Thursday, February 2, 2017

ဆာကူရာဦးဌေးအောင် (ပထမဆုံးရွေးကောက်စည်ပင်ကော်မတီ၊ ရန်ကုန်) ဘဝဇတ်လမ်း

အမှိုက်ကရွှေဖြစ်၍ အောင်မြင်ခဲ့ရခြင်း
*******************************************
ကျွန်တော်ဘ၀အတွေ့အကြုံဆောင်းပါးများရေးခြင်းဟာ လူငယ်များအတွက် ဗဟုသုတရစေခြင်းငှာ ရေးခြင်း ဖြစ်ပါတယ်။ အတုယူဖွယ်ရာများကို ရေးသားခြင်းဖြစ်၍ မကြိုက်လျှင်မဖတ်ပါနှင့်။ အကျိုးအကြောင်းမသိလျှင် မကောင်းပြော၍ မဝေဖန်ပါနှင့်ဟု မေတ္တာရပ်ခံလိုပါတယ်။
-ကျွန်တော်ကား ၀ယ်/ရောင်းဘ၀သို့ ကူးပြောင်းခြင်းဟု ဆိုခဲ့ပြီးဖြစ်ပါတယ်။
-အချို့ကဝေဖန်ကြတယ်၊ ပွဲစားဆိုတော့ မုသားကင်းမည်မဟုတ်ဟု ဆိုကြတယ်။
-အမှန်တော့ ကျွန်တော်ကားပွဲစားအလုပ် ယနေ့အထိမလုပ်ဘူးပါ။
ကားဝယ်/ရောင်းဟုဆိုသော်လည်း၊ နိုင်ငံခြားမှကားမှာ၍ ပြည်တွင်း၌ပြန်ရောင်းခြင်းအလုပ်ကို စတင်လုပ်ခြင်းဖြစ်ပါတယ်။

အဲ့ဒီလို ကားမှာ၍ ရောင်းဝယ်ခြင်းအလုပ်မှာလည်း ၃/၄ စီးခန့်သာ ပြည်တွင်းကားကုမ္ပဏီ အေးဂျင့်များထံမှတဆင့် မှာယူတင်သွင်းရောင်းချခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် မိမိကိုယ်တိုင် ဂျပန်နိုင်ငံ Kobe မြို့မှ Choko Trading ကားကုမ္ပဏီကိုယ်စားလှယ်အဖြစ် စတင်လုပ်ကိုင်ပြီး၊Sakura Auto နာမည်နဲ့ ကားအရောင်းအ၀ယ်အလုပ်ကို တွဲဖက်လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။

ကားကုမ္ပဏီကိုယ်စားလှယ်အဖြစ် စတင်လုပ်ကိုင်တဲ့အချိန်တုန်းက မော်တော်ကားအင်ဂျင်နှင့် ကားတစ်စီးလုံး၏ အစိတ်အပိုင်းများတင်သွင်းခြင်း၊ မော်တော်ဆိုင်ကယ်နှင့် TV၊ Video၊
ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ မိတ္တူကူးစက် စတဲ့ လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်းအလုပ်ကိုလည်း တစ်ပြိုင်တည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါတယ်။
ထိုအချိန်က ဤကဲ့သို့တင်သွင်းရောင်းချတဲ့လုပ်ငန်းဟာ အကျိုးအမြတ်အလွန်များပြီး၊ လူအများ မလုပ်ကိုင်နိုင်သေးသည့်အတွက် (၃)နှစ်ခန့် လျှို့ဝှက်စွာလုပ်ကိုင်၍၊ နေ့ချင်း၊ ညချင်း ကြီးပွားခဲ့ခြင်းဖြစ်ပါတယ်။ 

