Saturday, August 5, 2017

ကချင်ပြည်နယ်နှင့်တရုပ်၊မြန်မာတို့နှင့် အာစီယံမဟာဓါတ်အားလိုင်းသွယ်တန်းရေး (Capital Cost)

ပုံ-၁  Transmittion & Substation Capital Cost by Black & Veatch
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဇူလိုင်-၂၀၁၇ RFA ကို " ကချင်ပြည်နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု ၁၃၃ မဂ္ဂါဝပ် ရှိပြီး၊  ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိကြောင်း၊  ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော် သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁၂ဝဝ ကျော်ကို မီးမပေးနိုင်သေးကြောင်း၊ ၁၁ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီးနေပေမဲ့ ခရီးဝေးဆိုရင် ဓါတ်အားဆုံးရှုံးမှုတွေများကြောင်း၊ ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးစေလိုကြောင်း။  ၆၆ ဓါတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓါတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပေမဲ့ နယ်မြေလုံခြုံမှု မရသေးလို့မဖြန့်ဖြူးနိုင်သေးကြောင်း " .. ပြောသွားပါတယ်။

ပြသနာများကတော့...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ်ပိုရှံပြီး၊ မဟာဓါတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့်ဖြူးနိုင်သေး။
၂။  မြစ်ကြီးနား၊ ၀ိုင်းမော် လျှပ်စစ်ဓါတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃၀၀ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ကေဗွီလိုင်း ဓါတ်အားလိုင်းဆုံးရှုံးမှုများလို့ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွာအတွက် ၂၃၀ကေဗီ၊ ၁၁၀ကေဗွီ မဟာဓါတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ ဘဏ်က ချေးငွေနဲ့ မဟာဓါတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။

.
.
.
ကမ္ဘာ့ နိုင်ငံများ လျှပ်စစ်ရောင်းချခြင်းများ
ပထမဆုံး မဟာဓါတ်အားလိုင်းက ၁၈၈၅ခုနှစ် အီတလီနိုင်ငံမှာ စတင်ခဲ့ပြီး၊  ၁၉ကီလိုမီတာ 2 KV, 22KW ဖြစ်ပြီး Siemens & Halske အော်တာနေတာ သုံးပါတယ်။ ဥရောပနိုင်ငံများကတော့ လျှပ်စစ်ဓါတ်အားလိုင်းများ ကား၊ရထားလမ်းလိုပဲ ဆက်သွယ်၊ ရောင်းချကြတာ ၁၉ရာစုကတည်းက ဖြစ်ပါတယ်။ ဗို့အား 300KV နဲ့လွှတ်ရင် ကီလိုမီတာတရာလောက်ကို လျှပ်စစ်လေလွင့်မှု ၄% အထိ ရှိပြီး၊ ဗို့အားမြင့် 600KV လွှတ်ရင် ၀.၅% အထိ ရော့နည်းပါတယ်။ ဒီစီလိုင်း HVDC ကတော့ အကောင်းဆုံးဖြစ်ပေမဲ့ ဈေးအလွန်ကြီးလို့ ဧရာမ မဟာဓါတ်အားလိုင်းတွေပဲ သုံးပါတယ်။

တိုးတက်တဲ့နိုင်ငံ အမေရိကန် နယူးယောက်မြို့က ကနေဒါနိုင်ငံက 1000 MW လျှပ်စစ်ဝယ်သုံးသလို ချမ်းသာတဲ့ ဆွီဒင်နိုင်ငံက ဆင်းရဲတဲ့ပိုလန်နိုင်ငံကို SwePol ၂၅၄ ကီလိုမီတာရှည်တဲ့ မဟာဓါတ်အားလိုင်းနဲ့  450 KV, 600 MW ကို ပို့လွှတ်ပေးပါတယ်။  ၆၄ကီလိုမီတာ စပိန် နဲ့ ပြင်သစ် မဟာဓါတ်အားလိုင်း 2000 MW လွှတ်ပေးပါတယ်။ ပြင်သစ်က လျှပ်စစ်မဟာဓါတ်အားလိုင်းတွေ အင်္ဂလန်ကို ရောင်းပါတယ်။  ဥေ၇ာပတိုက် လျှပ်စစ်ရောင်းဝယ်တဲ့ မဟာဓါတ်အားလိုင်းများစွာ ရှိပါတယ်။

