အလည်လိုက်သွားခဲ့ပါသည်။ ကိုမိုးတို့ကုမ္ပဏီက ထိုကျွန်းပေါ်ရှိ ရေနံလှောင်ကန်များနှင့် ပိုက်လိုင်းများကို ပြုပြင်ထိန်းသိမ်း ရပါသည်။ နေပူကျဲကျဲ အောက်တွင် အရိပ်ရအပင်များလည်းမရှိပါ။ တစ်ကျွန်းလုံးမှာ ရေနံလှောင်သည့် ကန်များဖြင့် ပြည့်နေပါသည်။ ကိုမိုးမြင့်၏ ရုံးခန်းမှာ ပေ ၂၀ × ၈ ကွန်တိန်နာ ဖြစ်ပြီး ရုံးသုံးပရိဘောဂများနှင့် လေအေးပေးစက်ပါတပ်ထား ၍ တော်ပါသေးသည်။ သို့သော် ရုံးခန်းထဲ အမြဲထိုင်နေရသည်တော့မဟုတ်ပါ။ အချိန်မှန် စစ်ဆေးစရာများကို သွားရောက် စစ်ဆေးရင်တော့ ကျက်ကျက်တောက် နေရောင်အောက်မှာဘဲ Safety Helmet ဥိးထုပ်ဆောင်းခါ သွားလာလှုပ်ရှား ရပါသည်။
အိမ်ကိုပြောထားတာ သင်္ဘောလိုက်နေတယ်
*************************************
ကမ်းနားရှိ ဆိပ်ခံဘောယာက သင်္ဘောငယ် မော်တော်ငယ်များ ဆိုက်ကပ်နိုင်အောင်လုပ်ထားရာ အင်္ကျီမပါ ဘောင်းဘီတို ဝတ်ဖြင့် ဆံပင်က ဆုပ်ဖွားဖွားနှင့် အသက် နှစ်ဆယ် အစိတ်လောက်ရှိမည့် လူငယ်တစ်ဦးကို ဆိပ်ခံဘောယာပေါ်တွင် တွေ့ရပြီး တစ်ကိုယ်လုံးမှာလည်း နေလောင်ထားပုံရပါသည်။ ထိုစဉ် သင်္ဘောတစ်စင်းက ဆိပ်ခံသို့ ချဉ်းကပ်လာပြီး ရောက်ခါနီးတွင် သင်္ဘောပေါ်မှ အုံးဆံကြိုးခွေကြီးကို ဆိပ်ခံပေါ်သို့ ပြစ်ချပေးရာ အရှိန်နည်းပြီး ဆိပ်ခံအနီးရှိ ရေထဲသို့ ကျသွားတာ မြင်လိုက်ရ ပါသည်။ စောစောက လူငယ်လေးကပင်လယ်ထဲခုန်ချခါ သူ့ပုခုံးမှာလွယ်ထားသော ကြိုးငယ်ဖြင့် သင်္ဘောပေါ်က ပြစ်ချပေးသော အုံးဆံကြိုး ကွင်းကြီးကို ချည်ခါ ဆိပ်ခံသို့ ပြန်ရေကူးလာပြီး အပေါ်သို့ ကုပ်ကပ်တက်ပါသည်။ နေပူထားလို့ အတော်ပူကျက် နေမည့် သံဆိပ်ခံပေါ် ရောက်မှ သူယူလာသည့် ကြိုးဖြင့် သင်္ဘောက အုံးဆံကြိုးကွင်းကြီးကို ပင်လယ်ထဲမှဆွဲတင်ခါ ဆိပ်ခံပေါ်ရှိ သံတိုင်တွင်ချည်နှောင်လိုက်တာကို အစအဆုံး တွေ့မြင်ရပါသည်။ နှေးကွေးလေးလန်သည်ဟု သင်္ဘောပေါ်မှ အော်ဆဲနေတာကို မြင်ယောင်ကြားယောင်မိပါသည်။ အတော်အန္တရာယ်များပြီး ပင်ပန်းဆင်းရဲတဲ့ အလုပ်ပါဗျာ။ လာသမျှ သင်္ဘော မော်တော်များကို ကြိုးချည် ကြိုးချိတ်က သူ၏နေ့တဒူဝအလုပ်ပါတဲ့။
ရုံးသို့လမ်းလျှောက်အပြန်တွင် ကိုမိုးမြင့်ပြောပြ၍ ထိုလူငယ်မှာ စင်္ကာပူမှာ သင်္ဘောတက်ရမည်ဟု ပြောပြီး ပွဲစားကုမ္ပဏီ တစ်ခု၏ ရိုက်စားလုပ်ခံထားရသော မြန်မာလူငယ်တစ်ဦးဖြစ်နေကြောင်း သိရပါသည်။ သင်္ဘောပေါ်မရောက်ဖဲ ဒီလိုဆိပ်ခံပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်ရင်း ရသမျှငွေကို မိဘထံ စားဖို့နှင့်ထွက်လာစဉ်က ချေးငှါးထားသည့် အကြွေးများဆပ်ဖို့ ပြန်ပို့ရင်း မိဘများကိုတော့ သင်္ဘောအလုပ်လို့ဘဲ စိတ်ချမ်းသာအောင် ပြောထားတာတဲ့။ မိဘများမြင်လျှင် ရင်ကျိုးလောက်ပါသည်။
မိတ်ဆွေကောင်းများ
******-**********
မိတ်ဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံရခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပါသည်။ အလုပ်လုပ်ခွင့်ပါမစ်ကျဖို့ စေါင့်နေရ စဉ်အတွင်း ပါလာသည့် ငွေကလည်း တဖြေးဖြေးလုံးပါး ပါးလာပါသည်။ မပါးခံနိုင်ရိုးလားဗျာ။ စင်္ကာပူမှာက ဘာမှအလကားမရ ပါ။ မြန်မာပြည်မှာတုန်းက လက်ဖက်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်ကို ဝယ်သောက်ပြီး ရေနွေးကြမ်းကို တစ်အိုးပြီးတစ်အိုး အလကားထိုင်သောက်လို့ ရပေမဲ့ ဒီမှာက ရေနွေးကြမ်းခေါ် အခါးရည်သောက်ခြင်လျှင် လက်ဖက်ရည်တစ်ခွက်ဖိုးမျှ ငွေပေးဝယ် သောက်ရတော့ ဘယ်သူမှ အပိုမသောက်ကြတော့ပါ။ နေစရိတ် စါးစရိတ် သွားလာစရိတ် စသည်ဖြင့် ဘယ်လောက်ချွေချွေ ကုန် သင့်သလောက်တော့ကုန်ပါသည်။
ဒီဇင်ဘာလလည်လောက် ဖြစ်မည်ထင်ပါသည်။ ကျနော်နှင့် စက်မှုတက္ကသိုလ်တက်စဉ်က ပထမနှစ်မှ နောက်ဆုံးနှစ်ထိ အတန်းအတူတူတက်ခါ ကျောင်းပြီးလို့ ရွာထောင်ဒီဇယ်စက်ခေါင်းစက်ရုံမှာ တစ်နှစ်လုပ်တော့လဲ အတူနေ အတူစား ခင်မင် ရင်းနှီးရသော သူငယ်ချင်း စောအောင်ကို။ သင်္ဘောအင်ဂျင်နီယာအဖြစ် သင်္ဘောလိုက်နေရင်း ခရစ်စမတ်ပြန်နားမလို့ စင်္ကာပူမှာ သင်္ဘောပေါ်မှ ဆင်းပြီး ကျနော်နှင့် အဆက်အသွယ်ရခါ နှစ်ယောက်သား စားသောက်ရင်းဆုံကြပါသည်။ သူ့ဇနီးနှင့် သမီးလေး တို့ကလည်း ကျနော့်ဇနီးသည်နှင့် ရင်းနှီးကြပါသည်။ စားသောက်ပြီး နောက်နေ့မြန်မာပြည်သို့ ပြန်မှာမို့ သူတည်းခိုရာသို့ လိုက်ပို့တုန်းလမ်း မှာ " မင်းအခု EP စေါင့်နေတာ တစ်လကျော်နေပြီ။ ပိုက်ဆံ ကျန်သေးလား" လို့ စိုးရိမ်စွာ မေးလာပါသည်။ ကျနော်က စိတ်မပူရန် နှင့် အခုလက်ထဲ စင်္ကာပူငွေ ၄၀၀ လောက်ကျန်သေးကြောင်း ဖြေလိုက်ရာ ကျနော့်ကို ဆိုဆိုဆဲဆဲဖြင့် နိုင်ငံခြားမှာ ဘာဖြစ်မယ်မှန်းမသိ အလုပ်ရပြီး လစာကချက်ခြင်းရတာမှ မဟုတ်တာဟုပြောခါ ငွေထုတ်စက်မှ စင်္ကာပူငွေ ၁၀၀၀ ထုပ်ပေးပြီး " မင်းအဆင် ပြေမှ ပြန်ပေး" တဲ့။ သူငယ်ချင်း၏ ကျေးဇူးကို အမှတ်ရမိပါသည်။ အမှန်က လက်ကျန်ငွေ မလုံလောက် မှန်းသိနေပြီး ကျနော် အကြပ်ရိုက်နေစဉ် သမာဒေဝနတ်ကောင်းများကများ ဒီကောင့်ကို စေလွှတ်လိုက်လေသလား ဟုပင် ထင်မြင် မိပါသည်။ ဒါဘာဟုတ်သေးလည်းဗျာ။ သူ့အခန်းမှာ ကျနော်ထိုင်ရေးပြီး ဇနီးသည်ထံ ထည့်ပေးသောစာကို ပါတိတ်ထမီ တစ်ထည်ပါ အဆစ်ဝယ်ယူသွားပြီး ဇနီးသည်ကို ပေးလိုက်ပါသေးသည်။ ဇနီးသည်ထံမှ ပြန်စာရောက်မှ သိရတာပါ။ မောင်မင်း ကြီးသား ကြီးပွားသည်ထက် ကြီးပွားပါစေဟု ဆုတောင်းရပါသည်။
မချိုမြိန်သော Sweet December
*****************************
စင်္ကာပူနေသူများအတွက်ကတော့ ဒီဇင်ဘာလကို ချိုမြိန်သောလ ဟုဆိုကြပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်မတ်ပိတ် ရက်မှစပြီး ကြားထဲရှိ ရုံးဖွင့်ရက်ကိုခွင့်ယူခါ နှစ်ကုန်နှစ်သစ်ကူးပိတ်ရက်နှင့် ဆက်ပြီး အားလပ်ရက် ခရီးထွက်ကြပါသည်။ ဒီလို သွားဖို့ကို စက်တင်ဘာလလောက်မှစ၍ ခရီးသွားကုမ္ပဏီများက စီစဉ်ကျင်းသော ခရီးစဉ်များကို ဈေးသက်သာစွာ ဝယ်ယူစီစဉ် ထားကြလေ့ရှိပါသည်။ သူတို့အားလုံး၏စိတ်ထဲတွင် အားလပ်ချိန်စိတ်ကူးများ (Holiday Mood) များသာ ရှိနေကြပြီး အလုပ်တွင် သိပ်စိတ်မပါကြတော့ပါ။ ဒီဇင်ဘာလတွင် အလုပ်ဝင်လာရှာသူများအဖို့ ကံကောင်းနိုင်ဖို့ အတော်ခဲယဉ်းပါသည်။ ကျနော်၏ Stay ခေါ် နေထိုင်ခွင့်မှာ လာမည့် ၁၉၉၅ ခုနှစ် ဇန္နဝါရီလ ၂ ရက်နေ့မှာ ကုန်ဆုံးမည်ဖြစ်ရာ တစ်ပတ်အလိုတွင် ကုမ္ပဏီကို ပြောပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် EP စီစစ်ဆဲ နေထိုင်ခွင့် ထပ်မံ၍ ဇန္နဝါရီလ ၂၈ ရက်ထိ ရပါသည်။ ရုံးပိတ်ရက် ကြားရက်လေးတွင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ တင်ရခြင်းဖြစ်ပါသည်။
ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲအတွက် မီးရောင်စုံများကို လှပစွာထွန်းညှိထားသော နာမည်ကျော် အောချတ် (Orchard ) လမ်းမကြီးကို ခင်သန်းအောင်တို့ အဖွဲ့နှင့် ကျနော့်အဖို့ ပထမဦးဆုံး လမ်းလျှောက်ကြည့်ခွင့် ရပါသည်။ လူအများစုက ဝတ်ကောင်းစားလှဝတ်ခါ ပျော်ရွှင်စွာ လည်ပတ်နေကြပေမဲ့ ကျနော့်အဖို့တော့ သိပ်မပျော်နိုင်တာအမှန်ပါ။ ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်အချိန်တွင် အားလုံးအော်လို့သာ "Happy New Year 1995" လို့ အော်လိုက်ရပါသည်။ တစ်ခုခုလိုနေသည့်ခံစားမှု များက ကြီးစိုးနေသလို ခံစားမိပါသည်။
ပြန်ဖြစ်ရပြန်သော Mechanical Engineer
**************************************
၁၉၉၅ ခုနှစ် ဇန္နဝါရီလ ၉ ရက်နေ့တွင် ကျနော့်ဘဝတဆစ်ချိုးခါ Jurong Engineering Limited ကုမ္ပဏီတွင် တစ်နှစ် အစမ်းခန့် Mechanical Engineer အဖြစ် အလုပ်ဝင်ခဲ့ရပါသည်။ Employment Pass စသည့်နေ့ ကတော့ ဇန္နဝါရီလ ၁၂ ရက်နေ့ဖြစ်ပါသည်။ အပေါင်းအသင်းများကလည်း ဝမ်းသာကြပါသည်။ အပျော်ဆုံးရွှင်သူကတော့ ကျနော့်ဇနီးသည်ဖြစ်မည်ကို ပြောပြရန်ပင် လိုမည်မထင်တော့ပါ။ "ကိုင်း လာလေရော့ နင်လားဟဲ့ စင်္ကာပူ"ဟု မရဲတရဲတီးတိုးရေရွတ်မိခဲ့ပါသတည်း။
" ဘယ်သူမဆို အနေကွာဝေးတဲ့ ချစ်သူကို •••• မြင်ခြင်တွေ့ခြင်လွန်းလို့ လွမ်းစိတ်တွေပို •••• မောင်လည်း ထို့အတူဘဲပေါ့ ပြုံးမျက်နှာကို •••• မမြင်တာကြာခဲ့လို့ လွမ်းရတယ်ပေါ့ မောင့်ချစ်သူကို •••• ••••"
(စိုင်းဆိုင်မောဝ် - မလွမ်းပို )
၁၁:၁၀ နာရီ
၁၇/၀၅/၂၀၁၇




May 22 · 
ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၄ )
***************************
ရုံးအလုပ်ချိန်
***********
ရုံးသို့ ပထမဆုံးတက်ရသည့်နေ့မှာ Teban Garden အိမ်မှ မနက် ၆ နာရီခွဲထွက်ခါ ဘတ်စ်ကားအမှတ် (၃၀) ဖြင့် Boon Lay အရပ် ရထားဘူတာအနီးရှိ ဘတ်စ်ကားဂိတ်သို့ သွားရပါသည်။ ထိုမှတဆင့် ဘတ်စ်ကားအမှတ် (၂၄၉) ကို စီးခါ Jurong Ship Yard နှင့် ကပ်လျှက်ရှိသော ကျနော်အလုပ်ဝင်သည့် ရုံးသို့သွားပါသည်။ ဘတ်စ်ကားစီးရသည့် ကြာချိန်များ အပြင် စေါင့်ရသည့် အချိန်များပါထည့်ပေါင်း မှတ်သားရပါသည်။ ရုံးအဝင် လုံခြုံရေးဂိတ်အနောက်ဖက်တွင် တပ်ဆင်ထား သော အချိန်မှတ်စက်တွင် ကိုယ့်အတွက်ထုတ်ပေးထားသော အချိန်မှတ်ကဒ်ပြားကို စက်တွင်ထိုးလိုက်လျှင် စက်ကနေ့စွဲနှင့် ဝင်ချိန်ကို ရိုက်ပေးပါသည်။ ပြီးလျှင် ကဒ်ပြားကို သတ်မှတ်ထားသောနေရာတွင် ထားခဲ့ပြီး မိမိသက်ဆိုင်ရာဌာနသို့  သွားရပါ သည်။ ရုံးချိန်က မနက် ၈ နာရီစပါသည်။ မနက် ၁၀ နာရီတွင် တစ်ဆယ့်ငါးမိနစ်ခန့် ကော်ဖီသောက်ချိန်ရပြီး နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် နေ့လည်ထမင်းစားချိန် ၄၅ မိနစ်ရပြီး နေ့လည် ၁ နာရီအလုပ်ပြန်စခါ နေ့ခင်း မွန်းလွဲ ၃ နာရီတွင် ၁၅ မိနစ်ခန့် ကော်ဖီသောက်ချိန်ဖြစ်ပါသည်။ ညနေ ငါးနာရီမှာ ရုံးဆင်းပါသည်။ အချိန်ပိုဆင်းရပါက မိမိ၏ မန်နေဂျာထံမှ ခွင့်ပြုချက်တောင်း ရပါသည်။ တနင်္လာနေ့မှ သောကြာနေ့ထိ တစ်နေ့ အလုပ်ချိန် အပြည့်ဆင်းရပြီး စနေနေ့မှာတော့ နေ့တစ်ဝက် ဆင်းရပါသည်။
ကျနော် ဒီအလုပ်ချိန်တွေကို ရေးပြနေရခြင်းမှာ နေ့စဉ်ပုံမှန်အလုပ်ချိန်နှင့် သွားချိန်လာချိန်စုစုပေါင်းသည် အလုပ်နေရာနှင့် အနီးအဝေးပေါ်မူတည်၍ ပုံမှန်အလုပ်ချိန်အတွက် ပျှမ်းမျှခြင်း အနည်းဆုံး ၁၀ နာရီ မှ ၁၂ နာရီ လောက် လိုပါသည်။ စင်္ကာပူမှာ ကမာကြီး၏ အီကွေတာမျဉ်းအနီးတွင် တည်ရှိနေရာ တနှစ်ပတ်လုံး ဟေဘူယျအားဖြင့် နံနက် ၆ နာရီခွဲ တွင် နေထွက်ပြီး ညနေ ၆ နာရီခွဲတွင် နေဝင်ပါသည်။ ဒီတော့ ကျနော်တို့အလုပ်ချိန်ကို မိုးလင်းမှမိုးချုပ်ထိလို့ ပြောလို့ရပါသည်။ အလုပ်နှင့်နေသည့်နေရာ ဝေးပါက မနက်မိုးမလင်းမှီ မှောင်နှင့်မဲမဲ အိမ်မှ ထွက်ရပြီး ညအိမ်ပြန်ရောက်ချိန်တွင် မိုးချုပ်စုတ်စုတ်ကန်းနေပါပြီ။ တစ်ပတ်မှာ ၅ ရက်က သည်အတိုင်းပါ။ စနေနေ့တော့ တရားဝင်က နေ့တစ်ဝက်ဆိုပေမဲ့ နေ့ခင်း ၁ နာရီမှ ညနေ ၅ နာရီထိ အချိန်ပိုဆင်းရလျှင် ကိုယ့်အတွက် အပိုဝင်ငွေရတာမို့ မန်နေဂျာခွင့်ပြုချက်တောင်းပြီး ဆက်ဆင်းလေ့ရှိပါသည်။ အမှန်အကန် ရက်အားမှာ တနင်္ဂနွေ နေ့သာဖြစ်ပြီး ထိုနေ့မှ တစ်ပတ်စာ အဝတ်ကို အဝတ်လျှော်စက်တွင် အလှည့်ကျလျှော်ကြပါသည်။ အပြင်ထွက်လည်ဖို့က လှမ်းထားသောအဝတ်များကို ရုတ်ပြီးမှလည်ဖို့လုပ်ရပါသည်။ နေသာလျှင်တော့ ကိစ္စမရှိပါ။ ၂ နာရီလောက်ဆို ခြောက်ပါသည်။ စက်ကလျှော်နိုင်ပေမဲ့ လှမ်းစရာနေရာက လိုသေးတာလေဗျာ။ အခြင်းခြင်း ညှိပြီးလျှော်ရပါသည်။
လုပ်ထားရမဲ့ ဟာတွေတဲ့
********************
ကျွန်တော်အလုပ်စဝင်တော့ ဌာနမှာ လောလောဆယ် ထိုင်ဖို့နေရာပေးစရာသေးလို့ ရုံးခန်းမကျယ်ကြီးအတွင်း မလှမ်းမကမ်းတွင်ရှိသော ဌာနတစ်ခု၏ ခုံနေရာတွင် မန်နေဂျာခြင်း ပြောဆိုပြီး ယာယီထိုင်စေပါသည်။ ကျနော့်အတွက် အဆင်ပြေလှပါသည်။ မျက်နှာခြင်းဆိုင်တွင် ထိုင်နေသူက ကိုစိုးဝင်း ဖြစ်နေပြီး ကျနော့ဆရာကလည်း ကိုစိုးဝင်း နှင့် မိတ်ဆက် ပေးပါသည်။ ကွန်ပြူတာကတော့ မလိုသေးပါ။ ပေးထားလည်း လုပ်တတ်မှာ မဟုတ်တာဗျာ။ ကျနော်တို့ လုပ်ရမဲ့စီမံကိန်း အလုပ်ကလည်း မရသေးပါ။ ဒါပေမဲ့ အလုပ်ရဖို့သေချာနေပြီသတင်းကြားနဲ့ ပြင်ဆင်မှုတွေ စနေပါပြီ။ ကိုစိုးဝင်းကလည်း RIT ဆင်း စက်မှုအင်ဂျင်နီယာဖြစ်ပြီး စင်္ကာပူတွင် ရောက်ရှိလုပ်ကိုင်နေတာ အတော်ကြာပါပြီ။ ကျနော့်အား အမြဲအားပေးစကား ပြောခါ စီမံကိန်းအတွက် အင်ဂျင်နီယာတစ်ယောက် ပြင်ဆင်သိရှိထားရမည်များကို ရှင်းလည်းရှင်းပြ မိတ္တူကူးထားတာတွေ လည်းပေးပါသည်။ ဒီတစ်ခါ ဘုရား တရပြန်ပါပြီ။ နည်းတဲ့အချက်တွေလားဗျာ။ သူပြောသည့် စကားက ကျနော့်ကို အမြဲသတိ ပေးနေပါသည်။ " ခင်များဆရာက ခင်ဗျားကို သူလိုခြင်တဲ့အချိန်မှာ ဒီလိုအချက်လက်တွေ တွက်ခိုင်းလိမ့်မယ်။ ဘယ်အချိန်ဘဲ တောင်းတောင်း အဆင်သင့်ဖြစ်အောင် လုပ်ထား"တဲ့။ မနည်းပါဘဲလားဗျာ။ အိပ်မပျော်တဲ့ညတွေ စအုံးတော့မယ်ထင်ပါရဲ့ဗျာ။
စစခြင်း မန်နေဂျာက တင်ဒါတင်ထားတုန်းက စီမံကိန်းနဲ့ ပတ်သက်တဲ့ဖိုင်ကြီးကို သူ့အခန်းထဲမှာ ထားတဲ့နေရာကို ပြပြီး အမှတ်စဉ်လိုက် တစ်ဖိုင်ခြင်းယူဖတ်ထားဖို့ ပြောပါသည်။ ငွေရေးကြေးရေးနဲ့ ကန်ထရိုက်ဖိုင်များတော့ မပါပါ။ ဖိုင်တစ်ဖိုင်ခြင်း ယူ၍ ကိုစိုးဝင်း၏ မျကိနှာခြင်းဆိုင်စားပွဲတွင် ဖတ်ရမှတ်ရပါသည်။ ကျနော်တို့စားပွဲဘေးက ကံမကောင်းစွာနဲ့ လူတကာရဲ့ ရုံးတွင်းသွားလမ်းလာလမ်းပါ။ ရုံးအတွင်းတွင် ပေးထားသည့် လေအေးစက်အအေးကလည်း ထိုင်နေရင်း မခံနိုင်အောင်ပါ။ ကိုယ် ကအကျင့်မရသေးတာလည်း ပါပါသည်။ ရုံးထဲမှာ အလုပ်ကိစ္စကို ပြောဆိုကြသည်မှတပါး တခြားဝေဖန်ရေး လေကန်ရေး လုံးဝမရှိပါ။ မလုပ်ရဆိုတာက ပိုမှန်ပါသည်။ ရုံးမှာက စင်္ကာပူရဲ့ထုံးစံအတိုင်း လူမျိုးပေါင်းစုံပါ။ အင်္ဂလိပ်စကားက ဘုံဆက်သွယ် ရေးသုံးဖြစ်ပါသည်။ ကိုယ့်ဗမာခြင်းဆိုပေမဲ့ အလုပ်ထဲတွင် အခြားသူတစ်ဦးတစ်ယောက်ရှိနေပါက အင်္ဂလိပ်လို ပြောင်းပြောရပါ သည်။ ဒါက စာနှင့် ရေးမထားသော လူတိုင်းအတွက် ကျင့်ဝတ်ပါ။ အပြင်မှာ ကော်ဖီသောက်ချိန်လေးလောက် ကိုယ့်အချင်းချင်း ဗမာစကားဖြင့် ပြောကြပါသည်။ အချိန်စေ့လျှင် ရုံးထဲပြန်ဝင်ခါ ကိုယ့်အလုပ်ကိုယ်လုပ်ရပါသည်။
ကွန်ပြူတာ သင်ပြီ
****************
ကျနော်ပြောခဲ့ပြီးပါပြီ။ ကျနော်တို့အသက်အရွယ်တန်းများဟာ ကွန်ပြူတာနဲ့ မရင်းနှီးခဲ့ကြပါ။ သို့သော် စင်္ကာပူအလုပ်ထဲ မှာတော့ သေချာပေါက်သုံးရမှာဖြစ်လို့ သူ့ညနေခင်းအလုပ်ဆင်းခါနီးတွင် ကိုစိုးဝင်းက သူ့ရုံးက အတော်ဟောင်းနေပြီဖြစ်သော ကွန်ပြူတာကြီးဖြင့် တစ်ရက်နည်းနည်းစီ သင်ပေးပါသည်။ အဲ့ဒီအချိန် ရုံးမှာအသုံးပြုနေတာက Lotus 123 စံနစ်ဖြစ်ပြီး Key Board ကိုသာ အသုံးပြုရပါသည်။ ကိုစိုးဝင်း၏တစ်နေ့တာ သင်သမျှကို မှတ်စုစာအုပ်လေးဖြင့် မှတ်သားထားပြီး သူရုံးဆင်း သွားမှ သူ့ကွန်ပြူတာကို အသုံးပြုကာ ပြန်လုပ်ရင်း နားလည်အောင် လေ့ကျင့်ရပါသည်။ ညနေ ၅ နာရီမှ ည ၇ နာရီက ကျနော်၏ ကွန်ပြူတာ လေ့ကျင့်ချိန်ပါ။ တစ်ခါတစ်ရံ တစ်ရုံးလုံး လေအေးစက်တွေလည်းပိတ် လျှပ်စစ်မီးကတော့ ကိုယ့်ဌာန နေရာအတွက် မီးခလုပ်နေရာကို ကိုစိုးဝင်းက ပြထား၍ အဆင်ပြေပါသည်။ အားလုံးတိတ်ဆိပ်နေချိန်တွင် ကိုယ်တစ်ယောက်ထဲ ကွန်ပြူတာကို တချောက်ချောက် နှိပ်နေချိန်များကို ပြန်လည်အမှတ်ရမိပါသည်။ တစ်ချိန်ထဲတွင် ရှေးလူကြီးများပြောခဲ့သော " အသက်ကြီးမှ လက်ပေးသင်" စကားလေးကို သတိယမိပါသည်။ အိမ်အောက်နားကဆိုင်တွင် ထမင်းဝယ်စားပြီး အိမ်ပြန်ရောက် ချိန်မှာ ည ၉ နာရီခွဲခန့်ရှိနေပါပြီ။ တစ်နေ့မဟုတ် လပေါင်းများစွာ ကြာခဲ့ပါသည်။ မအားလပ်သည့်ကြားမှ စိတ်ရှည်လက်ရှည် သင်ပြပေးသော ကိုစိုးဝင်းပါ။
ချောက်ခြားဘွယ် ပထမဦးဆုံး တရုတ်နှစ်သစ်ကူးရက်များ
************************************************
ကိုမိုး နဲ့ မမို့တို့ကတော့ အိမ်မှာချက်စားကြပြီး အရင်နှစ်တွေက အတွေ့အကြုံရှိတာမို့ တရုတ်နှစ်သစ်ကူးမှာ ဆိုင်တွေပိတ် တတ်ကြောင်း သတိတော့ပေးကြပါသည်။ ၁၉၉၅ ခုနှစ် ဇန္နဝါရီလကုန်တွင် တရုတ်နှစ်သစ်ကူးရက် ကျရောက်တာမို့ စနေ တနင်္ဂနွေနေ့များနှင့် ဆက်ခါ ရုံးပိတ်ရက် လေးငါး ရက်ဆက်ရပါသည်။ တနေရာသွားလည်ရအောင်ဆိုပြီး ခင်သန်းအောင် အသံဖမ်းကိုကျော်ဝင်း ဝင်းမြင့်ဌေးတို့နှင့် မနက် ၁၁ နာရီ ခန့် Jurong East အရပ်ရှိ CPF အဆောက်အဦးနားက စားသောက် ဆိုင်မှာ ဆုံကြပါသည်။ ဟိုရောက်တော့ ဆိုင်တွေအကုန်ပိတ်ထားတာ တွေ့ရပြီး အနီးအနားက 7 Eleven ဆိုင်လေးမှ အအေးဗူး နှင့် အာလူးကျော်ထုပ်များသာ ဝယ်ရလို့ ရတာဘဲဝယ်ခါ စားသောက်ဆိုင်မှ ကုလားထိုင်များတွင် ထိုင်စားကြရင်း လူသူမရှိ တိတ်ဆိပ်ခြောက်သယောင်းနေသော Jurong East MRT နားက ရှုခင်းမှာ တစ်သက်မမေ့နိုင်စရာပါ။ ဟောလီးဝုဒ်ရုပ်ရှင်များ တွင် တွေ့ရသော လူများစွန့်ပြစ်သွားသော မြို့တော်တစ်ခုနှင့် တူပါသည်။ စီးပွားရေးကောင်းနေချိန်မို့ စင်္ကာပူနိုင်ငံသားအများစု မှာ ကိုယ်ပိုင်ကားများဖြင့် မိသားစုအလိုက် မလေးရှားသို့ ခရီးထွက်ကြတာဖြစ်ကြောင်း သိရပါသည်။ ကျနော်တို့ကတော့ တစ် အိမ်အိမ်မှာစုချက်စားကြပြီး အသိမိတ်ဆွေအိမ်များကို ဖုံးဆက်ခါ သူတို့လည်း လက်ခံပါမှ သွားရောက်လည်ပတ်ရပါသည်။ ဒီမှာ က ကိုယ်က အားသည်ဆိုတိုင်း သူများအိမ်ကို အလကားနေ အလကား သွားလည်၍ မကောင်းပါ။ သူတို့မှာလည်း သူတို့အစီအ စဉ်နဲ့ သူတို့ပါ။
"လား"တွေထပ် နှင့် Do'nt kill my languish
*************************************
သက်ကြီးပိုင်းလူကြီးတစ်ချို့သာ ကြားဘူးကြမည်ထင်ပါသည်။ မြန်မာတို့၏ ဂီတစာဆိုကြီး အလင်္ကာကျော်စွာဆရာ မြို့မငြိမ်း သီကုံးရေးစပ်ခဲ့သော တေးတစ်ပုဒ်၏ အမည်မှာ " လားတွေထပ် " ဟူ၍ ဖြစ်ပါသည်။ ချစ်သူက မေးခွန်းတွေထုတ်တာ များလှချည်လားဟူ၍ နားဆင်ရသူတို့ ပြုံးမိလောက်အောင် ရေးဖွဲ့ထားရာ နားဆင်၍ ကောင်းလှပါသည်။ မြန်မာစကား၏ ဝါကျတစ်ကြောင်းအဆုံးမှာ လားဖြင့်ဆုံးထားလျှင် မေးခွန်းဖြစ်ပါသည်။ စင်္ကာပူအကြောင်းရေး နေရာကနေ ဘယ်နှယ်လုပ်ပြီး သီချင်းအကြောင်း ရေးရတာလဲ ဟုအပြစ်တင်မစောကြ စေခြင်ပါ။ အဲ့ဒီအချိန်မှာလည်း စင်္ကာပူမှာ လား (Lah) တွေထပ်ပါသည်။ ရှင်းပြပါရစေ။ စင်္ကာပူနေသူများက သူတို့သုံးစွဲပြောသော အင်္ဂလိပ်စကားတွင် စကားအဆုံးများ၌ Lah ( လား ) ဆိုတာလေး ထည့်ပြောလေ့ရှိကြပါသည်။ OK ဆိုလျှင် "အိုကေလား (Ok lah)" ဖြစ်ပါသည်။ သူတို့ချင်းစကား ပြောကြလျှင် စကားထောက်အနေဖြင့် "ယားလား" (Ya lah) "ယားလား"(Ya Lah) ဖြင့် ပြောနေသံကို ကြားခါစတုန်းက "ဒီစာရေးမတွေ ဘယ့်နှယ်ဗျာ လူကြားထဲ ဒါမျိုးတွေ အချင်းချင်းမေးစရာလား" ဟု မြန်မာနားဖြင့် ဘာသာပြန်မိပါသည်။ နောက် မှ တဖက်သားပြောနေတာကို ဆက်ပြောအားရှိအောင် စကားထောက်ပေးနေတာပါလားဟု သတိထားမိပါသည်။ တစ်ချို့ကတော့ "Yap" ဟု သုံးပေမဲ့ "ယားလား" က အများဆုံး သုံးနေကြရာ ကျနော်တို့မြန်မာ အတော်များများလည်း ယားလား ကုန်ကြပါသည်။