ဦးနေ၀င်းအစိုးရခေတ်က မော်တော်ယာဉ်များတင်သွင်းခွင့်မှာ အကန့်အသတ်ရှိသကဲ့သို့ ပြည်ပမှ တင်သွင်းရသည့် မော်တော်ဆိုင်ကယ်၊ အင်ဂျင်အပိုပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများကိုလည်း ပြည်ပ၀င်ငွေရရှိသောသူများသာ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ရသောခေတ် ဖြစ်ပါတယ်။ ယနေ့ခေတ်ကဲ့သို့ ကားကုမ္ပဏီများ၊ လျှပ်စစ်ကုမ္ပဏီများ၊ Showroom ကြီးများဖြင့် ရောင်းချခွင့်ရရှိသော ခေတ်မဟုတ်ခဲ့ပါ။
အမွှမ်းတင်၍ပြောရလျှင် ကျွန်တော်ကိုယ်တိုင်ပင်လျှင် မိမိကိုယ်မိမိ အံ့သြရလောက်အောင် ဆူနာမီ လှိုင်းလုံးကြီးများကဲ့သို့လည်းကောင်း၊ သိန်းထီကြီးများ အကြိမ်ကြိမ်ပေါက်သကဲ့သို့လည်းကောင်း၊ ၀င်ငွေ ကောင်းခြင်းဖြစ်ပါတယ်။ 

ထိုအချိန်က အထိုက်အလျှောက်လုပ်ငန်းပြ၍ အခွန်ဆောင်ခဲ့သော်လည်း အများနည်းတူ အခွန်ရှောင်ခဲ့ ဖူးပါတယ်။ ၀င်ငွေကောင်း၍လည်း ပိုလျှံငွေများဖြင့် ရန်ကုန်မြို့တွင်း အိမ်ခြံမြေများအား ၀ယ်ယူဖြစ်ခဲ့တယ်။ တပ်မတော်အစိုးရတစ်ခေတ်ပြောင်းတော့ အိမ်၊ ခြံ၊ မြေ ဈေးကောင်းလို့ ထောခဲ့ဖူးပါသည်။ ဒါကြောင့် အစိုးရခေတ် တစ်ခေတ်ပြောင်းတိုင်း ကိုယ်ကလိုက်ပြောင်းနိုင်ဖို့လိုပါတယ်။
ကျွန်တော့်အဖေ၏သွန်သင်မှု တစ်ခုရှိခဲ့ပါတယ်။ “ငါ့သားရန်ကုန်မြို့ကြီးဟာ မြို့တော်တစ်ခုဖြစ်တော့ နယ်ပယ်အသီးသီးက စီးပွားရေးကောင်းသူများ ပြောင်းရွှေ့အခြေချတဲ့နေရာတစ်ခုပဲ၊ ဒီတော့ အိမ်၊ ခြံ၊ မြေ ဈေးဆိုတာ ဘယ်တော့မှမကျဘူး၊ အတက်ပဲရှိမှာ။ ငွေပိုရင် ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးပဲ။ အရှုံးမရှိတဲ့ အလုပ်ပဲ”ဟု ပြောခဲ့ဖူးပါတယ်။

အရောင်းအ၀ယ်အလုပ်ဆိုတာ အရှုံးအမြတ်ရှိတတ်သေးတယ်။ အဲ့ဒီရန်ကုန်မြို့ပေါ်ကမြေကွက်တွေဟာ တိုးလာမှာမဟုတ်ပဲ ၀ယ်သူတွေတိုးနေတဲ့အတွက် ရောင်းမဲ့မြေကွက်တွေဟာ နေရာကောင်းတွေမှာ တဖြည်းဖြည်းရှားပါးလာလိမ့်မယ်လို့ သတိပေးပြောခဲ့ဖူးတယ်။ ကျွန်တော်စဉ်းစားကြည့်တော့လည်း ဟုတ်နေတယ်လေ။ ဒီတော့ကျွန်တော် ငွေပိုငွေလျှံရှိတိုင်း အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးအားပြု လုပ်ဖြစ်တယ်။
တစ်ဖက်ကလည်း ၀င်ငွေအရမ်းကောင်းတဲ့ ကားကြီးအင်ဂျင်နှင့် အပိုပစ္စည်းတင်သွင်းရောင်းချခြင်း ဆိုင်ကယ်နှင့်လျှပ်စစ်ပစ္စည်း တင်သွင်းရောင်းချခြင်းတို့ကိုလည်း ပို၍ပို၍ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါတယ်။ မော်တော်ကားအရောင်းအ၀ယ်ဟာ အရင်းအနှီးများပြီး အကျိုးအမြတ်ကျတော့ ရာခိုင်နှုန်းကနည်းတယ်။ ဒီတော့ကျွန်တော်က ကားအရောင်းအ၀ယ်လုပ်ငန်းကို ကြိုပွိုင့်ရောင်းတဲ့အလုပ်ပဲ အလုပ်များတယ်။ ကားမရောက်ခင် ၀ယ်/ရောင်းတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သဘောမျိုး ကြိုရောင်းတာများပါတယ်။