အာဖရိကတိုက် ကင်ညာနိုင်ငံက ပိုလျှံလျှပ်စစ်များကို အိမ်နီးချင်း ယူဂန္တာ၊ တန်ဇန်နီးယား၊ ရ၀မ်ဒါ တို့ကို ရောင်းချပြီး။ ကင်ညာကပဲ အီသီယိုပီးယားနိုင်ငံက လျှပ်စစ်ကို ပါဝါဂရစ်မရှိတဲ့ ဒေသများအတွက် ပြန်ဝယ်သုံးနေပါတယ်။ အီသီယိုပီးယား နိုင်ငံမှာ ရေအားလျှပ်စစ် များစွာရလို့ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ပါဝါဂရစ် ဆင်ထားပြီး ရောင်းချ ၀င်ငွေကောင်းနေပါတယ်။ အိန္နိယနိုင်ငံက လျှပ်စစ်လိုနေတဲ့ နိပေါနိုင်ငံကို မဟာဓါတ်အားလိုင်း သွယ်တန်းပြီး လျှပ်စစ်ရောင်းပေးပါတယ်။ နိပေါနိုင်ငံမှာ ရေအရင်းမြစ်ကြွယ်ဝလို့ အိန္နိယအကူညီနဲ့ US$1.5 billion 900MW ရေအားလျပ်စစ် Upper Karnali hydropower plant စီမံကိန်း ပြီးရင် နိပေါနိုင်ငံက လျှပ်စစ်ကို အိန္နိယက ပြန်ဝယ်သုံးပါမယ်။ အရှေ့တောင်အာရှမှာ ထိုင်း-မလေးရှား ကီလိုမီတာ ၁၁၀ အရှည် HVDC  300V , 300 MW မဟာဓါတ်အားလိုင်းကို ၂၀၀၂ ခုနှစ်မှာ တပ်ဆင်ပြီးစီးခဲ့ပါတယ်။ လာအိုနိုင်ငံမှာလည်း ရေအားလျှပ်စစ် ပိုလျှံစွာရှိလို့ ထိုင်းနိုင်ငံ၊ နဲ့ မလေးရှားနိုင်ငံတို့ကို ရောင်းချနေပြီး၊ အဝေးကြီးဖြစ်တဲ့ စင်ကာပူနိုင်ငံပါ ၀ယ်ဖို့လုပ်နေပါတယ်။ မြန်မာနိုင်ငံပါဝါဂရစ် ဆီကို မဟာဓါတ်အားလိုင်း ဆက်မထားသေးတော့ မ၀ယ်နိုင်ဖြစ်နေပါတယ်။ (ပုံ-၂  အာစီယံ ပါဝါဂရစ်)

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် များစွာရှိပြီး တရုပ်အကူညီနဲ့ တည်ဆောက် ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ စာချုပ်တွေက မြန်မာနိုင်ငံအတွက် အကျိုးမရှိလို့ လူထု ကန့်ကွက်ခဲ့တယ်။  မြစ်ဆုံစီမံကိန်းနဲ့ စီမံကိန်းအများစုကတော့၂၀၁၂ မှာ ဆိုင်းငံထားပါတယ်။ အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း ခက်နေပါတယ်။ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေလဲ မြစ်ဆုံပြသနာကြောင့် ဆိုင်းငံဖြစ်သွားကြပါတယ်။  တရုပ်ကုမ္ပဏီများရဲ့ စာချုပ်များကို ပြန်လည် စီစစ်ဖို့လိုအပ်သလို၊ နိုင်ငံတကာယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့လဲ ပိုအရေးကြီးပါတယ်။ မြစ်ဆုံစီမံကိန်း ဆိုင်းငံဖြစ်သွားတော့ ကမ္ဘာ့ ရင်းနှီးမြှတ်နှံသူများ အမြင်မှာ စိတ်မချရတဲ့နိုင်ငံအဖြစ် ယုံကြည်မှု ကျဆင်းနေတာလဲ ပြသနာတစ်ခု ဖြစ်နေပါတယ်။