စီမံကိန်းမစသေးပေမဲ့ တခြားတစ်ပါးသောသူများနှင့် အင်္ဂလိပ်လိုပြောဆိုရမည့်အရေးကို စိတ်ထဲကတထင့်ထင့်မို့ ပိတ်ရက်တစ်ရက်တွင် ကိုယ့်ထက်အရင် စီမံကိန်းအလုပ်လုပ်နေကြသူများဖြစ်သည့် ခင်သန်းအောင် အသံဖမ်းကိုကျော်ဝင်း နှင့် ဝင်းမြင့်ဌေးတို့ထံ နည်းနာနိဿရများ ချီးမြှင့်ပေးဖို့ ချဉ်းကပ်ရပါသည်။ ကိုကျော်ဝင်းက သူ့ထုံးစံအတိုင်း ပြုံးပြုံးဖြင့် " ဒီလိုပါ ဘဲဗျာ" " ဖြစ်သွားမှာပါ ပူမနေပါနဲ့" လို့ဖြေပါသည်။ သူ နှင့် ဝင်းမြင့်ဌေးတို့ အလုပ်ဝင်နေကြသော မြို့ပြဆောက်လုပ်ရေး ကုမ္ပဏီငယ်များတွင် အလုပ်ကြီးကြပ်သူများမှာ မလေးရှားတရုတ်များဖြစ်ခါ အလုပ်သမားများက အိန္ဒိယ နှင့် ထိုင်းမှ ဖြစ်ပါသည်။ မည်သူ မျှ အင်္ဂလိပ်လို ကောင်းကောင်းမပြောနိုင်ကြပေမင့် အလုပ်အတွက် သူတို့ခြင်း နားလည်အောင် ပြောဆိုဆက်သွယ် နိုင်ကြပါသတဲ့။ တစ်ရက်တွင် ကိုကျော်ဝင်းအလုပ်ထဲတွင် လိုသောပစ္စည်းတစ်ခုကို မလှမ်းမကမ်းရှိ ကွန်တိန်နာနှစ်လုံးထပ်ထားသောစတိုတွင် အလုပ်ကြီးကြပ်သူက သွားယူခိုင်းတာလေးကို ခင်သန်းအောင်ပြန်ပြောပြသလို ရေးပြပါမည်။
ကြီးကြပ်သူက အလုပ်သမားလေးကို လိုခြင်သည့်ပစ္စည်းကို ပြပြီး " Go and take like this one " (ဒါမျိုးသွားယူခဲ့)။
အောက်ကစတိုကွန်တိန်နာကို ဖွင့်ရှာပြီး အလုပ်သမားလေးက လက်ဗလာနှင့် ပြန်လာတာကို သူ့ဆရာလှမ်းမေးတာက " Have or don't have" (ရှိလား မရှိဘူးလား) ။ တပည့်ကျော်ကလည်း လက်ခါရင်း "Don't have" (မရှိဘူး) ဟု ဖြေရာ ဆရာသမားက ဒေါသဖြင့် အော်ပြောလိုက်တာက " Bottom do'nt have, Upper have lah " (အောက်မှာမရှိရင် အပေါ်မှာရှိမှာပေါ့ကွ) လို့ ဖြစ်ရာ အလုပ်သမားလေးမှာ ချက်ခြင်းသဘောပေါက်သွားပြီး အပေါ်မှာဆင့်ထားသော ကွန်တိန်နာကို ဖွင့်ရှာရင်း လိုခြင်တာကို ရှာဖွေယူခဲ့ပါသတဲ့။ ကျနော်နောက်ပိုင်းတွင် ဖော်ပြပေးမည့် ကျနော်တို့စီမံကိန်းတွင် ခန့်ထားသော ဗြိတိသျှလူမျိုးမန်နေဂျာကြီး မှာ ဒီလိုပြောဆိုနေတာကို ကြားရတိုင်း "Do'nt kill my languish" ( ငါ့ဘာသာစကားကို မဖျက်ဆီးနဲ့) ဟု မျက်နှာကြီးကို ရှုံ့မဲ့ရင်း ထ ထဆဲတာ သတိယမိပါသည်။ ကျနော်ကတော့ ဘယ်လိုပြောပြီးဆက်သွယ် ဆက်သွယ် အလုပ်ဖြစ်ဖို့ အဓိကလို့ထင် ပါသည်။ ကိုယ်က ကျွမ်းကျင်စွာ မပြောနိုင်တာလည်း ပါပါသည်။
ထိုအချိန်က ဆက်သွယ်ရေး
***********************
၁၉၉၅ ခုနှစ် ကျနော်အလုပ်ဝင်ချိန်က စင်္ကာပူအလုပ်များတွင် တယ်လီဖုံး(ကြိုးဖုံး) နှင့် တယ်လီဖက်စ်(Telefax) ကိုသာသုံး စွဲပါသေးသည်။ ဖက်စ်ရိုက်စက်မှာ လက်နှိပ်စက် သို့မဟုတ် လက်ရေး သို့မဟုတ် ကွန်ပြူတာ စသည်ဖြင့် အဆင်ပြေသလို ရေးဆွဲ ထားသော အေဖိုး(A4 size)အရွယ် စာရွက်ကို ထောင်လျက်ထည့်ခါ ဆက်သွယ်လိုသော တဖက်က ဖက်စ်နံပါတ်ကို ဖုံးခေါ်သည့် အတိုင်း နှိပ်ခေါ်ရပြီး တဖက်မှလိုင်းဖွင့်ပါက စာရွက်မှာ စက်အတွင်းသို့ လှဲ့ဝင်သွားခါ စာရွက်ပေါ်ရှိ စာ ပုံ လက်ရေး စသည်တို့ မှာ တဖက်စက်မှာရှိသော စာရွက်ပေါ်တွင် တန်းပြီးကော်ပီကူးသလို ပေါ်ထွက်လာပါသည်။ ထိုအချိန်က အလွန်အသုံးတည့် သော ဆက်သွယ်ရေးစံနစ်ဖြစ်ပါသည်။ ဈေးနှုန်းစုံစမ်းရာတွင်လည်းကောင်း တခြားသောအကြောင်းအရာများပါ စုံစမ်းမေးမြန်း ရာတွင် အဆင်ပြေလှပါသည်။
လိုင်းဖုံးအကြောင်းကတော့ ပြောပြရန်လိုမည်မထင်ပါ။ ပြည်တွင်းဆက်သွယ်ရာတွင် ဈေးနှုန်းချိုသာလှပါသည်။ အိမ်ဖုံး မရှိလည်း အများသုံးရန် လူအများသွားလာလုပ်ကိုင်ကြသည့် နေရာတိုင်းတွင် ငွေအကြွေစေ့များ ထည့်ပြီးဆက်နိုင်ပါသည်။ နိုင်ငံတကာသို့လည်း သူ့ဈေးနှင့်သူခေါ်ဆိုနိုင်ရာ မြန်မာပြည်သို့ ခေါ်ဆိုခနှုန်းမှာ တစ်မိနစ်လျှင် စင်္ကာပူငွေ ဆင့် ၉၀ (တစ်ဒေါ်လာ ဆယ်ပြားလျှော့ လို့အလွယ်မှတ်ပါရန်) ဖြင့် ဈေးအကြီးဆုံးတွင် ဗိုလ်စွဲပါသည်။ အကြွေစေ့များ လုံလုံလောက်လောက်ရှိဖို့လို ပါသည်။ ထိုနှစ်မကုန်မှီ အများသုံးဖုံးတွင် ဖုံးပြောကဒ်ထည့်ပြောသည့်စံနစ်ပေါ်လာလို့ အဆင်တစ်မျိုးပြေရပြန်ပါသည်။ ၅ ဒေါ်လာကဒ် ၁၀ ဒေါ်လာကဒ် စသည်ဖြင့် ကိုယ့်မိသားစုဆီ ဖုံးခေါ်ဖို့ ဝယ်သုံးရပါသည်။ အဆင်ပြေတယ်ဆိုပေမဲ့ တစ်ခါတစ်ရံ စက်ကြောင်ပြီး ဘာမှမပြောရသေးခင် ကဒ်ထဲ၌ရှိသမျှ ပိုက်ဆံကို ဖြတ်သွားတာလည်း ခံရတတ်ပါသည်။ ကျနော်နှင့် ရန်ကုန်က ဇနီးသည်တို့ကတော့ နှစ်ပတ်တစ်ခါ စနေနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီခန့် စင်္ကာပူအချိန် ည ၇ နာရီခွဲခန့် ဖုံးပြောလေ့ရှိပါ သည်။
အရှေ့ကြို့ကုန်းနေအိမ်မှ မျက်စောင်းထိုးရှိ သူတို့ ဆေးကုမ္ပဏီ၏ မန်နေဂျာအိမ်ကို အရင်ခေါ်ကာ ဇနီးသည်ကို ခေါ်ပေးဖို့ ပြော၍ ဖုံးပြန်ချထားပါသည်။ နောက်ဆယ်မိနစ်လောက်နေမှ ထိုနံပါတ်ကို ပြန်ခေါ်ကာ ဇနီးသည်နှင့် ပြောရပါသည်။ မေတ္တာတွေ သစ္စာတွေ ချစ်တာတွေ လွမ်းတာတွေကို အသာထားခါ နေထိုင်ကောင်းမကောင်း နှင့် တခြားအရေးတကြီး သိစေခြင်တာများကို ဇနီးသည်ကို ပြောစေပါသည်။ ကလစ်ခနဲ မြည်သံနှင့်အတူ ဖုံးလိုင်းဝင်သွားသည်နှင့် မိမိထည့်ထားသော ဖုံးကဒ်ထဲမှ လက်ကျန် ငွေ ပမာဏကို ဆယ်စက္ကန့်တစ်ခါ စက်၏အစိမ်းရောင်မီးလင်းနေသော မျက်နှာပြင်တွင် ပြနေပါသည်။ တစ်ခါတစ်ရံ မိုးတွင်းလိုင်း မကောင်းချိန်ဆိုလျှင် တရှဲရှဲအသံသာ ကြားနေရပြီး တစ်ယောက်နှင့်တစ်ယောက် "ကြားလား" "ကြားလား" ပြောနေတာနှင့်ပင် ကဒ်ပြားထဲက ပိုက်ဆံကုန်သွားတတ်ပါသည်။ နောက်တော့ ၁၀ ဒေါ်လာတန်တစ်ကဒ်အပြင် အပို ၅ ဒေါ်လာတန်လေးကို အရေးပေါ် အတွက် ဆောင်ထားရပါသည်။ ဒီတစ်ခါ ဖုံးဆက်တော့ သမီးပိစိကို YMCA မူကြိုထားတဲ့အကြောင်းနှင့် သူတို့ဆေး ကုမ္ပဏီက လွှတ်လို့ မန္တလေး လားရှိုးကို သွားရမဲ့အကြောင်းပြောလို့ သတိဝီရိယနှင့်သွားဖို့ အစားအသောက်ကို ဖြစ်သလိုမစား ဖို့ ကျန်းမာရေးဂရုစိုက်ဖို့ မှာရပါသည်။ မုံရွာမိဘများအိမ်ကိုလည်း အဆင်ပြေရင်ဝင်ခဲ့ဖို့ နဲ့ အဆင်မပြေရင် ဖုံးဆက်လိုက်ဖို့ ပြောလိုက်ပါသေးသည်။ သူကလည်း ကိုယ့်ကို ထုံးစံအတိုင်းပြန်မှာပေါ့ဗျာ။ ဖုံးကဒ်ထဲက ငွေကုန်ခါနီးဆို သူ့ကိုသတိပေးခါ ပြော စရာကျန်တာကို အမြန်ပြောခိုင်းရပါသည်။ လက်ကျန်ငွေ သုံညဖြစ်သွားတာနှင့် တပြိုင်နက် ဖုံးကသစ္စာရှိစွာဖြင့် ပြတ်သွားပါ တော့သည်။
ခက်ဖွယ်ရယ်ကြုံတော့မည့်ပွဲကြီးပွဲကောင်း
*************************************
အိမ်မိသားစုများနှင့် ခွဲခွာနေရချိန်တွင် ဘယ်လောက်ကြာကြာတွင် အိမ်ပြန်ခြင်သည့် အလွမ်းစိတ်ပေါ်လာသလဲ ဆိုတာနဲ့ပတ်သက်ပြီး အမည်မမှတ်မိတော့သော စာအုပ်တစ်အုပ်တွင် လေးလခန့်အကြာတွင် ပေါ်တတ်ကြောင်း ရေးထားတာ မှတ်သားဖူးပါသည်။ ကျနော်တို့လင်မယားက အိမ်ထောင်ကျခါစ ဒေသကောလိပ်များကို ဖျက်ပြစ်ခြင်းခံရပြီး မောင်တစ်ရွာမယ် တစ်မြို့ ဖြစ်ခဲ့ရဘူးပါသည်။ အိမ်ထောင်သက်တလျှောက် ကျနော်ဖောင်ကြီးတက်ရတော့တစ်ခါ ရုရှားကိုပညာသင်သွားရတော့ တစ်ခါ နှင့် ယခုစတုတ္ထအကြိမ်မြောက် ခွဲနေရခြင်းပါ။ သည်တစ်ခါကတော့ ဘယ်သူမပြု မိမိမှု ဆိုသလို စိတ်တူကိုယ်တူ တိုင်ပင် ပြီး ထွက်လာတယ်ဆိုရမှာမို့ ကိုယ့်အပြစ်နဲ့ကိုယ် ခံပေါ့ဗျာ။
ဒီမှာက ထိုင်လွမ်းနေလို့ ရတာမှမဟုတ်တာဗျာ။ ကိုယ့်အလုပ်က လုပ်စရာရှိတာတွေက လုပ်ရပါသေးသည်။ ကျနော့်ဆရာ ရဲ့ စီမံကိန်းအလုပ်ကလည်း ဧပြီလကုန်က ရခဲ့ပြီမို့ အစည်းအဝေးတွေ တက်ရတာလည်း အရင်ကထက် စိတ်လာပါသည်။ အင်ဂျင်နီယာအသစ်များလည်း ကိုယ့်မြန်မာများအပါအဝင် လူမျိုးပေါင်းစုံ တစ်ဦးပြီးတစ်ဦးခန့်ထားပြီး အလုပ်တာဝန်များကို ဆရာသမားက ခွဲဝေပေးပါ သည်။ ကျနော်လည်း ကိုယ်မမြင်ဖူး မတပ်ဆင်ဖူးသော စက်ကြီးများကို ကက်တလောက်များမှတဆင့် လေ့လာခါ ဘယ်လိုတပ် ဆင်ရမည်ကို တစ်ခါတစ်ရံ ကိုစိုးဝင်းထံမှ အကြံဥာဏ်များတောင်းရပါသည်။ အချို့စက်များမှာ ကိုစိုးဝင်းကိုယ်တိုင်က မတပ်ဆင်ဘူးပေမင့် သူ့ရှိသည့် စာအုပ်များမှတဆင့် လေ့လာအကြံပေးပါသည်။ ကျနော်ထင်တာက ကျနော့်ကို စက်တပ်ဆင်ရေး ဒါမှမဟုတ် ပိုက်တပ်ဆင်ရေး ဒါမှမဟုတ် ဆီ ဓာတ်ငွေ့လှောင်ကန် တည်ဆောက်ရေး စသည်အနက် တစ်ခုခု ကိုင်ခိုင်းမည်ဟုမှန်းခါ လေ့လာတွက်ချက်ထားပါသည်။
မြန်မာစကားပုံတစ်ခုဖြစ်သော " မှန်းချက်နှင့်နှမ်းထွက်မကိုက် " ပုံက ဒီလိုပါဗျာ။ အရှေ့တောင်အာရှ နှင့် စင်္ကာပူတွင် ပထမ ဆုံးဖြစ်မည့် Kranji Sewage Treatment Plant Compact & Covered Works Phase III စီမံကိန်းကြီးတွင် မဖွယ်မရာ ကျနော့်အား Construction Manager (တည်ဆောက်တပ်ဆင်ရေးမန်နေဂျာ) အဖြစ် စီမံကိန်း၏ အတိုင်ပင်ခံကုမ္ပဏီ ဖြစ်သော Binnie & Partners ထံသို့ မိန်းကန်ထရိုက်တာ Hyundai Engineering & Construction Co. မှတဆင့် တင်သွင်းအဆိုပြု လိုက်ကြောင်းကို ကျနော့မန်နေဂျာက မိတ္တူစာကိုပြရင်း ရီရီမောမောနှင့် လာပြောပါတော့သည်။ သူကတော့ ရီလို့မောလို့ဗျာ။ ကျနော်ကတော့ ရီရမလို ငိုရမလို။ ဒီတစ်ခါတော့ ပွဲခြင်းပြီးပြီဟု ခံစားမိပါသည်။ ကိုစိုးဝင်းကတော့ ပြုံးပြုံးနှင့် "Good Luck" လို့ အားပေးပါသည်။ကိုင်း ရှမ်း နဲ့ ဆင် လယ်ပြင်မှာ တွေ့ကြလေပြီ။
၁၆:၀၀ နာရီ
၂၂/၀၅/၂၀၁၇





May 27 · 
ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၅ )
**************************
စီမံကိန်းစတော့မယ်
*****************
လူ့အညစ်အကြေးများသန့်စင်စက်ရုံလုပ်ငန်းစီမံကိန်း လို့ ကိုယ်ဖာသာကိုယ် ရမ်းသမ်းဘာသာပြန်လိုက်ပါသည်။
Kranji Sewage Treatment Plant မှာ စင်္ကာပူနိုင်ငံရှိ လူ့အညစ်အကြေးသန့်စင်စက်ရုံများအနက် တစ်ခုဖြစ်ပြီး စင်္ကာပူနိုင်ငံ မြောက်ဖက်တွင် တည်ရှိပါသည်။ မူလအဆောက်အဦးများ မိလ္လာသန့်စင်ကန်များနှင့် သန့်စင်စက်များမှာ စီမံကိန်း အပိုင်း (၁) နှင့် အပိုင်း (၂)တို့ဖြင့် တည်ဆောက်ထားပြီး ထိုစဉ်က လက်ရှိလည်ပတ်နေသော စက်ရုံဝင်းကြီးတွင် စီမံကိန်း အပိုင်း (၃) ကို တည်ဆောက်မည့်စီမံကိန်းဖြစ်ပါသည်။ စင်္ကာပူအစိုးရပိုင်ဖြစ်ပြီး ဝန်ကြီးဌာနကိုယ်စား Consultancy Firm အဖြစ် ထိုစဉ်က သြစတြေးလျကုမ္ပဏီဖြစ်သော Binnie & Partners co. (B&P) ကဆောင်ရွက်ပြီး ပင်မမိန်းကန်ထရိုက်တာ နှင့် မြို့ပြလုပ် ငန်းများ ကန်ထရိုက်တာ ( Main Contractor & Civil Works Contractor) အဖြစ် ကိုရီးယားကုမ္ပဏီဖြစ်သော (Hyundai Design, Engineering & Construction Co.) (HDEC)က ဆောင်ရွက်ပါသည်။ Mechanical & Electrical (M&E) Works စက်နှင့် လျှပ်စစ်ဆိုင်ရာ အလုပ်များကို အဆိုပြုထားသော ဆပ်ကန်ထရိုက်တာ (Norminated Sub-contractor) (NSC)အဖြစ် ဂျပန်ကုမ္ပဏီကြီးများဖြစ်သော မစ်ဆူဘီရှီ နှင့် အီဘာရား Mitsubishi & Ebara တို့က ပူးပေါင်း ဆောင်ရွက်ရာတွင် ကျနော်တို့ ကုမ္ပဏီ (Jurong Engineering Limited Co.Ltd) (JEL) က အကျိုးတူပူးပေါင်းဆောင်ရွက် သည့် ပါတနာ (Consortium Parter ) အဖြစ် ပါဝင်ခဲ့ပါသည်။ သို့ရာတွင် တကယ်တမ်းအားဖြင့် စီမံကိန်းတွင် (Norminated Sub- contractor) Mitsubishi & Ebara တို့ကသာလျှင် တရားဝင်သည်ဖြစ်ရာ သူတို့ စီမံကိန်းမန်နေဂျာအဖြစ် အဆိုပြုသူမှာ အတွေ့အကြုံ ပညာအရည်အချင်းကအစ ပြည့်စုံပြီး အငြိမ်းစားစင်္ကာပူအင်ဂျင်နီယာကြီးဖြစ်ရာ အလွယ်တကူ အတည်ဖြစ်သွား ပြီး ရာရာစစ မိလ္လာသန့်စင်ရေးစီမံကိန်းများတွင် စိုးစဉ်းမျှအတွေ့အကြုံမရှိသည့် ကျနော့်အား တပ်ဆင်ရေးမန်နေဂျာအဖြစ် အဆိုပြုခြင်းမှာ ပယ်ချခံရပါ သည်။
မှန်ပါသည်။ တင်ဒါစည်းကမ်းမှာကတည်းက Construction Manager လုပ်သူမည့်သူ၏ လိုအပ်သောအရည်အချင်း များတွင် အမျိုးတူမိလ္လာသန့်စင်ရေးစီမံကိန်းများတွင် အနည်းဆုံးလုပ်သက်အတွေ့အကြုံ ၅ နှစ်ရှိရမည့် အချက်တစ်ခုနှင့် ပင် ပယ်ချဖို့လုံလောက်နေပါပြီ။ ပယ်ချစာထဲတွင် ဒါနဲ့မပြီးဘဲ NSC အနေဖြင့် JEL မှ လူတစ်ဦးကို အဆိုပြုတင်ပြလာတာကို သံသယဖြစ်ကြောင်းနှင့် ကျနော်တို့ကုမ္ပဏီ (JEL ) က NSC နှင့် ဘယ်လိုပတ်သက်နေသည်ကို သူ့ထံ အမြန်တင်ပြရန် နှင့် အကယ်စင်စစ် Mitsubishi & Ebara (NSC) က ကျနော်တို့ကုမ္ပဏီကို ဆပ်ကွန်း(Sub-contractor) ပေးထားပြီးပြီဆိုပါက စည်းမျဉ်းစည်းကမ်းအရ Consultant ထံ အတည်ပြုရန် ကြိုတင်ခွင့်မတောင်းခဲ့ခြင်းမှာ NSC ၏ မဟာအမှားပင် ဖြစ်ပေရာ သူ ရှင်းရှင်းလင်းလင်း မသိရသေးသ၍ ဤကိစ္စကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် ဤအချက်ကြောင့် စီမံကိန်းကို တစ်စုံတစ်ရာ ထိခိုက်ခဲ့သော် ထိုသို့နှောင့်နှေးမှုနှင့် ပတ်သက်သမျှ တာဝန်မှာ Mitsubishi & Ebara (NSC) မှာ လုံးဝရှိကြောင်း စာထွက်လာ ရာ ကျနော်တို့ သုံးကုမ္ပဏီညွှန့်ပေါင်းအဖွဲ့ ခေါင်းစားပါလေတော့သည်။ ကျနော့်မှာ Consultant, Hyundai, Mitsubishi & Ebara နှင့် ကျနော့်ဆရာ တို့ အပြန်အလှန်ရေးကြသော စာများမှာ အလွန်အရေးအသားကောင်းကြပြီး လေ့လာမှတ်သားရပါ သည်။
စီမံကိန်းယာယီရုံးဆောက်ခြင်း
*************************
သည်တုန်းက Kranji MRT ကဆောက်လုပ်ဆဲ။ Teban Garden ရှိ ကိုမိုးမြင့်နှင့်မမို့တို့အိမ်မှာ နေတုန်းမို့ မနက်စောစော ထ ဘတ်စ်ကားနှစ်ဆင့် စီးခါ Kranji သို့လာပြီး Kranji ဘူတာနှင့် မျက်နှာခြင်းဆိုင်ရှိ Kranji Sewage Treatment Plant သို့ စီမံကိန်းအတွက် ပေးထားသောဂိတ်မှဝင်လျှင် ညာဖက်ခြမ်းမှာ Consultant များရုံးထိုင်သည့် CRE ရုံးရှိပြီး အဝင်တည့်တည့် မှာတော့ မိန်းကွန်းဖြစ်သူ Hyundai ရုံးရှိပါသည်။ ဂိတ်မှာ သတင်းပို့ပြီး ဘောလုံးကွင်း လေးကွင်းစာလောက် လမ်းလျှောက်မှ ကျနော်တို့NSC ရုံးဆောက်မည့် နေရာကိုရောက်ပါသည်။ အနိမ့်ပိုင်း ရေစိမ့်သည့်မြက်တောဝင်း၏ အစမှာ ကျနော်စတင်ရုံး ထိုင်ဖို့ ပို့ထားသော ပေ ၈ × ၂၀ ပေ ယာယီကွန်တိန်နာရုံးလေးဖြင့် စီမံကိန်းအလုပ်ကို စခဲ့ပါသည်။ ၁၉၉၅ ခုနှစ် သြဂုတ်လကုန် ခန့် ဖြစ်ပါသည်။ ကျနော်တို့ သုံးပါတီ (Mitsubishi + Ebara + JEL) သာမက ကျနော် (JEL)တို့၏ လျှပ်စစ်လုပ်ငန်းများ အတွက် Subcon ဖြစ်သူ ဂျပန်ပိုင် ကုမ္ပဏီ (Kurihara) ပါ ရုံးထိုင်နိုင်ကြရန် ယာယီအဆောက်အဦးများဖြစ်သော နှစ်ထပ်ရုံးခန်း ရှည်တစ်လုံး ပစ္စည်းထားသိုမည့် အဆောက်အဦး နှစ်လုံး စသဖြင့် တည်ဆောက်ရာတွင် ဆပ်ကွန်းအဖြစ်တာဝန်ယူသည့် တရုတ် ကုမ္ပဏီငယ် နာမည်က (ရတက်) လို့အလွယ်မှတ်ထားလိုက်ရာ စာလုံးပေါင်းအတိအကျ မမှတ်မိတော့ပါ။ အဆင်ပြေသွားပြန်တာ က ထိုဆောက်လုပ်ရေးကုမ္ပဏီ၏ တစ်ဦးတည်းသော အင်္ဂလိပ်စကားပြော အင်ဂျင်နီယာမှာ မိတ်ဆွေ ဝင်းမြင့်ဌေး ဖြစ်နေခြင်းပါ။
ငိုအားထက် ရယ်အားသန်
**********************
ထိုအချိန်တွင် Teban Garden ရှိ ကိုမိုးမြင့်နှင့်မမို့တို့အိမ်တွင် ခင်သန်းအောင် နှင့်ကျနော်ကတစ်ခန်း ကိုစိုးဝင်း(သံလျင်) နှင့် လူပျိုကြီးကိုနေဝင်းကတစ်ခန်းငှါးနေကြပါသည်။ ကိုမိုး မမို့ နှင့် သားငယ်လေးက Master Bed Room မှာနေပေါ့ဗျာ။ သမံတလင်းကြမ်းပြင်ပေါ် တွင် မွေ့ယာပါးလေးခင်းခါ အိပ်ကြရပါသည်။ ဝင်းမြင့်ဌေးကတော့ Pandan Reservoir နားက သူ့ကုမ္ပဏီက ပေးထားသည့် ဝင်းထဲရှိ ကွန်တိန်နာတစ်လုံးတွင် နေရာ အိမ်ငှါးခသက်သာပါသည်။ ကျနော်တို့နေသည့် အိမ်နှင့် လည်း သိပ်မဝေးလှတာမို့ စနေနေ့ညတိုင်း တီဗီအစီအစဉ်လာကြည့်လေ့ရှိပါသည်။ ကိုစိုးဝင်း(သံလျင်) က လျှပ်စစ်စွမ်းအား ဖြင့် ဘွဲ့ရပြီး ကျနော်တို့ TSC လုပ်ခဲ့စဉ်က သံလျင်စီမံကိန်းတွင် အတူလုပ်ကိုင်ခဲ့ဘူးပါသည်။ သူ့ဇနီးနှင့် သမီးအကြီးလေး သား ငယ်နှစ်ယောက်ရှိခါ ကျနော့ဇနီးသည်နှင့်လည်း ခင်မင်ခဲ့ရပါသည်။ TSC စက်ရုံကော်မီတီဖွဲ့ပြီး ဗဟိုသုတေသနရုံးတွင် ယူရီယား ဓာတ်မြေသြဇာစက်ရုံငယ်ပုံစံထုတ်ကြရာ၌လည်း ကျနော်နှင့်အတူပါ။ အင်မတန်အေးဆေးပြီး စကားပြောလည်းနည်းလှပါသည်။ ကျနော် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အလွယ်တကူဖြစ်အောင် ကူညီပေးခဲ့သူဖြစ်ပါသည်။ စင်္ကာပူကို ကျနော့်ထက် တစ်နှစ်ခန့်စောရောက်ပြီး အလုပ်ရှာဖွေလုပ်ကိုင်ရာတွင် ညပိုင်းဆင်းရသည့်အလုပ်လုပ်နေသူပါ။ တမျိုးစီပင်ပန်းကြတာပေါ့ဗျာ။
တစ်ခုသောစနေနေ့တွင် Teban Garden တိုက် ၂၄ အောက်တွင် ကိုယ့်မိသားစု သူ့မိသားစုဆီ နိုင်ငံတကာခေါ်ဆိုသည့် ဖုံးဖြင့် ခေါ်ကြရာ ကိုစိုးဝင်း၏ ဒေါသတကြီးဖြင့် သူ့ဇနီးဖြစ်သူကို ဆူဆဲနေတာကြားရပါသည်။ တယ်လီဖုံးကို ဂွတ်ခနဲ စက်ပေါ် ချလိုက်ပြီး မျက်နှာကြီးနီရဲနေခါ ရင်ဘတ်ကြီးဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ကို ပြင်းထန်စွာ ရှူနေတာတွေ့လို့ ကျနော်စိုးရိမ် သွားပြီး သူ့ကိုစိတ်လျော့လိုက်ရန် ပြောရင်း အကြောင်းရင်းကို မေးမိပါသည်။ စစခြင်းကျနော့်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ခါ "ဒီလိုဗျ ကိုတင်မြင့်ရ" ဆိုပြီးရှင်းပြပါတော့သည်။ ဒီအချိန်မှာ အလုပ်လုပ်နေသူတိုင်း ကျနော်အပါအဝင် မူးစု ပဲစုနှင့် စင်္ကာပူ လာတုန်းယူခဲ့ကြသော အကြွေးများကို လစဉ်ဖဲ့ဆပ်နေကြရချိန်ပါ။ တစ်ယောက်နှင့်တစ်ယောက် နည်းတာ များတာသာကွာကြပါ သည်။ ကိုစိုးဝင်းက ပြောပြသည်မှာ "ထုံးစံအတိုင်း ပီးခဲ့တဲ့အပတ်လကုန်က ပို့လိုက်သည့် ငွေ နှစ်သောင်း မှ တစ်သောင်းကို အကြွေးဆပ်ခါ ကျန်တစ်သောင်း ကို ဆယ်တန်းရောက်ပီဖြစ်သောသမီးကြီးအတွက် စက်ဘီးဝယ်ပေးဆိုပြီး ပို့လိုက်တာ အခု နှစ်သောင်းစလုံး ဈေးတော်လို့ဆိုပြီး အောက်စက် (ဗီဒီယိုပြစက်) ဝယ်လိုက်တယ်တဲ့ဗျာ" လို့ ပြောတော့ ကျနော်က သူစိတ်ပြေစေရန် "ခင်များဗျာ မိန်းမက ဈေးတော်တော့ သူသူကိုယ်ကိုယ် လိုခြင်ရှာမှာပေါ့ဗျာ" လို့ပြောရင်း " အပေါ်စက် တီဗီက ရှိပီးသား မဟုတ်လား" လို့ လျှာရှည်ပြီး မေးမိရာ ကိုစိုးဝင်းက ဒေါသသံဖြင့် " ဘာအပေါ်စက်မှ မရှိဘူးဗျ" ဟုဖြေပါသည်။ ပိုပြီး မသိသား ဆိုးရွားစွာ သူတို့နေတဲ့ သံလျင်နားက ထော်ဝက်ကုန်းရွာမှာ အရင်က လျှပ်စစ်မီးမရသေးတာကို သတိယမိလို့ " နေအုံးဗျ ခုမှသတိယလို့။ ခင်များတို့ရွာ လျှပ်စစ်မီးရပြီလား" လို့မေးမိရာ ကိုစိုးဝင်းက စိတ်ဆိုးဒေါပွသံကြီးဖြင့် " ဘာလျှပ်စစ်မီးမှ မရှိဘူးဗျ" တဲ့။ ကောင်းပါလေရောဗျာ။ ကျနော်ပါ ရောဒေါပွမိပြီး ကိုစိုးဝင်းကို မှီရာလေယာဉ်ဖြင့် လိုက်ခါ သူ့ဇနီးသည်ကို သွားသာ ရိုက်ပေရော့လို့ အကြံပြုလိုက်မိပါတော့သည်။ သူလည်းလေ လောကီသားပေမို့ လို့သာ ဆိုလိုက်ခြင် ပါသည်။
စက်ရုံအကြောင်း
**************
စင်္ကာပူမြောက်ဖက်ပိုင်းရှိ လူနေအဆောက်အဦးများ စက်ရုံအလုပ်ရုံများ ရုံးနှင့်ကုန်တိုက်များ ဈေးများ ကျောင်းများ မှ နေ့စဉ်စွန့်ထုတ်လိုက်သော လူတို့၏အညစ်အကြေးများကို ပိုက်လိုင်းကြီးများဖြင့် Kranji Sewage Treatment Plant သို့ ပို့ပေးပြီး မိလ္လာသန့်စင်သော ကမ