ကားကြီးအင်ဂျင်နဲ့ အပိုပစ္စည်းတစ်စီးစာတင်သွင်းရင် အမြတ်က(၂)ဆလောက် အနည်းဆုံးမြတ်ပါ တယ်။ ဂျပန်အမှိုက်ပုံကကောက်ပြီးဝယ်တဲ့ ကားကြီးတစ်စီးကိုဖြတ်တောက်ပြီး သစ်သား package လုပ်ပြီး ရန်ကုန်ကို တင်သွင်းလာရင် ပစ္စည်းကမရောက်သေးဘူး ရောင်းလို့ကုန်နေပြီလို့ ပြောရလောက်အောင် ၀ယ်အားက ရှိခဲ့တယ်။

အဲ့ဒီအချိန်တုန်းက မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မန္တလေး စတဲ့ဒေသတွေမှာ ကားကြီးတပ်ဆင်တဲ့ လုပ်ငန်းတွေက အလုပ်ဖြစ်ကြတယ်။ ယာဉ်မှတ်ပုံတင်ခွင့်ပြုတဲ့ နည်းလမ်းတွေကလည်း ရှိနေတော့ ရောင်းအား တအားကောင်းတယ်။ ကျွန်တော့်လို ဂျပန်ကျပစ္စည်း တင်သွင်းရောင်းချတဲ့သူကလည်း လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲရှိပါတယ်။ မလေးရှားပီနန်ကျပစ္စည်းဆိုတာ စက်လှေနဲ့ဝင်တာတွေရှိပေမယ့် တရားဝင် သွင်းလာတာမဟုတ်တော့ ယာဉ်လိုင်စင်မှတ်ပုံတင်လို့မရလို့ ကျွန်တော်လို ဂျပန်ကျပစ္စည်းက စင်ပေါ်ကို ရောက်တဲ့ခေတ်တစ်ခေတ်ပေါ့။ ဒါပေမဲ့ မကြာပါဘူး (၃)နှစ်လောက်တော့ လုပ်စားလိုက်ပြီး အတော်လည်း ၀င်ငွေကကောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂျပန်ကျပစ္စည်းတွေကို နောက်ပေါက်တင်သွင်းလာတဲ့သူတွေ အလျိုလျိုပေါ်လာပြီး၊ စင်္ကာပူကနေလည်း တစ်ဆင့်တင်သွင်းတဲ့သူတွေကပေါ်လာတော့၊ ဈေးကွက်ပျက်ပြီး အကျိုးအမြတ်ကလည်းနည်းလာလို့ ကျွန်တော်လည်းလုပ်ကွက်ပြောင်းဖို့ ဖြစ်လာတယ်။