မြန်မာနိုင်ငံအတွက်လျှပ်စစ် ၀ယ်ယူသုံးစွဲရန်

ကမ္ဘာ့ စီးပွားမကောင်းတာကြောင့် တရုပ်နိုင်ငံက ပိုလျှံ လျှပ်စစ် မြန်မာက ၀ယ်ယူဖို့ ဆွေးနွေးနေပေမဲ့၊ ချက်ခြင်း ဖြစ်မလာနိုင်သေးပါဘူး။ တရုပ်နိုင်ငံက မဟာဓါတ်အားလိုင်း မရှိသေးတော့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ်မှုလဲ ရှိပါတယ်။ နိုင်ငံတကာစီးပွားရေးစာချုပ်မှာ အနိုင်ကျင့်မှုမရှိအောင် အရင်ကလို မြစ်ဆုံ၊ ကြေးနီ၊ဓါတ်ငွေလိုင်း စီမံကိန်းစာချုပ်များ တဖတ်သတ် စာချုပ် တွေကလဲ အရိပ်မဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချုပ်အစိုးရက လျှပ်စစ်စာချုပ် တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်/အတိုင်ပင်ကုမ္ပဏီ ငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္နိယ စတဲ့နိုင်ငံများကလည်း ပိုလျှံတဲ့ လျှပ်စစ် မြန်မာကို ရောင်းချလိုပေမဲ့ မြန်မာပါဝါဂရစ်ဆီကိုရောက်တဲ့ မဟာဓါတ်အားလိုင်းမရှိသေးတော့ ခက်ခဲ့နေပါတယ်။  မြန်မာတွေက  အသေးစား၊ တနိုင်တပိုင် လျှပ်စစ်ဝယ်ယူသုံးစွဲရပေမဲ့ အကြီးစား လျှပ်စစ်ဝယ်ယူခြင်းကို မလုပ်နိုင်သေးပါဘူး။  ၂ဖက် မျှတတဲ့ Win-Win စာချုပ်များ ချုပ်ဖို့ ဒါလောက်မခက်ခဲပါဘူး။

တရုပ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓါတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုပ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရေနံ၊ ဓါတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓါငွေလိုင်း ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တ ရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ် စက်ရုံအချို့ အားပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံ လုံး၌ လျှပ်စစ် ဓါတ်အား သုံးစွဲမှု ချွှေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။
.
ဘယ်လိုဖြစ်ပါစေ၊ မြန်မာနိုင်ငံ ၊နိုင်ငံရေးအခြေအနေ တည်ငြိမ်လာရင် ရေအားလျှပ်စစ် အမြောက်အများရနိုင်ပေမဲ့ ယာယီအဖြေကတော့ အိမ်နီးခြင်းများထံက လျှပ်စစ် ၀ယ်သုံးတဲ့နည်းလမ်းပါပဲ။ ပါဝါဂရစ် ဆက်ထားဖို့၊ မဟာဓါတ်အားလိုင်းဆွဲထားဖို့ စီမံကိန်းအမြန်လုပ်ရပါမယ်။



မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂၀၁၇ သုံးစွဲမှု  3192 MW  ၊  လိုအပ်မှု 450 MW
၂၀၁၈ သုံးစွဲမှု 3587 MW၊ လိုအပ်မှု 844 MW

လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က မတ်လ-၂၀၁၇ လွှတ်တော်မှာ မြန်မာနိုင်ငံ လျှပ်စစ်စီမံကိန်း ၅၀ ခုတို့ မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခု နှင့် JVA ချုပ်ဆိုပြီး ခုနစ်ခုတို့ ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး တွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီး တစ်ခုတို့ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ၀န်ကြီး ဦးဖေဇင်မောင် တော့ ၁-ဇူလိုင်လ-၂၀၁၇ မှာ နှုတ်ထွက်စာတင်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းခိုင် တာဝန်ယူထားပါတယ်။

.
.
မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းစီမံကိန်း ကုန်ကျစရိတ် လေ့လာခြင်း။