ာပေါ်ရှိ နောက်ဆုံးပေါ်နည်းစဉ်များဖြင့် ပြုပြင်ခါ ထွက်လာသော မီသိန်း (Methane Gas) ကို ပြန်လည်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးစက်များ လည်ခြင်း ထွက်လာသော ပြုပြင်ပြီး ရေများကို တစ်ချို့ကို စက်ရုံဝင်းအ တွင်းရှိ စိုက်ပျိုးရေး စက်ရုံဆေးကြောသန့်ရှင်းရေးများတွင် ပြန်လည်အသုံးချခြင်း ပိုလျှံသောရေအချို့ကို သဘာပတ်ဝန်းကျင် မညစ်နွမ်းစေသည့်အထိ ပြုပြင်ပြီးမှ အနီးရှိ ချောင်းငယ်အတွင်းသို့ စွန့်ပစ်ခြင်း (စကားချပ် - နောင်တွင် ရေသန့်စင်ရေးနောက် ဆုံးပေါ်နည်းစဉ် [Reverse Osmosis] ဖြင့် သောက်ရေသန့် [New Water] အဖြစ်ထုတ်လုပ်ခါ စင်္ကာပူရှိ ကောင်းမွန်စွာ ထိမ်းသိမ်းထားသော သဘာဝရေကန်များထဲသို့ ပေါင်းထည့်ခါ ရေရှားပါးမှုကို လျှော့ချခဲ့ပါသည်။) စသည်တို့ လုပ်ဆောင်ပြီး ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာသော နောက်ဆုံးပေါ် အရည်နှင့်အဖတ်ခွဲခြားသည့်နည်းစဉ်ဖြင့် ခြောက်သွေ့သော ပြုပြင်ပြီး ရွှံ့စေးလိုအဖတ်များ (Sludge) များကိုမူ သံသိုလှောင်ကန် (Sludge Cake Silo) ကြီးနှစ်ခုတွင် ယာယီလှောင်ထားခါ ထိုမှတ ဆင့် ကားကြီးများနှင့် သယ်ယူပြီး ပင်လယ်ကမ်းနားတွင် မြေဖို့သည့်နေရာများတွင် သုံးသည်ဟု မှတ်သားရပါသည်။ ကျနော်တို့ စီမံကိန်းပြီးပါ တစ်ရက်လျှင် မိလ္လာရည် ၇၅,၀၀၀ ကုဗမီတာ (75,000 cubic metre / day ) (20 million gallons/ day) ကို ပြုပြင်သန့်စင်နိုင်မည် ဖြစ်ပါ သည်။
အာရှမှာ ပထမဆုံးလို့ ကျနော်ပြောခဲ့တဲ့ (Compact & Covered Works) ဟုဆိုခဲ့တာက သမရိုးကျစက်ရုံဆိုလျှင် အဝိုင်း ပုံစံ ကွန်ကရစ်ကန်ကြီးများ အများအပြားလိုအပ်ရာ မြေနေရာများစွာ လိုအပ်ချက်ကို လျော့ချခါ မြေထဲသို့ ခပ်နက်နက်တူးပြီး ကွန်ကရစ်ကန်ကြီးများကို မြေအောက်တွင် အထပ်လိုက်တည်ဆောက်မည်ဖြစ်ပြီး မိလ္လာများစတင်ရောက်ရှိသန့်စင် အဆောက်အ ဦး (Inlet Works) မှာ မြေအောက် ပေ ၁၀၀ ခန့်နက်ပြီး မြေပေါ် ပေ ၄၀ ခန့်မြင့်ပါသည်။ ထိုမှတဆင့် အညစ်အကျေးရည် များ ကို ပိုက်လိုင်းများဖြင့် ကနဦးပြုပြင်သည့် (Maintreatment Modules) (MTM) အဆောက်အဦးသို့ ပေးပို့ခါ ပြုပြင်ခြင်းများ လုပ်ပါမည်။ ထိုအဆောက်အဦးကြီးမှာလည်း ဘောလုံးကွင်းတစ်ကွင်းစာမက ကျယ်ဝန်းပြီး မြေအောက် ပေ ၈၀ ခန့်နက်ခါ မြေပေါ်တွင် ပေ ၂၀ ခန့်မြင့်ပါသည်။ အထဲမှာ ကွန်ကရစ်ကန်အကန့်များ မြောင်းများ အထပ်တိုင်းတွင် ပြည့်နှက်နေပါသည်။ မြေပေါ်အထပ်တွင် လေမှုတ်စက်ကြီးများကို ထားရှိပါမည်။ ထို MTM မှတစ်ဖန် တပိုင်းပြုပြင်ပြီး အညစ်အကြေးများကို ပိုက်လိုင်းများဖြင့် မီသိန်းဓာတ်ငွေ့ထုတ်ရန် ကြက်သွန်နီဥများကို မြေအောက်တွင် သုံးပုံတစ်ပုံ မြေပေါ်တွင် ထောင်ထားသည့်ပုံစံ ရှိသော ကွန်ကရစ်ဓာတ်ငွေ့ချက်အိုးကြီးများ (Sludge Digesters) ဆီသို့ ပို့လွှတ်ခါ ထည့်ထားပြီး အတွင်းတွင် တပ်ဆင်ထား သော ဒလက်ကြီးများဖြင့် မွှေထားရပါသည်။ အကြမ်းဖြင်း တစ်လခန့် ဓာတ်ငွေ့ထုတ်ပြီးသောအခါ အောက်တွင်တပ်ဆင်ထား သော ပန့်များဖြင့် အရည်နှင့်အဖတ်ခွဲခြားစက်ကြီးများသို့ ပို့လွှတ်ခါ အဖတ်များကို ဒလက်ကွန်ဗေယာများဖြင့် ဆိုင်လိုကြီးများ သို့ ပို့ခါသိုလှောင်ပါသည်။
အဆောက်အဦးများကို တစ်ခုနှင့်တစ်ခု ပိုက်များပြေးရန် မြေအောက်ကွန်ကရစ်ဦးမှင်ဖြင့် ဆက်သွယ်ထားရာ ပေ ၂၀ × ၂၀ ရှိသော အရှည်ဆုံးအပိုင်းမှာ ဘောလုံးကွင်း သုံးကွင်းစာ အလျားရှိပြီး မြေအောက်တွင် တည်ဆောက်ခါ အပေါ်မှာ ကားလမ်း အဖြစ် အသုံးပြုမည်ဖြစ်ပါသည်။ စက်ရုံတိုင်းတွင် ထွက်သမျှသော မကောင်းသောအနံ့အသက်များကို ဓာတုနည်းများဖြင့်ပြုပြင် ခါ ထိန်းချုပ်သော စက်ကြီးများကို တပ်ဆင်ရမည်ဖြစ်ပါသည်။ ထို့အပြင် အဆောက်အဦးများအတွင်း စက်အားဖြင့် လေကောင်း လေသန့် မှုတ်သွင်းခြင်း လေဟောင်းများ စုပ်ထုတ်ခြင်း လေအေးပေးစံနစ်များကို လိုအပ်သည့်နေရာများတွင် တွက်ချက်တပ် ဆင်ပေးခြင်းများ လုပ်ရပါမည်။ စက်ရုံကြီးတစ်ခုလုံးကို ထိန်းချုပ်ခန်းတစ်ခုမှသာ အလိုအလျှောက် မောင်းနှင်မည်ဖြစ်ရာ စံနစ် တစ်ခုလုံးကို သိလာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများက ကိုယ့်စိတ်ကို ကြီးစိုးလာပါတော့သည်။ စာရွက်ပေါ်တွင် စီမံကိန်းကာလ ကို ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် ဧပြီလမှစတင်ခါ ၂၈ လ ( ၂ နှစ် နှင့် ၄ လ ) အကြာ ၁၉၉၇ ခုနှစ် ဇွန်လကုန်တွင် စမ်းသပ်လည်ပတ် ခြင်းများအားလုံး ပြီးစီးရပါမည်။
စကြပြီ
*******
Engineering, Procurement, Construction & Commissioning (EPCC) စီမံကိန်းကြီးဖြစ်တာမို့ ဒီဇိုင်းလုပ်တဲ့အ ဆင့်က အရင်စပါသည်။ မြို့ပြလုပ်ငန်းများကို ဟွန်ဒေးကုမ္ပဏီကြီးက အဆောက်အဦးနေရာအလိုက် မြေတူးခြင်းလုပ်ငန်းများ မြေစမ်းခြင်းလုပ်ငန်းများ စတင်ကြသလို ကျနော်တို့ ညွန့်ပေါင်းအဖွဲ့ကလည်း မိမိတို့ဆိုင်ရာ အပိုင်းလိုက်တာဝန်ယူထားသည့် အလျှောက် အင်ဂျင်နီယာပုံစံများ (Drawings) နှင့် ပင်မအရေးကြီးသော စက်ပစ္စည်းများ ပိုက်များ စသည်ဖြင့် တို့ကို မည်သည့်အမှတ်တံဆိပ် မည်သည့်ကုမ္ပဏီ ထုတ်လုပ်မည့် နေရာ နိုင်ငံစသည်များကို တင်ပြခါ အတည်ပြုချက်တောင်းခံရပါ သည်။ မည်သည့်ပစ္စည်း (အနည်းဆုံးသုတ်ဆေးကအစ)ကိုမျှ အတည်ပြုချက်မရှိဘဲ ကြိုတင်ဝယ်ယူခြင်းမပြုရပါ။ တချို့စက် များ သုံးမည့်စံနစ်များ မှာ တင်ဒါတင်ကတည်းက အမှတ်တံဆိပ် (Brand) နှင့် ကမ
ာပေါ်ရှိမည့်သည့်အမျိုးအစားတူ စက်ရုံများတွင် သုံးနေကြောင်း (Track Record) ကအစ တင်ပြထားရပါသည်။ ရှိပါသေးသည်။ လက်ရှိလည်ပတ်နေသော စက် ရုံဝင်းဖြစ်ရာ မည်သည့်ပစ္စည်းများကိုမဆို တပ်ဆင်မည့်အချိန်ထက် တစ်လထက်စော၍ ယူမလာရဟု ပါပါသေးသည်။ တင်ဒါထဲ တွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများအပြင် စင်္ကာပူ၏ တည်ဆဲစည်းမျဉ်းစည်းကမ်းများကိုပါ လေ့လာလိုက်နာရမည် မှာ ကျနော်တို့၏ တာဝန်သာဖြစ်ပါသတဲ့ခင်ဗျာ။ အလိုလေးလေး စင်္ကာပူ၏ ထိုစဉ်က စက်ရုံများမှတ်ပုံတင်ခြင်းမှအစ Code of Practics များကိုလည်း လေ့လာမှတ်သားရပြန်ပါသည်။ တစ်နေ့လျှင် ၂၄ နာရီဆိုတာ နည်းနေသည်ထင်ရသည့် ကာလများဖြစ် ပါသည်။
အမည်သညာ ခေါ်စရာကား
**********************
တိုင်းနိုင်ငံပေါင်းစုံမှ နိုင်ငံတကာကုမ္ပဏီကြီးများ စင်္ကာပူုမ္ပဏီများစသည်ဖြင့် လူမျိုးပေါင်းစုံတို့ လာရောက်စုဝေးလုပ်ကိုင် ကြသော အာဂစီမံကိန်းကြီးဖြစ်ရာ ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်စာနှင့်အင်္ဂလိပ်ဘာသာစကား ဖြစ်ပါသည်။ သို့ရာတွင် ကိုယ့် အချင်းချင်းကတော့ ကိုယ်ဘာသာစကားပြော ဆက်သွယ်ရတာပေါ့ဗျာ။ ကိုးရီယားအများစုပါသော ဟွန်ဒေးဆောက်လုပ်ရေး ကုမ္ပဏီကြီးက အလွန်လည်ပါသည်။ သူတို့ရုံးတွင် Quantity Surveyor (QS) အဖြစ် အိုင်ယာလန်နိုင်ငံသား အိုင်းရစ်ကြီးတစ်ဦး ကို ခန့်ထားပြီး စီမံကိန်းဆက်ဆံရေး အလုပ်တာဝန်ကိုပါ အပ်နှင်းထားရာ Consultant ရုံးရှိ Australian များ နှင့် ပြောဆို ဆက်ဆံရာတွင် အလွန်အဆင်ပြေလှပါသည်။ ခက်တာက ကျနော်တို့ ညွန်ပေါင်းပါတီဖြစ်သည့် (Mitsubishi + Ebara + JEL) ပါ။ ဒါတောင် အီဘာရားမှ စီမံကိန်းဒါရိုက်တာ ဂျပန်ကြီးမှာ ကျနော်တို့နှင့် အင်္ဂလိပ်လို ပြောလျှင် အတော်ပြောနိုင်သည်ထင်ရပါ သော်လည်း ကွန်ဆားတင့်ရုံးမှာ အစည်းအဝေးဆို အပြောအဆိုက အဆင်မချောတော့ပါ။ အစည်းအဝေးတိုင်း ( Yes or No ) လောက်နှင့် သိပ်ဂိုက်မကျပါ။ တစ်ချို့ကိစ္စများဆိုလျှင် ချက်ကျလက်ကျ ငြင်းခုံရတာတွေ ရှင်းပြရတာတွေ မလုပ်နိုင်တာတွေ့ရ ပါသည်။
ဒီလိုပြောဆိုဆက်ဆံကြတော့ တချို့မှာ ကျနော်တို့ မြန်မာများ၏ အချို့သောနာမည်များကို အသံထွက်မှန်အောင် မထွက် နိုင်ကြပါ။ ကျနော့်နာမည် "တင်မြင့်" ဆိုလျှင် "တင်"ကိုတော့ အခက်အခဲမရှိကြဘဲ " မြင့်" ကိုတော့ "မင့်"လို့ဘဲ ခေါ်ကြပါသည်။ စီမံကိန်း၌ Drawing Submission များကို လုပ်ပေးနေသည့် ကိုမြင့်သိန်း ကို "မင့်တျန်း" လို့သာ ခေါ်ကြပါသည်။ ဂျပန်လျှပ်စစ် အင်ဂျင်နီယာများအတွက် ကျနော်တို့ JEL မှ လျှပ်စစ်အင်ဂျင်နီယာဖြစ်သော ကိုဝင်းမြိုင် ကို ခေါ်ရခက်လှသည်ဖြစ်ရာ ကျနော်က " ဝင်းစံ" လို့ခေါ်ရန် ပြောတာလည်းမရပါ။ အင်္ဂလိပ်လို " Myaing "လို ပေါင်းထားတာကို ဂျပန်အင်ဂျင်နီယာကြီးက တစ်ခါတစ်ရံ ကျနော်တို့ရုံးထဲဝင်လာပြီး အားပါးတရ ကိုဝင်းမြိုင်ကို ခေါ်ပုံက " မြောင်းစံ " "မြောင်းစံ "ဖြစ်ပါတော့သည်။ သူတို့က "မြောင်းစံ" ခေါ်သံကြားလျှင် ကျနော့်ရင်ထဲ တစ်ခါတစ်ခါ ဗြောင်းဆန်သွားတတ်ပါသည်။ ၁၉၉၆ ခုနှစ်ဆန်းတွင် မြန်မာအင်ယာများထပ်မံ တိုးတက်ခန့်ထားရာ ပို၍ပင် အခေါ်အဝေါ်များ ရှုပ်ထွေးလာကြောင်း တွေ့ရပါသေးသည်။ ကျနော်တို့ မြန်မာများမှ မဟုတ် အိန္ဒိယ ဖိလစ်ပင်း အင်ဂျင်နီယာအမည်များလည်း ခေါ်ရခက်လှရာ သူတို့နှင့် အဆင်ပြေအောင် ခေါ်နိုင်ဖို့ ညှိနှိုင်းရပါသည်။ ကိုးရီးယားများက ကျနော်တို့အတွက် နာမည်တို ခေါ်ရန်အလွယ်ဆုံးပါ။ Mr. Kim ဒါမှမဟုတ်ရင် Mr.Lee ဆိုလျှင် ပြီးပါသည်။ နာမည်အပြည့်အစုံခေါ်စရာမှ မလိုတာဗျာ။ ဂျပန်များဆိုလျှင်တော့ သူကလည်း ကိုယ့်အမည်နောက်မှာ "စံ" ထည့်ခေါ်သလို ကိုယ်ကလည်း သူတို့နာမည်နောက်မှာ "စံ" ထည့်ခေါ်ရပါသည်။ လေးစားသမှုအနေနှင့်ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးက တစ်မှောင့်
*********************
ကျနော်ပြောခဲ့ပါသည်။ ကျနော် ဒီကိုလာတော့ ဇနီးသည်က ဆေးကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းဖြစ်ရာ ထုံးစံအတိုင်း လိုအပ်လျှင် နယ်တွေသွားလာရပါသည်။ အိမ်ထောင်သက်အားဖြင့် ဆယ်နှစ်ကျော်လို့ ဆယ့်ငါးနှစ်ထဲ ရောက်ခါ အသက်တွေက လည်း လေးဆယ့်ငါးနှစ်ထဲရောက်နေကြပါပြီ။ ဒါတောင် ကြို့ကုန်းက အငှါးအိမ်ခန်းမှာ တစ်ဦးတည်းနေတာရော မန္တလေး လား ရှိုး တောင်ကြီး လွိုင်ကော် မူဆည် နမ့်ခမ်း စသည်ဖြင့် ဇနီးသည်ခမျာ အဖွဲ့လိုက် သွားလာခါ ဆေးအရောင်းမြှင့်တင်ရေးလုပ်ရ တာကို ဇနီးသည်၏ မုံရွာမှ မိဘများဖြစ်သော အဖေနှင့်အမေတို့က ကျနော့်ကို အမြင်မကြည်လင်ကြတော့ပါ။ ကျနော်ဖုံးဆက် လျှင် " မင်း မိရွှေကို ဒီအတိုင်းမထားနဲ့။ ဘယ့်နှယ်အေ အိမ်ထောင်သည်ဟာကို ကိုးချင်းကိုးချောင်း သွားခြင်တိုင်း လျှောက်သွား နေရတယ်လို့ကွယ် မဟုတ်ထာ" တဲ့။ မိဘဖြစ်သူများကတော့ ကိုယ့်သားသမီး ဘယ်အရွယ်ရောက်ရောက် သူတို့မျက်စိထဲတွင် အရင်လိုဘဲ မြင်ကြတာမို့ အဆိုးမဆိုသာပါ။ အဲ့ဒီအချိန်တုန်းက ကျနော်က Employment Pass (EP) ဖြင့် အလုပ်လုပ်နေရာ ဇနီးဖြစ်သူကို ထုံးစံအတိုင်း သံရုံးအခွန်ဆောင် လက်ထပ်စာချုပ်ပြခါ ထောက်ခံစာတောင်းပြီး နိုင်ငံကူးလက်မှတ်လျှောက် ခိုင်းထားပြီး ကျတာနဲ့ ကျနော့်၏ မှီခိုသူအဖြစ် Dependant Pass လျှောက်ရမှာပါ။ မိဘများကို ရှင်းပြတော့ " အေး အေး ဘာဘဲဖြစ်ဖြစ် မြန်မြန် လုပ်တဲ့ " ဗျာ။ ဇနီးသည်ကတော့ အေးအေးဆေးဆေးမှ လိုက်လာမယ်။ ခေါက်ထားလိုက်တဲ့။ သူက ရန်ကုန်ပြန်ရောက်လျှင် သမီးပိစိ အိမ် ဒါမှမဟုတ် မူကြိုကျောင်းကို အချိန်ရရင် ရသလို သွားလေ့ရှိပါသည်။ ဇနီးသည်၏ နိုင်ငံကူးလက်မှတ်ရဖို့က ဆုတောင်းယုံမှတပါး ကိုယ်လည်းမတတ်နိုင်ပါ။ ဒီကြားထဲတော့ နှစ်နိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေး များကိုသာ အလုပ်အကျွေး ပြုရင်း နေကြရုံပါ။
ဒီလိုနဲ့ ၁၉၉၅ ခုနှစ်ကုန်ဆုံးခဲ့ရခါ ကျနော်တို့အားလုံးမှာ နှစ်သစ်ကူးတာတောင် " Happy New Year 1996" လို့ အော်ဖို့ အားပင်သိပ်မရှိကြတော့ပါ။ ဒါပေမဲ့ ကျနော်၏ တဖွဖွတောင်းဆိုမှုကြောင့် တင်ပြထားသော ကျနော်တို့ သုံးပါတီညွန့်ပေါင်းအ သင်းကို အမှန်အကန်အားဖြည့်ဖို့ ဗြိတိသျှနိုင်ငံသား နှစ်ဦးကို CRE ထံ တစ်ဦးကို Project Manager နှင့် နောက်တစ်ဦးကို Construction Manager အဖြစ် တင်ပြအတည်ပြုချက် တောင်းခံခဲ့ရာ အတည်ပြုလိုက်ကြောင်းနှင့် လာမည့်နှစ်သစ်တွင် အလုပ်စတင်ကြမည်ဖြစ်ကြောင်းကို ကျနော့် ဆရာက သူနှစ်သစ်ကူး ပိတ်ရက်ခရီးမထွက်မှီ ပြောသွားတာမို့ စိတ်တော်အတော် ပေါ့ပါးသွားပါသည်။ ထိုနေ့က အဆိုပါသတင်းကို ကျနော်နဲ့ ခင်မင်နေပြီဖြစ်သော ဟွန်ဒေးက Construction Manager Mr. K.Y.Kim ကို ဆိုက်ထဲတွင် တွေ့လို့ဝမ်းသာအားရ ပြောပြရာ သူက ပုခုံးတွန့်လိုက်ပြီး ပိုပီးစကားများတော့ မှာပေါ့ကွာတဲ့။ သူကလည်း "Happy New Year နဲ့ Good Luck" တဲ့။
(အပိုင်း ၆ ဆက်ပါမည်။)
၁၇:၂၀ နာရီ
၂၇/၀၅/၂၀၁၇



ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၆ )
***************************
လေယူရာ အနံ့တသင်းသင်းနဲ့နေရာ
******************************
ပြင်ဦးလွင်ရှိ ရုက္ခဗေဒပန်းဥယာဉ်က ပန်းပေါင်းစုံရဲ့ရနံ့ အညာမြေက တမာပင်တန်းများ၏ တမာရနံ့ ရှမ်းပြည်နယ်က ထင်းရှူးတောရနဲံ့ စသည်တို့ကို စိတ်ကူးယဉ်ပြီး နံနက်စောစော စီမံကိန်းဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် မည်သည့်ရနံ့များနှင့် မျှ မတူသော အနံ့တစ်ခုကို နှာခေါင်းက အလိုလိုသိလိုက်ပါပြီ။ လက်ရှိလည်ပတ်နေသော မိလ္လာသန့်စင်စက်ရုံဝင်းဆိုတော့ ဒါလောက်တော့ရှိမှာပါ။ ဒါတောင် လက်ရှိလည်ပတ်နေသော ရေဆိုးကန်ကြီးများကို ချမ်းသာတဲ့နိုင်ငံဆိုတော့ ပလတ်စတစ် (Fibre Reinforced Plastic) (FRP) ဖြင့်ပြုလုပ်ထားသော အဖုံးအခုံးကြီးများဖြင့် စီမံကိန်း အဆင့် ( ၂ ) ဖြင့် ဖုံးထားခဲ့ပြီး ဖြစ်ပါသည်။ ဖုံးထားရုံမက ထွက်နေသော အနံ့ဆိုးများကို ပြုပြင်ထုတ်လွှတ်ပေးသည့် အနံ့ဆိုးပြုပြင်စက်များ (Odour Treatment Plant) များတပ်ဆင်ထားပြီးသားပါ။ ကိုင်းပါဗျာ ဟိုဟာဖြစ်နေမှတော့ ဟိုဟာကြောက်နေလို့ ဖြစ်မှမဖြစ်တာဗျာ။
ရုံးမှာက စာရေးမအဖြစ် ယောက်ျားမိန်းကြီး တစ်ယောက်ရှိပါသည်။ သူ့နာမည်က Enett ဆိုတော့ ကျနော်တို့ အီးနက်လို့ အလွယ်တကူခေါ်ကြပါသည်။ ကျနော့်မန်နေဂျာရဲ့ လက်စွဲပါ။ အမြဲတမ်းဂျင်းဘောင်းဘီအရှည် စပို့ရှပ်ဝတ်လေ့ရှိပြီး အပေါ်က ကုမ္ပဏီကထုတ်ပေးထားတဲ့ မီးခိုးရောင် ဂျာကင်ထပ်ဝတ်ပါသည်။ လူကြီးတွေမရှိလိုက်နှင့် ဒီကောင်မကြီး၏ အပြောအဆိုကြမ်း များကို အလုပ်သမားများကို အသာထား၍ အင်ဂျင်နီယာများပါ ခံကြရပါသည်။ ကျနော်တို့မြန်မာအင်ဂျင်နီယာများနှင့်တော့ အဆင်ပြေပါသည်။ သူတို့စရိုက်က တစ်ဘာသာပါ။ တစ်ခါတစ်ရံ တရုတ်လို အယုတ္တ အနတ္တ များဖြင့် ဆဲဆိုနောက်ပြောင်နေ တတ်ကြတာကို အကြောင်းမသိသေးခင်တော့ ရန်များဖြစ်ကြသလားလို့ ထင်မိပါသည်။ Site ရုံးကို ရုံးချုပ်မှ ဒီဇိုင်းအဖွဲ့ဝင်များ ပစ္စည်းဝယ်ယူရေး (Procurement) အဖွဲ့များလာလျှင် စားရေးသောက်ရေးကအစ ကျနော့မန်နေဂျာ၏ တစ်ခြားလက်စွဲတရုတ် ဆူပါဗိုက်စာ တစ်ဦးနှင့် စီစဉ်ပေးရရာ တရုံးလုံးသူ့အသံသြသြကြီးက ဖုံးလွှမ်းလို့ နေပါပြီ။ သူ ဒီရုံးမှာ အရေးပါကြောင်း ပြချိန် ပေါ့ ဗျာ။ ရုံးချုပ်မှ လာသော ဝယ်ယူရေးဌာနမှ စင်္ကာပူတရုတ်လေးတစ်ယောက်ကလည်း ငါလှောင်လေး။ သူတို့နှစ်ယောက်တွေ့ ကြလျှင် စနောက်နေကြပြီး တစ်ရုံးလုံးကို ဆူပွက်နေတတ်ပါသည်။ တစ်ရက်တော့ ကိုမြင့်သိန်းနှင့်ကျနော်တို့ နှစ်ယောက်သား ကျနော့ရုံးခန်းဘေးထဲ Drawing Submission ကိစ္စများဖြင့် ဦးနှောက်စားနေကြစဉ် ကျနော့ရုံးခန်းတံခါး ရုတ်တရက်ပွင့်လာ ပြီး ဝယ်ရှင်းမှ တရုတ်လေးက ရှေ့ကပြေးဝင်လာခါ တရုတ်မကြီး အီးနက်က တရုတ်လေး၏ ဂျာကင်စကိုဆွဲလျက်သား ပါလာ ပါသည်။ တရုတ်လေးက ပါးစပ်မှ ကျနော့်နာမည်ကိုခေါ်ရင်း (Mr.Tin Myint, please help me, I am going to loose my virgin) ( ကယ်တော်မူပါခင်ဗျာ ကျနော် လူပျိုရည်ပျက်ရပါတော့မယ်) လို့ အော်လာပါသည်။ "ဘာဖြစ်နေတာလဲ"လို့ ကျနော် က ဒေါပွပွနဲ့ ဟောက်တော့မှ တရုတ်မကြီးအီးနက်က ရယ်ကျဲကျဲဖြင့် " ဒီကောင်က ငါ့ကို နင် ယောက်ျားလား မိန်းမလား လို့မေးနေလို့ သိချင်လိုက်ခဲ့" ဆိုပြီး တရုတ်လေးကို အိမ်သာကို ဆွဲခေါ်နေတာတဲ့ဗျား။ သေချင်းဆိုးမ ဗိုင်းတာမ သူကတမှောင့်။ " သွားကြစမ်း ငါဒီမှာ ဦးနှောက်ခြောက်ရတဲ့အထဲ" လို့ အော်လိုက်တော့မှ ဆောရီး ဆောရီးဆိုခါ နှစ်ယောက်သားအခန်းတွင်းမှ ထွက်သွားကြပါသည်။ မခက်ဖူးလားဗျာ။
ထူးဆန်းသောဧည့်ခံပွဲများ
**********************
ထူးထူးဆန်းဆန်းတွေ ပြသတဲ့ပွဲမဟုတ်ပါ။ အင်္ဂလိပ်မန်နေဂျာများက တရုတ်နှစ်ကူးပြီး ၁၉၉၆ ခုနှစ်ဖေဖော်ဝါရီလကုန် မတ်လဆန်းမှ အလုပ်ဝင်ကြမည်ဟု သိရပါသည်။ သည်ကြားထဲ ဟွန်ဒေးစီမံကိန်းဒါရိုက်တာကြီးက ကျနော်တို့ သုံးပါတီညွန့် ပေါင်းအဖွဲ့အား စင်္ကာပူ၏ အထင်ကရ Orchard လမ်းမကြီးပေါ်ရှိ နာမည်ကြီးကိုရီးယာစားသောက်ဆိုင်တစ်ခုတွင် ဖိတ်ကြားခါ ညစာစားပွဲဖြင့် ဧည့်ခံသဖြင့် ကျနော်တို့အဖွဲ့ပါတက်ရပါသည်။ စကားတွေပြောကြ အရသာရှိလှသော ဟင်းလျာများ အကြောင်းကို စားရင်းသောက်ရင်းပြောကြ ခင်မင်မှုများ တိုးလာကြသယောင်ပါ။ ဘီယာနှင့်စလိုက်သော စားပွဲမှာ တဖြည်းဖြည်း ကိုရီယားဆန်အရက်အိုးလေးများဖြင့် ပိုမိုစိုပြေလာခါ ဂျပန် - ကိုးရီးယား - စင်္ကာပူ ချစ်ကြည်ရေးဖြစ်လာပြီး ညနေ ၆ နာရီခွဲမှ စတင်ခဲ့ရာ အင်ဂျင်နီယာအများစုမှာ ည ၉ နာရီခွဲခန့်တွင် ပြန်သွားခဲ့ကြပါသည်။ အတော်လည်း ရေချိန်ကိုက် နေကြပါပြီ။ ကျနော်ကတော့ သိပ်မသောက်ရဲပါ။ မနက်ဖံမနက် ၁၀ နာရီအစည်းအဝေးတွင် ကိုယ့်ဖက်မှတင်ပြရမည်များကို ကိုမြင့်သိန်းနှင့် တိုင်ပင်လုပ်ကိုင်ထားတာတွေ ပြန်စစ်ဖို့စိတ်စောနေတာမို့ ကျနော်ပြန်မဲ့အကြောင်း မန်နေဂျာကို တိုးတိုးပြော တော့ ခဏနေအုံးတဲ့ဗျာ။
ကိုရီးယားနှင့်ဂျပန်တို့မှာ ဒီလိုမျိုးတဖက်က ဧည့်ခံကျွေးမွေးရင် ဧည့်သည်ဖြစ်သူများက ဝမ်းမြောက်ဝမ်းသာ နှစ်ထောင်း အားရရှိလှကြောင်း ပြသသည့်အနေဖြင့် တခြားနေရာရှိ ဂျပန်စားသောက်ဆိုင်တစ်ခုမှာ ပြန်လည်ဧည့်ခံမှာမို့ လူကြီးလုပ်သူများ ပြန်သွားရင် မယဉ်ကျေးရာရောက်ပါသတဲ့ခင်ဗျား။ သေသာသေလိုက်ခြင်ပါသည်။ ကိုင်း တစ်နေရာကူး ဒီတစ်ခါတော့ ကိုဘေး အမဲသား (Kobe Beef) ပါးပါးလွှာလေးများကို မီးဖုတ်ထားသော ကျောက်တုံးမဲမဲလေးပေါ် တူသုံးပြီး ဟိုဖက်သည်ဖက်ကို ရှဲခနဲ ရှဲခနဲ ကင်ခါ လိုက်ဖက်သော ဆော့စ်လေးနဲ့တို့ခါ တို့ခါ စားရတာတွေပါရဲ့ ဂျပန်ဆာကေးအရက်များလည်း လှိုင်ဘောလည်ပေါ့ ဗျာ။ တဟားဟား ရီလိုက်ကြ ပြောလိုက် စားလိုက် သောက်လိုက်ဖြင့် ညသန်းခေါင်ကျော်ခဲ့ပါပြီ။ ဒီတစ်ခါတော့ အမှန်တကယ် ပြီးပေပြီဟု စိတ်ထဲပေါ့သွားမယ်ရှိသေးဗျာ။ ကိုရီးယား ပရောဂျက်ဒါရိုက်တာကြီးက အခုလိုကျနော်တို့က ပြန်လည်ဧည့်ခံ ကျွေးမွေးတာကို သူတို့အင်မတန်ကျေးနှစ်ထောင်းအားရရှိတာကို ပြသဖို့ ဒီတစ်ခါသူတို့အလှည့်အနေဖြင့် နောက်တစ်ဆိုင် ကို ချီတက်ကြဖို့ ဂျပန်မိတ်ဆွေများကို အနှူးအညွတ်ဖိတ်ခေါ်ပါတယ် လို့ အာလေးလျှာလေးနဲ့ ထပြောတော့ ကျနော့်မှာ ထိုင်ငိုခြင် စိတ်ပေါက်သွားမိပါသည်။ မကဲကြဖူးလားဗျာ။ နောက်တစ်ရက်ကို ထပ်ချိန်းကြပါတော့လား။ မရပါ။ ယဉ်ကျေးမှုအရ လိုက်ရပါအုံးမည်တဲ့။ သည်တစ်ခါတော့ နောက်တဆိုင်မပြောင်းမှီ အပေါ့သွားရင်း သန့်စင်ခန်းထဲတွင် ကျနော့်မန်နေဂျာကို ပြောပြီး သူ စကားမပြန်မှီ အပြင်ကိုလစ်ထွက်ခါ တိုက်စီတစ်စီးဖြင့် Teban Garden အိမ်သို့ ပြန်ခဲ့ပါ သည်။ နောက်တစ်နေ့က အလုပ်ပိတ်ရက်ဆို ဟုတ်သေးဗျာ။ အခုဟာက မပိတ်တဲ့အပြင် ၁၀ နာရီ အစည်းအဝေးက သည်အဖွဲ့ တွေဘဲ ပြန်တွေ့ရအုံးမှာ ပါ။ နောက်မှ သိရသည်မှာ စတုတ္ထမြောက်ဆိုင်အပြီး နံနက် ၅ နာရီခွဲမှ လူစုခွဲကြသည်ဟု သိရပါသည်။ သူ့အရပ်နဲ့ သူ့ဇာတ်က တော့ ဟုတ်နေပေါ့ဗျာ။
