Wednesday, August 30, 2017

အထည်ချုပ်စက်ရုံ ၄၀၀ ကျော် နိုင်ငံခြား ၁၇၁၊ မြန်မာ၁၉၆ ဖက်စပ် ၂၂ ရုံ လုပ်သားအင်အား လေးသိန်း ၊ ပို့ကုန် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ (2016)

မြန်မာ့အထည်ချုပ်လုပ်ငန်းများတွင် ယခင်က ကိုရီးယားမှ အများဆုံး လာရောက်မြှုပ်နှံသော်လည်း ယခုနှစ်အတွင်း တရုတ်လုပ်ငန်းရှင်များ အများဆုံး ၀င်ရောက်မြှုပ်နှံ
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် ယခင်က ကိုရီးယားနိုင်ငံက အများဆုံး လာရောက်မြှုပ်နှံကြသော်လည်း ယခုနှစ်ပိုင်းအတွင်း တရုတ်လုပ်ငန်းရှင်များက အများဆုံး ၀င်ရောက်မြှုပ်နှံနေကြကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်တွင်းအထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်နေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက “အခု အများဆုံးဝင်နေတာက တရုတ်လုပ်ငန်းရှင်တွေ များပါတယ်။ အရင်က ကိုရီးယားတွေ၊ အရင်တုန်းက ဈေးကွက်ဆို ဂျပန်၊ အခု ဈေးကွက်အကြီးဆုံးက ဥရောပ၊ ဂျပန်က ဒုတိယ ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက တစ်လကို စက်ရုံလေးရုံ၊ ခြောက်ရုံအထိ ပုံမှန်ဝင်နေကြတယ်” ဟု ပြောကြားသည်။

“အထည်ချုပ်ထဲမှာ နောက်ဝင်တဲ့သူတွေက SME တွေမဟုတ်ဘူး။ လူ ၃၀၀၀ အထက်တွေ။ SME က ၅၀၀ သတ်မှတ်ထားတာလေ။ ၅၀၀ ကျော်သွားရင် SME မဟုတ်တော့ဘူး။ အခု ၀င်နေတဲ့အထည်ချုပ်တွေက ၀န်ထမ်းအင်အား ၁၀၀၀ကနေ ၃၀၀၀ ရှိတယ်။ အခုဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှုက အများဆုံးဖြစ်သွားပြီ” ဟု ဦးမြင့်စိုးက ပြောကြားသည်။ပြည်ပသို့ အထည်ချုပ်တင်ပို့မှုလည်း နှစ်အလိုက် တိုးမြှင့်တင်ပို့နေရကြောင်းနှင့် ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ နှစ်ဘီလျံရရှိရန် မျှော်မှန်းထားခဲ့ရာမှ အမှန်တကယ်တွင် ဒေါ်လာ ၂ ဒသမ၂ ဘီလျံ ရရှိခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း ဒေါ်လာ သုံးဘီလျံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလတတိယပတ်အထိ မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ ၆၇သန်းကျော် လာရောက် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၄၀၀ ကျော် ရှိနေပြီး အဆိုပါစက်ရုံများတွင် လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်သားအင်အား လေးသိန်းရှိနေကြောင်း သိရသည်။
အဆိုပါ လည်ပတ်နေသည့်စက်ရုံများ စာရင်းမှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ စာရင်းများဖြစ်ပြီး အဆိုပါစက်ရုံများအနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စက်ရုံ ၁၇၁ ရုံ၊ မြန်မာနိုင်ငံသားပိုင် စက်ရုံ ၁၉၆ ရုံနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စက်ရုံမှာ ၂၂ ရုံအထိ ရှိနေကြောင်း သိရသည်။
CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် ပို့ကုန်တင်ပို့မှုတွင် ယခင်က ဂျပန်ဈေးကွက်သို့သာ အများဆုံးတင်ပို့နေခဲ့ရာမှာ ယခုနှစ်အတွင်း ဥရောပဈေးကွက်မှာ အများဆုံး တင်ပို့နေရသည့် ဈေးကွက်ဖြစ်လာကြောင်း သိရသည်။

No comments:

Post a Comment