ဒါနဲ့(၈၈)အရေးအခင်းဖြစ်ပြီး တပ်မတော်အစိုးရတက်လာတဲ့အချိန်မှာ ကားသွင်းခွင့်တွေ အရင်ခေတ် ထက်ပိုပြီး ဖွင့်ပေးလိုက်တယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ယာဉ်နှင့်စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကနေ ချုပ်ကိုင်ပြီး၊ မော်တော်ယာဉ်များကို အပ်ကုန်နဲ့ရောင်းတဲ့စနစ်တွေ စတင်ပေါ်လာတယ်။ ဒါကြောင့် အပ်ကုန် စနစ်နဲ့ရောင်းတဲ့လုပ်ငန်းမှာ အကြီးအကျယ်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ကျွန်တော်လိုဌာနနဲ့ အပ်ကုန်လုပ်တဲ့ ကုမ္ပဏီတွေ အဲ့ဒီအချိန်က အခု(၂၀)လောက်ရှိမယ်ထင်တယ်။ အကျိုးအမြတ်များခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဂျပန်ကိုတစ်လ တစ်ခေါက်၊ နှစ်ခေါက်လောက်သွားပြီး ကားပတ်ရှာတဲ့အလုပ်လည်း လုပ်ဖြစ်ပါတယ်။ နောက်ပြီး ကားသင်္ချိုင်းက ကားများကို သံရည်ကြိုဈေးနဲ့ဝယ်ပြီး တစ်ကျပ်တန်ကို တစ်ဆယ် အမြတ်နဲ့လည်း ရောင်းလို့ရတဲ့ကားတွေ အများအပြားဝယ်ယူရရှိခဲ့လို့ ဂျပန်မှာလည်း ကုမ္ပဏီထောင်ဖြစ်ခဲ့ပြီး၊ ဂျပန်မှာပဲ လူမသိသူမသိ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။ 

အဲ့ဒီအချိန်က တည်ဆောက်ရေးလုပ်ငန်တွေလည်း တပ်မတော်အစိုးရက အများကြီး တိုးချဲ့ လုပ်ကိုင်လာတဲ့အချိန်မှာ ကျွန်တော်လည်း တည်ဆောက်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖြစ်လာတယ်။ ဒါပေမဲ့ ခရိုနီတွေလို ကျပ်တစ်ရာတန်ကို တစ်ကျပ်နဲ့ အပေးအယူလုပ်ပြီး စီးပွားရှာခဲ့တဲ့လုပ်ငန်းမျိုးတော့ မလုပ်ခဲ့ဖူးပါဘူး။ ဘာလုပ်ငန်းပဲ လုပ်လုပ် လက်ဦးမှုရရန်လိုပြီး သူများထက် ခြေနှစ်လှမ်း၊သုံးလှမ်းသာခဲ့လို့ အကျိုးအမြတ်လည်း ပိုရခဲ့တယ်လို့ဆိုရင် မှားမယ် မထင်ပါဘူး။

၁၉၉၀ ခုနှစ်နောက်ပိုင်း -
ဒီအချိန်မှာပဲ တရုတ်ပြည်မှာလည်း နယ်စပ်ကနေ တရားမ၀င် ကားတင်သွင်းမှုလုပ်ငန်းတွေက တွင်ကျယ်လာတယ်။ အဲ … ဒါပေမဲ့ သူတို့ကဘယ်မောင်းမဟုတ်ရင် လုံးဝမ၀ယ်ပါဘူး။ ဒါကြောင့် ကျွန်တော် တရုတ်ပြည်အကြိုက် ကားတွေကိုတင်သွင်းပြီး ဘယ်မောင်းပြောင်းတဲ့အလုပ်ကို လုပ်ခဲ့ရသေးပါတယ်။ နောက်တော့ ကိုရီယား-ဂျပန်ကနေ တရားဝင် Transit Trade နဲ့ဘယ်မောင်း အသစ်စက်စက်တွေ ၀ယ်သွင်းပြီးရောင်းတဲ့ အလုပ်လည်း လုပ်ခဲ့ရပါသေးတယ်။ လုပ်တဲ့သူလည်းနည်းပြီး ပြည်ပအဆက်အသွယ်က ရှိပြီးသားဆိုတော့ အကျိုးအမြတ် ကလည်း သူများထက်ပိုရတယ်လို့ ဆိုရပေမယ်။

ပျော်လည်းပျော်စရာကောင်းခဲ့ပါတယ်။ ယာဉ်တန်းကြီးများနဲ့ ရန်ကုန်ကနေ မူဆယ်မြို့ရောက်တဲ့အထိ မရပ်မနားမောင်းခဲ့ရတဲ့ခရီးစဉ်တလျှောက် လူငယ်ဘ၀ မမောမပန်းနဲ့ကူညီခဲ့ကြတဲ့ တပည့်များနဲ့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေများလည်း အစဉ်သတိရကျေးဇူးတင်လျက် ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ တရုတ်ပြည်မကြီးအစိုးရက တင်းကျပ်မှုတွေလုပ်လာလို့ နယ်စပ်ရောက်ပြီးသား ကားများ အရှုံးခံရောင်းရတဲ့ အဖြစ်နဲ့လည်း ကြုံခဲ့ရပါသေးတယ်။ ဒါတောင်တစ်ချို့က ကျွန်တော့်ကို မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်ပြီး ကြီးပွားတယ်လို့ အထင်နဲ့စွပ်စွဲခဲ့ကြသူတွေ ရှိခဲ့ဖူးပါတယ်။ 