မိန်းကွန်းကခေါ်ထားသော အစည်းအဝေး
**********************************
မနေ့ညက ကျနော်တစ်ပိုင်းတန်းလန်း လစ်ပြန်နိုင်လို့ တော်ပါသေးသည်။ မနက်စောစောထပြီး စီမံကိန်းကို လာခါ ကျနော်တို့ပြင်ဆင်ထားသည်များကို ပြန်စစ်ရပါသည်။ ဂျပန်များကိုလည်း ကော်ပီဝေထားနိုင်ပါသည်။ မနက် ၉ နာရီထိုးတော့မှ ကျနော့်မန်နေဂျာအပြင် ရုံးချုပ်မှ ဒီဇိုင်းတာဝန်ရှိသူများပါ ရောက်လာကြပြီး အကြိုအစည်းအဝေးထိုင်လိုက်ကြခါ Hyundai ရုံး သို့ ချီတက်ကြပါသည်။ အစည်းအဝေးခန်းကျယ်ကြီးမှာ ပြည့်သွားပါတော့သည်။ အဓိကအားဖြင့် နောက်ကျနေသော Drawing Submission များ တင်လိုက်တိုင်း လိုအပ်ချက်များ မှတ်ချက်ဖြင့် ပြန်ပြန်တင်လိုက် ပြန်ပြင်ဖို့ ကျလာလိုက်ဖြစ်နေ သော Drawing များ တချို့ ပစ္စည်းများ၏ Vendor Approval နှောင့်နှေးနေမှုများ မကြာခင်ကွန်ကရစ်လောင်းတော့မည့် ကန် ကြီးများတွင် မလောင်းမှီ မြုပ်နှံတပ်ဆင်ပေးရမည့် Cement-lined Ductile Iron Pipes with collar flange များ မရောက်ရှိ မှု အခြေအနေ အားလုံးကတော့ ကျနော်တို့ညွန့်ပေါင်းအသင်းအပေါ် အပြစ်ပုံချပါတော့သည်။ မနေ့ညက တဟီးဟီး တဟား ဟား အခြေအနေနဲ့ လားလားမှမတူတော့ဘဲ မျက်နှာထိ မျက်နှာထားကြီးတွေ နှစ်ဖက်စလုံးဖြစ်ကုန်ကြပါသည်။ ကျနော်တို့ဖက် ကလည်း ဟုတ်တော့ဟုတ်ပါသည်။ ဘာမှအဆင်သင့် မရှိသေးပါ။ မိလ္လာစက်ရုံ ဒီဇိုင်း အတွေ့အကြုံ နည်းပါးကြတာ ပါပါသည်။ တစ်ချို့တင်ဒါတင်စဉ် ကတည်း က အတည်ပြုထားသော စက်ကြီးများကတော့ သက်ဆိုင်ရာ မူလနိုင်ငံစက်ရုံများတွင် မည်သို့ မည်ပုံထုတ်လုပ် တပ်ဆင်မည်ကို လုပ်ငန်းစဉ်များသာမက Consultant က စေလွှတ်သောသူဖြစ်စေ ဒါမှမဟုတ် Consultant မှခန့်အပ်သော တတိယပါတီ အရည်အသွေးစစ်ဆေးရေးကုမ္ပဏီများ၏ စစ်ဆေးသူများ လာရောက်စစ်ဆေးခံရန် တစ်လကြိုတင် အကြောင်း ကြားရပါသည်။
ကျနော်တို့ကိုသာ နောက်ကျမှုများအတွက် အပြစ်တွေပြောနေတာ ဟွန်ဒေး၏ မြိုပြလုပ်ငန်းများလည်း အကြောင်းအမျိုး မျိုးကြောင့် နောက်ကျနေပါသည်။ အကြောင်းရင်းတစ်ခုကတော့ Kranji ဒေသမှာ ဒုတိယကမာစစ်အတွင်း မဟာမိတ်တပ်များ နှင့် မလေးရှားပိုင် ဂျိုဟိုးဘက်မှ ကူးလာသော ဖက်ဆစ်ဂျပန်တပ်များ နှစ်ဖက်အသေအကြေ တိုက်ခိုက်ခဲ့သော ဒေသဖြစ်သဖြင့် မပေါက်ကွဲသေးသော ဗုံးစသည့် စစ်ကျန်ပစ္စည်းများ ရှိနေနိုင်သဖြင့် မြို့ပြလုပ်ငန်းများကို သတိထား၍ လုပ်နေရတာလည်း ပါပါသည်။ အတည်ပြုပြီးသော နေရာများတွင် ဘိုးပိုင် (Bore Piling) လုပ်ငန်းများကတော့ အင်တိုက်အားတိုက်ပါ။ ကျနော်တို့ ဖက်လည်း အင်ဂျင်နီယာများ လုပ်ငန်းတစ်ချို့အတွက် Sub-contractor ခေါ်ခြင်းများ တပ်ဆင်မည့်လုပ်ငန်းအလိုက် မည်သို့ တပ်ဆင်မည်ဆိုသည့် (Method of Statement) များကို Consultant ထံ အတည်ပြုချက်အတွက် တင်ပြခြင်းများ စသည်ဖြင့် အလုပ်များရပါသည်။ ဟွန်ဒေး မှ ပေးပို့သော မြို့ပြဆောက်လုပ်ရေး Drawings များက်ုလည်း အဆောက်အဦးလိုက် စုစည်းခါ သံချည်သံကွေး (Steel Drawings) များကို သပ်သပ်ဖယ်ထားပြီး ကျန် Drawings များကို ကိုယ့်တပ်ဆင်ရေး အင်ဂျင်နီယာများ ကို လေ့လာမှတ်သားထားဖို့ A3 size များလုပ်ခါ ဝေငှရာ အများစုက နားမလည်ကြပါ။ ကျနော် အချိန်ကုန်ခံပြီး တပ်ဆင်ရေး အတွက် အရေးပါပုံကို ရှင်းပြရပါသည်။ သိကြသည့်အတိုင်း လူ ပစ္စည်း ဝင်လမ်းထွက်လမ်းများ အဝင်ပေါက်များ နှင့် ကိုယ့်စက် ပစ္စည်းအတိုင်းအတာက တော်မတော်နှင့် ဘယ်လိုသယ်ဝင်မလဲက စဉ်းစားထားဖို့ မှာရပါသည်။ စီမံကိန်းမန်နေဂျာ ကတော့ ပြုံးပြုံးကြီး သဘောကျနေပါသည်။ ကျနော်ကတော့ သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်ကို စဉ်းစားပြီး ခေါင်းပူမိပါသည်။ ကိုယ်နှင့် မြန်မာပြည်တုန်းက စက်မှုဆောင်ရွက်မှုလုပ်ငန်းကော်ပိုရေးရှင်း (Technical Services Corporation TSC) တွင် လုပ်ကိုင်ခဲ့ ဖူးသော မြန်မာအင်ဂျင်နီယာများအတွက် စိတ်မပူရပါ။ အားလုံးက စီမံကိန်းအတွေ့အကြုံ အနည်းနဲ့အများတော့ ရှိကြပြီးသားပါ ။ လောလောလတ်လတ် ခန့်ထားသော အခြားနိုင်ငံများမှလာသော အင်ဂျင်နီယာဆိုသူများမှာ အင်္ဂလိပ်စကားပြော ကိုယ့်ထက် ကောင်းပြီး ကွန်ပြူတာသုံးတတ်တာကလွဲလို့ စီမံကိန်းအတွေ့အကြုံ မရှိသူများဖြစ်နေကြရာ ရင်လေးဖွယ်ရာ အဖြစ်ပါ။
ဒီကြားထဲ ကျနော့်မန်နေဂျာက "တင်မြင့် မင်းကိုအစမ်းခန့်တစ်နှစ်ပြည့်သွားလို့ ငါ မင်းကိုအမြဲတမ်းခန့်ဖို့ ရုံးကို ပြော လိုက်ပီ။ ပီးတော့ မင်း ကွန်ပြူတာဝယ်ဖို့ချေးငွေ ချေးရအောင် အီးနက်ကြီးကို မင်းအတွက် ချေးငွေဖေါင်တင်ဖို့ စီစဉ်ခိုင်းလိုက် မယ်" တဲ့။ ကျနော်မှာ တပ်ပျက်ဗိုလ်လုပ်နေရတာကို ဒင်းက ကျနော် ကွန်ပြူတာမသုံးတာကို သွယ်ဝိုက်ပြီး ဖိအားပေးနေတာဗျ။ ကျနော် ရုံးချုပ်မှာရှိတုန်း ကိုစိုးဝင်းဆီက တခုတ်တရနဲ့ သင်ထားတဲ့ Spread Sheet များထုတ်တဲ့ Lotus 123 က ထိုအချိန်တွင် ရုံးမှာရော Site မှာပါ မသုံးတော့ဖဲ အခုဟာက Window 95 တဲ့။ ကျနော် ရုံးမှ စင်္ကာပူဒေါ်လာ ၃,၀၀၀ ကို တစ်လ ၁၀၀ ပြန်ဆပ် လ ၃၀ ( ၂ နှစ်ခွဲ ) ဖြင့် ချေးခါ မန်နေဂျာကိုယ်တိုင် ရွေးချယ်ပေးသော တိုင်ဝမ်နိုင်ငံလုပ် Digitech Computor Note Book တစ် လုံး ဝယ်ဖြစ်ပါသည်။ စီမံကိန်းမှာ Schedule ဆွဲဖို့ခန့်ထားသော ဖိလစ်ပင်းလူမျိုးလေးကို ကျနော့်ဆရာက လိုအပ်သည့် Window 95 နှင့်တကွ အခြား Soft Ware များ ထည့်ပေးခိုင်းရာ ဟိုကောင်လေးကလည်း မန်နေဂျာကို ကြောက်ကြောက်ဖြင့် အဲ့ဒီအချိန်က ရှိရှိသမျှများ (ပုံဆွဲတဲ့ Auto CAD တောင်ပါသေးဗျာ) ထည့်ထားလို့ တော်တော်များများ ပြန်ဖြုတ်ခိုင်းရ ပါသည် ။ အစကစပြီး ကွန်ပြူတာကို မအားတဲ့ကြားက တစ်နေ့နည်းနည်းဖြင့် ပြန်သင်ရပြန်ပါပြီ။
တပ်တောင်တာ ဗိုလ်ထုနဲ့ လူစုကြလေပြီ
**********************************
မတ်လဆန်းမှာ ကျနော်တို့ ညွန့်ပေါင်းအသင်းအတွက် Project Manager အဖြစ် ဗြိတိသျှလူမျိုး Mr.Gordwin March ဆိုသူကို Mitsubishi + Ebara မှ ယခင်ခန့်ထားသော စင်္ကာပူ အငြိမ်းစားကြီးအား အလုပ်မှရပ်စဲခါ အစားထိုးခန့်ထားပါသည်။ ကျနေုတို့ JEL ကလည်း Construction Manager အဖြစ် ဗြိတိသျှလူမျိုးဖြစ်သူ Mr. L.W.Tunbull အား ခန့်ထားခဲ့ပါသည်။ ကျနော်အား လက်ထောက်တပ်ဆင်ရေးမန်နေဂျာအဖြစ် ဆက်လက်ဆောင်ရွက်စေပါသည်။ PM ဖြစ်လာသူမှာ အောက်စဖိုဒ်တက္က သိုလ်ဆင်းဖြစ်ပြီး တကယ့်ပညာတတ် လန်ဒန်မြို့ကြီးသား လေယူလေသိမ်းဖြင့် စကားပြောကောင်းပါသည်။ ကျနော်နှင့်တွဲရ သော Mr.Lesle W.Tunbull မှာ အင်္ဂလန်စက်မှုကျောင်းဆင်းဖြစ်ပြီး Water & Waste Water Treatment Plant Projects များတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ကျင်လည်နေသူဖြစ်ပြီး မလေးရှားစီမံကိန်းတစ်ခုအပြီးမှာ ယခု Kranji Sewage Treatment Works Phase III သို့ ကူးပြောင်းလာသူဖြစ်ပါသည်။ အာရှစီမံကိန်း အတော်များများမှာ လုပ်ဖူးသူမို့ ပြောရဆိုရကောင်းပါ သည်။ Construction သမားများပီပီ စကားကို ပွင့်ပွင့်လင်းလင်း ပြောသူမို့ ပို၍အဆင်ပြေပါသည်။ မကြာမီပင် သူ၏ ဇနီး သည်ဖြစ်သူပါ အင်္ဂလန်မှ အကြီးတန်းနာ့စ်မအလုပ်ကို စွန့်ခါ စင်္ကာပူကို လိုက်လာပါသည်။ သူတို့အတွက် EP ရော Dependent Pass လျှောက်ထားရာမှာ မြန်ဆန်လှပါသည်။ ကျနော်လည်း အားကျမခံ ကျနော်ဇနီးသည်၏ နိုင်ငံကူးလက်မှတ်လည်း ရပြီဖြစ် ရာ ရုံးမှ ထောက်ခံချက်ပါတွဲပြီး ဇနီးသည်အတွက် Dependent Pass လျှောက်ထားခဲ့ရာ အတည်မပြုနိုင်ကြောင်း စာပြန်ကြား ခြင်းခံရပါသည်။ ဒါမျိုးကလည်း ဘာကြောင့်ဆိုတာ အသိပေးလေ့မရှိပါ။ နောက်တစ်ခါတင်ဖို့ အချိန်တစ်ခု စေါင့်ရပါသည်။
အိန္ဒိယသို့ သွားကြပြီ
******************
စင်္ကာပူ၏ MRT ရထားလိုင်းအနီရောင်လိုင်းကို Chua Chu Kang မှ Yishun သို့ ဆက်သည့်လိုင်းကို ဖွင့်လိုက်ပြီမို့ စီမံကိန်းသို့ လာလျှင် ယခင်ကလို ဘတ်စကားနှစ်ဆင့်စီးဖို့ မလိုတော့ဖဲ Jurong East MRT မှ ရထားစီးလျှင် မိနစ် နှစ်ဆယ်ခန့် ဆို Kranji ဘူတာကို ရောက်ပါသည်။ လမ်းမကို ဖြတ်ကူးခါ လမ်းသွက်သွက်လျှေက်ပါက ဆယ်မိနစ်ဆို စီမံကိန်းရုံးသို့ ရောက်ပါ ပြီ။ ကျနော်မန်နေဂျာက အခုစီမံကိန်းအတွက် ပစ္စည်းတစ်ချို့ပေးသွင်းရန် ရာထားသည့် ကုမ္ပဏီများကို ကြည့်ရှုလည်ပတ်ရန်နှင့် အိန္ဒိယများလုပ်သားများခေါ်ရန် သူတို့အဖွဲ့ အိန္ဒိယသို့ ရှေ့အပတ်ထဲ သွားကြမည်တဲ့။ ကျနော် အစပိုင်းကဖော်ပြခဲ့သည့် Procurement က တရုတ်လေးရော တရုတ်မကြီး အီနက်ပါ ပါဝင်မည်တဲ့။ ကြိုက်သလောက် ကြာကြာနေကြဖို့ စိတ်ထဲကမှာမိ ပါသည်။ နားအေးပါးအေးနဲ့ အလုပ်လုပ်ရ နည်းလားဗျာ။ အီနက် နှင့် တရုပ်လေးကိုတော့ သူတို့သွားမည့် မဒရပ် (ယခု အခေါ် Chennai) မြိ့ နှင့် ကာလကတ္တား (then Calcutta, now Kolkata) အနက် ကာလကတ္တားမြို့ကြီးမှာ ဝတ္ထုထဲမှာပင် ပျော်ရွှင်စ ရာ ကောင်းလှကြောင်းကို ပြင်သစ်စာရေးဆရာ ဒိုးမီးနိလာပီယဲ (Dominique Lapierre) က City of Joy ဆိုပြီး ဝတ္ထုရေးထား ဘူးကြောင်း ဟော်လီးဝုဒ် ကပင် ရုပ်ရှင်ရိုက်ခဲ့ကြောင်း ပြောပြရာ နှစ်ယောက်စလုံး ဝမ်းသာနေကြပါသည်။ ကျနော့်တို့ မြန်မာ အင်ဂျင်နီယာများအတွက် လက်ဆောင်စားစရာတွေ ဝယ်ခဲ့မည်ဟု လည်ပြောသွားပါသေးသည်။ ကိုမြင့်သိန်းက "ဝတ္ထုထဲ ဘာတွေပါလို့တုန်းဗျ " လို့မေးရာ ကျနော်က "အသာနေ ပြန်လာရင် ဘာပြောမလဲ ကြည့်ရအောင်" လို့သာ ပြောထားပါသည်။
တစ်ပတ်ခန့်ကြာပြီး တစ်မနက်တွင် ကျနော့်ရုံးခန်းထဲ တရုပ်လေးရော တရုပ်မကြီးပါ ဝင်လာကြပြီး ကျနော်ကို မဟုတ်တာ ပြောလိုက်ရမလားဆိုပြီး ရန်လုပ်ကြပါသည်။ " တင်မြင့် နင်ပြောတော့ City of Joy (ဆရာ မြသန်းတင့်က သုခမြို့တော် ဟုဘာ သာပြန်ထားပြီး ၁၉၉၂ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်ဆုရ စာအုပ်ပါ) ဆို။ ငါပြောလိုက်ရ မကောင်းဘဲနေတော့မယ်" တဲ့။ အမှန်ကတော့ ဝတ္ထုရေးဆရာက အဲ့ဒီမြို့တော်သူ မြို့တော်သားများ ဆယ်သန်းခန့်မှာ အိမ်သာမသုံးကြဘဲ ကားလမ်းဘေး ရထားလမ်းဘေးမှာဘဲ မစင်စွန့်ကြတဲ့ ဓလေ့အပါအဝင် ဟိုတစ်ခောတ်က သူမြင်သမျှကို ရေးဖွဲ့ထားရာ ထိုစဉ်က ဓလေ့များကို သိရှိမှတ်သားနိုင်ပါသည်။ ဟောလီးဝုဒ်က ဒီဝတ္ထုထဲက ဇာတ်ဝင်ခန်းတစ်ခုဖြစ်သော မင်းသားလုပ်သူ ၆ ပေခန့်နက်သော မစင်မြောင်းကြီးထဲ ပြုတ်ကျခန်းမှာ သရုပ်ဆောင်မင်းသားခမျာ တကယ်ပြုတ်ကျသွားလို့ မနည်းဆည်ရတဲ့အကြောင်း ဖတ်ထားဖူးပါသည်။ အမှန်က Kranji မှာ ကျနော်တို့ဆောက်နေတဲ့ မိလ္လာသန့်စင်စက်ရုံ မျိုး တည်ရမှာပါ။
( အပိုင်း ၇ ဆက်ရန်)
၂၁:၃၀ နာရီ
၃၁/၀၅/၂၀၁၇



Waste Water Treatment ဘာသာရပ်စာအုပ်များ လှူဒါန်းခဲ့ခြင်း
********************************************************
ကျနော်သည် ၁၉၇၅ ခုနှစ်တွင် Rangoon Institute of Technology (RIT) ကျောင်းတော်ကြီးမှ Mechanical ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်ပါသည်။ အကြောင်းမလှခြင်တော့ ပထမဦးဆုံးရသည့်အလုပ်မှာ မီးရထားဌာန ရွာထောင်ဒီဇယ် စက်ခေါင်းပြင်စက်ရုံတွင် လက်ထောက်ဖိုမင်အဖြစ် ပစ္စည်းထိမ်းဌာနဖြစ်သော စတိုဌာနတွင် ၁၉၇၆ ဇွန်လမှ ၁၉၇၇ မေလကုန်ထိ လုပ်ကိုင်ခဲ့ပါသည်။
စိတ်မပါတော့သော အကြောင်းများကြောင့် မိဘများပင် မသိဘဲ အလုပ်မှထွက်ပြီး ရှမ်းပြည်မြောက်ပိုင်း သီပေါ တွင် သွားရောက်နေထိုင်ခါ အဖိုးလေးဖြစ်သူ၏ Workdhop တွင် ကူညီလုပ်ကိုင်ရင်း ရံဖါရံခါ သီပေါ-မန္တလေး နာနတ်သီးကား စပယ်ရာ လုပ်ရင်း နေခဲ့ရာ တောင်ကြီးဒေသကောလိပ် တွင် သတ္တုပစ္စည်းလုပ်ငန်းအတတ်ပညာဌာနမှူးအဖြစ် ၁၉၇၈ နှစ်တန်းမှ ၁၉၈၁ နှစ်ဆန်းအထိ လုပ်ကိုင်ဖြစ်ခဲ့ပြန်ပါသည်။ ထိုသို့လုပ်ကိုင်ဖို့ RIT Metallurgy ဌာနမှ ပို့ချသော Metallurgy ဘာသာရပ်များ ဖြစ်သည့် အခြေခံ သတ္တုဗေဒဘာသာ ( Physical Metallurgy) အခြေခံသတ္တုပုံသွန်းပညာ (Foundary ) သတ္တုများ ဂဟေဆက်ခြင်းဘာ သာ (Welding of Metals) သတ္တုများ အပူပေးပြုပြင်ခြင်း အတတ်ပညာ (Heat Treatment of Metals) နှင့် သတ္တုများကို စက်များဖြင့် လိုအပ်သလို ပုံဖော်ခြင်း (Machining) ပညာများကို ၁၉၇၇ အောက်တိုဘာမှ ဒီဇင်ဘာအထိ တက်ရောက်သင်ကြား ခဲ့ပါသည်။
ပထမအကြိမ် အတတ်ပညာစာအုပ်များလှူဒါန်းခြင်း
*******************************************
ဒေသကောလိပ်များကို ဖျက်သိမ်းသောနှစ်တွင် ကျနော်ပိုင် အထက်ပါ စာအုပ်များကို Metallurgy ဌာန ဆရာ ဒေါက်တာ ခင်မောင်ဝင်းထံ လှူဒါန်းခဲ့ပါသည်။ ကျနော်တို့ခောတ်ကာလက ကျောင်းသားများအတွက် မှီငြမ်းစာအုပ်များရဖို့ အလွန်ခက်ခဲ တာကို ကိုယ်တွေ့မို့ အခက်အခဲရှိသောကျောင်းသားကျောင်းသူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ဆရာဆရာမများ သာဓုခေါ်ခဲ့ကြပါသည်။
တဖန် ၁၉၈၂ ခုနှစ် သြဂုတ်လမှစ၍ အမှတ် (၂) စက်မှုဝန်ကြီးဌာန စက်မှုဆောင်ရွက်မှုလုပ်ငန်းကော်ပိုရေးရှင်း (TSC) တွင် စက်မှုတပ်ဆင်ရေးအင် ဂျင်နီယာအဖြစ် မုံရွာအမှတ် (၁) ကြေးနီစီမံကိန်း နှင့် သံလျှင် Burma Syriam Coker Plant နောက်ပိုင်းနှင့် Methanol Tank Farm စီမံကိန်းများ တွင် လုပ်ကိုင်ခဲ့ပြီး မိမိတပ်ဆင်ခဲ့သည့် စက်ပစ္စုည်းများ ပိုက်လိုင်းများ တပ်ဆင်ခဲ့သည့် နည်းစဉ်များ အားလုံးကို ကျနော်တို့ကန်ဘဲ့ရုံးချုပ်နှင့် မျက်နှာခြင်းဆိုင်ရှိ ထိုစဉ်ကအခေါ် ဗဟိုသုတေသန (Central Research Org.)(CRO) ၏ စာကြည့်တိုက်ရှိ အတတ်ပညာဆိုင်ရာစာအုပ်များ အမေရိကန် ဂျာမန် နှင့် ဗြိတိသျှ စံချိန်စံညွှန်းစာအုပ်များနှင့်အတူ ၁၉၈၇ မှစ၍ လေ့လာဖတ်ရှုခွင့်ရခဲ့ပါသည်။ ၁၉၉၃ ခုနှစ် ဇွန်လကုန်တွင် အစိုးရအလုပ်မှ နှုတ်ထွက်ခွင့် ရပြီး အပြင်အလုပ်များကို ပြတ်တောင်းပြတ်တောင်းလုပ်ကိုင်ခဲ့ခါ စင်္ကာပူသို့ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ တွင် ထွက်ခွာခဲ့ပါသည်။
ဒုတိယအကြိမ် အတတ်ပညာစာအုပ်များ လှူဒါန်းခြင်း
********************************************
စင်္ကာပူနိုင်ငံတွင် လုပ်ကိုင်စဉ်အတွင်း ၁၉၉၅ မှ ၂၀၀၆ ခုနှစ်ထိ ဆယ်နှစ်ကျော်ကြာ Waste Water Treatment နှင့် ပတ်သက်သော စီမံကိန်းများကို လုပ်ကိုင်ရစဉ်အတွင်း သိခြင်လွန်း၍ မိမိကိုယ်ပိုင်ငွေဖြင့် ဝယ်ယူဖတ်ရှုခဲ့သောစာအုပ်များကို ယခုအခါ အလုပ်မှအနားယူပြီးပြီမို့ စက်မှုတက္ကသိုလ်ဆင်း ညီညီမများနှင့် စကားစပ်မိရာမှ သူတို့၏ ကူညီမှုဖြင့် ယခုနှစ် မတ်လ ၂၈ ရက်နေ့က YIT Mechanical ဌာနမှူး ဒေါက်တာမိစန္ဒာမွန်ထံ ကျောင်းသားကျောင်းသူများ လေ့လာနိုင်ရန် အလို့ငှါ ပေးပို့လှူဒါန်းခဲ့ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဖော်ပြပါ အတတ်ပညာများသည် နေ့စဉ်နှင့်အမျှတိုးတက် ပြောင်းလဲနေရာ အခြေခံလေ့လာစရာ အဖြစ်သာ ယူကြရန် နှင့် အနောက်တိုင်းမှ ပေးသော နည်းပညာများ၏ အစွန်းအဖျားဟု သာသိထားရန် လိုပါသည်။ ကျနော်တို့၏ ရှေ့လူကြီးသူမများ က ထားသွားသောစကားနှင့် ဆိုရပါမူ သူတို့က တံငါသည်များဖြစ်ရာ ကျနော်တို့လို တိုင်းပြည်များကို ဟင်းစားသာ ပေးပါသည်။ ကွန်ချက်ကို မပြပါ။ ဖြစ်ပေါ်လာနိုင်သော ဈေးကွက်အနေအထားကို ကြည့်ပြီး ဗဟုသုတ အနေဖြင့် ကျောင်းသင်စအုပ်စာတမ်း များ ထုတ်ဝေဖြန့်ချီခြင်း ဟောပြောပွဲ ဆွေးနွေးပွဲများလုပ်ခြင်း ဖြစ်ပေါ်လာမည့် ဈေးကွက်တွင် အရေးပါမည့်သူများကို ဖိတ်ကြားခါ လေ့လာရေး ခရီးများကို စီစဉ်ပေးခြင်း စသည်များကို လုပ်ဆောင်တတ်ကြပါသည်။ စီမံကိန်းကြီးများဖြစ်လာသော အခါ အများအားဖြင့် သူတို့၏ စက်ပစ္စည်းများ နည်းပညာများမှ ပြန်လည် ငွေပေါ်အောင် လုပ်ကြခြင်း ဖြစ်ပါသည်။
ယနေ့ခောတ် လူငယ်လူရွယ်များအနေဖြင့် ကျနော်တို့ခောတ်ကာလထက် သာလွန်သော အခွင့်အရေးမှာ Internet သာ ကောင်းမွန်ပါက လက်ထဲရှိ စမတ်ဖုံးများဖြင့် Water Treatment, Waste Watet Treatment မှမဟုတ်ဖဲ အခြားတစ်ပါးသော နည်းပညာများ စာတမ်းများကိုပါ ၂၄ နာရီ လေ့လာနိုင်ခွင့် ရနေကြပါပြီ။ စိတ်ပါဝင်စားမှုသာလျှင် အဓိကကျပေတော့သည်။ ယခုအခါ စက်မှုတက္ကသိုလ်ပေါင်းစုံ စက်မှုသိပ္ပံပေါင်းစုံ ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်နည်းပညာ တက္ကသိုလ် ကြို့ကုန်းဝင်းအတွင်းရှိ လက်ရှိစာကြည့်တိုက်ကို တိုးချဲ့ခါ E- Library အဆင့်ရောက်အောင် ကျောင်းသားကျောင်းသူဟောင်း များမှ ဆောင်ရွက်လျှက်ရှိနေပြီ ဖြစ်ရာ အချိန်ကာလတစ်ခုအတွင်း ဖြစ်ပေါ်လာတော့မည်ကို တွေးရင်း နောင်အနာဂတ်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိပါတော့သည်။
တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏ လို့ဆိုရိုးရှိခဲ့သည် မဟုတ်ပါလား ခင်ဗျာ။
၁၀:၀၀ နာရီ
၀၃/၀၆/၂၀၁၇





ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၇ )
***************************
ရုတ်တရက် စီမံကိန်းအစီအစဉ်အပြောင်းအလဲ
***************************************
စီမံကိန်းစပြီး အကြမ်းအားဖြင့် မြို့ပြလုပ်ငန်းကန်ထရိုက်တာလည်းဖြစ် မိန်းကွန်းလည်းဖြစ်သော ဟွန်ဒေးကုမ္ပဏီမှ ကျနော်တို့ အခါခါတောင်းဆိုခဲ့ရသော အဓိကအဆောက်အဦးအလိုက် အကြမ်းထည် ပြီးစီးမည့် ကာလများနှင့် အခြားအရေး မပါသော ဒီဇယ်လှောင်ကန်ဖောင်ဒေးရှင်း မီသိန်းဓာတ်ငွေ့လှောင်ကန်များအပါအဝင် အရံလုပ်ငန်းများအတွက် အချိန်ဇယားကို ကျနော်တို့သိရှိပြီး ကိုယ်နှင့်သက်ဆိုင် သည်များကို ဆောင်ရွက်နိုင်ရန် မှီငြမ်းပြုရန်သာ (For Reference Only) မှတ်ချက်ဖြင့် လက်ခံရရှိခဲ့ပါသည်။ မြေတူးခြင်း ဘိုးပိုင်များတူးခြင်း ကွန်ကရစ်လောင်းခြင်း ကို လုပ်ငန်းပမာဏများသည့် Inlet Works နှင့် Main Treatment Modules ကို ဦးစားပေးထားပြီး ကျန်အဆောက်အဦးများမှာ စီမံကိန်းစ၍ တစ်နှစ်အကြာ ၁၉၉၆ ခုနှစ် ဧပြီလတွင် မြေတူးအဆင့်စရုံသာ ရှိပါသေးသည်။ တရားဝင်စီမံကိန်းပြီးစီးရမည့်ကာလမှာ ၁၈ လသာ ကျန်ပါတော့သည်။ ကျနော်တို့လည်း ဘာမှမတတ်ရသေးပါ။ ကွန်ကရစ်အဆောက်အဦး၏ အောက်ဆုံးထပ်တွင် တပ်ဆင်ရမည့်စက်များအစရှိသည် တို့ကို အပေါ်တစ်ထပ် ကွန်ကရစ်လောင်းဖို့ ထောက်မျုား(Scafold) ထောက်ထားရာ လူဝင်ဖို့အသာထားလို့ ခွေးတစ်ကောင်ပင် ဝင်ဖို့မလွယ်ပါ။
