Monday, August 14, 2017

ပဲခူးရိုးမပေါ်က နိဗ္ဗာန်ဘုံ (သို့မဟုတ်) Bago Yoma Eco Resort

ပဲခူးရိုးမပေါ်က နိဗ္ဗာန်ဘုံ (သို့မဟုတ်)
Bago Yoma Eco Resort

ဇင်မင်းဖြိုး

ပဲခူးရိုးမဆိုသည်မှာ မြန်မာနိုင်ငံအတွက် ကျောရိုးတစ်ခုဖြစ်သကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးလည်း ဖြစ်သည်။ ထိုပဲခူးရိုးမသည် ယခင်တပ်မတော် အစိုးရလက်ထက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အဖိုးဖြတ် အမြတ်ထုတ်ခံရပြီး ပဲခူးရိုးမအတွင်းရှိ ကျွန်းပင် ထောင်၊ သောင်းများစွာသည် ဖြတ်တောက်ခုတ်လှဲခံခဲ့ရသည်။ ထို့ကြောင့် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုနိုင်လောက်အောင် သစ်ပင် များ ထူထပ်စိမ်းလန်းခဲ့သော ပဲခူးရိုးမသည် တောင်ကတုံးများဖြင့် ပြည့်နှက်ခဲ့ရသည်။ ထိုသို့ ပြုလုပ်မှုများသည် နာမည်ကြီးလှသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမာခံ တောင်ပေါ်ရွာ ၁၄ နှင့် ပဲခူးရိုးမရှိ ရွာများမှ ဒေသခံများ၏ လူမှုဘဝများကို အထောက်အကူ မပြုနိုင်ဘဲ ပိုမိုဆိုးရွားသွားစေသည်။

သို့သော် အစိုးရမှ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂ဝဝ၇ တွင် ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ပဲခူးရိုးမကို အသစ်ပြန်လည် မွေးဖွားပေးနိုင်မည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ပြန်သည်။ ထိုပုဂ္ဂလိက ကျွန်းစိုက်ခင်းများကို အမှန်တကယ် လုပ်ကိုင်သူများရှိသလို၊ မြေ နေရာယူထားပြီး စနစ်တကျ မလုပ်ကိုင်သူ များလည်းရှိသည်။ ထိုသို့ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများကို အမှန်တကယ် လုပ်ကိုင်သူများထဲတွင် ဖြိုးစည်သူ ထရေးဒင်းကုမ္ပဏီလီမိတက်မှ ကိုရန်နိုင်သည်လည်း ပါဝင်သည်။ ကိုရန်နိုင်သည် ပဲခူးရိုးမ အနောက်ခြမ်းရှိ ကျွန်းသစ်ထုတ်လုပ်ပြီးသော မြေဧက ၂၅၂ဝ ခန့်ကို ကျွန်းပင်များ ပြန်လည်စိုက်ပျိုးရန်အတွက် တပ်မတော်အစိုးရထံမှ ၂ဝဝ၇ ခုနှစ်တွင် လျှောက်ယူခဲ့ခြင်းဖြစ်သည်။

ယခု ဆယ်စုနှစ်တစ်ခု ကြာမြင့်လာချိန်တွင် ကိုရန်နိုင်၏ ကျွန်းစိုက်ခင်း၌ ကျွန်းပင်ပေါင်း ၁ ဒသမ ၄ သန်းခန့်ကို စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ စိုက်ပျိုးနိုင်ခဲ့သော်လည်း ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးမှာလည်း အလွန်အရေးကြီးနေဆဲ ဖြစ်သည်။ ကိုရန်နိုင်၏ ကျွန်းစိုက်ခင်းတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ထမ်းများမှလွဲ၍ ကျန်ဝန်ထမ်း နှစ်ရာခန့်မှာ ဒေသခံများဖြစ်သည်။ ထို့ပင် သူ၏ ကျွန်းစိုက်ခင်းအတွင်း တောလိုက်ခြင်းနှင့် ငှက်ပစ်ခြင်းမပြုရန်လည်း တင်းတင်းကျပ်ကျပ် စည်းကမ်း ထုတ်ထားပြန်သည်။

ကျွန်းစိုက်ခင်းတစ်ခုသည် စတင်စိုက်ပျိုးချိန်မှ အသုံးပြုနိုင်ရန်အချိန်အထိ နှစ်ပေါင်းလေးဆယ်ခန့် စောင့်ဆိုင်းရသည်။ ထို့ပြင် အစိုးရသစ်မှလည်း တစ်နိုင်ငံလုံး သစ်ထုတ်ခွင့် တစ်နှစ်ရပ်နားရန်နှင့် ပဲခူးရိုးမအ တွင်း သစ်ထုတ်ခွင့် ဆယ်နှစ်ပိတ်ပင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်မှုများ လုံးဝမရှိမှသာ ပဲခူးရိုးမအတွင်း စိမ်းလန်းစိုပြည်လာမည်ဖြစ်သည်။ ထိုသို့ ပဲခူးရိုးမစိမ်းလန်းစိုပြည်မှသာလျှင် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု လျော့ကျလာ မည်ဖြစ်ပြီး ပဲခူးရိုးမနှင့် ဆက်စပ်တည်ရှိနေသော နေပြည်တော်သည်လည်း ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးများကို အနည်းငယ်သာ ခံစားရမည် ဖြစ်သည်။