မြန်မာနိုင်ငံမှာ လျှပ်စစ် မဟာဓါတ်အားလိုင်းများ တပ်ဆင်၊ သွယ်တန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း အမြောက်အမြား လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တစ်ခုတည်းသော ပြိုင်ဖက်မရှိ မြန်မာ့လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း စီမံကိန်းဌာနက မြန်မာနိုင်ငံကို လာသမျှ လျှပ်စစ်ချေးငွေ အကူညီများကို စီမံနေပါတယ်။ ကမ္ဘာ့ ဘဏ်က ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံတခုလုံး မင်းလင်းဖို့ ဘီလျံဒေါ်လာ ၃၀ ဘီလျံ ရရှိဖို့လိုကြောင်း၊ ကမ္ဘာ့ ဘဏ်တစ်ခုတည်းက ဒေါ်လာ ၆.၈ဘီလျံ ကူညီဖို့ရှိပေမဲ့ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီးမြှတ်နှံမှုတွေ ရှာဖို့ပြောပါတယ်။ မဟာဓါတ်အားလိုင်း ပစ္စည်းများရောင်းချနေတဲ့ ABB ကုမ္ပဏီကြီးရဲ့ ထိုင်း၊မြန်မာဆိုင်ရာအကြီးကဲကတော့ ကျေးလက် ၇၀% ဒေသမြန်မြန်မီးလင်းဖို့ မီနီဂရစ် ဆိုတဲ့ အသေးစား ဓါတ်အားဖြန့်ဖြူးခြင်းကို ရေအား၊ လေအား၊ နေရောင်ခြည်အားနဲ့ ထုတ်လုပ်ဖို့ ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရမှာ လျှပ်စစ်စီမံကိန်းများကို တကယ်လုပ်ဆောင်နိုင်တဲ့ ပညာရှင်များ နည်းသထက် နည်းပါးလာပါတယ်။ အားလုံးနီးပါးဟာ ပုဂ္ဂလိက ကုမ္ပဏီများဆီ ပြောင်းရွှေ့နေကြတဲ့အတွက် မျိုးဆက်သစ် ပျိုးထောင်ရေး အလွန်လိုအပ်နေပါတယ်။ ၂၀၁၆-၁၇ လျှပ်စစ်၊စွမ်းအင် ၀န်ကြီးဌာနက ဘတ်ဂျတ်ရဲ့ ၂၄.၃၂% (ကျပ် ၄၉၂၈ ဘီလျံ = US$ 3700 millions)  နဲ့ အများဆုံးသုံးစွဲနေပါတယ်။ ကာကွယ်ရေးစရိတ်တောင်မှ ၁၄.၃၁% ပဲရှိပါတယ်။ ဒီချုပ်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးနှုတ်ထွက်သွားပြီး အစိုးရလျှပ်စစ် လုပ်ငန်းများရဲ့ သတင်းကလည်း မကောင်းလှပါ။ ငွေများများ သုံးစွဲရတဲ့ ဌာနဖြစ်တဲ့အတွက် အညှီရှိရာယင်အုံ ဆိုသလို ပြသနာပေါင်းများစွာ ရှိမှာသေချာပါတယ်။
.
ကမ္ဘာဘဏ် ကလည်း မြန်မာနိုင်ငံ ၇၀% ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့၊ ၂၀၃၀မှာ တစ်နိုင်ငံလုံး မီးလင်းဖို့ ကန်ဒေါ်လာ ဘီလျံ ၃၀ ရင်းနှီးမြှတ်နှံမှုလိုအပ်ကြောင်း၊ ကမ္ဘာ့ ဘဏ်က မဟာဓါတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း၄၀၀ ချေးငွေ ကူညီတဲ့အကြောင်း၊ ၂၀၃၀ အထိ ကန်ဒေါ်လာ၆.၈ ဘီလျံ ဆက်လက်ကူညီ ချေးငွေပေးသွားမဲ့အကြောင်း ပြောပါတယ်။ ဓါတ်အားထုတ်လုပ်ခြင်းအတွက်တော့ ချေးငွေရရှိမှု အလွန်ခက်ခဲနေလို့ ပုဂ္ဂလိက ရင်းနှီးမြှတ်နှံမှုတွေကို အားကိုးနေရပါတယ်။ တရုပ်ချေးငွေနဲ့ ရေအားလျှပ်စစ်စက်ရုံ များစွာ တည်ဆောက်သလို၊ ကချင်ပြည်နယ်
.
.
.
မဟာဓါတ်အားလိုင်းကုန်ကျစရတ်
Transmittion & Substation Capital Cost  (ပုံ-၁)
WECC Western Electricity Ordination Council ဆိုတဲ့ အမေရိကန်အဖွဲ့အစည်းကြီးကို လျှပ်စစ်ဓါတ်အား ကန်ထရိုက်တာ Black & Veatch ကုမ္ပဏီက မဟာဓါတ်အားလိုင်း ကုန်ကျစရိတ်ကို တင်ပြထားပါတယ်။ တွက်ချက်ထားတဲ့ နည်းလမ်းကတော့ လုပ်ငန်းရှင်တစ်ဦးတောင်မှ နားလည်ပါတယ်။ မြန်မာအစိုးရ လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဆိုရင် ပိုပြီးအသေးစိတ် နားလည်မှာပါ။  ဥပမာ မိုင်၂၀၀ရှည်တဲ့ ၂၃၀ကေဗွီ လိုင်းတစ်ခုကို တည်ဆောက်မယ်ဆိုရင် တစ်မိုင်အတွက်ကုန်ကျစရိတ်၂၀၁၅ ဈေးနှုန်းအရ US$959000 per mile ဖြစ်လို့ US$ 192 million ကုန်ပါမယ်။ ငွေဖောင်းပွနှုန်းအရ နောက်တစ်နှစ်ဆို ၂% လောက် ပိုကုန်ကျနိုင်ပါတယ်။  ဓါတ်ကြိုးအမျိုးအစား Conductor Type (ACSR, ACSS, HTLS..etc), Structure Type နဲ့ Lenght of Line အချက်တွေနဲ့ တွက်ချက်ပါတယ်။ လိုင်းအရှည် ၁၀မိုင်ကျော်ရင် ကုန်ကျငွေ အဆ 1.00  (Cost Multiplier)၊ လိုင်းအရှည် ၃မိုင်နဲ့၁၀မိုင်အတွက် အဆ 1.20 ကျသင့်ပြီး၊ လိုင်းအရှည် ၁၀မိုင်အထက် ဆိုရင် အဆ 1.50 ကျသင့်မယ်ဖြစ်ပါတယ်။ လိုင်းရှည်ရှည် ဆွဲရင် ငွေကုန်သက်သာပါတယ်။