ကျနော်တို့ကလည်း တပ်ဆင်ရေးအတွက် ဘယ်နေ့ဘယ်ရက် နောက်ဆုံးထားလွှဲ မပေးပါက စီမံကိန်းနောက်ကျခဲ့သည် ရှိသော် ဟွန်ဒေး၏ တာဝန်သာဖြစ်ကြောင်း အကြောင်းကြားစာများ ပေးပို့၍ ဟွန်ဒေးကို ဖိအားပေးရာ အဓိကအဆောက်အဦး များ နောက်မကျဘဲ ကျနော်တို့ကသာ ဆန္ဒတွေစောနေလို့ဖြစ်ကြောင်း နှင့် ကျနော်တို့ အခက်အခဲမရှိလုပ်နိုင်ရန် အတတ်နိုင်ဆုံး ကူညီသည့် အနေဖြင့် အရန်မြို့ပြလုပ်ငန်းများဖြစ်သည့် ဒီဇယ်လှောင်ကန်ဖောင်ဒေးရှင်း မီသိန်းဓာတ်ငွေ့လှောင်ကန်များကို စီမံကိန်းနောက်ပိုင်းမှ လုပ်မည့်အစား မကြာမှီကာလများတွင် မြို့ပြလုပ်ငန်းများကို စတင်ပြီး ကျနော်တို့ကို အစောဆုံးလွှဲပေးပါ မည်ဟု အကြောင်းပြန်ပါသည်။ နှစ်ကုန်လောက်မှ လုပ်ရန် စီစဉ်ထားသောလုပ်ငန်းများကို ၆ လခန့် စောပြီးလုပ်ဖို့ဖြစ်လာပါသည် ။ ဒီဇိုင်းဌာနက ဒီဇယ်ဆီလှောင်ကန် ပုံစံအတည်ပြုဖို့ Consultant ထံ မတင်ရသေးပါ။ မီသိန်းဓာတ်ငွေ့လှောင်ကန်၏ ပုံစံများကို ပစ္စည်းတင်သွင်းမည့် အိန္ဒိယကုမ္ပဏီက ကျနော်တို့၏ ဒီဇိုင်းဌာနမှတဆင့် တင်ပြပြီး အတည်ပြုချက် တောင်းခံထားခြင်းကို ဆိုင်းငံ့ထားခြင်း ခံနေရသောကာလဖြစ်ပါသည်။ အကြောင်းပြချက်မှာ ဤမီသိန်းဓာတ်ငွေ့လှောင်ကန်များကို လက်ရှိမည်သည့် နိုင်ငံ မည်သည့်စက်ရုံများတွင် အသုံးပြုနေသည်ကို ယုံကြည်စိတ်ချရသော တတိယစစ်ဆေးရေးကုမ္ပဏီ(Third Party Inspection Company) တစ်ခုမှ ထောက်ခံစာ မပါလို့တဲ့ဗျာ။
ဖြစ်တတ်သော အလွဲအမှတ် ( ၁ )
***************************
ကျနော်အလုပ်ဝင်ဝင်ခြင်း စီမံကိန်းနှင့် ပတ်သက်သော Specifications များကို မန်နေဂျာက ပေးဖတ်ခိုင်းလို့ ဖတ်ရ မှတ်ရပါသည်။ စီမံကိန်းတွင် အသုံးပြုရမည့်ပိုက်များမှာ အတွင်းတွင် ကွန်ကရစ် နှင့် ကတ္တရာ သုတ်လိမ်းထားသော သွန်းသံပိုက် (Ductile Iron Cement Lined & Epoxy Lined pipes) များကို မိလ္လာလိုင်းများ ရေဆိုးလိုင်းများ နှင့် ဒီဇယ်လိုင်းများတွင် သုံးရမည်ဟု ရေးထားတာကို တွေ့ရှိမှတ်သားမိပါသည်။ စီမံကိန်းအတွက် တပ်ဆင်ရေး ပိုက်လိုင်းပုံစံများကို ဒီဇိုင်းဌာနမှ Consultant ထံ အတည်ပြုဖို့ တင်ပြရာတွင် ဒီဇယ်ပိုက်လိုင်းများကို Ductile Iron Epoxy Lined pipe များဖြင့် ရေးဆွဲထား ရာ ကျနော်၏ တပ်ဆင်ရေးမန်နေဂျာကို ပြသပြီး ဒီဇယ်ပိုက်လိုင်းများမှာ Epoxy Lined pipe သုံးလို့ရမရ မေးရာ အကြီး အကျယ် အံ့သြဒေါပွပြီး ချက်ခြင်းဒီဇိုင်းဌာနကို ဖုံးဆက်ပြီး မေးမြန်းပါသည်။ အမှန်က တကမ
ာလုံးမှာ ဘယ်နေရာတွင်မျှ ဒီဇယ် ပိုက်လိုင်းများကို ပိုက်အတွင်းတွင် ကတ္တရာ သို့မဟုတ် ရာဘာသုတ်လိမ်းပြီး မသုံးပါ။ သုံးခဲ့လျှင်လည်း အဆိုပါ ကတ္တရာများ ဒီဇယ်တွင် ပျော်ဝင်သွားနိုင်ပါသည်။ ဗြိတိသျှမန်နေဂျာကြီးမှာ စိတ်မြန်လက်မြန်ရှိလှရာ ချက်ခြင်းပင် Consultant ရုံးသို့ လမ်း လျှောက်သွားပြီး ဘာကြောင့်ဒီလိုဖြစ်ရသည်ကို သွားရောက်မေးမြန်းပါသည်။
သူသွားတွေ့တာက Resident Engineer (Mechanical) ပါ။ ပြန်ဖြေပုံလေးက သင်းပါသည်။ ကျနော့်တပ်ဆင်ရေး မန်နေဂျာ ပြန်လာပြီးပြောပြတာက ကျနော်တို့ဖက်က ဘယ်လိုပိုက်မျိုးကို သုံးသင့်တာမို့ တရားဝင်စာရေးပြီး အသုံးပြုခွင့် တောင်းပါတဲ့ခင်ဗျာ။ ကျနော်တို့ဒီဇိုင်းဌာနက စာတင်ဖို့အင်တင်တင် လုပ်နေကြပါသေးသည်။ ပြီးတော့မှာထားသော Ductile Iron ပိုက်များမှာ အင်္ဂလန်နိုင်ငံမှ စတင်၍ သင်္ဘောတင်နေပြီဖြစ်ကြောင်း အမှာစာများကို အခုနေမှ ပြန်ပြင်၍ မရတော့ပါတဲ့။ ကျနော့်ဆရာမန်နေဂျာက သိပ်မကြည်ပါ။ ငွေထပ်ကုန်ရမဲ့ကိစ္စကိုးဗျ။ မတတ်နိုင်ပါ။ ဒီဇယ်ပိုက်လိုင်းများအတွက် အများအား ဖြင့် American Petrolum Institute မှ ထုတ်ဝေထားသော API Specifications များမှတစ်ပါး အခြားမရှိပါ။ ထပ်မံဝယ်ယူရ မည့် ပိုက်များအတွက် ကန်ထရိုက်အပိုအသုံးစားရိတ် (Additional) အဖြစ် Client က ပေးပါရန် ထိုပိုက်လိုင်းအတည်ပြုချက် တောင်းခံစာတွင် ဖော်ပြရေးသားထားပါသည်။
မကြာခင်မှာပင် Consult ရုံးမှ ပြန်ကြားစာကို ရရှိခဲ့ရာ စာဖတ်ပြီး ကျနော့်မှာ ထိုပုဂ္ဂိုလ်လေး၏ စာအရေးအသားကို သဘောကျနေမိပါသည်။ ရေးထားတာက အမှန်စင်စစ် ဤသို့သော Tender Specification မှ ကွဲလွှဲချက်များကို တင်ဒါနှင့် အတူ မတင်ပြခဲ့ခြင်းသည် ကျနော်တို့၏ ပထမ အမှား။ ယခုတဖန် စီမံကိန်းစတင်ခဲ့သည်မှာ တစ်နှစ်ကျော်လာခါမှ ဤပြဿနာ ကို တင်ပြလာခြင်းမှာ ကျနော်တို့၏ လုပ်ငန်းအတွေ့အကြုံနည်းမှုကို ပြသနေခြင်းပါတဲ့ခင်ဗျာ။ သို့သော်လည်း ယခုတင်ပြလာ သော ပိုက်အမျိုးအစားပြောင်းလဲမှုကို သူ့အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း နှင့် စီမံကိန်းလုပ်ငန်း မနှောင့်နှေးအောင် အမြန် ဆောင်ရွက်ဖို့ တိုက်တွန်းပါသည်တဲ့။ ဤကိစ္စ နှင့် ပတ်သက်လို့ ကျနော်တို့ဖက်က စတင်အဆိုပြု (Proposal) တင်တာမို့ Additional Claim အဖြစ် သတ်မှတ်ပေးရန် Client မှာ တာဝန်မရှိပါတဲ့ခင်ဗျာ။
နောက်ဆုံးတော့ API 5 Steel Pipes & Fittings များကို မှာယူတပ်ဆင်ရပါသည်။ ယခင်မှာထား၍ ရောက်ရှိလာသော Epoxy lined Ductile Iron pipes & Fittings များမှာ အဟောသိကံ ဖြစ်ခဲ့ရပါသည်။
ခေတ္တခဏပြန်ရခြင်း
*****************
စီမံကိန်းကာလအတွင်း မြန်မာနိုင်ငံသို့ ခေတ္တပြန်ခွင့်ရန် ဖြစ်လာပါသည်။ အလုပ်ဝင်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်ရှိခဲ့ပါပြီ။ ခွင့်ယူခဲ့ခြင်း မရှိပါ။ နေမကောင်း၍ တစ်ရက်တလေ ဆေးခွင့်ယူရတာသာ ရှိခဲ့ပါသည်။ ထိုအချိန်တွင် ကျနော့်ဆရာမန်နေဂျာက သူ့ငွေစါရင်းအရာရှိကို မြန်မာပြည်ခဏလွှတ်ဖို့ ဖြစ်လာပါသည်။ အသွားအပြန် ၇ ရက်ကို မင်းမပြန်တာ ကြာပြီမို့ လိုက်သွားတဲ့။ လေယာဉ်ခကို စီမံကိန်းက ပေးမှာဆိုတော့ မငြင်းသာဘဲ ၁၉၉၆ ခုနှစ် ဇွန်လတွင် ခေတ္တပြန်ရပါသည်။ မပြန်ခင် ဇနီးသည်ကို ဖုံးဆက်ပြီး မိုးကုတ်မှ ကျနော့်အမေကို မန္တလေးကို ဆင်းလာထားစေပါသည်။ လေဆိပ်မှာ အလွမ်းမသယ်အားပါ။ ပါလာသည့်် ဧည့်သည်ကို ဟော်တယ်ပို့ပေးရ နောက်တနေ့ ကိုယ်လုပ်ပေးစရာရှိတာကို လုပ်ပေးရမို့ ဇနီးသည်ကိုပါ သူ့ဆေးကုမ္ပဏီအလုပ်မှ ခွင့်ယူထားခိုင်းပြီး ဧည့်သည်နားချိန်မှ လင်မယားနှစ်ယောက်သား အပြေးအလွှား သမီးပိစိဆီပြေးရပါသေးသည်။ သမီးက သိပ်မမှတ်မိတော့ပါ။ ကျနော်ဝယ်လာပေးသော ဓာတ်ခဲထည့်ပြီး ကစားရသော အရုပ်တယ်လီဖုံးလေးကိုတော့ သဘောကျနေပါ သည်။
နောက်တစ်ရက်ညနေ ၄ နာရီထွက်သော ရန်ကုန်-မန္တလေး ခရီးသည်တင် ဘတ်စ်ကားကြီးဖြင့် မန္တလေးကို သွားပါသည်။ ထိုစဉ်က အမြန်လမ်းမရှိသေးပါ။ လမ်းဟောင်းအတိုင်း တစ်မြို့ဝင် တစ်မြို့ထွက်ဖြင့် ၁၄ နာရီကြာ စီးရသည့်ခရီးပါ။ မနက် ၇ နာရီခန့် ရောက်သွားတော့ မနားအားပါ။ ညီငယ် အမေနှင့် အမေ့အမ အမေကြီးတို့ကို ခေါ်ပြီး မဟာမြတ်မုနိရုပ်ရှင်တော်ဘုရား ကြီးကို ပို့ပေးပါသည်။ ဇနီးသည်ကိုတော့ သည်ခရီးက ပင်ပန်းမှာမို့ မခေါ်ခဲ့တာပါ။ အဲ့ဒီနေ့ ညနေမှာဘဲ ညနေ ၄ နာရီထွက်ကား ဖြင့် ပြန်လိုက်ခဲ့ပါသည်။ အမေ့ကို တတ်အားသရွေ့သာ ကန်တော့နိုင်ခဲ့ပါသည်။ ဆက်တိုက်အသွားအပြန်ကားစီးထားတော့ လူ တစ်ကိုယ်လုံးရှိက်ခံထားရသလို ပင်ပန်းလွန်းလှပါသည်။ ဧည့်သည်ကို နောက်ဆုံးရက်တွင် မဟာဝိဇယစေတီတော်အနီးရှိ မြန်မာ့ ရိုးရာစင်တင် ဂီတပါသော စားသောက်ဆိုင်တစ်ခုတွင် ဧည့်ခံရင်း စကားပြောကြတော့ တာမွေလမ်းငါးခွဆုံတွင် ယာဉ်ထိန်းရဲမရှိ ဘဲနှင့် ကျနော်တို့ဆီက ကားသမားများ တစ်စီးနှင့်တစ်စီး နားလည်မှုဖြင့် မောင်းနေကြတာကို သူမချီးကျူးဘဲ မနေနိုင်ပါတဲ့။
ကျနော်ဇနီးသည်ကိုလည်း ရှေ့လတွင် Dependent Pass ထပ်တင်မည့်အကြောင်း နှင့် ရသည်ဖြစ်ဖြစ် မရသည်ဖြစ်ဖြစ် နှစ်ကုန်ပိုင်းလောက် စင်္ကာပူကို အလည်ခေါ်မည့်အကြောင်း ပြောဆိုခါ နောက်တစ်နေ့တွင် ပြန်ခဲ့ပါတော့သည်။ မတတ်သာ ခပ်ခွာခွာနေရပေအုံးမည်။
တင်းကြပ်လွန်းသည့် စစ်ဆေးမှု (Holiday Test)
*****************************************
ဟောလီးဒေးလို့ဆိုလိုက်တော့ အလုပ်ပိတ်အားလပ်ရက်ဟု အထင်မှားနေမိကြပါမည်။ မဟုတ်ပါခင်ဗျား။ ကျနော်ပြောခဲ့ သလို အဆောက်အဦးကြီးများ အများစုက မြေအောက်မှာ အထပ်လိုက် တည်ဆောက်နေသည့်အပြင် မိလ္လာရည် ရေဆိုးစသည့် တို့ကို ထည့်ပြီးလုပ်ရမှာမို့ ကွန်ကရစ်လောင်း မျက်နှာပြင်များကို ပလာစတာကိုင်ပြီး သကာလ ဆေးကတ္တရာသုတ်ခြင်း (Epoxy Painting) ကို မိန်းကွန်းဟွန်ဒိုင်းကုမ္ပဏီပင် ထိုင်ငိုရလောက်သော အပ်ပေါက်အရွယ်အပေါက်လေး (Pin Hole) တစ်ပေါက်မျှပင် မရှိရအောင် နေရာမလပ် စမ်းသပ်ခြင်းကို (Holiday Testing) ဟုခေါ်တာပါခင်ဗျာ။ ကွန်ကရစ်ကန်ကြီးများ ကွန်ကရစ်မြောင်း ကြီးများအတွင်းတွင် ဟွန်ဒိုင်းက သူတို့ဆောက်လုပ်ရေးပြီးပါက ကျနော်တို့ကို အပိုင်းလိုက်လွဲအပ်ခါ တပ်ဆင်ရမည့် Penstock & Sluce Gates ရေထိန်းတံခါးများ Stop Logs ရေထိန်းအကန့်များတပ်ဆင်ရန် စတိန်းလက်စတီး Frame သံဘောင်များစုစု ပေါင်း အခု ၂၀၀ကျော်နှင့် လေမှုတ်သွင်းခါ မိလ္လာရည်များကို ဘက်တီးရီးယားမွေးသည့် ကန်များ၏ အောက်ခြေတွင် တပ်ဆင်ရ မည့် လေပိုက်လိုင်းများနှင့် air diffusers များ တပ်ဆင်ရပါမည်။ ယခုတော့ နေရာတိုင်း ကန်တိုင်း မြောင်းတိုင်းတွင် သံငြမ်း ပိုက် (Scaffolds) များနှင့် ပြည့်ညှပ်ခါ နေတာမို့ လက်မှိုင်ချခါ နေရပါတော့သည်။
အမှန်တကယ်က ရှေးပုဂံခောတ် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ခန့်က ပုဂံဘုရားများတွင် ထုထည်အကြီးဆုံး ဖြစ်သော ဓမ္မရံကြီးစေတီတော်တည်ထားခဲ့စဉ် အုဋ်တစ်ချပ်နှင့်တစ်ချပ်အကြားကို ထိုခောတ်သုံးကွန်ကရစ်သုံး၍ တည်ဆောက်ရာတွင်
အပ်တစ်ဖျားစာထက် ထုမပိုစေရဘဲ စစ်ဆေးတွေ့ရှိပါက ပန်းရံဆရာကို ကွပ်မျက်ခဲ့ကြောင်း လက်တန်းရာဇဝင်လားမသိ ရှိခဲ့ပါ သည်။ ထိုခောတ်ကရင်း ကျနော်တို့ရှေးမြန်မာတို့ ယခုကျနော်တွေ့နေရသည့် Holiday Tester များကို သုံးများသုံးခဲ့ကြလေသ လားလို့ သံသယစိတ်ဖြင့် စိတ်ထဲတွင် ဂုဏ်ယူလိုက်မိပါသေးသည်။ Kranji Site တွင် သုံးနေတာကို ခပ်လှမ်းလှမ်းမှ မြင်ရတာက ဘက်ထရီအသေးနှင့် ချိတ်ဆက်ထားသော အဖိုချောင်း အမချောင်းစုံလေးဖြင့် သတ်မှတ်ထားသည့် ဆေးကတ္တရာသုတ်ထား သော မျက်နှာပြင်ပေါ်တွင် ဖြေးဖြေးခြင်း လက်ဖြင့်ကိုင်၍ ရွေ့လျားနေရာ ပင်အပ်ဖျားစာအပေါက်လေး တွေ့သည်နှင့် အဖျားနှစ် ခု လျှပ်စစ်ကူးပြီး ဖြန်းခနဲ မီးပွင့်သွားလျှင် ယင်းနေရာကို ဗဟိုထား၍ တစ်ပေပတ်လည်ခန့် အဝိုင်းပုံစံ ဆေးဖြူဖြင့်ဝိုင်းလိုက်ခါ နေရာ နံပါတ်စသည်တို့ကို စစ်ဆေးသူက စါရင်းရေးသွင်းပါသည်။ ဖော်ပြပါ တစ်ပေပတ်လည်အဝိုင်းတွင်းရှိ ဆေးကတ္တရာများကို ခြစ်ထုတ်ပြီး ပြန်ပြင်စေတာပါ။ ကွန်ကရစ်မျက်နှာပြင်တွင် သုတ်သောဆေးကို ဤသို့စစ်ဆေးခြင်းကို တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါသာ ကြုံဖူးခြင်းဖြစ်ပါသည်။ ကိုးရီးယား Construction Manager မှာ ဒေါတွေပွနေပါပြီ။ "တင်မြင့် ဒီလိုပုံနဲ့တော့ နောက်တစ်နှစ်တောင် ပြီးခြင်မှ ပြီးမှာ" လို့ညည်းရှာပါသည်။ မြောင်းများကို အသာဖယ်ထားခါ ကန်ကြီးများမှာ တစ်ကန်လျှင် အနက် ၁၀ မီတာ အလျား ၄၀ မီတာ အကျယ် ၂၅ မီတာ ဖြင့် Maintreatment Module အဆောက်အဦးတွင် စုစုပေါင်း ၆ ကန် ရှိပြီး Inlet Works အဆောက်အဦး နှင့် Sludge Digester ခေါ် မီသိန်းဓာတ်ငွေ့ထွက်သည့် ကန်ကြီးများရှိပါသေးသည်။
ပိုဆိုးတာက အဆိုပါကန်များ မြောင်းများကို မြေအောက်တွင် တည်ဆောက်ထားခြင်းကြောင့် ယာယီဆောက်လုပ်ရေး တပ်ဆင်ရေးများအတွက် အသက်ရှူရန် လေမှုတ်သွင်းပေးခြင်း ယာယီလျှပ်စစ်မီးများထွန်းရပါသည်။ အလုပ်သမားအဖွဲ့များကို တစ်ဦးခြင်း မလွှတ်ရဲဘဲ အနည်းဆုံးနှစ်ဦး ဝင်ခိုင်းရပါသည်။ အထဲမှာ ဝင်္ကဘာလိုဖြစ်နေရာ အလုပ်သမားတစ်ဦး တစ်ယောက်ထဲ ဝင်သွားပြီး လမ်းပျောက်နိုင်ပါသည်။ အလုပ်လုပ်ဖို့ မြေကြွက်များလို သွားလာလုပ်ကိုင်ရပါသည်။ ဟွန်းဒိုင်းကုမ္ပဏီ ငိုခဲ့ရသည့် အလုပ်ပါ။ သူတို့ချည်းလားဆိုတော့ မဟုတ်ပါ။ ရှေ့က နောက်ကျလေ နောက်ကကျနော်တို့လည်း ဒုက္ခရောက်တာပေါ့ဗျာ။ ယခင်က အေးအေးဆေးဆေး လုပ်ဖို့ စီစဉ်ထားခဲ့ရာ အခုပုံစံနဲ့ အလုပ်များကို တပြိုင်နက်ထဲ ပြိုင်၍ လုပ်ရတော့မည့်ပုံ တဖြေး ဖြေး ဖြစ်လာနေပါတော့သည်။
စီမံကိန်းမှာ ခောတ်စားလာသော စကားလုံးများ
***************************************
ကျနော်ကလည်း ကျနော်ပါ။ ကိုယ့်မြန်မာအင်ဂျင်နီယာများနှင့် အလုပ်ကိစ္စဆွေးနွေးပြောဆိုရာတွင် ဟိုယခင် မြန်မာပြည် စီမံကိန်းများဖြစ်သော မုံရွာအနောက်ထက်ကမ်းကြေးနီစီမံကိန်း သံလျှင်စီမံကိန်းများတွင် အလုပ်နှင့်ပတ်သက်၍ စိတ်မသက်သာ ဖွယ်ရာများကို မြင်ရကြားရတိုင်း စိတ်ထဲတွင်ပေါ်လာတတ်သော "ပွဲခြင်းပြီး" ဆိုသည့်စကားလုံးကို သုံးနေကြမို့ မသိသူများက နာမည် တင်မြင့်ခြင်းတူနေလျှင် ကျနော်ကို "ပွဲခြင်းပြီးတင်မြင့်" ဟု ခေါ်စမှတ်ပြုခဲ့ကြပါသည်။ အခု Kranji စီမံကိန်းရောက်မှ ဒီစကားလုံးက မြန်မာအင်ဂျင်နီယာများတွင် ကျနော့်ထက်ပင် သုံးနေကြပါပြီ။ သူတို့ တာဝန်ယူလုပ်ကိုင်နေရသော နေရာ လုပ်ငန်း တိုးတက်မှုများကို မမေးလိုက်နှင့်။ မေးတာနဲ့ တပြိုင်နက် " အကိုပြောသလို ပွဲခြင်းပြီးဘဲ အကိုရေ" လို့ စတင်ခါ အဆင်မပြေမှု များကို ပြောကြလေ့ရှိပါသည်။ စီမံကိန်းအခြေအနေကိုက နေရာတိုင်းမှာ "ပွဲခြင်းပြီး" နေခဲ့တာ စီမံကိန်းပြီးသည်အထိပါ။
နောက်စကားလုံးကတော့ ကျနော့်မန်နေဂျာနှင့် ဆိုင်ပါသည်။ သူက များသောအားဖြင့် ရုံးချုပ်မှာ အနေများပြီး ရုံးချုပ်ရှိ ဒီဇိုင်းဌာနများ ပစ္စည်းဝယ်ယူရေးဌာနများနှင့် ဆက်သွယ်ခါ စီမံကိန်းကိစ္စများကို လုပ်ပါသည်။ တစ်နေ့ဖုံး သုံးခါလောက် ကျနော့် ကို ခေါ်တတ်ပြီး သူမေးနေကြ စကားလုံးက "Tin Myint, what is the latest?" (တင်မြင့် နောက်ဆုံးအခြေအနေကို ငါ့ကိုပြော စမ်း) လို့ အမြဲမေးလေ့ရှိရာ ကျနော့်မှာ အရေးတကြီးဖြစ်ပျက်နေတာများကို တစ်ခုခြင်းပြောရပါသည်။ မနက်တစ်ခါ နေ့လည် တစ်ခါ ညနေ အလုပ်သမားတွေ အလုပ်သိမ်းချိန်တစ်ခါ ပုံမှန်ခေါ်လေ့ရှိပါသည်။ အမှန်က တပ်ဆင်ရေးဆိုလျှင် ကျနော်တို့ခန့် ထားသော ဗြိတိသျှမန်နေဂျာကြီးကို မေးရမှာပါ။ အခုတော့ ကျနော့်ဘဲ ဆက်ဆက်မေးနေတာမို့ စိတ်ကအချဉ်ပေါက်လာပါသည် ။ ကျနော့်မှာ ကိုးရီးယားများ ဂျပန်များ နှင့်လည်း တစ်ခါတစ်ခါ တနေကုန်ငြင်းရခုံရ ရန်ဖြစ်ရမို့ အထူးသဖြင့် ညနေပိုင်း အလုပ် သမားများ ပြန်ချိန်တွင် ကိုယ်ကမပြန်နိုင်သေးပါ။ ဒီနေ့ဖြစ်သမျှ နောက်နေ့လုပ်ရမည့် အလုပ်များ အစည်းအဝေးအတွက် ပြင် ဆင်ထားတာများကို ကိုမြင့်သိန်းနှင့် တိုင်ပင်လုပ်ကိုင်နေတုန်း ကျနော့်မန်နေဂျာဆီက "What's the latest?" မေးလာရာ စိတ် ပေါက်ပေါက်ဖြင့် "The latest is seik pyat, seik pyat" လို့ပြန်ဖြေပြီး ဖုံးချထားခါ ဘယ်လောက်ခေါ်ခေါ် ပြန်မဖြေတော့ပါ။ ကျနော် စိတ်တိုတိုနဲ့ဖြေလိုက်တာက အင်္ဂလိပ်နဲ့မြန်မာစကားရောသွားတာပါ။ " The latest is စိတ်ပျက် စိတ်ပျက်" လို့ ဖြေတာပါ။
ကိုမြင့်သိန်းကတော့ ရီလည်းရီ စိတ်လဲပူပါသည်။ မကြာပါဘူးဗျာ။ ကျနော့်ဆရာက ကိုမြင့်သိန်းအခန်းဖုံးကို ဆက်ပြီး မေးတော့ မယုတ်မလွန် တင်မြင့် Pressure တွေများပြီး ဒေါသထွကိနေတာ လို့ ဖြေတော့ "ok, ok, understand" လို့ ပြောပြီး ရီနေတယ်လို့ ကိုမြင့်သိန်းက ပြန်ပြောပါသည်။ "မင့်တိန်း စိတ်ပျက်ဆိုတာ ဘာအဓိပ္ပါယ်လဲ" လို့ မေးတော့ ကိုမြင့်သိန်းက "It's nothing" လို့ဘဲ ဖြေလိုက်တယ်ဆိုဘဲ။
(အပိုင်း ၈ တွင် ဆက်လက်ဖော်ပြပါမည်)
၁၄:၂၅ နာရီ
၀၆/၀၆/၂၀၁၇


ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၈ )
**********************
တက်ကုန် ရွက်ကုန် ဖွင့်ကြလေပြီ
************************
နံနက်တိုင်း ၈ နာရီ အလုပ်မစမီ မနက် ၇ နာရီ ၄၀ မိနစ်တွင် စီမံကိန်းရုံးဝင်းရှိ ကွက်လပ်တွင် တပ်ဆင်ရေးအဖွဲ့သားများအားလုံး အင်ဂျင်နီယာ မန်နေဂျာများပါမကျန် စုဝေးပြီး သွေးပူလေ့ကျင့်ခန်း လုပ်ကြရပါသည်။ ပြီးလျှင်တစ်ဆက်ထဲ တပ်ဆင်ရေးမန်နေဂျာများက အလှည့်ကျ အလုပ်အတွက် ပြောပြီးလျှင် Safety Officer နှင့် မနေ့ညနေကရင်း တိုင်ပင်ထားသော လုပ်ငန်းခွင်မတော်တဆ ထိုခိုက်မှုအန္တရာယ်ကာကွယ်ရေး ခေါင်းစဉ်တစ်ခုကို လူမျိုးအလိုက် ပြောကြားရပါသည်။ ကိုယ့်မြန်မာအလုပ်သမားအုပ်စုကို မြန်မာ အင်ဂျင်နီယာက ပြောသကဲ့သို့ လူမျိုးအသီးသီးကို တတ်နိုင်သမျှ မိမိ တို့ဘာသာစကားဖြင့် ပြောကြားစေခြင်း ဖြစ်ပါသည်။ ပြီးလျှင်တော့ ကိုယ်အလုပ်ခွင် လုပ်လက်စနေရာများသို့ သွားစေပါသည်။ ထိုစဉ်ကာလက တပ်ဆင်ရေး အလုပ်သမားပေါင်း ၅၀၀ ခန့်ရှိသည့် အနက် ၉၅ % သော အလုပ်သမားများမှာ သက်ဆိုင်ရာ အဆောက် အဦးများ အတွင်းသို့ ဝင်ရောက်ခါ မြင်ကွင်းမှ ပျောက်ကွယ်သွားပါ သည်။ ရေနံလှောင်ကန် နှစ်ခုနှင့် မီသိန်းဓာတ်ငွေ့လှောင်ကန် နှစ်ခု သာ မြေပေါ်လုပ်ငန်းဖြစ်ပြီး ကျန်လုပ်ငန်းများမှာ မြေအောက် အဆောက်အဦးများအတွင်း ဝင်္ကဘာလိုနေရာများတွင် လုပ်ကိုင်ကြရ ပါသည်။
တခြားတစ်ပါးသော စက်ရုံတည်ဆောက် တပ်ဆင်ရေးများမှာ စက်များ ပိုက်များတပ်ဆင်ရန် ကွန်ကရစ်ဖောင်ဒေးရှင်းများ ပြီးစီးပါက တပ်ဆင်ရေးလုပ်ငန်း စတင်လေ့ရှိပါသည်။ အလွန်ဆုံးစက်ရုံအတွက် သံဘောင်များတပ်ဆင်ခြင်း (Steel Structure Erection) ကို စေါင့်ရသည်များ ရှိပေမင့် ကွန်ကရစ်အဆောက်အဦးများတည် ဆောက်ချိန်လောက် မကြာတတ်ပါ။ တဖန် အလေးအပင် မရန် တပ်ဆင်ရေးသုံး ကရိန်းကားများ သယ်ပို့ရန်ကားများကို စိတ်ရှိတိုင်း သုံး၍ မရပါ။ အဆောက်အဦးတစ်ခုစီ၏ သတ်မှတ်ထားသည့် Loadind/Unloading အပေါက်မှ နေ၍ အတွင်းသို့ချပေး ရပါ သည်။ အထဲရောက်ပြန်တော့ သည်စက် သည်ပိုက် သည်ပစ္စည်းများ ကို လူအားနှင့် ပိုက် Roller များကို သုံးခါ တပ်ရမည့်နေရာများ ရောက်အောင် လုပ်ရသည်မှာ ရှေးခောတ်က လူအားသုံးပြီး ဆောက် လုပ်ရေးလုပ်ရသလိုပါ။ ဤစီမံကိန်းအတွက် လူအင်အားလိုအပ်ချက် များကို ကျနော့်မန်နေဂျာတို့ တွက်ချက်ခါ ခန့်မှန်းခဲ့သမျှများနှင့် အလွဲကြီး လွဲပါလေတော့သည်။ အချိန်လည်းပိုကုန် လူအင်အားပိုသုံး ရတော့ ငွေပိုကုန် တာပေါ့ဗျာ။
လွဲပြန်လေပြီ