ထိုအခြေအနေများကြောင့် ကိုရန်နိုင်သည် ပွင့်လင်းလာသော မြန်မာ့စီးပွားရေး၊ နိုင်ငံရေးများနှင့်အတူ Eco Resort တစ်ခု ထူထောင်ရန် အကြံဖြစ်ပေါ်ခဲ့သည်။ Eco Resort ဆိုသည်မှာ သဘာဝအခြေခံခရီးသွား စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ၄င်း၏စိတ်ကူးဖြစ်မြောက်ရန် သုံးနှစ်ခန့် ကြိုးစားခဲ့ပြီးနောက် ယခုအခါ ၄င်းစိတ်ကူးသည် Bago Yoma Eco Resort ဟူသောအမည် ဖြင့် အကောင်အထည်ပေါ်လာပြီ ဖြစ်သည်။ Bago Yoma Eco Resort သည် အစိုးရမှ သတ်မှတ်ထားသော သဘာဝနယ်မြေ (၄ဝ)တွင် ပထမဆုံး Resort ဖြစ်သည်။ ထို့ပြင် ယင်း Resort သည် ပလတ်စတစ် ကင်းမဲ့ဇုန် (Plastic Free Zone) တစ်ခုလည်း ဖြစ်သည်။

ထို Eco Resort သည် ပြည်မြို့မှ ၄၂ မိုင်ခန့်ကွာဝေးပြီး ထို Resort သို့ ပေါက်ခေါင်း-အုတ်တွင်းလမ်း (အလယ်ရိုးမ ဖြတ်လမ်း)အတိုင်းသွားလျှင် လေးနာရီခန့် ကြာသည်။ အဆိုပါ Eco Resort တွင် မသုံးမဖြစ် နေရာများတွင်သာ သတ္တုပစ္စည်း၊ ကော်ပစ္စည်း များ သုံးထားပြီး Resort ရှိ စားပွဲ၊ ကုလားထိုင်၊ တစ်ရှူးဘူး၊ ပြာခံခွက်၊ သောက်ရေခံခွက်၊ တံခါးလက်ကိုင်၊ ကြမ်းခင်း၊ နံရံ၊ မျက်နှာကြက်၊ ရေခဲသေတ္တာပုံး စသည်တို့ကို ကျွန်းသစ်၊ ဝါး တို့ဖြင့် ပြုလုပ်ထားသဖြင့် တော၊ တောင်တို့၏ သဘာဝကို အပြည့်အဝခံစားနိုင်မည် ဖြစ် သည်။ ထို့ပြင် သုံးရေအတွက် စမ်းချောင်းမှ ပြန်လည်သွယ်ယူထားပြီး အခန်းတိုင်းတွင် ရေပူ၊ ရေအေးစက်များ တပ်ဆင်ထားသည့်အပြင် အခန်းတိုင်းတွင် Air con များလည်း တပ်ဆင်ထားသည်။ ထို Eco Resort ၌ မည်သည့် ဖုန်းလိုင်းမှ မမိသလို၊ မည်သည့် TV မှ မရှိသောကြောင့် စိတ်အေး၊ လက်အေး အပန်းဖြေ အနားယူလိုသူများအနေဖြင့် အပြည့်အဝ အေးချမ်းစွာ အနားယူနိုင်မည်ဖြစ်သည်။

ပညာရှင်များက သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco Tourism) ကို မီးခိုးမထွက်သော စက်ရုံဟု တင်စားလေ့ရှိကြပါသည်။ ထို့ကြောင့် Bago Yoma Eco Resort သည် ပဲခူးရိုးမ ပြန်လည်စိမ်းလန်းရေးနှင့် ပဲခူးရိုးမရှိ ဒေသခံများ၏ လူမှုဘဝ မြှင့်တင်ရေးကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ အောင်မြင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအတွက်လိုအပ်သော မြန်မာနိုင်ငံ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲ ထုတ်ပြန်ပြီး ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ပဲခူးရိုးမ အနောက်ခြမ်း ပြန်လည်စိမ်းလန်းသာယာရေး၊ ပဲခူးရိုးမအတွင်း သားရဲတိရစ္ဆာန်များ၊ ဒေါင်း၊ ဘွတ်တို့ကဲ့သို့ မြန်မာ့မူရင်း ငှက်မျိုးစိတ်များလို ဇီဝမျိုးစုံ မျိုးကွဲများ ဆက်လက်ရှင်သန် ကြီးထွားရေး၊ မြန်မာ့မူရင်း ကျွန်းမျိုးစိတ်များ မပျောက်ကွယ်ရေး၊ ဒေသခံများ၏ လူမှုဘဝများ ပိုမိုတိုးတက် ဖွံ့ဖြိုးလာရေးတို့အတွက်၊ ပဲခူးရိုးမကြီးအတွက် Bago Yoma Eco Resort သည် လင်းရောင်ခြည် မျှော်လင့်ချက်အသစ်ဖြစ်မည်ဟု မျှော်လင့်မိပါသည်။

ဇင်မင်းဖြိုး

The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ်(၃၅)
သြဂုတ် ၃

No comments:

Post a Comment