ရှိပြီးသား တာဝါတိုင်ပေါ်ကို ကြိုးအဟောင်းဖြုတ်ပြီး အသစ်ဆွဲရင်တော့ (Re-conductoring) အသစ်ကုန်ကျစရိတ်ရဲ့ ၃၅% ကနေ ၅၅% ပဲ ကုန်ကျပါတယ်။

တာဝါတိုင်များ Terrian Mulplier တည်ဆောက်ဖို့အတွက်လည်း ခြုံတောမြေ၊ ကန္တာရမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ တောင်တန်းမြေ၊ လူနေမြို့တွင်း၊ လူနေမြို့ပြင် စတဲ့နေရာပေါ်မူတည်ပြီး တည်ဆောက်စရိတ် မတူပါဘူး။ လယ်ယာမြေမှာ အဆ 1.00၊ တောင်ကုန်းမြေဆိုရင် အဆ 1.30၊ သစ်တော၊ တောင်ပေါ်၊ မြို့ပေါ်မှာ အဆ 1.50၊  စသဖြင့် ကုန်ကျပြီး၊ တာဝါတိုင်အမျိုးအစား (PG&E, SEC, SOG&E, WREP, WECC ရှိပေမဲ့ ဈေးနှုန်း သိပ်မပြောင်းလဲပါဘူး။
.
.
မြေရော်ကြေးငွေ (ငှားရမ်းခ) Right of Way Cost
မဟာဓါတ်အားလိုင်း အတွက် အကျယ် ၁၂၅ပေ နဲ့တွက်ရင် တမိုင်အရှည်ကို မြေ ၁၅.၁၄ ဧက လိုအပ်ပါတယ်။ BLM Land Rental & Land Capital Cost ကုမ္ပဏီရဲ့ တွက်ချက်မှုအရ မြေအမျိုးအစား ၁၂မျိုးသတ်မှတ်ထားပါတယ်။ အနိုမ့်ဆုံးဈေးနှုန်း အဆင့်(၁)က ငှားရမ်းခ တဧက တနှစ် US$7.00 ဖြစ်ပြီး၊   အဆင့်(၁၂) တဧက တစ်နှစ်ကို US$3449 ဈေးနှုန်း ရှိပါတယ်။ မြေကို အပြီးရော်ကြေးပေးခြင်းနှုန်းကတော့ အနိုမ့်ဆုံး US$85 per Acre (တဧက ကျပ်တစ်သိန်း) ဖြစ်ပြီး၊ အမြင့်ဆုံး တဧက US$ 34,141 per Acre (တဧက ကျပ် သိန်း၄၃၀) ဖြစ်ပါတယ်။
    ပုံ-၄  မြေရော်ကြေးငွေ @ မြေငှားခဈေးနှုန်း ၂၀၁၅
.
.
230KV ဓါတ်အားခွဲစက်ရုံနဲ့ထရန်စဖွန်မာ တန်ဖိုး (Base Substation Capital Cost)
Base Station Cost = US$ 1,706,250
ထရန်စဖွန်မာ Ring Bus Position Transformers  = US$ 11,400 (သိန်း၁၄၀)
ထရန်စဖွန်မာ Breaker&Half Position Transformers  အဆ 1.50 = US$ 171,00
ကပက်စီတာဘဏ် တစ်ခုဈေးနှုန်း၊ Static VAR Compensators (S$$88,000), Shunt Reactors ($20,700), Series Capacitor ($31,000) ဖြစ်ပါတယ်။