**********
စီမံကိန်းက ကြီးမားကျယ်ပြန့်လွန်းတော့ ဧရိယာအလိုက် တာ ဝန်ခွဲဝေပြီးလုပ်ရတာမို့ ကျနော်ကိုယ်တိုင်လည်း နေရာတိုင်းကို နေ့စဉ်ရောက်ဖို့ ခဲယဉ်းလှပါသည်။ တစ်နေ့တော့ ကျနော်နှင့်ရင်းနှီး သွားပြီဖြစ်သော ဗြိတိသျှလူမျိုး တပ်ဆင်ရေး မန်နေဂျာဖြစ်သူ လက်စ် တစ်ယောက် အလုပ်ထဲမှပြန်လာပြီး သူဆောင်းထားသော ဖိုင်ဘာဦး ထုပ်ကို အခန်းထောင့်သို့ ဝုန်းကနဲ ပစ်ပေါက်ထည့်ခါ ပါးစပ်မှလည်း ဒေါသတကြီး အယုတ်တ အနတ္တများကို ဆဲဆိုနေတာမို့ ကျနော်သူ့ အခန်းထဲသို့ မရဲတရဲဝင်သွားခါ ဖြစ်ပျက်ပုံကို အသာမေးမြန်းရပါသည် ။ "Useless and hopeless " (ေ_ာက်သုံးမကျ နဲ့ သုံးစားမရ) စကားလုံးများကို သုံးခါ ကျနော်တို့ ဒီဇိုင်းဌာနကို မေတ္တာပို့နေတာပါ။
ဖြစ်ပုံက သည်လိုပါ။ မိလ္လာရည်စတင်ဝင်ရောက်ရာ (Inlet Works) အဆောက်အဦးတွင် ပါဝင်လာသောအမှိုက်သရိုက်များ နှင့် လေးပင်သော သဲမှုံများကဲ့သို့သော ပစ္စည်းများကို ဖယ်ရှားပြီး နောက်တဆင့်သန့်စင်မည့်ကန်များရှိသော (Main Treatment Modules) အဆာက်အဦးသို့ ပိုက်လိုင်းများဖြင့် ပေးပို့ပါသည်။ တဖန် တစ်ပိုင်းသန့်စင်ပြီးသော မိလ္လာရွှံနှစ်ရည်များကို ပန့်များသုံးပြီး (Sludge Digesters) ခေါ် မီသိန်းဓာတ်ငွေ့ထုတ်သည့် အပြာနုရောင် ကွန်ကရစ်ကန်ကြီးများဆီသို့ ပေးပို့သည့် ပိုက်လိုင်းများ ဖြတ်သန်းသည့် (Pipe Gallery) မြေအောက် ကွန်ကရစ်စတုဂံပုံစံ လှိုင်ခေါင်းကြီးမှာ ဘောလုံးကွင်း သုံးကွင်းစာအ လျား (မီတာ ၃၃၀) ရှည်ပြီး အကျယ် ၆ မီတာ အမြင့် ၅ မီတာရှိပါ သည်။ အလျား ၁၁ မီတာအကန့် ၃၃ ခုကို ကွန်ကရစ်ဖြင့် တည်ဆောက်ထားပါသည်။ အလယ်ဆုံး ၃ ကန့်မှာ လက်ရှိ မိလ္လာပိုက်ကြီးများ ဖြတ်သန်းရန်အတွက် အမြင့် ၅ မီတာအစား ၇ မီတာ တည်ဆောက်ပုံကို မြို့ပြပုံစံများတွင် Plan နှင့် Cross Section view များဖြင့် ပြသထားသည်ကို ကျနော်တို့ဒီဇိုင်းဌာနမှ သကောင့်သားများက သတိမထားမိဘဲ (ပူးတွဲပါပုံတွင် အဝါရောင်အမှတ်အသားပြထား)။ ၆ မီတာခြား အမြင့် ၅ မီတာ အကျယ် ၄ မီတာ Pipe Support Steel Structure များ အခု ၅၀ ကျော်ကို PE ပါ လက်မှတ်ထိုး၍ ဒီဇိုင်းထုတ်ပြီး အပြင် ကန်ထရိုက်များဖြင့် ပြုလုပ်ခါ ထည့်သွင်း၍ ခက်ခက်ခဲခဲ တပ်ဆင်ရာ Pipe Gallery အလယ်ကန့်များတွင် ၂ မီတာစီ နိမ့်ဆင်းနေတာ ကို Consultant က တွေ့သွားပြီး ကျနော်တို့ တပ်ဆင်ရေး မန်နေဂျာအား ချက်ခြင်း အားလုံးပြန်ဖြုတ်ရန် အမိန့်ပေးသွားရင်း သူ့ဆီ ဘာ ကြောင့်ယခုလိုဖြစ်ရသည်ကို ဖြေရှင်းချက်တင်ခိုင်း သွားသည်ဟု ရှင်းပြပါသည်။ ကျနော်တို့ဒီဇိုင်းအင်ဂျင်နီယာများ Civil Drawing ကို နားမလည်ကြတာ ပေါ်သွားတာပေါ့ဗျာ။ အရှက်ကွဲတော့ ကျနော် တို့တပ်ဆင်ရေးတွေပါ။ ပြန်ပြင်ရတော့ ပိုပင်ပန်းတာလည်း ကျနော်တို့ဘဲ ဖြစ်ပါသည်။
စင်္ကာပူ မြင်းပြိုင်ကွင်းအသစ် ဆောက်ပြီ
****************************
စင်္ကာပူ၏ မြင်းပြိုင်ကွင်းဟောင်းမှာ Bukit Timah အရပ်တွင် ရှိပါသည်။ လာမည့်နှစ်တွင် တရုတ်ထံမှ ဗြိတိသျှတို့ နှစ်ရှည်ငှါးယမ်းခဲ့သည့် ဟောင်ကောင် နှင့် မကာအို ကို ငှါးယမ်း သက်ပြည့်၍ တရုတ်တို့ထံ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်ရာ နာ မည်ကျော် လောင်းကစားတစ်မျိုးဖြစ်သည့် မြင်းလောင်းပွဲများကို ခွင့် မပြုခဲ့သော် အဆိုပါ နှစ်စဉ်ဒေါ်လာ ဘီလီယံနှင့်ချီသော ဈေးကွက် ကို အစားထိုးနေရာယူရန် ပြင်ဆင်သည့်အနေဖြင့် စင်္ကာပူက ပိုမိုကြီး မားခောတ်မှီသော မြင်းပြိုင်ကွင်းအသစ်ကြီးကို ကျနော်တို့စီမံကိန်း နှင့်ကားလမ်း ရထားလမ်းသာခြားသော Kranji ဘူတာ၏ တစ်ဖက် ခြမ်းတွင် ၁၉၉၆ နှစ်လည်လောက်မှစ၍ စတင်ဆောက်လုပ်ပါသည်။ သူတို့နှစ်အတန်ကြာကပင် ကြိုတင်စီစဉ်ထားပုံရပါသည်။ ကျနော်ဘာ ကြောင့်ပြောနိုင်သလဲဆိုတော့ Kranji MRT ဘူတာတွင် တပ်ဆင်ထားသော စက်လှေကားများမှာ ဘူတာ၏ နှစ်ဖက်စလုံးတွင် အတက်အဆင်း နှစ်စင်းပြိုင်တပ်ထားလို့ပါ။ ဒါမျိုး အတက်အဆင်း စက်လှေကားနှစ်စင်းပြိုင်တပ်ထားသော အခြားဘူတာများမှာ City Hall, Raffle Place နှင့် Orchard ဘူတာများဘဲ ဖြစ်ပါသည် ။
ဟွန်ဒေးဆောက်လုပ်ရေးမန်နေဂျာကြီးမှာ တက် တစ်ခေါက် ခေါက်ဖြင့် " တင်မြင့် အဲ့ဒီစီမံကိန်းမရတာ ငါတို့သိပ်နာတယ်။ စီမံကိန်းတန်ဖိုးကလည်း အခုကျနော်တို့ရဲ့ မိလ္လာသန့်စင်စီမံကိန်း ထက်များပြီး Civil အနေဖြင့် လုပ်ရတာလဲ လွယ်မှာကွ။ ပြီးတော့ စီမံကိန်း ကာလက ၂ နှစ်ထဲ" လို့ မချိတင်ခဲ ပြောရှာပါသည်။ အမှန်က ကိုးရီးယားတို့ စင်္ကာပူဆောက်လုပ်ရေးဈေးကွက်ကို စတင် ထိုးဖေါက်သော စီမံကိန်းမှာ ကံမကောင်းအကြောင်းမလှစွာဖြင့် ယခု လုပ်နေရသော ဆောက်လုပ်ရ အလွန်ခက်ခဲသည့် Kranji Sewage Treatment Plant ကြီး ဖြစ်နေခြင်းဖြစ်ပါသည်။ အလားတူပင် ဂျပန်ကုမ္ပဏီများကလည်း ယခုလို Waste Water Treatment အပိုင်းတွင် ဈေးကွက်ဝေစုရရန် ဝင်၍အစွမ်းပြကြရာ ကျနော်တို့ ကုမ္ပဏီကလည်း ထိုစဉ်က တစ်ပိုင်းတစ်စ ဂျပန်ပိုင်ဖြစ်နေ ရာ ကိုယ်မကျွမ်းကျင်သည့်အပိုင်းတွင် ဝင်လုပ်ဖို့ဖြစ်လာပြီး အကုသိုလ် အလုံးလိုက်အခဲလိုက်ဝင်ခြင်း ဖြစ်ပါတော့သည်။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်း များကို ကျနော်တို့ ကုမ္ပဏီရဲ့ Sub Con အဖြစ်ပါဝင်ခဲ့သော အခြား ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Kurihara ပါ ဂြိုလ်ဆိုးဝင်ပါ လေတော့သည်။
ရှုံ့ခွက်သွားသော မီသိန်းဓာတ်ငွေ့လှောင်ကန်တစ်လုံး
*************************************
တည်ဆောက်ရေးကာလအတွင်း လူအသေအပျောက်မရှိပေ မင့် အလွန်ဆိုးဝါးသော မတော်တဆမှုကြီး ဖြစ်ပွားခဲ့ပါသည်။ ကျနော် ကနဦးအစက ပြောခဲ့သော မိလ္လာရည်များကို ဘက်တီးရီး ယားပိုးမွေးပြီး သန့်စင်သောအဆင့်ပြီးလျှင် အနှစ်ရည်များကို ဓာတ်ငွေ့ထုတ်ရန် ကြက်သွန်နီဥပုံစံ ကွန်ကရစ်အိုးကြီးများ ( Sludge Digester) အထဲသို့ ပေးပို့ခါ နောက်ထပ်ဘက်တီးရီး ယားပိုးများ ထပ်မံဖြစ်ပေါ်အောင် အတွင်းမှာဖြေးညှင်းစွာ မွှေထားပေး ရပါသည်။ ဒီတခါကတော့ လေလုံအောင်ထားရတာပါ။ Sludge Treatment ဟုခေါ်ပါသည်။ ရက်နှစ်ဆယ်ခန့်ထားလျှင် မီသိန်းဓာတ်ငွေ့များထွက်လာရာ ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့လှောင် ကန်များဆီသို့ ပို့ပေးခါ သိုလှောင်ရပါသည်။ ထိုမှတဆင့် ဓာတ်ငွေ့ နှင့် ဒီဇယ်ဆီ နှစ်မျိုးသုံး၍ လည်ပတ်နိုင်သော အင်ဂျင် (Dual Fuel Engine) ကိုသုံးခါ လျှပ်စစ်ဓာတ်ထုတ်ယူပြီး စက်ရုံတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။
ဓာတ်ငွေ့လှောင်ကန်၏ ပုံပန်းသဏ္ဌာန်မှာ ကွန်ကရစ်ကန် အဝိုင်းကြီးအတွင်း သံကန်တစ်ခုကို ဇောက်ထိုးမှောက်ထည့်ထားပုံ အတိုင်းတည်ဆောက်ရပါသည်။ အမိုးမှာ အခုံးပုံစံဖြစ်အောင် အတွင်း တွင် Light Steel Structure ဖြင့် တပ်ဆင်ထားပြီး ကွန်ကရစ် ကန်ဘောင်အဝိုင်းပေါ်တွင် သံကော်လံတိုင်များကို ထောင်လျက် တပ်ဆင်ခါ ကန်အောက်ခြေကို ရေဖြည့်ထားပါသည်။ ကန်အတွင်းမှ သံလှောင်ကန်ကြီးမှာ မီသိန်းဓာတ်ငွေ့များ ဝင်လာပါက ဓာတ်ငွေ့ ထုထည်များလာသည်နှင့်အမျှ တဖြည်းဖြည်းခြင်း မြှောက်တက်လာ ပြီး ဓာတ်ငွေ့များကို ထုတ်ယူသုံးစွဲပါက သံကန်ကြီးမှာ အောက်သို့ ပြန်၍နှိမ့်ကျလာပါသည်။ တည်ဆောက်ကာလ ၆ လကျော်ခန့်ဖြစ်ခဲ့ ရာ လုပ်ငန်းအသစ်မို့ မကျွမ်းကျင်တာလည်း ပါပါသည်။ နောက်ဆုံး အနေနှင့် အတွင်းအပြင်းဆေးသုတ်ပေးရရာ အတွင်းတွင် ငြမ်းများ ဆင်၍ သုတ်လိုက်ရာ အဆင်ပြေသွားပါသည်။ ပြီးတာနှင့် ကန်၏ အောက်ခြေကို ရေဖြည့်ပြီး တပ်ဆင်ပြီးသော ပိုက်လိုင်းများကို သုံး၍ ဓာတ်ငွေ့အစား လေမှုတ်သွင်းခါ အလယ်ရှိ ကံကန်ကြီးများ၏ မြှင့် တင်ခြင်း လေပြန်ထုတ်ခါ သံကန်ကြီးကို အောက်သို့နှိမ့်ခြင်းများကို အောင်မြင်စွာ စမ်းသပ်ကြပါသည်။ ထိုစဉ် ဆေးသုတ်တာဝန်ယူထား သူ အိန္ဒိယအင်ဂျင်နီယာမှ သံကန်ကြီးများ၏ အပြင်မျက်နှာပြင်ဆေး သုတ်ခြင်းကို ကျနော်တို့ယခုစမ်းသပ်ခဲ့သည့် မြင့်ခြင်း နိမ့်ခြင်း နည်းကို သုံးခါ ငြမ်းမဆင်တော့ဘဲ ကွန်ကရစ်ဘောင်ပေါ်မှနေ ဆေး သုတ်နိုင်ခွင့် တောင်းခံခဲ့ရာ ကျနော်တို့ Commissioning Manager ကလည်း ခွင့်ပြုခဲ့ပါသည်။
ပထမတစ်ကန်၏ အပြင်မျက်နှာပြင်များကို အောင်မြင်စွာဆေး သုတ်ပြီးစီးခဲ့ပါသည်။ ဒုတိယကန်ကိုလည်း အချိန်တစ်ပတ်ခန့် အတွင်း ပြီးစီးခါ ညနေ ၇ နာရီခန့်တွင် သံကန်မှ လေများကို ဖွင့်ထုတ်ပြီး သံကန်ကြီးကို ကွန်ကရစ်ကြမ်းပြင်ထိအောင် နိမ့်ချခါ ကွန်ကရစ်ကန်ကြီး၏ ရေများကို ဖွင့်ထုတ်ထားလိုက်ပါသည်။ နောက် တစ်နေ့တွင် ရေမြုတ်ထားသည့် အပိုင်းများကို ဆေးသုတ်ရန် ရည် ရွယ်ထားကြောင်း သိရပါသည်။ရေထုတ်ဗား (Drain Valve) ကိုသာ ဖွင့်ထားခဲ့ပြီး သံကန်ကြီးထိပ်တွင် တပ်ဆင်ထားသော လေထုတ်ဗား (Vent Valve) ကို ဖွင့်ခဲ့ဖို့မေ့လျော့ခါ အလုပ်မှ အိန္ဒိယအင်ဂျင်နီယာနှင့်အဖွဲ့ ပြန်သွားခဲ့ကြပါသည်။ ကျနော်လည်း အိမ်သို့ ည ၉ နာရီကျော်မှ ပြန်ရောက်ခါ ရေမိုးချိုး ထမင်းစားပြီး နောက်နေ့လုပ်စရာများကို မှတ်စုစာအုပ်မှ ပြန်စစ်နေပါသည်။ ညဆိုင်းများလုပ်နေသည်မို့ စိတ်ကတော့မအေးရပါ။ ည ၁၀ နာရီကျော်ခန့်တွင် အင်ဂျင်နီယာကိုမျိုးညွန့်ဆီက တယ်လီဖုံးဝင်လာ ပါသည်။
"အကိုရေ ပွဲခြင်းတော့ပီးပီ။ ထမင်းစားနေတုန်း ဂျိမ်းဆို အသံကြီး Gas Holder ဘက်ကကြားလို့ ကုလားအလုပ်သမား လေးတစ်ယောက်ခေါ်ပြီး သွားစစ်တော့ သံလှောင်ကန်ကြီး တစ်လုံး ရှုံ့ခွက်နေတာ တွေ့လို့ အကို့ကို သတင်းပို့တာ" တဲ့။ သူက တခြား အလုပ်မှာ တပ်ဆင်ရေးလုပ်နေသူပါ။ ကျနော့်ခေါင်းထဲ ညနေမပြန်ခင် က အိန္ဒိယအင်ဂျင်နီယာလေး သူ့၏ စက်စမ်းသပ်ရေးမန်နေဂျာကို သ တင်းပို့နေတာ သတိယလိုက်ပြီး "ကွန်ကရစ် လှောင်ကန်အောက်က ရေထုတ်ဗားကို ပိတ်လိုက်။ ငါလာခဲ့မယ်" လို့ပြော၍ အဝတ်အစား အမြန်လဲခါ ရာ တိုင်စီဖြင့်စီမံကိန်းသို့ ပြေးရပါသည်။ ရောက်လို့ အပေါ်တက်ပြီး လက်နှိပ်ဓာတ်မီးများဖြင့် ထိုး၍ စစ်ဆေးရာ သံကန် ကြီးအတွင်း လေဟာနယ်(Vaccum) ဖြစ်ပေါ်ပြီး အပြင်လေထု ဖိအား (Atmospheric Pressure) ကြောင့် မြင်မကောင်း အောင် အတွင်းသို့ တွန့်လှိမ်ရှုံ့ခွက်နေသော ဆေးသုပ်ပြီးစ ဓာတ်ငွေ့လှောင်ကန်ကြီးကို တွေ့လိုက်ရပါတော့သည်။ Vaccum Implosion ဖြစ်သွားခြင်း ဖြစ်ပါသည်။ အပေါ်၌တပ်ထားသော လေထုတ်ဗားမှာ ထင်သည့်အတိုင်း ပိတ်လျက်သားတွေ့တာကို ဖွင့်ခိုင်းလိုက်ပြီး အောက်က ရေထုတ်ဗားကို တော့ ကိုမျိုးညွန့်တို့ ပိတ်ထားတဲ့အတိုင်းထားဖို့ ပြောခါ ရုံးသို့ပြန် ကျနော့်မန်နေဂျာကို ဖုံးဆက်ပြီး သတင်းပို့လိုက်ပါသည်။ သူလည်း မကြာခင် စီမံကိန်းသို့ သူ့ကားဖြင့်ရောက်လာကြည့်ပြီး မျက်စိ မျက်နှာမကောင်းတော့ပါ။ ကျနော်ကတော့ တွေ့ရှိချက်မှတ်တမ်းကို ချက်ခြင်းလုပ်ထားခါ ကျနော့်မန်နေဂျာလိုက်ပို့၍ ည ၁ နာရီကျော်မှ အိမ်ပြန်ရောက်ပါ သည်။ ထိုနေ့ညက သေချာပေါက်အိပ်မရတော့မှန်း သိလိုက်ပါပြီ။
နောက်တနေ့မနက်ကတော့ ပွဲကြီးပွဲကောင်းပါခင်ဗျာ။ ထုံးစံ အတိုင်း Consultant ထံမှ ပျက်စီးသွားသော ဓာတ်ငွေ့လှောင် ကန်၏ ပိန်လှိမ်ကောက်ကွေးနေသော သံထည်များကို စီမံကိန်းမှ ချက်ခြင်းဖယ်ရှားရန်နှင့် အသစ်ပြန်ဆောက်မည့် အစီအစဉ်ကို သူ့ထံတင်ပြရန်နှင့် ဖြစ်လာသမျှ အကျိုးဆက်များ၏ တာဝန်မှာ ကျနော်တို့၏ တာဝန်သာဖြစ်ကြောင်း ပါဝင်သည့်စာရှည်ကြီးကို လက်ခံရှိကြပါလေတော့သည်။
(အပိုင်း ၉ ဆက်ပါမည်။)
၁၆:၄၀ နာရီ
၁၄/၀၆/၂၀၁၇



ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၉ )
***********************
လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အားပေးစက်ကြီးများ
**********-****************************
အမှန်တကယ်က စင်္ကာပူလိုလျှပ်စစ်ဓာတ်အားကို အမြဲတန်း အပြည့်အဝရနိုင်သည့်နေရာတွင် ယခုပြောပြမည့် လောင်စာနှစ်မျိုး သုံးပြီး လျှပ်စစ်ဓာတ်အားပေးစက် (Dual Fuel Engine) များကို မိလ္လာသန့်စင်ရေးစီမံကိန်းတွင် ပါဝင်ရန် မလိုအပ်ဟု ကျနော်ထင်မြင် မိပါသည်။ သို့သော်လည်း Sludge Treatment Process အရ မိလ္လာအနှစ်များကို Anaerobic process (လေမဲ့ဘက်တီး ရီးယားမွေးမြူခြင်း) လုပ်ရာတွင် မလွဲမသွေထွက်လာမည်ဖြစ်သော လောင်စာအဖြစ်သုံးနိုင်သည့် မီသိန်းဓာတ်ငွေ့ကို အလကားမီးရှို့ပစ် ရမည့်အစား ပြန်လည်အသုံးချခြင်း ဖြစ်ပါသည်။ ငွေတတ်နိုင်တာလဲ ပါပါလိမ့်မည်။ မီသိန်းဓာတ်ငွေ့ ထွက်တာနည်းနေပါက အဆိုပါ အင်ဂျင်ကြီးများကို ဒီဇယ်ဆီဖြင့် မောင်းနှင်နိုင်ပါသည်။ ဒီအတွက် စက်ရုံပိုင်ရှင်က အမျိုးအစား အမှတ်တံဆိပ်ကို (Owner recommed item) အဖြစ် Wartsila Engine များကို တင်ဒါအဆင့်ကတည်းက ရွေးထားပြီးသားဖြစ်ရာ ကျနော်တို့၏ လျှပ်စစ်လုပ်ငန်း ကန်ထရိုက်တာ Kurihara ကုမ္ပဏီ မှာ ကျသင့် သလောက်ပေးဝယ်ခါ တပ်ဆင်ပေးရပါသည်။
ပိုင်ရှင်က ဒီ Brand ဘဲသုံးရမည်ကို သိပြီးသားမို့ ထုတ်လုပ် သူများကို ဈေးမဆစ်နိုင်တော့ပါ။ စင်္ကာပူတင်ဒါက စက်ပစ္စည်းတိုင်း အတွက် နှစ်နှစ်စာ အပိုပစ္စည်း နှင့် လိုအပ်သည့် စက်ဆီချောဆီအစ ရှိသည်တို့ကို အမျိုးအစားသာမက အကယ်၍ ထိုစက်ဆီချောဆီများ မရနိုင်ပါက အခြားအမျိုးတူ စါရင်းများပါ ပေးရပါသည်။ ထားပါတော့ ဗျာ။ အခုတပ်ဆင်ရေးကို Kurihara က တကယ့်ကျွမ်းကျင်သည့် တပ်ဆင်ရေးအုပ်စုကို ကြေးကြီးပေးငှါးခါ ဆောင်ရွက်ပါသည်။ တပ် ဆင်ပုံတပ်ဆင်နည်း (Method of statement) ကို ပုံစံများနှင့် တကွတင်ပြ၍ Consultant ၏ အတည်ပြုချက်ကို ရယူခဲ့ပြီး စံနစ် တကျပြင်ဆင်ထားရာ ဟာကွက်မရှိအောင် ပင်ဖြစ်ပါသည်။ အင်ဂျင် ကြီး နှစ်လုံးကို စင်္ကာပူဆိပ်ကမ်းမှ သယ်ယူလာပြီး တန် ၁၀၀ ကရိန်း သုံးခါ Lifting Team က Procedure အတိုင်း တပ်ဆင်မည့် အဆောက်အဦး အဝင်ဝတွင် ဆင်ထားသော Steel Rails များပေါ် ချပါသည်။ ထိုမှတဆင့် ဝန်ဆွဲစက် (Winch) ဖြင့် ဖြေးဖြေးခြင်း တပ်ဆင်ရမည့် ကွန်ကရစ်ခုံပေါ်ရောက်အောင် ဆွဲတင်ခါ နေရာမှန် ရောက်သည်နှင့် (Hydraulic Jacks) များသုံးခါ ဖောင်ဒေးရှင်း ဘိုးတိုင် (Foundation Bolts) များကို တပ်ဆင်၍ အင်ဂျင်တပ် ဆင်ရေး ပင်မအလုပ်ကြီးကို အောင်မြင်စွာ အဆုံးသတ်လိုက်ကြပါ သည်။ Consultant ရုံးမှ Resident Engineer (Mech) က တပ်ဆင်နေစဉ် ပြုံးပြုံး ပြုံးပြုံးဖြင့် ခေတ္တလာကြည့်သွားပါသည်။ စကားတစ်ခွန်းမှ မပြောပါ။
ထိုအင်ဂျင်ကြီးများတပ်ဆင်ရေးမှာ စီမံကိန်း၏ တစ်ခုသော အရေးပါသည့်တပ်ဆင်ရေးဖြစ်ရာ တစ်နေကုန်ပင်ပမ်းထားသမျှ မေ့ ကုန်ပြီး ကုမ္ပဏီလူကြီးများ ဂျပန်မန်နေဂျာများ ကျနော့်မိတ်ဆွေကြီး ဗြိတိသျှတပ်ဆင်ရေးမန်နေဂျာ နှင့် ကျနော့်ဆရာမန်နေဂျာအပါအဝင် အားလုံး ရှန်ပိန်အရက်ပုလင်းဖွင့်သောက်ခါ အောင်ပွဲခံကြပါသည်။ အားလုံး တဝါးဝါး တဟားဟား ပေါ့ဗျာ။ နောက်တစ်နေ့မနက် လည်း ရောက်ရော အားလုံးငိုပွဲဆင်ရမည့်ကိန်းဖြစ်ပါတော့သည်။ စောစော စီးစီး ရောက်လာသော RE (Mech) ကိုယ်တော်ချောလေး ၏ စာတွင် ထုံးစံအတိုင်း ကျနော်တို့ရဲ့ မနေ့က အင်ဂျင်ကြီးများကို တက်ညီလက်ညီ စံနစ်တကျ တပ်ဆင်ခဲ့ကြတာကို သူ့အနေနှင့် မချီးကျူးဘဲကို မနေနိုင်သဖြင့် ချီးကျူးလိုက်ရပါကြောင်း အစချီထား ရာ သူ့စာရေးနည်းကို မကြာခဏဖတ်ရလွန်း၍ သူ့အကြောင်းကို နောကျေနေပြီးဖြစ်ရာ ကမန်းကတမ်း စာပိုဒ်များကို ကျော်ပြီး နောက် ဆုံးဒုတိယအပိုဒ်ဖြစ်သော သို့ရာတွင် (However) ဖြင့်စလေ့ရှိ သည့် စာပိုဒ်ကိုဖတ်လိုက်ရာ ကျနော်တို့အနေနှင့် လျှပ်စစ်ပိုင်းဆိုင် ရာ တပ်ဆင်ရေးလိုအပ်ချက်များအနက် ယခုတပ်ဆင်ခဲ့သည့် အင်ဂျင် ကြီးများ၏ ကွန်ကရစ်ဖေါင်ဒေးရှင်းများကို စက်မတပ်ဆင်မီ Epoxy Painting ဆေးသုတ်ရမည့်အချက်ကို ကျနော်တို့သတိ မေ့ လျော့နေခဲ့တာ တွေ့မြင်ရ၍ တပ်ဆင်ထားသော အင်ဂျင်ကြီး များ ကို အမြန်ပြန်လည်ဖယ်ရှားရန် နှင့် ဖေါင်ဒေးရှင်းခုံများကို ဆေးသုပ်မည့် အစီအစဉ်ကို အမြန်ဆုံးသူတို့ထံ တင်ပြ၍ အတည်ပြုချက်ယူရန် တိုက်တွန်းပါကြောင်းတဲ့ဗျား။ သူလာကြည့် တုန်းက ပြောလိုက်ပါလားဗျာ။ ဒါကသူတို့ထုံးစံပါ။ ဆိုက်ထဲတွင် ငါးစိမ်းသည်ရန်ဖြစ်သလို မျိုးကို လုပ်လေ့မရှိဘဲ ပြန်သွားမှ စာအား ဖြင့် ပညာရှိနှိပ်စက်ခြင်း ဖြစ်ပါသည်။
ကျနော်တို့နှင့်ကန်ထရိုက်တာ Kurihara တို့ ထို Epoxy coating ဆေးသုပ်ခြင်းအတွက် သူ့အလုပ် ကိုယ့်အလုပ် စကား များကြပါတော့သည်။ Mech Specification တွင် မပါဝင်ဘဲ Electrical Specification တွင် လိုအပ်ချက်ကို ရေးသားထား ရာ လျှပ်စစ်ကန်ထရိုက်တာကလည်း သူ့အလုပ်လို့ဘယ်ထင်ပါ့မ လဲဗျာ။ ဘာဘဲဖြစ်ဖြစ် အင်ဂျင်ကြီးများကို ပြန့်ဖြုတ် ပြန်တပ်လုပ်ရ တော့ ငွေနှင့်အချိန် ထပ်ကုန်ရပြန်ပါသည်။
ဇနီးသည်၏ ပထမဆုံးအလည်အပတ်ခရီး
*****************************
စီမံကိန်း၏ ပြောမဆုံးပေါင် တောသုံးတောင် ကိစ္စကို အသာ ထား၍ ဇနီးသည်၏ မှီခို (Dependent Pass) လျှောက်ထားမှုမှာ လည်း ဒုတိယအကြိမ် ပယ်ချခြင်းခံရပြန်ရာ ၁၉၉၆ ခုနှစ် စက်တင်ဘာ လတွင် အလည်ခေါ်ရပါသည်။ ဒါတောင် အဝင်မှာ သုံးပတ်သာခွင့်ပြု ရာ တိုရေရှားရေ ရှိကြလေခြင်းဟု စိတ်ထဲဖြစ်မိပါသည်။ တချိန်ထဲမှာ ဘဲ ကျနော်လည်း Teban Garden အရပ်ရှိ အိမ်ခန်းမှ စီမံကိန်း နှင့်နီးရာ Admiralty ရှိ တိုက်ခန်းသို့ ကိုမျိုးညွန့် ကိုဝင်းမြိုင် ကိုဝင်းနိုင်တို့နှင့် အတူနေရန် ပြောင်းရွှေ့ခဲ့ပါသည်။ ရေခြားမြေခြား တွင် မိသားစုများနှင့် ခွဲခွာ၍ စားဝတ်နေရေးအတွက် လုပ်ကိုင်ကြရသူ များအဖို့ လွမ်းတာဆွေးတာတွေက ရှိပေမင့် အလုပ်ဖိစီးလွန်းပါက အိမ်သူသက်ထားကို လွမ်းရေးထက် ဝမ်းရေးခက်သောကာလများ ဖြစ်ရာ အလုပ်မှခွင့်ယူလာသူ ဇနီးသည်ကိုပင် အလုပ်ပိတ်ရက်များ တွင်သာ မိတ်ဆွေများနှင့်ချိန်း၍ လည်ပတ်ရပါသည်။
သွားလာနေချိန်အတွင်းမှာကို အရေးပေါ်အလုပ်မှဖုံးခေါ်လျှင် ဖြေရပါသေးသည်။ ဇနီးသည်က ပြောပြ၍ သိရသည်မှာ သမီးပိစိ မူကြိုကျောင်းတွင် အဆင်ပြေပေမဲ့ မကြာခဏ အမေနှစ်ယောက်ကို ဆရာမက တိုင်လေ့ရှိရာ များသောအားဖြင့် ခလေးသဘာဝ ရန်ဖြစ် တာလေးတွေပါ။ သမီးက သူ့ကို သူများက လာလုပ်လျှင် ချက်ခြင်း ပြန်မလုပ်ဖဲ ဆရာမကို "နောက်တစ်ခါ လာလုပ်လျှင် သမီးပြန်လုပ်မှာ နော် ဆရာမ" ဟု တိုင်ထားတတ်ပြီး နောက်တစ်ကြိမ် အရင်စလုပ်သူ က ခဲတန်အချွန်လေးဖြင့် နောက်ကျောကို လာထိုးတာနှင့် လူကို လှည့်လိုက်ပြီး လုပ်တဲ့သူခလေး ၏နားရင်းကို ဖြောင်းကနဲနေ အောင် ပိတ်ရိုက်လိုက်ရာ လာစသူခလေးခမျာ အတော်ခံရ၍ ငိုယိုခါ ဆရာမကို သွားတိုင်တော့ ဆရာမက "သမီး ဘာဖြစ်လို့ ဒီလို လုပ်တာလဲ" ဟုမေးရာ သမီးက "ချာမကို လာပြောထားပီးပီလေ။ ဒီတစ်ခါ ခဲတန်နဲ့လာထိုးရင် သမီးပြန်လုပ်မှာ ဆိုတော့ ချာမက အေး အေး ဆို" ဟု ပြောရာ ထုံးစံအတိုင်းအမေဖြစ်သူကို ခေါ်လေ့ရှိသဖြင့် သမီးပိစိအတွက် ထူးခြားစွာ သူ့အမေအပြင် ကျနော့်ဇနီးသည်ကိုပါ အမည်ပေးထားရာ ပြဿနာပေါ်တိုင်း သမီး၏ အမေဖြစ်သူက ကျနော့်ဇနီးသည်၏ အလုပ်သို့ ဖုံးဆက်ပြီး ခေါ်လေ့ ရှိပါသည်။ ကျနော့်ဇနီးသည်မှာ ပါတိတ်ထမီအသစ်များ အမြဲ ဝယ်ဆောင်ထား ရသည်အထိ ဖြစ်ပါသည်။ ပြဿနာပေါ်တိုင်း ဆရာမကို ပေးပြီး မျက်နှာချိုသွေးရ တစ်ဖက်ခလေး၏ အမေဖြစ်သူကို ကျေနပ်အောင် တောင်းပန်ရတာပေါ့ဗျာ။