ပြောရရင်တော့ စီးပွားရေးလောက အောင်မြင်မှုဆိုတာ ကိုယ်ကလက်ဦးမှုရပြီး လမ်းစဖောက်ခဲ့တဲ့ အလုပ်ကိုလုပ်မှ အကျိုးအမြတ်ကလည်းများပြီး ခြေလှမ်း ၂/၃လှမ်း ရှေ့ရောက်နေမှ အကျိုးအမြတ်ဆိုတာ သူများထက်ပိုရှိတာကို ကြုံခဲ့ရပါတယ်။ နောက်တော့ ကိုယ့်လိုပဲလိုက်လုပ်တဲ့ သူတွေများလာတော့ အကျိုးအမြတ်က မလွယ်တော့ဘူးပေါ့။ ကျွန်တော် Sakura ဆေးရုံးကြီးကို စဖွင့်တယ်။ စင်ပြိုင်မရှိသေးတဲ့ အချိန် ၃/၄ နှစ်တော့ ကိုယ်တစ်ယောက်ထဲ စင်ပေါ်မှာပေါ့။ နောက်တော့ ကိုယ့်လိုအဆင့်မြင့်တဲ့ ဆေးရုံတွေက တစ်ခုပြီးတစ်ခုပေါ်လာတော့ ၀န်ထမ်းတွေကလည်းပြောင်း၊ အထူးကုဆရာဝန်တွေကလည်း ဆေးရုံအသစ်တွေက မက်လုံးတွေပေးပြီးခေါ်တော့ အချိန်တွေလျှော့ပြီး ပြောင်းထိုင်ဖို့လုပ်ကြတော့၊ Market Share တွေခွဲဝေပေး ရတာဖြစ်လာပြီး ၀င်ငွေကျတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရသေးတယ်။ ကိုယ်ကလည်း Service Promotion မလုပ်နိုင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုက ဘဏ်အပ် ငွေတိုးတောင် မကိုက်တဲ့အထိ ၀င်ငွေကျလာတာနဲ့ လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။

-စီးပွားရေးလုပ်တယ်ဆိုတာ စွန့်စားရပါတယ်။ လောင်းကစား လုပ်သလိုပါပဲ။ ငွေလုံးငွေရင်းနဲ့ ဈေးကွက် ကို ဖောက်ရတဲ့အခါလည်း ရှိပါတယ်။
-ဆိုလိုတာကတော့ အောင်မြင်မှုတစ်ခုရဖို့အတွက် ဈေးကွက် အသစ်ကို ဖော်ထုတ်နိုင်ရပါမယ်။

-ကိုယ်လုပ်မယ့်လုပ်ငန်းဟာလည်း ဈေးကွက်ကျယ်ပြန့်ပြီး ရေရှည်ဝယ်လိုအားရှိတဲ့ လုပ်ငန်းမျိုးဖြစ်ဖို့ လိုပါတယ်။
နောက်ပြီး ရောင်းအားမကျအောင် ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ်ပေးနေနိုင်ဖို့ လိုပါတယ်။ ယနေ့ခေတ်မှာ Brand Market Competition တွေက အရမ်းများလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့်လုပ်ငန်းဟာလည်း ဈေးကွက်ထိုးဖောက်ယှဉ်ပြိုင်နိုင်ဖို့ နာမည်ကြီး Brand ဖြစ်ဖို့ လိုအပ်လာပြီလို့ ပြောချင်ပါတယ်။ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ တစ်ခန်းရပ်ပါရစေခင်ဗျား … ။

No comments:

Post a Comment