HVDC Converter Station
မြန်မာနိုင်ငံအတွက်တော့ ဈေးကြီးလွန်းလို့ မသုံးနိုင်သေးပါဘူး။ အလွန်ကြီးမားတဲ့ မဟာဓါတ်အားလိုင်း မိုင်ရာ၊ ထောင်ချီခရီးကို အေစီ-ဒီစီ ပြောင်းပြီး ပို့လွှတ်ပါတယ်။ Efficiency ကောင်းပြီး၊ လျှပ်စစ်လေလွင့်မှု အလွန်နည်းပါတယ်။ ဈေးအလွန်ကြီးပြီး US$ 506 million ကုန်ကျပါတယ်။ 500kv, 600kv မဟာဓါတ်အားလိုင်း အကြီးစားတွေမှာပဲ သုံးပါတယ်။ ဘရာဇီးနိုင်ငံက ±600 kV, 3150 MW အကြီးဆုံး HVDC လိုင်းက အရှည် ၁၄၇၆မိုင် နဲ့ အရှည်ဆုံးဖြစ်ပါတယ်။ တရုပ်နိုင်ငံ Three Gorges - Changzhou က ၈၉၀ ကီလိုမီတာရှည်ပြီး 500KV, 3000 MW   အိန္နိယ Talcher-Kolar ကတော့ ၁၄၅၀ ကီလိုမီတာ ရှည်ပြီး၊ 500 KV, 2500 MW ပို့လွှတ်ပါတယ်။ မြန်မာတနိုင်ငံလုံး လျှပ်စစ်သုံးတာ 3192 MW ပဲ ရှိပါသေးတယ်။