သုံးပတ်တစ်ခါ နေထိုင်ခွင့်ကုန်ခါနီးရင် စင်္ကာပု လူဝင်မှုကြီး ကြပ်ရေးရုံးတွင် သက်တမ်းတိုးလျှောက်ရပါသည်။ ကျနော်မလိုက် ပါ နိုင်ပါ။ ကျနော့်မန်နေဂျာ၏ စာရေးမကြီး အီးနက် (Ennet) ကို လိုက်ပို့စေပါသည်။ လင်ကိုယ်မယား ထမင်းလက်ဆုံအတူစားဖို့ မနည်းလုပ်ရတာပါ။ တစ်ပတ်ခန့်နေပြီးတာနှင့် ကျနော်တို့၏ မိုးလင်း မိုးချုပ် လုပ်ရကိုင်ရတာတွေကို ဇနီးသည် သဘောပေါက်လာပါတော့ သည်။ Dependant Pass ရလို့ သူလိုက်လာနေရလည်း ဒီလို ဘဲဖြစ်မှာမို့ လာနေရင်တော့ သူလည်းအလုပ်တစ်ခုခု လုပ်မှဖြစ်မှာ ဟု ပြောရှာပါသည်။ နှစ်လခန့်နေသွားပြီး အောက်တိုဘာလကုန်တွင် ပြန်သွားရပါသည်။ အတူနေကြသူများက သမီးပိစိအတွက် လက်ဆောင်များ ဝယ်ပေးလိုက်ကြပါသေးသည်။ ဇနီးသည် ခွင့်မှပြန် ဝင်သည်နှင့် သူ၏ဆေးကုမ္ပဏီက မန္တလေးရုံးခွဲသို့ တာဝန်ခံအဖြစ် သွားရမည်ဟု ပြောကြောင်းစာရေးလာပါသည်။ သူ့ဝန်ထမ်းဆိုမှ ထားရာနေ စေရာသွား မဟုတ်ပါလားဗျာ။
Sludge Digesters
******************
ဘာသာပြန်ရခက်ခဲသောကြောင့် အင်္ဂလိပ်ဘဲ ထားလိုက်ရပါ သည်။ အထက်က ဆိုခဲ့သည့်အတိုင်း Sludge Treatment Process အရ မိလ္လာအနှစ်များကို ကြက်ဥဘဲဥကို ထောင်ထား သည့်ပုံစံ (Egg Shape) တည်ဆောက်ထားသော ကွန်ကရစ် အလုံပိတ်ကန်ကြီးများအတွင်းသို့ ထည့်သွင်းခါ လေမဲ့ဘက်တီးရီး ယားများမွေးမြူခါ ဓာတ်ပြောင်းအောင်လုပ်ရာတွင် ဆောက်လုပ်ရ အလွန်ခက်ခဲသော ယခုပုံစံက Process Time အမြန်ဆုံးဟု ဆိုပါသည်။ မြို့ပြလုပ်ငန်းကန်ထရိုက်တာ အနေဖြင့် ဆောက်လုပ်ရေး စားရိတ် ဆုံးရှုံးမှုကြီးမားခဲ့ပါသည်။ အတွင်းနံရံ Epoxy painting များကို အပ်ဖျားပေါက်ရှာကရိယာ ( Honey Moon Detector) ဖြင့် နေရာမလပ် စမ်းသပ်ခံရပါသည်။ အကျယ်ဆုံးနေရာတွင် ၁၅ မီတာ အချင်းရှိပြီး နံရံ၏ အနည်းဆုံးနေရာ အထူမှာ ၅၀ စင်တီမီတာ (နှစ်ပေ လေးလက်မလျော့)နှင့် အမြင့်မှာ မြေပေါ်အမြင့် ၂၇ မီတာ (ပေတစ်ရာခန့်) မြေအောက်တွင် ၁၅ မီတာ ခန့်ဆိုလျှင် Sludge Digester ကြီးတစ်ခု၏ အရွယ်အစားကို ခန့်မှန်း နိုင်ကြပါပြီ။ Kranji site တွင် အရွယ်တူ သုံးလုံးတည်ဆောက်ပြီး အပေါ်ပိုင်း များကို ကွန်ကရစ်တံတားများဖြင့် ဆက်သွယ် ဆောက်လုပ်ထားပါ သည်။
ကျနော်တို့စက်တပ်ဆင်ရေးက တစ်ခုလျှင် အချင်း ၉၀ စင်တီမီ တာ အထူ ၁၂ မီလီမီတာ အမြင့် မီတာ ၂၀ ရှိပြီး သတ္တုစားခြင်းကို ကာကွယ်သည့် သုတ်ဆေးများသုတ်လိမ်းထားသော သံပိုက်ကြီးတစ် ချောင်းစီကို တန် ၁၀၀ ကရိန်းဖြင့် ထည့်သွင်းတပ်ဆင်ရပါသည်။ Draft Tube ဟုခေါ်ပါသည်။ ပိုက်၏ အောက်ခြေကို ကန်အောက် ခြေအလယ်ဗဟိုတည့်တည့်တွင် သုံးချောင်းထောက် စတီးဒေါက်များ ဖြင့် ချုပ်ထားပြီး ပိုက်အထက်ပိုင်း၏ နှစ်နေရာကို သံမဏိဆိုင်းကြိုး များဖြင့် ကွန်ကရစ်ကန်၏ နံရံများတွင် ချည်ထားရပါသည်။ ကန်၏ အတွင်းပိုင်းမှာ မဲမှောင်နေ၍ အလင်းရောင်ရအောင် မီးထွန်းပေးခြင်း လေဝင်လေထွက်ရအောင် လေမှုတ် လေစုပ်စက်များသုံးရခြင်း အလုပ်သမားများအားလုံးကိုယ်စီတွင် Safety Belt မဖြစ်မနေတပ် ဆင်လုပ်ကိုင်ရခြင်း အတွင်း၌ ဆင်ထားသော သံပိုက်ငြမ်းများပေါ်တွင် အန္တရာယ်မဖြစ်အောင် ဖြေးညှင်းစွာ တက်ဆင်းလုပ်ကိုင်ရခြင်း တို့က အလွန်ပင် ပမ်းဆင်းရဲလှပါသည်။ ပိုက်တပ်ပြီးမှ ကန်အတွင်းပိုင်းတွင် လည်ပတ် မွှေပေးမည့် သံမဏိဒလက်များနှင့် မော်တာကြီးများကို အပေါ်မှ ကရိန်းနှင့် ချိတ်ဆွဲတပ်ဆင်ပါသည်။ ကျနော်မေးမြန်းကြည့် တော့ ကျနော့်ဗြိတိသျှမန်နေဂျာကြီးမှာ ကျနော့်လိုဘဲ ဒါမျိုးကို ပထမဆုံးမြင်ဘူးတာပါတဲ့။ ဒါတွေတပ်နေတုန်းက ကျနော့်မှာ နေ့စဉ် ပေ ၁၀၀ ခန့် အမြင့်ကို လှေကားမှတဆင့် ကိုယ့်ခြေထောက် ကိုယ်သုံးပြီး တက်လိုက် ဆင်းလိုက်လုပ်ရပါသည်။ အပေါ်ဆုံးတွင် Flame Arrester များ နှင့် ဓာတ်ငွေ့ထုတ်ပိုက်လိုင်းများ အခြားသော လျှပ်စစ်တပ်ဆင်ရေးများလည်း ရှိပါသေးသည်။ ကျနော် ဆိုလိုသည်မှာ အများစုသော မိလ္လာသန့်စင်စက်ရုံများမှာ သမရိုးကျ နည်းစဉ်များကိုသာသုံး၍ တည်ဆောက်ပါက ယခုထက်လွယ်ကူ သောပုံစံများဖြစ်သောကြောင့်သာ ကျနော့်အထက်က အတွေ့အကြုံ ရင့်လှသော မန်နေဂျာကြီး မမြင်ဘူးတာ ဖြစ်နိုင်ပါသည်။ (ပူးတွဲပါ ပုံစံများကို လေ့လာနိုင်ရန် ရှာဖွေတင်ပြထားပါသည်။)
ကန်ကြီးများ၏ အောက်ခြေမှ လေမဲ့ဘက်တီးရီယားမွေးမြူ ခြင်းဖြင့် ပြုပြင်သန့်စင်ပြီးသော မိလ္လာအနှစ်များကို Sludge Draw-off Screw Pump ကြီးများဖြင့် စုပ်ပြီး ရေခြောက် အောင် လုပ်မည့် ဗဟိုခွာအားသုံးစက်ကြီးများ (Dewatering Centrifuge) စက်များဆီသို့ ပိုက်လိုင်းများဖြင့် ပေးပို့ရာလည်း မြေအောက်ကွန်ကရစ် အဆောက်အဦးများကိုသာ သုံးပါသည်။ ရေဖယ်ထုတ်ပြီးသော မခြောက်တခြောက် ရွှံ့ခဲများနှင့်တူသည့် Sludge Cake များကိုတော့ သံမဏိဝက်အူကွန်ဗေယာ (Screw Conveyor) များကို သုံး၍ ကျနော်တို့ကုမ္ပဏီက ပုံစံဆွဲတည်ဆောက်ထားသော Sludge Cake Silo ကြီးနှစ်ခုအ တွင်းသို့ ပေးပို့သိုလှောင်ပါသည်။ ထိုမှတဆင့် ပက်လက်ကားကြီး များဖြင့် သည်ဆောင်ခါ ပင်လယ်ကမ်းစပ်ကို မြေဖို့သည့်နေရာများ သို့ သယ်ပို့ကြမည်ဖြစ်ပါသည်။
(အပိုင်း ၁၀ ဆက်ပါမည်။)
၀၈:၂၅ နာရီ
၁၇/၀၆/၂၀၁၇



ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၁၀ )
************************
Kranji မိလ္လာသန့်စင်စက်ရုံ၏ လေသွင်းလေထုတ်စံနစ်
****************************************
ကျနော်အရင်အပိုင်းတွေမှာ ဖော်ပြခဲ့သလို Kranji Sewage Treatment Works Phase III ၏ အဆောက် အဦးအများစုမှာ မြေအောက်တွင် တည်ဆောက်ထားရာ အဆောက် အဦး၏ အထပ်တိုင်းနှင့် ပိုက်လိုင်းများတပ်ဆင်ထားသော Pipe Gallery များအားလုံးတွင် အရေးပါသော လေသွင်းလေထုတ်လိုင်း ကြီးများကို တပ်ဆင်ရေးမှာ ဒုက္ခအရောက်ဆုံး တပ်ဆင်ရေးတစ်ခုဖြစ် ခဲ့ပါသည်။ ဒီဇိုင်းလုပ်ခြင်းကို စင်္ကာပူ၏ Mechanical Ventilation System အတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီ တစ်ခုကို အပ်ရပါသည်။ Control Rooms များအတွက်သာ Air Conditioning လိုအပ်ပါသည်။ ဒီဇိုင်းအဆင့်တွင် ပြဿနာစတင် တက်ရာတွင် လေသွင်းရာ အခန်း အကန့်များ၏ လိုအပ်သော Fresh Air ထုထည်ကို အင်အားလုံလောက်သော လေမှုတ်စက် Air Blowerများဖြင့် အလွယ်တကူ ဒီဇိုင်းလုပ်နိုင်ကြသော်လည်း မသန့်စင်သောလေများ (Exhaust Air)ကို ပြန်လည်စုပ်ယူထုတ် ပေးရမည့် လေထုတ်လိုင်းများကိုမူ အခန်းအကန့်များ၏ မတူညီ သော အခြေအနေများကြောင့် ခွဲခြားလုပ်ကိုင်ရသည်ကို အမှတ်ရမိပါ သည်။ Main Pipe Gallery ၏ မသန့်စင်သောလေများကို သမ ရိုးကျ စုပ်ပြီး အပြင်လေထုအတွင်းသို့ မှုတ်ထုတ်နှိုင်သော်လည်း ကျန်သော အဆောက်အဦးများ၏ အခန်း အကန့်များရှိ လေဆိုးများ မှာ အနံ့ဆိုးများပါဝင်နေ၍ ပြင်ပသို့ မစွန့်ထုတ်မှီ အနံ့ဆိုးများကို ဓာတုနည်းများဖြင့် သန့်စင်စေသော Odour Treatment Plant များကို သက်ဆိုင်ရာ အဆောက်အဦးများ၏ အပေါ်ဆုံးတွင် တပ်ဆင်ခါ အနံ့ဆိုးသန့်စင်ပြီးမှ ပြင်ပလေထုထဲသို့ စွန့်ထုတ်စေပါ သည်။ ပြဿနာမှာ မိလ္လာသန့်စင်နေသော စက်များ ကန်များရှိသည့် အခန်းတွင် အနံ့ဆိုးများရှိနေရာ လေဝင် လေထွက်နှင့်ပတ်သက်၍ Mechanical Ventilation ဒီဇိုင်း နှင့် Odour Treatment Plant ဒီဇိုင်း နှစ်ဖွဲ့အတွင်း တွက်ချက်ရင်း ငြင်းခုံကြတာ မှတ်မိပါ သေးသည်။
တပ်ဆင်ရေးအနေနှင့်ကတော့ နှစ်မျိုးစလုံးအတွက် Ducting လိုင်းများကို ပြုလုပ်တပ်ဆင်ရာတွင် ခေါင်းစားခဲ့ရပါ သည်။ Odour Treatment လိုင်းများမှာ FRP (Fibre Reinforced Plastic) များဖြင့် ပြုလုပ်ထားသော Ducting Line များဖြစ်ပြီး လေသွင်း လေထုတ်လိုင်းများအတွက် သွပ်ရည်စိမ် သံ ( Galvanized Iron, GI) ၂ မီလီပြားများကို စီမံကိန်းအတွင်း နေရာ တောင်းခါ ဖြတ်ခြင်း တောက်ခြင်း ခေါက်ဆက်များဖြင့် လိုအပ် သည့်ပုံသဏ္ဌာန် အရွယ်အစားအလိုက် ထုရိုက်ခြင်း ဆေးသုပ်ခြင်း များကို ပြုလုပ်ပြီး အဆောက်အဦးများအတွင်းသို့ သတ်မှတ်ထား သော Loading / Unloading အပေါက်များမှတဆင့် ချခါ အတွင်းရှိတပ်ဆင်ရမည့်နေရာသို့ လူအားဖြင့်သာရွှေ့ပြောင်းရပြီး အနည်းဆုံး ၅ မီတာအမြင့် ကွန်ကရစ်မျက်နှာကျက်များတွင် တပ်ဆင်ရာ အချိန်ကုန် လူပမ်းလှပြီး အလုပ်မတွင်လှပါ။ ကျနော်တို့ Kranji စီမံကိန်းတွင် တပ်ဆင်ခဲ့ သော ပျှမ်းမျှ ၁ မီတာ (၃ ပေခန့်) စတုရန်းအရွယ် Ducting အလျားမှာ စုစုပေါင်း ၁၇ ကီလိုမီတာ (၁၀ မိုင်ကျော်ခန့်) ရှိပါသည်။ တစ်ချို့မှာ ကြီးမားသောအရွယ်အစား ကြောင့် တစ်ဝက်တစ်ပျက်သာ အပြင်တွင်ပြုလုပ်ပြီး Unloading အပေါက်နှင့်ဆန့်ရုံသာ ထည့်သွင်းခါ တပ်ဆင်ရမည့် နေရာအနီး တွင် အပြီးသပ်ပြုလုပ် တပ်ဆင်ရပါသည်။
စင်္ကာပူ၏ Fire Safety Regulations များ ပြောင်းလဲခြင်း
*********************************************
ကျနော်တို့တပ်ဆင်ရေးနှင့်ဟွန်ဒေး၏ မြို့ပြဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ငန်းပြီစီးရန် အသဲအသန်ဖြစ်နေချိန်တွင် စီမံကိန်းကာ လကို ၁၉၉၇ ခုနှစ် ဇွန်လကုန်တွင် ပြီးစီးရမည့်အစား နောက်ထပ် ၆ လ တိုးခါ နှစ်ကုန်တွင်မှ ပြီးစီးခွင့်ကို ဧပြီလထဲတွင် တောင်းခံခဲ့ပါ သည်။ Consultant ထံမှ ဘာသံမျှထွက်မလာပါ။ သူတို့လည်း တစ်ခုခုဖြစ်နေတယ် ထင်တယ်ဟု ဟွန်ဒေး ဆောက်လုပ်ရေး မန်နေ ဂျာက ကျနော့်ကို ပြောပါသည်။ အမှန်တစ်ကယ်အားဖြင့် ပြီးစီးနိုင် မည့်ကာလမှာ နောက်ထပ် ၆ လ မကလိုသော်လည်း မတင်ပြရဲကြပါ ။ ပထမတစ်ဆင့်ရပြီးမှ နောက်ထပ် ထပ်တောင်းကြမည်ဟု သဘော တူထားကြပါသည်။
ထိုစဉ် စင်္ကာပူ၏ Fire Safety Bureau မှ ထုတ်ပြန်သော Fire Safety နှင့်ပတ်သက်သည့် လိုအပ်ချက်အသစ်များ New Regulations များထွက်ပေါ်လာသောကြောင့် အဆိုပါ လိုအပ် ချက်များကြောင့် ထိခိုက်သည့်လုပ်ငန်းများကို စါရင်းပြုစုခါ အမြန်ဆုံး တင်ပြရန် စာကို လက်ခံရှိခဲ့ပါသည်။ အင်ဂျင်နီယာများကို ကိုယ့်အ ပိုင်းလိုက် ထိခိုက်မည့်လုပ်ငန်းများကို စစ်ဆေးပြုစုစေရာ Fire Safety Zone များ၏ သတ်မှတ်ချက် (Fire Resistance Rating) များအပြောင်းအလဲများကြောင့် လျှပ်စစ်မော်တာများ အချို့လျှပ်စစ်ဝါယာကြိုးများ အသစ်လဲလှယ်ပေးရန် လိုအပ်ခြင်း တပ်ဆင်ထားပြီးသော လေသွင်းလေထုတ် Ducting လိုင်းများ၏ ၃၀ % ကျော် အပိုင်းများတွင် အဟောင်းများကို ဖြုတ်ချပြီး အသစ်ပြု လုပ်ရန် လိုအပ်လာခြင်း Fire Hydrants, Fire Hose Reels, Fire Extinguishers, Smoke Detectors, Sprinkler Water Systems, Fire Fighting Systems စသည့် လိုအပ်ချက်များ ထောင်သောင်းမက ပေါ်ထွက်လာရာ ကျနော်တို့ တစ်တွေ ဝမ်းနည်းရမလား ဝမ်းသာရမလားပင် မသိတော့ပါ။
မြို့ပြလုပ်ငန်းအောက်ရှိ အဆောက်အဦးအခန်းများတွင် မီးအပူ ဒဏ် အနည်းဆုံး ၂ နာရီကြာ ခံနိုင်သော တံခါးများတပ်ဆင်ဖို့ အချို့နေရာ အတော်များများတွင် မီးခံအုတ်နံရံများ (Fire Wall)ကို အသစ်ထည့်ပေးဖို့ အချို့နံရံများ မျက်နှာကြက်များကို လိုအပ်ချက် အလိုက် Fire Protection များလုပ်ပေးဖို့ စသည်ဖြင့် ဖြစ်လာရာ နောက်ဆုံး တွင် Owner ၏ အတည်ပြုချက်ဖြင့် စီမံကိန်းကာလကို ရက်ပေါင်း ၁၉၅ ရက် (FSB Variation) ထပ်မံတိုးမြှင့်ပေးပြီး ထိုတိုးမြှင့်မှု ကြောင့် ပိုမိုကုန်ကျငွေများကို တောင်းခံခွင့်ပြုခဲ့ပါ သည်။ ကျနော်တို့အဖို့ အလုပ်တွေ ပိုလာတာပေါ့ဗျာ။
၁၉၉၇ ခုနှစ်၏ အာရှစီးပွားပျက်ကပ်ဆိုက်ခြင်း
*******************************
ကျနော်တို့က Kranji Sewage Treatment Plant တည်ဆောက်ရေးတွင် အလဲအကွဲ ပွဲခြင်းပြီးနေကြချိန်တွင် ထိုင်းနိုင်ငံ ၏ ငွေကြေးဈေးကွက်အတွင်းမှ အနောက်နိုင်ငံမှ ဘီလျံနာတစ်ဦးက သူပိုင် ဒေါ်လာငွေ ဘီလီချီပြီးထုတ်ယူသွားခဲ့ခြင်းဖြင့် အာရှနိုင်ငံများ ၏ စီးပွားပျက်ကပ်ကြီး စတင်ခဲ့ပါသည်။ နိုင်ငံတစ်ခု၏ စီပွားရေးဈေး ကွက်ပြိုလဲသွား၍ ဝမ်းသာစရာမရှိပါ။ ဈေးကွက်စီးပွားရေးတွင် နိုင်ငံ များအချင်းချင်း တစ်ကြောင်းမဟုတ်တစ်ကြောင်း ဆက်စပ်နေကြရာ အာရှနိုင်ငံများ အထိနာခဲ့ရာတွင် စင်္ကာပူလဲ ၁၉၉၈ ခုနှစ်နောက်ပိုင်းမှ စ၍ အနည်းနှင့်အများ ထိခိုက်ခဲ့ပါသည်။ ကျနော်တို့၏ စီမံကိန်း လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါသည်။
ပုဂ္ဂိုလ်ရေးအနေဖြင့် ခင်ပွန်းသည်ဖြစ်သူ ကျနော်၏ နေ့နေ့ ညည အလုပ်ချိန်များစွာ လုပ်ကိုင်နေရခြင်းကို အထောက်အကူပြုရန် ဇနီးသည်အား မှီခိုသူ Dependent Pass လျှောက်ထားခြင်းကို ၁၉၉၇ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ပယ်ချခြင်း ခဲံ့ရပါသည်။ကံဆိုး ခြင်တော့ ကျနော်တို့ ရွှေတစ်စု၏ စာရွက်စာတမ်းအတု ပြုလုပ်သည့် အဖွဲ့ကို ဖမ်းဆီးခဲ့သည့် အကျိုးဆက်ဟုလည်း ပြောကြပါသည်။ သည်ကြားထဲ ဇနီးသည်က သူတို့ဆေးကုမ္ပဏီ၏ မန္တလေးရုံးခွဲတွင် လုပ်ကိုင်နေရာ ကျနော်ရှိရာ စင်္ကာပူသို့ လိုက်မသွားရကောင်းလားဟု မုံရွာနေ အဖေနှင့်အမေတို့က တယ်လီဖုံးဆက်ပြီး ဇနီးသည်ကို ဆူပူလေ့ရှိရာ ကျနော်နှင့်ဖုံးပြောရသည့် အခါတိုင်း ဇနီးသည်က ဂျီချ ပါလေတော့သည်။ သည်လိုနှင့် ဇနီးသည်ကို ပထမအကြိမ် အလည် လာပြီး တစ်နှစ်ကျော်အကြာတွင် ဒုတိယအကြိမ် အလည်ခေါ်ရပါ သည်။
ဂဏန်းလေးလုံးတိုက် (4 D)ပေါက်ဖူးခြင်း
*****************************
မပြီးနိုင် မစီးနိုင်သည့် ကျနော့်စီမံကိန်းကို အသာထား၍ စင်္ကာပူရှိ တရားဝင်ဖွင့်လှစ်ထားသော လောင်းကစားထီအကြောင်း ကို ပြောပြလိုပါသည်။ 4D နှင့် TOTO ပြီးတော့ တစ်လတစ်ခါဖွင့် သည့် Singapore Big Sweep စင်္ကာပူထီများရှိရာ စင်္ကာပူထီ ကို တစ်စေါင်လျှင် ထိုစဉ်က ၂ ဒေါ်လာပေးရပြီး အများဆုံးဆုကြေးမှာ ဒေါ်လာ ၁ သန်းဖြစ်ပါသည်။ အနည်းဆုံးဆုငွေမှာ ဒေါ်လာ ၁၀၀၀ ဖြစ်ရာ လစဉ် နှစ်စေါင် သုံးစေါင်တော့ ဝယ်ယူကံစမ်းလေ့ရှိပါသည်။ လှံထမ်းလာသာ မြင်ရပေမင့် ကံထမ်းလာတာကို မမြင်နိုင်လို့ ဆိုရိုး ရှိထားတာကိုးဗျာ။ သို့သော် စင်္ကာပူထီ ပထမဆုကြီးပေါက်ဖို့က အပုံ နှစ်သန်းပုံလျှင် တစ်ပုံသာရှိတာမို့ လစဉ်အလှူပေးနေရသလိုပါ။
နောက်လောင်းကစားတစ်မျိုးက တိုတို ဟုခေါ်ပါသည်။ ထိုစဉ် က တစ်ပတ်လျှင် နှစ်ကြိမ် (တနင်္လာ နှင့် ကြာသပတေးနေ့) ညနေ ၇ နာရီခန့်တွင် ဖွင့်ပါသည်။ သက်ဆိုင်ရာနေ့အတွက် ဂဏန်း ၁ မှ ၄၅ အတွင်း ရှိနှစ်သက်ရာ ဂဏန်း ၆ လုံးကို ခြစ်ထိုးရသည့် အကွက် ငယ်များပါသည့် ထိုးနည်းဖြစ်ပြီး ဂဏန်း ၆ လုံး တစ်တွဲလျှင် စင်္ကာပူ ဒေါ်လာ ဆင့်ငါးဆယ်ဖြင့် ကိုယ်ကြိုက်သလောက်ထိုးနိုင်ပါသည်။ ဥပမာအားဖြင့် ၁ ၁၃ ၂၅ ၂၆ ၃၇ ၄၅ ထိုးသည်ဆိုပါစို့။ ညနေဖွင့် သည့် ပေါက်ဂဏန်းက အထက်ပါအတိုင်း ထွက်လာပါက ထိုစဉ်က ဆုကြေးငွေ စင်္ကာပူဒေါ်လာ ၆ သိန်းကျော်ရှိသည့်အပြင် အခြားသော ဆုလည်း အစားစားရှိသဖြင့် ပုံမှန် တစ်ပတ်လျှင် ၃ ဒေါ်လာဖိုးတော့ ကံစမ်းရပါသည်။ ဒီလောင်းကစားနည်းကအရ ဂဏန်းတွဲ ၆ လုံးစလုံး တိုက်ရန်မှာ သင်္ချာဖြင့် ဖြစ်နိုင်ခြေတွက်လျှင် တစ်သန်းပုံလျှင် တစ်ပုံ တော့ရှိပါသည်။
အလားတူ လောင်းကစားထီတစ်မျိုးမှာ မြန်မာနိုင်ငံတွင် တစ် ချိန်က ခောတ်စားခဲ့သည့် ၃ လုံးတိုက်ထီမျိုးဖြစ်ပြီး သူက နှစ်သက် ရာ ဂဏန်း ၄ လုံးကို လက်မှတ်ပေါ်တွင် ဂဏန်းများပါရှိသော အကွက် ငယ်များတွင် ခြစ်ခါထိုးရပါသည်။ တစ်ကြိမ်လျှင် ပေါက်မဲ ၂၃ လုံးကို အပတ်စဉ် ထိုစဉ်က စနေ နှင့် တနင်္ဂနွေနေ့ ညနေများတွင် ဖွင့်ပေး ရာ လူကြိုက်များလှပါသည်။ ဂဏန်း ၀၀၀၀ မှ ၉၉၉၉ အထိ နှစ်သက် ရာ ခြစ်ပီးထိုးပေါ့ဗျာ။ အများတကာ အာရှစီးပွားပျက်ကပ်ဆိုက်နေချိန် တွင် Kranji site မှ Admirality အရပ်ရှိ အိမ်ခန်းသို့ အပြန် တွင် Marshiling ဈေးတွင် ထမင်းထုတ်ဝင်ဝယ်ရင်း ထီဆိုင်တွေ့ ၍ ၂ ဒေါ်လာဖိုး ဝင်ထိုးခဲ့ရာ ၃၁၉၆ ဂဏန်းဖြင့် ဒုတိယဆု ပေါက်ခဲ့ ရာ စင်္ကာပူငွေ အဆ ၂၀၀၀ ရခဲ့ဖူးပါသည်။ မန္တလေးရုံးခွဲရောက် ဇနီး သည်ကို လှမ်းပြီးအကြောင်းကြားတော့ သူဝမ်းသာ၍ မဆုံးတော့ပါ။ ဒါတောင် ကျနော့်ကို ၂ ဒေါ်လာဖိုးသာထိုးလို့ဆိုပြီး ပူညံပူညံလုပ်နေ ပါသေးသည်။ ထိုးသမျှ ပေါက်နေလို့ကတော့ ပိုက်ဆံတွေက ထားစ ရာနေရာပင် ရှိမည်မဟုတ်ပါ။ သည်တစ်ကြိမ်သာ ပေါက်ဖူးပါသည်။ ဘာဘဲဖြစ်ဖြစ် အကြွေးတွေကျေအောင် ဆပ်လိုက်ရလိုက်ရလို့ စိတ်ပေါ့သွားတာက အမြတ်ပါ။ ဇနီးသည် ပြောပြလို့ သမီးပိစိလည်း သူငယ်တန်းတက်နေပြီး မောင်လေးတစ်ယောက်လဲ ရပီဖြစ်ကြောင်း သိရပါသည်။ သူ့မိဘများတော့ သားတစ်ယောက် သမီးတစ်ယောက် ရှိပြီမို့ ဝမ်းသာကြမှာပေါ့ဗျာ။
(အပိုင်း ၁၁ ဆက်ပါမည်။)
၁၀:၂၅ နာရီ
၂၁/၀၆/၂၀၁၇



https://www.facebook.com/rsrc.php/v3/yf/r/g_kf1vXYV_O.png
ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၁၁ )
************************
Kranji STW စက်ရုံ၏ ထိန်းချုပ်လည်ပတ်ခြင်းစံနစ်
**************************************
ကျနော်ကျွမ်းကျင်သည့်အတတ်ပညာမဟုတ်ပေမဲ့ စီမံကိန်း တွင် ထိန်းချုပ်လည်ပတ်ခြင်းနှင့်ပတ်သက်၍ ဒီဇိုင်းလုပ်သည်မှ တပ်ဆင်စမ်းသပ်သည်အထိ ပါဝင်ဆောင်ရွက်ရသူ မြန်မာအင်ဂျင်နီ ယာ ကိုဝင်းမြိုင်အား မသိတာတွေကို မေးမြန်းခြင်းပြုရပါသည်။ စက်ရုံအရွယ်အစားမှာ ကြီးမားလှပြီး အဆောက်အဦးအများစုမှာ မြေအောက်တွင် တည်ဆောက်ထားလျက် စက်အသစ်များအပြင် လက်ရှိလည်ပတ်နေသော သက်ဆိုင်ရာစက်များပါ အပါအဝင် Plant တစ်ခုလုံးကို Power House တွင် တပ်ဆင်ထားသော ကွန်ပြူတာများကို အသုံးပြုခါ စက်ရုံဝန်ထမ်း ၆ ဦးဖြင့်သာ လည်ပတ် ရန် ဖြစ်ပါသည်။ လည်ပတ်မှုများအားလုံးကို အလိုအလျှောက် ထိန်း ချုပ်လည်ပတ်ရန် IMDCS (Integrated Monitoring and Distributed Control System) ကို နာမည်ကြီး Foxboro company နှင့် ကျနော်၏မိခင်ကုမ္ပဏီတို့ တင်ဒါတင်စဉ်ကတည်း က အကျိုးတူပူးပေါင်းခြင်းကန်ထရိုက်ဖြင့် လုပ်ကိုင်ပါသည်။
တင်ဒါတင်စဉ်က အကြမ်းမှီငြမ်းရန်သာ (Indicative only) ဖြစ်သော Process & Instrumentation Diagram (P & ID) ပေါ်တွင် တွေ့ရသော Control points များကို အခြေခံခါ Input& Output (I/O) point ပေါင်း ၁၃၀၀ ခန့်ဖြင့် ကုန်ကျမည့်ငွေများကို တွက်ချက်ခဲ့ကြသည်ဟု သိရပါ သည်။ သို့ရာ တွင် စက်ရုံကြီးတစ်ခုလုံးအတွက် သက်ဆိုင်ရာအပိုင်း လိုက် Logic Diagrams များ ထွက်လာသည့်အခါ အထပ်ထပ် အခါခါ ပြန်လည် စစ်ဆေးကြပြီးမှ စက်ရုံကို အလိုအလျှောက်လည် ပတ်ရန် (I/O) Points ပေါင်း ၇၂၀၀ ကျော်ခန့် လိုအပ်နေသည်ကို တွေ့ရပါတော့ သည်။ ကျနော့်ကို အချို့သော သည်လိုနည်းပညာ ပိုင်းတွင် အတွေ့ အကြုံများသူများက ပြန်လည်ပြောပြသည်မှာ နှူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Nuclear Power Plant) တွင် အဆိုပါ (I/O) Point ပေါင်း ၆ ထောင် ကျော်သာ ရှိပါသတဲ့။