အသုံးများတဲ့ မဟာဓါတ်အားလိုင်း သုံးတဲ့ပစ္စည်းများကတော့ Siemens, ABB ၂ခုပဲ ဖြစ်ကြပြီး၊ ဂျပန်မှာတော့ Hitachi, Toshiba, Mitsubishi တို့ဖြစ်ပါတယ်။
.
.
.
အထွေထွေစရိတ်
Allowance for Fund Used During Construction (AFUDC) & Overhead Costs
အောက်ဆုံးကုန်ကျစရိတ်ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ကာလအတွင်းမှာ ကာလ၊ ဒေသ၊ အခြေအနေပေါ်မူတည်ပြီး၊ ပုဂ္ဂလိက (သို့မဟုတ်) လျှပ်စစ်ရောင်းတဲ့ကုမ္ပဏီ (သို့ဟုတ်) အစိုးရ Public Utlity ရဲ့ ကုန်ကျစရိတ်(၂)မျိုးကိုလည်း AFUD (7%) + Overhead Cost (10%) = 17% သတ်မှတ်ပါတယ်။ ဒါကြောင့် ဒေါ်လာ သန်း၁၀၀ ကုန်ကျရင် အပိုငွေ ၁၇သန်းက အထွေထွေကုန်ကျစရိတ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဂတိလိုက်စားမှုများတဲ့ နိုင်ငံဆိုရင် အထွေထွေစရိတ် ပိုများပါတယ်။ ဇယားကို အစိုးရထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်က ၂၇% အထိ ပိုမိုကုန်ကျနိုင်ကြောင်း တွေ့ရပါတယ်။
.
.
နိဂုံး
မြန်မာနိုင်ငံက ကြွယ်ဝတဲ့ ရေအားလျှပ်စစ်ကို ရေရှည်အတွက် ရင်းနှီးမြှတ်နှံဖို့ ကူညီမဲ့ချေးငွေများစွာ လိုနေပါတယ်။ ကျောက်မီးသွေး ဓါတ်အားပေးရုံများ တည်ဆောက်တဲ့ ထိုင်း၊ အင်ဒိုနီးရှားကုမ္ပဏီများရဲ့ စာချုပ်များကလည်း ရေရှည်မှာ လျှပ်စစ် ဈေးကြီးသွားနိုင်တဲ့ မမျှတတဲ့ စာချုပ်များဖြစ်ဖို့များပါတယ်။ ဓါတ်ငွေ့၊ အယ်အင်ဂျီ ဓါတ်အားစက်ရုံများ တည်ဆောက်ခြင်းလဲ ရင်းနှီးငွေလိုပါတယ်။ နောက်ဆုံးတော့ အိမ်နီးချင်းနိုင်ငံများက လျှပ်စစ်ဝယ်ယူခြင်းက ဘေးအကင်းဆုံး ယာယီအဖြေဖြစ်ပါတယ်။
.
လျှပ်စစ်ဝယ်ယူဖို့ အာစီယံ မဟာဓါတ်အားလိုင်း ပုံကို ကြည့်လိုက်ရင်၊ ထိုင်း-မြန်မာ မိုင်၂၀၀ လောက်ပဲ သွယ်တန်းဖို့လိုတာ တွေ့နိုင်ပါတယ်။ US$ 192 millions ကုန်ကျပါမယ်။ အထွေထွေစရိတ် ၂၇% (US$ 52 million) ကုန်တယ်ပဲ ထားလိုက်။ US$ 244 million ကုန်ပါမယ်။ ABB ပစ္စည်းတွေ သုံးပြီး၊ အမေရိကန် နည်းပညာသုံးမှာ ဖြစ်ပါတယ်။ တရုပ်နည်းပညာနဲ့ မဟာဓါတ်အားလိုင်းဆိုရင်လဲ အတူတူပဲကုန်မှာပါ။ ချေးငွေ အတိုးများပြီး၊ မြန်မာ အလုပ်သမား၊ တက်ကနီရှင်တွေ အလုပ်မရတာပဲ အဖတ်တင်ပါမယ်။
.
ဒါကြောင့် ထိုင်း-မြန်မာ မဟာဓါတ်အားလိုင်း အမြန်ဆွဲဖို့ မြန်မာအစိုးရ ပြင်ဆင်နေပြီဆိုရင်၊ လျှပ်စစ်ဝန်ကြီးဌာန ကိုင်တွယ်တာထက်၊ နိုင်ငံခြားကုမ္ပဏီများကို မိုဘိုင်းဖုန်းအော်ပရေတာ (တယ်လီနော နဲ့ အော်ရီဒူး ရွေးသလို) နိုင်ငံခြားလျှပ်စစ်ကုမ္ပဏီကိုပဲ မဟာဓါတ်အားလိုင်းအလုပ်တင်ဒါကို မျှော်လင့်မိပါတယ် ခင်ဗျား။

ဇော်အောင် (မုံရွာ)
၅.သြဂုတ်.၂၀၁၇
.
.
.
ကိုးကားဆိုဒ်များ
၁။ Black & Veatch ကုမ္ပဏီ မဟာဓါတ်အားလိုင်းကုန်ကျစရိတ် စာတန်း။
https://www.wecc.biz/Reliability/2014_TEPPC_Transmission_CapCost_Report_B+V.pdf

၂။ မဟာဓါတ်အားလိုင်း လျှပ်စစ်ပို့လွှတ်ခြင်း
https://en.wikipedia.org/wiki/Electric_power_transmission

   ပုံ-၂  အာစီယံ လျှပ်စစ်ပါဝါဂရစ်

    ပုံ-၃  မြန်မာပါဝါဂရစ် (၂၀၁၂)


     ပုံ-၄  မြေရော်ကြေးငွေ @ မြေငှားခဈေးနှုန်း ၂၀၁၅

No comments:

Post a Comment