ဤအတိုင်းဆိုပါက တင်ဒါရခဲ့သည့် ငွေပမာဏမှာ မလုံ လောက်ပါဟု ဆိုခါ Foxboro Co. နှင့် ကျနော်တို့ကုမ္ပဏီကြား အကြီးအကျယ် စကားများကြတာ အမှတ်ရမိပါသည်။ နောက်ဆုံးတွင် လောလောဆယ် အိပ်စိုက် နောက်မှ Owner ထံမှပြန်တောင်းမည် ဟူသော သဘောတူညီချက်ဖြင့် အလုပ်ပြန်စကြပါသည်။ သည်နေရာ တွင် Logic Diagram ဆိုသည်ကို အနည်းငယ်ရှင်းပါမည်။ အထပ်မြင့်တွင် နေသောသူများအဖို့ ကိုယ့်ရေချိုးခန်း အိမ်သာပေါ်ရှိ ရေလှောင်ကန်ငယ်များ၏ ရေနည်းနေသည်ကို မျက်စိနှင့်မြင်မှ ရေတင်မည့် ခလုပ်ကို လူကိုယ်တိုင်သွားဖွင့်စရာ မလိုဘဲ အပေါ်ရေ တိုင်ကီတွင် တပ်ဆင်ထားသော ရေအနိမ့်အမြင့်ပြ ကရိယာ(Level Sensor) မှ သတ်မှတ်ထားသော ရေ Level အနိမ့်ရောက်ချိန် မတိုင်မီ တစ်စုံတစ်ရာသော စက္ကန့်ပိုင်းအချိန်လေးတွင် အချက်ပြခြင်း ကို Control Centre သို့ အချက်ပြ (Signal) ပေးပို့ပါက Control Centre မှ ရေပန့်ကို မောင်းနှင်ရန် အချက်ပြသည်နှင့် ရေပန့်ကို အလိုအလျှောက် မောင်းနှင်စေပြီး အလားတူပင် အပေါ်ရေ လှောင်ကန်တွင် ရေပြည့်တော့မည်ဆိုပါက ရေ Level Sensor က မပြည့်မီ အချိန်ပိုင်းလေးတွင် Control Centre သို့ ရေပြည့်တော့မည့် အချက်ပြပေးပို့လျှင် ရေပန့်ကို ရပ်တန့်စေရန် Control Centre မှ အချက်(Signal) ပေးပို့ခါရပ်တန့်စေပါ သည်။
အလားတူပင် စက်ရုံကြီးတစ်ခုလုံးရှိ သန့်စင်ရေးနည်းစဉ် (Process) တစ်ခုလုံးကို မိလ္လာရည် (Raw Sewage)များ လက်ခံဝင်ရောက်လာသည်မှ အဆင့်ဆင့်လုပ်ငန်းစဉ်များနှင့် ပတ်သက်သော (Process Logic Diagrams) များဖြင့် ကိုက်ညီအောင် ဒီဇိုင်းလုပ်ထားသော (Computor Control Console) ကို Power House ရှိ Control Room တွင် တပ်ဆင်စမ်းသပ်ကြတာကို စိတ်ပါဝင်စားစွာ ကျနော် သွားကြည့် လေ့ရှိပါသည်။
စမ်းသပ်ခြင်း နှင့် အစမ်းလည်ပတ်ခြင်း (Testing & Commissioning)
**************************************
စက်ရုံတပ်ဆင်ခြင်း၏ လုပ်နေကျအတိုင်း Mechanical, Electrical, Instrumentation & Control အပိုင်းများကို တပ်ဆင်ပြီးလျှင် နောက်ကပြင်ဆင်ထားရသည်မှာ စက်တစ်ခုခြင်းစီ ကို သက်ဆိုင်ရာထုတ်လုပ်သူ၏ စက်စမ်းသပ်ရန် လိုက်နာရမည့် ညွှန်ကြားချက်များ (Manufacturer's instructions)အတိုင်း ဆောင်ရွက်ရပါသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် စမ်းသပ်ရေး အဖွဲ့ကို Commissioning Manager တစ်ဦးကို ဦးဆောင်စေ ပြီး အင်ဂျင်နီယာများ ကြီးကြပ်သူများ အလုပ်သမားများ ပါဝင်ဖွဲ့စည်း တာဝန်ပေးရပါသည်။ မန်နေဂျာကအစ အင်ဂျင်နီယာစသည်တို့အား လုံး ယခင်က စက်စမ်းသပ်ရေးအတွေ့အကြုံ ရှိကြလျှင်တော့ကောင်း ပါသည်။ Mechanical အောက်တွင် စက်တစ်ခုခြင်းစီသာမက မိလ္လာပိုက်လိုင်းများကို ရေဖိအားဖြင့် အပိုင်းလိုက်စမ်းသပ်ခြင်း ပြဿနာပေါင်းစုံဖြင့် တပ်ဆင်ပြီးစီးသော မီသိန်းဓာတ်ငွေ့ပိုက်လိုင်း များကို လေထည့်သွင်းစမ်းသပ်ခြင်း ရေတံခါးများကို ရေဖိအားဖြင့်လုံ မလုံစမ်းသပ်ခြင်း Main Treatment Module ရှိ Aerobic Treatment ကန်ကြီးများအတွင်းတွင် တပ်ဆင်ထားသော Air Diffusers များကို ကန်ရေတစ်မီတာအနက်ဖြည့်ခါ ဖိအားမြှင့်လေ ဖြင့် မှုတ်သွင်းခါ လေပူပေါင်းလေးများပေါ်ထွက်လာမှုကို ညီညာမှုရှိ မရှိ စမ်းသပ်ခြင်း (Pattern Test) စသည်ဖြင့် ပါဝင်ပါသည်။
အလားတူပင် လျှပ်စစ်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ပြီးသော လျှပ်စစ်ပစ္စည်းများ ဝါယာများ ခလုပ်များ switch board & control panels များ instruments များ အစရှိသည်တို့ကို လျှပ်စစ်စမ်းသပ်ရေး အဖွဲ့မှ စမ်းသပ်၍ စက်ရုံလည်ပတ်ရန် အဆင် သင့်ဖြစ်အောင် လုပ်ကြရပါသည်။ဒီကြားထဲတွင်လည်း အကြောင်း ကြောင်းကြောင့် မပြီးစီးသေးသည့် လုပ်ငန်းများကို ပြီးအောင်အချိန် လှုခါလုပ်ကိုင်ရပါသည်။ ပိုဆိုးတာက တပ်ဆင်နေဆဲ ဓာတ်ငွေ့လိုင်း များတွင် နေပူရှိန်ကြောင့် ABS PVC ပိုက်လိုင်းများ၏ ဆန့်ထွက် ခြင်း ညအချိန်တွင် ကြုံ့ဝင်ခြင်းများကြောင့် တပ်ဆင်ပြီး၍ များမကြာ မီတွင် Pipe Support Stands များအားလုံး ပိုက်ရုန်းအားဖြင့် ပြုတ်ထွက်ပြိုလဲသွားကြရာ Consultant ထံမှ ထုံးစံအတိုင်း သူ့ထံ ကြောင်းကျိုးခိုင်လုံစွာ မတင်ပြနိုင်မချင်း အဆိုပါ မီသိန်း ဓာတ်ငွေ့လိုင်းများတပ်ဆင်မှုကို ရပ်ဆိုင်းထားရန် ညွှန်ကြားလာပြန် ရာ ကျနော်တို့ဒီဇိုင်းဌာန၏ အားနည်းမှုကို ထပ်မံပြသနေသော အဖြစ် တစ်ခုဖြစ်ပါသည်။
ဇနီးသည်၏ ဒုတိယအလည်ခရီးနှင့် နောက်ဆုံးမှီခိုလျှောက်ထားခြင်း
************************************************
၁၉၉၇ ခုနှစ် ဒီဇင်ဘာလလယ်တွင် ဇနီးသည်ကို စင်္ကာပူ သို့ ဒုတိယအကြိမ် အလည်ခေါ်ခဲ့ပါသည်။ သည်တစ်ခါတော့ သူ့ အလုပ်မှ အပြီးအပိုင်နှုတ်ထွက်ခဲ့တာပါ။ သားဖွားခွင့်ရနိုင်သည့်အ ရွယ်လည်း မဟုတ်တော့ ဝင်ဝင်ခြင်း လူဝင်မှုမှ ပေးလိုက်သည့် တစ်လနေထိုင်ခွင့်အပြင် သက်တမ်းတိုးမြှင့်ပါက နောက်တစ်လနေ ရန် ရည်ရွယ်ထားရာ သူ့ဆေးကုမ္ပဏီက ခွင့်ရက်ရှည်ကို ခွင့်မပြုနိုင် တော့ပါ။ ကျနော့်ဖက်ကလည်း လျှပ်စစ်အင်ဂျင်နီယာ ကိုမောင်နု၏ အကြံပေးချက်အရ မှီခိုလျှောက်လွှာကို လျှောက်ထားရန် ကုမ္ပဏီ၏ ဥပဒေဌာနသို့ အရင်တင်ပြထားရာ ဇနီးသည်ကို အလုပ်ထွက်ခဲ့ရန် ပြောလိုက်ပါသည်။ Admirality ဘူတာအနီးက အိမ်ခန်းမှာဘဲ နေဖြစ်ကြပါသည်။ ဒီတခါ ဇနီးသည်ရှိနေတုန်း ပျင်းချိန်မရအောင် အတူနေ လျှပ်စစ်အင်ဂျင်နီယာ ကိုမောင်နု၏ ဇနီးမဝါနှင့် အခါလည် သားကလေးက အဖော်ရလှပါသည်။ စကားကလည်းပြောတတ်ခါစ ဆိုတော့ သူ့အမေနှင့် ကျနော့်ဇနီးသည်တို့ ဖိုးသားမေးသမျှကို ဖြေ ရလွန်း၍ မအားရတော့ပါ။ အနီးအနားသာမက သူတို့သုံးယောက် သား Orchard လမ်းမကြီးထိ ရထားစီးခါ သွားလည်လေ့ရှိပါသည်။ ဖိုးသားကလည်း သူ့အဖေတူမျက်နှာလေးနှင့် အသားကဖြူဖြူ ရယ် လိုက်လျှင် မျက်စိလေးများမှိတ်နေအောင် ရယ်လေ့ရှိရာ တွေ့ရာလူ အပေါင်းက ချစ်ခြင်သွားအောင် ချစ်မွှေးပါသူလေးဖြစ်ပါသည်။
ဇနီးသည်အဖို့တော့ မူလတန်းတက်နေသည့် သမီးပိစိကို အလွမ်းပြေအောင် ဖိုးသားကအစွမ်းပြတတ်ပါသည်။ သည်တစ်ခေါက် က အလုပ်ထွက်လာပြီဆိုတော့ စိတ်အေးလက်အေး လည်ရပါသည်။ အခြားအတူနေ အင်ဂျင်နီယာ ကိုဝင်းနိုင်တို့ကလည်း စစရာမရှိရင် ဒီဖိုးသားကိုဘဲ စလေ့ရှိတာမို့ စီမံကိန်းက ညနေပြန်ရောက်လျှင် မပျင်းရတော့ပါ။ ဇနီးသည်၏ မှီခိုလျှောက်ထားခဲ့ခြင်း အကြိမ်ကြိမ် ပယ်ချခံနေရခြင်းများကို ကျနော့်ကုမ္ပဏီမှ ထောက်ခံစာပူးတွဲလျှက် ပါလီမန်အမတ်ထံ အသနားခံစာကို ၁၉၉၈ ခုနှစ် နှစ်သစ်ကူး အပြီးတွင် တင်ပြခဲ့ပါသည်။ သိပ်တော့မမျှော်လင့်ရဲတော့တာက အမှန်ပါ။ နှစ်နှစ်အတွင်း ၄ ကြိမ် ပယ်ချခံထားရလို့ပါ။ အလုပ်က တော့ ဘီလူးသရဲစီးသွားပြီမို့ ထူး၍ မခံစားရတော့ပါ။ ဇနီးကလည်း နားလည်စွာ အားပေးလေ့ရှိတာလည်း ပါပါလိမ့်မည်။
အရှက်နဲ့သိက္ခာထိန်းသောမန်နေဂျာ
**************************
ပြီးခဲ့သည့် အပိုင်းတွင် ကျနော်တို့စီမံကိန်းကာလကို FSB (Fire Safety Bureau) ၏ လိုအပ်ချက်အသစ်များအတိုင်း ဆောင်ရွက်နိုင်ရန် ၁၉၅ ရက်တိုးပေးခဲ့ရာ ၁၉၉၈ ခုနှစ် ဇန္နဝါရီလ ၁၂ နေ့ထိဖြစ်ပါသည်။ ထိုရက်မတိုင်မီလေးတွင် ထပ်မံ၍ စီမံကိန်းစသည် မှ ပြီးခဲ့သည့် နိုဝင်ဘာလကုန်အထိ မိုးသည်းထန်စွာ ရွာသွန်း၍ အလုပ်ပျက်ခဲ့ရသည်များအတွက် နောက်ထပ် ၄၁ ရက်ကို တရားဝင် EOT ( Extension of Time for Inclement Weather) အဖြစ် ထပ်မံတိုးပေးပြန်ပါသည်။ မြို့ပြလုပ်ငန်းကန်ထရိုက်တာ ဟွန်ဒေး နှင့် စက်လျှပ်စစ်တပ်ဆင်ရေးကန်ထရိုက်တာ ကျနော်တို့ ဂျပန်သုံးကုမ္ပဏီ ညွန့်ပေါင်းတို့ပါ လက်ကျန်လုပ်ငန်းများ အသစ်မှာ ယူတပ်ဆင်ရမည့် စက်လျှပ်စစ်ပစ္စည်း ရရှိမည့်အချိန်များကို တွက် ချက်ကြတော့ စီမံကိန်းကာလ ထပ်မံလိုအပ်ချက်မှာ အနည်းဆုံး နောက်ထပ် တစ်နှစ်ခန့်လိုမည်ဟု မှန်းကြပြန်ပါသည်။ သည်တွင် ကျနော် နားလည်လိုက်သည်မှာ တင်ဒါခေါ်ခဲ့စဉ်က သတ်မှတ်ပေးခဲ့ သည့်လုပ်ငန်းကာလ ၂၈ လ ဆိုသည်မှာ ကျွမ်းကျင်သူတို့ တိကျစွာ တွက်ချက်ခန့်မှန်း ခဲ့တာမဟုတ်ဖဲ အကြမ်းဖြင်းသာ ဖြစ်ပါသည်။
မိလ္လာသန့်စင်ခြင်းနည်းစဉ်များအပါအဝင် ရေနှင့်ရေဆိုးများ သန့်စင်သည့်ခောတ်မှီနည်းပညာများ၏ ကနဦးအစမှာ အင်္ဂလန်ဟု ခေါ်ဆိုနေသော ဗြိတိန်နိုင်ငံဖြစ်ပြီး ဖော်ပြခဲ့သော နယ်ပယ်တွင်သာ လုပ်ကိုင်နေကြသော ဗြိတိသျှအင်ဂျင်နီယာများအသင်း ဟူ၍ ရှိပါ သည်။ ၁၉၉၈ ဖေဖော်ဝါရီလတွင် ကျနော်တို့၏ ဗြိတိသျှ တပ်ဆင်ရေး မန်နေဂျာဖြစ်သူ နှုတ်ထွက်သွားပါသည်။ ကျနော်နှင့် အလွန်ရင်းနှီး သော မိတ်ဆွေဖြစ်နေကြပြီဖြစ်ရာ စိတ်မကောင်းဖြစ်ရပါသည်။ သူရှင်း ပြ၍ သိရတာက အင်္ဂလန်၏ ရေနှင့်ရေဆိုးသန့်စင်ရေးနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းနေကြသူ တစ်ရာကျော်ခန့်သာရှိပြီး ကမာ အနှံ့စီမံကိန်းများတွင် လုပ်ကိုင်နေကြကြောင်း အကြောင်းတစ်စုံတရာ ကြောင့် စီမံကိန်းနောက်ကျခြင်းများတွင် မှတ်တမ်းမှတ်ရာဝင်သွားပါ က သူ့အတွက် ထိုနယ်ပယ်တွင် ဆက်လက်လုပ်ကိုင်စားသောက်ဖို့ ခက်ခဲမှာမို့ ထိုမှတ်တမ်းမျိုးမဝင်အောင် သူနှုတ်ထွက်တာပါတဲ့။ ကျနော်တို့ လက်ရှိစီမံကိန်းကလည်း အကြီးအကျယ်နောက်ကြမည့် သဘောရှိနေရာ သူတို့အတွက် နာမည်ပျက်ရမည်ကို သေမလောက် ကြောက်ကြပြီး အရှက်နှင့်ဂုဏ်သိက္ခာကို ထိန်းသိမ်းတာကိုတော့ လေးစားလောက်ပါပေသည်။
ပြန်ရပြန်ပြီ
*******
ကျနော့်ဇနီးသည်မှာလည်း နှစ်လကျော်နေရပြီး ၁၉၉၈ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင် တစ်ပတ်အလိုတွင် စင်္ကာပူ၏ တရုတ် နှစ်သစ်ကူးပွဲကျင်းပတာလေး ကြည့်သွားပါရစေဟု လူဝင်မှုကြီးကြပ် ရေးတွင် ကျနော်ပါ လူကိုယ်တိုင်ဝင်၍ အရာရှိမထံ နေထိုင်ခွင့် သက်တမ်းထပ်မံ တိုးပေးဖို့ ပြောတာကို လက်မခံဘဲ "Go back" တစ်ခွန်းသာပြောသဖြင့် လင်မယားနှစ်ယောက် တပ်ခေါက်ပြန်ခဲ့ရပါ သည်။ အပြန်လေယာဉ်နေ့ကလည်း ချိတ်ပြီးသားမို့ မလွဲသာ ခွဲရပြန် ပါသည်။ အပြန်လက်ဆောင်များကတော့ သမီးပိစိအတွက်ပါ ဝိုင်းပေးလိုက်ကြလို့ တော်ပါသေးသည်။
(အပိုင်း ၁၂ ဆက်ပါမည်)
၂၂:၅၀ နာရီ
၂၅/၀၆/၂၀၁၇




29.June.2017
ကြုံရ ဆုံရ စင်္ကာပူဘုံဘဝ ( ၁၂ )
***********************
ဇနီးသည်၏ မှီခိုအဖြစ်နေထိုင်ခွင့် ရခြင်း
****************************
ဇနီးသည်ပြန်သွားလို့ တစ်ပတ်ခန့်အကြာတွင် လူဝင်မှုကြီး ကြပ်ရေးမှ ကျနော့််ဇနီးသည်အတွက် မှီခိုနေထိုင်ခွင့် (Dependent Pass) ကို အတည်ပြုကြောင်းနှင့် ဤစာထုတ် သည့်နေ့ (၁၉၉၈ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်) မှ ၆ လအတွင်း လူဝင်မှုကြီးကြပ်ရေးတွင် ကျသင့်ပေးသွင်း ပြီး ထုတ်ယူနိုင်ကြောင်း ကျနော်တို့ရုံးမှတဆင့် အကြောင်းကြားလာပါသည်။ ဝမ်းသာလို့ မဆုံးတော့ပါ။ ၂နှစ်ကျော်ခန့်ခွဲနေခဲ့ရပြီးမှ သည်တစ်ခါတော့ အတူ ပြန်နေရပေတော့မည်ဟု တွေးရင်း ဇနီးသည်ကို ဖုံးဆက်တော့ သူ လည်း ဝမ်းသာပါသည်။ သို့သော် တကယ်တန်း လာနေရမည်ဆိုပြန် တော့ ငှါးနေတဲ့အရှေ့ ကြို့ကုန်းအိမ်အောက်ထပ်ကို ပြန်အပ်ရန် စာအုပ်သေတ္တာများကို မိတ်ဆွေအိမ်များတွင် အပ်နှံခဲ့ရန် ရှိစုမဲ့စု အိမ်ထောင်ပရိဘောဂလေးများကအစ ရှင်းလင်းပေးခဲ့ရန် စသည့် သူတစ်ယောက်ထဲ လုပ်ခဲ့ရမှာတွေက အများသားမို့ ချက်ခြင်း မလာ နိုင်ပါ။ မသိမ်းမဖြစ် သိမ်းထားရမည့် ပစ္စည်းများကို သံသေတ္တာနှစ်လုံး တွင် ထည့်ပြီး အောင်သိဒ္ဓိလမ်းအမတို့ထံကို အပ်နှံခဲ့ရန်သာ မှာလိုက်ပါသည်။ မုံရွာနေ ဇနီးသည်၏ မိဘများကတော့ ဝမ်းအသာ ဆုံးပါ။ ကိုင်း အလုပ်ကို ပိုပီးဇောက်ချလုပ်နိုင်တော့မှာပေါ့ဗျာ။
ပြုပြင်ပြီးသော Sludge များကို သိုလှောင်ခြင်း
*********************************
Egg-shaped Sludge Digester ကြီးများတွင် လေမဲ့ဘက်တီးရီးယားမွေးမြူခြင်း (Anaerobic process) ဖြင့် ပြုပြင်ပြီးသော Sludge အရည်ပြစ်ပြစ်များကို Screw Pumps များဖြင့် ကွန်ကရစ်ဖြင့် တည်ဆောက်ထားသော ကန်အဝိုင်းမြင့်မြင့် ကြီး (Concrete Storage Tank) သို့ ပေးပို့သိုလှောင်ရပါ သည်။ ဤအဆင့်တွင် စိတ်ဝင်စားစရာ နှစ်ခုကို သတိထားမိပါသည်။ တစ်ခုက Sludge Transfer Pump (Screw Pump) များ၏ ကိုယ်ထည်ပေါ်တွင် အပူရှာကရိယာ (Heat Sensor) တပ်ဆင်ထားပြီး Pump ၏ အတွင်းအပူကို အမြဲစေါင့်ကြည့်နေရပါ သည်။ Pump လည်ပတ်ခြင်း မချောမွေ့မှုကြောင့် လက်မခံနိုင် သော အပူချိန်မရောက်မီ လည်ပတ်ခြင်းကို ရပ်ဆိုင်းဖို့ လုပ်ထားခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မီသိန်းဓာတ်ငွေ့ထုတ်ပြီးပြီ ဆိုပေမဲ့ ကျန်ရှိသော ရွှံ့နှစ်လို Sludge ချွဲပြစ်ပြစ်များတွင် မီးလောင် ပေါက်ကွဲနိုင်သော မီသိန်းဓာတ်ငွေ့လက်ကျန်များ ပါရှိနေပြီး ရံဖါရံခါ Sludge များပြစ်နေခြင်းကြောင် Screw Pump များ ဂျမ်းဖြစ် တတ်ရာ သတိမထားမိပါက ထိုသို့ကြိတ်လည်ရခြင်းကြောင့် အပူထွက်တတ်ရာ မီးလောင်ပေါက်ကွဲနိုင်၍ ဖြစ်ပါသည်။
နောက်စိတ်ဝင်စားစရာကတော့ စမ်းသပ်လည်ပတ်ရာတွင် Sludge Storage Tank အဝင် ပိုက်ဆက်များ ပွင့်ထွက်သွားမှ တွေ့ရှိခါ ပြင်ဆင်ရသော Inlet Control Valve Open Setting များဖြစ်ပါသည်။ ဒီ Setting များကို Process Control Logic ရေးဆွဲသူများ၏ အလိုအတိုင်း Tank အဝင်ရှိ control valve များကို sludge pump လည်ပတ်မှုရပ်သွား လျှင် လုံးဝအပိတ်အနေအထား (Fully Close Position) ဖြစ် အောင်လုပ်ထားပြီး Sludge ပေးပို့သည့် Pump များစတင်လည် ပတ်ပြီး ဥပမာ ၁၀ စက္ကန့် ၁၅ စက္ကန့် အချိန်မှ လုံးဝအဖွင့်အနေ အထား (Fully Open) ဖြစ်ရန် ချိန်ထားသည်ဟု ဆိုပါသည်။ ဖြစ်ခြင်တော့ ၁၀ လက်မအချင်းရှိပြီး မီတာ ၁၀၀ ခန့်ရှည်သော ပိုက် လိုင်းထဲတွင် Pump မောင်းနှင်ပြီး အချိန်တစ်ခု၍ ရပ်လိုက်ချိန်တွင် ရွှံ့နှစ်ရည်လို sludge များ ပိုက်လိုင်းအတွင်းကျန်နေပြီး ကာလ တစ်ခုအတွင်း ထွက်လာသောမီသိန်းဓာတ်ငွေ့များမှာ ပိုက်ထိပ်ပိုင်း တွင် တစ်ဖြေးဖြေးစုလာရာ အထွက် Valve ကလည်း ပိတ်သည့် အနေအထားကြောင့် နောက်တစ်ကြိမ် Pump ပြန်မောင်းသောအခါ ဓာတ်ငွေ့များကို ဖိသိပ်လိုက်သလိုဖြစ်ပြီး ဖြစ်လာသော မြင့်မားသည့် ဖိအားကြောင့်ပိုက်ဆက်များ ပြုတ်ထွက်ခါ အနံ့ဆိုးဝါးလှသော ခတ် ပြစ်ပြစ်အရည်များ ဖိတ်စင်ထွက်ကျခဲ့ပါသည်။ ရေဖိအားစမ်းသပ်ပြီး သော အဆက်များပြုတ်ထွက်ခြင်း ဖြစ်ပါသည်။ ဆေးသုတ်ပြီးသော ကွန်ကရစ်ကန်၏ နံရံများ ပိုက်လိုင်းများအားလုံးကိုပါ အညစ်အကျေး များဖြင့် ပေကျံသွားရာ ပြန်လည်လုပ်ကိုင်ပေးရသော ကျနော်တို့၏ ဒုက္ခကို နှာခေါင်းပိတ်ခါ ခန့်မှန်းသာ ကြည့်ကြပါတော့ဗျာ။
Dewatering of Sludge (ရေကို ဖယ်ထုတ်ခြင်း)
***************************************
ပြုပြင်သန့်စင်ပြီးသော ရွှံ့ပြစ်ရည်လို Sludge များကို သည် အတိုင်းစွန့်ပြစ်၍ မရပါ။ ရေကို ဖယ်ထုက်ပြီး အဖတ်များကို Screw Conveyor များဖြင့် ကြီးမားသော Sludge Cake Silo ကြီး နှစ်ခုတွင် ပေးပို့သိုလှောင်ပါသည်။ ရေကိုဖယ်ရှားနည်း နည်းစဉ် အများအပြားရှိသော်လည်း ထုထည်များပြားလှသော Sludge များ ကို မြန်ဆန်စွာ ရေဖယ်ထုတ်နိုင်သော Dewatering Centrifuge နှစ်လုံးကို တပ်ဆင်ထားရပါသည်။ Sludge Storage Tank ကြီးမှ Sludge များကို Pump များဖြင့် ပေးပို့ ရာ ရေဖယ်စက်ကြီးက လည်ပတ်ချိန်တွင် ဖြစ်ပေါ်လာသော ဗဟိုခွာ အား (Centrifugal Force) ဖြင့် ပါဝင်သော အရည်နှင့်အခဲ ကို ခွဲခြားပေးပါသည်။ အရည်များကို Effluent Water Treatment လုပ်ရပြီး ဂေဟစံနစ်ကို မထိခိုက်သည့် အဆင့်ရောက်မှ အချို့ကို စက်ရုံတွင် ပြန်သုံးပြီး တချို့ကို စီမံကိန်းအနီးရှိ ချောင်းငယ်သို့ စွန့်ပြစ်ပါသည်။ မစွန့်ပြစ်မှီ ကလိုရင်းဓာတ်ပြုစေခြင်း (Chlorina- tion) လုပ်ပါသေးသည်။ စက်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက် မောင်းနှင်ရာတွင် လိုအပ်သော Process Time များကို ညှိထားရ ပါသည်။ Sludge Cake Silo များမှ Sludge Cake များကို Dump Truck ကြီးများဖြင့်Silo ၏ အောက်ဖက်တွင် တပ်ဆင် ထားသော Knife Gate များကို ဖွင့်၍ သယ်ယူပြီး စင်္ကာပူ၏ ပင်လယ်တွင်းမြေဖို့ခြင်းလုပ်ငန်းများတွင် အသုံးပြုပါသည်။
ဇနီးသည် လိုက်လာနေခြင်း
*******************
၁၉၉၈ ခုနှစ် ဇွန်လတွင် ဇနီးသည် လိုက်လာပါသည်။ သည်တစ်ခါတော့ ဇနီးသည်မှာ စိတ်ဒုံးဒုံးချခါ လိုက်ခဲ့နိုင်ပါပြီ။ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ကျသင့်ငွေသွင်းခါ မိမိနိုင်ငံကူးလက်မှတ် နောက်ဆုံးစာမျက်နှာတွင် Dependent Pass Multi Entry Visa တုံးထုခြင်း Dependent Pass ကဒ်ပြားထုတ်ယူပြီးမှသာ သက်ပြင်းချနိုင်ပါတော့သည်။ ကျနော်တို့နေသည့် Admirality ဘူတာအနီးရှိ တိုက်ခန်းမှာပင် နေကြရာ ကိုမောင်နုနှင့်မဝါ ၏ ဖိုးသား လေးမှာ ဇနီးသည်ပြန်ရောက်လာတာကို အလွန်ဝမ်းသာနေပါသည်။ လောလောဆယ် နေ့လည်နေ့ခင်း မပျင်းရတော့ပါ။ ကျနော်လည်း စိတ်ဖြောင့်ဖြောင့်ဖြင့် အလုပ်လုပ်နိုင်ပါပြီ။ လုပ်စရာတွေက ပိုတောင် များ သလားအောင်းမေ့မိပါသည်။
တစ်ခုမပြီးသေး နောက်တစ်ခု
********************
ကျနော့်မန်နေဂျာက ခေါ်လို့သူ့ရုံးခန်းကို သွားတော့ ရုံးချုပ် မှ ကျနော်တို့စက်ရုံများတပ်ဆင်ရေးဌာနကြီး၏ အထွေထွေမန်နေဂျာ နှင့် မိတ်ဆက်ပေးပြီး အထွေထွေမန်နေဂျာကိုယ်တိုင် စီမံကိန်းတွင် နေ့စဉ်ရုံးထိုင်တော့မည်ဟု သိရတော့ အမှန်ပြောရလျှင် ကျနော် မကြိုက်ပါ။ ကျနော်တို့ အလုပ်ပိုလာတာဘဲရှိပါလိမ့်မည်။ ကျနော့် မန်နေဂျာက ပြောပြလို့သိရသည်မှာ ယခုစီမံကိန်းနှင့်အလားတူသော Ulu Pandan Sewage Treatment Plant Project ကို ကျနော်တို့ကုမ္ပဏီက Mitsubishi နှင့် IHI ဂျပန်ကုမ္ပဏီများနှင့် ပေါင်းခါ တင်ဒါတင်ခဲ့ပြီး ရပြီဖြစ်လို့ မကြာခင်စတင်တော့မှာ ဖြစ်ရာ အင်ဂျင်နီယာများထဲမှ မည်သူ့ကို မည်သည့်ကာလတွင် စေလွှတ် ပေးနိုင်မည့် အချိန်ဇယားကို ဆွဲပေးရန် ပြောလာပါသည်။ ကျနော် ဘာမှပြန်မပြောတော့ပါ။ ကျနော့် မျက်နှာမကောင်းတာကို မန်နေဂျာ က သတိထားမိပြီး စိတ်အေးလက်အေးလုပ်ရန် ပြောပါသေးသည်။ လက်ရှိတပ်ဆင်စမ်းသပ် ပြန်ပြင်စသောအလုပ်များမှာ မဆုံးနိုင်ရ သည့်အထဲတွင် လူအင်အားလျော့ရန် လာပြောနေတာ နဲ့ မတူဘူး လားဗျာ။
အပိုင်း ( ၁၃ ) ဆက်ပါမည်။
၁၀:၂၀ နာရီ
၂၉/၀၆/၂၀၁၇