Monday, June 25, 2018

အိပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုးကြားနေသူများ

အိပ်နေတဲ့ မြန်မာနိုင်ငံမှာ နိုးကြားနေသူများ
အောင်အောင် I.R ရဲ့ အိပ်နေတဲ့နိုင်ငံ ဆောင်းပါးကို ဖတ်မိပြီး၊ ဒီ စာတိုလေးကို ရေးပါတယ်။ အဲဒီ စာရေးသူ အောင်အောင် ဟာ နိုင်ငံတကာ ရောက်ဖူးပြီး လောလောဆည် တရုပ်နိုင်ငံရဲ့ ဖွံဖြိုးမှု အနဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ မြန်မာနဲ့အိမ်နီးချင်း ယူနန်ပြည်နယ်ကို ပြီးခဲ့တဲ့ ၅နှစ်မှာ နှစ်စဉ်ရောက်ရှိကြောင်း၊ ရောက်တိုင်းလဲ ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့ ရောက်ကြောင်း၊ တစ်နှစ်နဲ့တစ်နှစ် မတူပဲ တိုးတက်ပြောင်းလဲနေကြောင်း၊ ဒါဆိုရင် တရုပ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဘေဂျင်း၊ ရှန်ဟိုင်း မြို့တွေဆို ပိုပြီးတိုးတက်နေမယ် လို့ ရေးထားပါတယ်။ အခုဆိုရင် မြန်မာဘက်က အချက်ပြတာနဲ့ ယူနန်ပြည်နယ် ရွှေလီမြို့ကနေ လားရှိုး-မန္တလေး-ကျောက်ဖြူ ရခိုင်ပြည်နယ် ရေနက်ဆိပ်ကမ်း အထိ ရထား၊ ကားလမ်းတွေ ဖောက်ဖို့ အသင့်ရှိနေကြတယ် လို့ သိရပါတယ်။ စာရေးသူက China Debt Trap ကို နားလည်ပေမဲ့ အဲဒီအကြောင်း မရေးပါဘူး။ ရေးတဲ့ အကြောင်းကတော့ မြန်မာတွေ အိပ်နေကြဆဲ ဆိုတာကို သတိပေး ဆောင်းပါးဖြစ်ပါတယ်။
.
တရုပ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနဲဆုံး ယူနန်ပြည်နယ်အကြောင်းကို မြန်မာခေါင်းဆောင်များ အားကျစေဖို့ ရေးပြထားပါတယ်။ ဘာကြောင့် မြန်မာခေါင်းဆောင်တွေ အိမ်နီးချင်း ကပ်နေတဲ့ ယူနန်ပြည်နယ် ကူမင်းမြို့၊ ရွှေလီမြို့ တွေကို မသွားကြသလဲ ဆိုတော့ မြန်မာနိုင်ငံခြားရေး ပေါ်လစီကြောင့် ဖြစ်ပါတယ်။ တရုပ် လုပ်ငန်းရှင်များပဲ မြန်မာနိုင်ငံကို လာရောက်ကြတယ်။ မြန်မာလုပ်ငန်းရှင်များက ရွှေလီ၊ ကူမင်း မြို့တွေကို သွားပြီး ပစ္စည်း ရောင်း၊ ၀ယ် လုပ်ကြတယ်။ တနည်းအားဖြင့် ယူနန်ပြည်နယ်ဟာ တရုပ်-မြန်မာ စီးပွားရေးမြို့တော်လို့ပဲ ပြောရပါမယ်။ နိုင်ငံရေး မြို့တော် မဟုတ်သေးပါဘူး။ သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း က လက်နက်ကိုင်တိုင်းရင်းသား များ အားလုံးက ယူနန်ပြည်နယ်မှာ အခြေစိုက်နေထိုင် စီးပွားလုပ်ငန်းများ ရှိနေပါတယ်။ ဒါကြောင့် မြန်မာ ခေါင်းဆောင်များ ယူနန်ပြည်နယ်ကို သွားဖို့ လက်ရှောင်နေခြင်း ဖြစ်ပါတယ်။
.
ဆောင်းပါးရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံ အိပ်ပျော်နေတဲ့ စီးပွားရေးလုပ်ငန်းများကို တရုပ်ပြည် ယူနန်ပြည်နယ် ကို စံနမူနာယူစေဖို့ ဖြစ်ပါတယ်။
.
ယူနန်ပြည်နယ်ရဲ့ တိုးတက်ပုံများက ကိန်းဂဏန်းနဲ့ နှိုင်းယှဉ်ရင်ပဲ မြန်မာထက် အများကြီး သာနေတယ် ဆိုတာ မြန်မာအုပ်ချုပ်သူများ သိနားလည်ကြပါတယ်။ နိုင်ငံ တိုးတက်လာရင် နိုင်ငံခြားသားတွေလဲ အကျိုးအမြတ် ရတယ် သိတော့ အလုံးအရင်း ၀င်လာပါတယ်။ ယူနန် အစိုးရရဲ့ ပေါ်လစီက ဗဟိုအစိုးရ ချမှတ်ထားတဲ့ မူဝါဒတွေ အတိုင်း လုပ်တော့၊ ဗဟိုက ချပေးတဲ့ ဘတ်ဂျတ်အတိုင်း အင်ဖရာစထရပ်ချာ Infra Structure ဆိုတဲ့ လမ်းတံတား၊ လျှပ်စစ်၊ အပမ်းဖြေဥယျာဉ်၊ ကမ္ဘာလှည့်ခရီးသွားအစီအစဉ် များက မြန်မာနိုင်ငံနဲ့ ဆီနဲ့ရေလို ကွာခြားနေမှာ ဖြစ်ပါတယ်။ ဥပမာ ရန်ကုန် တိရိစ္ဆာန်ဥယျာဉ် ကတော့ ကန်ထရိုက်ပေးထားလို့ ပြည်တွင်းခရီးသွား မြန်မာများရဲ့ အပမ်းဖြေ၊ ကလေးကစားစရာ နေရာဖြစ်ပါတယ်။ တိရိစ္ဆာန် များစွာ ထားပေမဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ယောက်မှ မမြင်ခဲ့ရတာလဲ ထူးဆန်းပါတယ်။ ဒေါ်လာနဲ့ ပေးရတဲ့အတွက် နိုင်ငံခြားသားများ မလာတာပဲ ဖြစ်မှာပါ။ ပြီးတော့ တိရိစ္ဆာန်ရုံမှာ သန့်ရှင်းမှု အဆင့်အတန်း မြန်မာအဆင့်တော့ ရှိပေမဲ့ နိုင်ငံခြားအဆင့် မရှိပါ။ ၀င်ကြေး ၂၀၀ကျပ် ဆိုတော့ ရန်ကုန်နေတိုင်သူများ ကလေး၊ မိသားစုနဲ့ အပမ်းဖြေရုံ အဆင့်ပဲ ရှိပါတယ်။ ရွှေတိဂုံ ဘုရားကိုတော့ နိုင်ငံခြားသားများ ဒေါ်လာပေးပြီး အမြောက်အများ လာကြည့်ကြပါတယ်။ ဘုရားတွေကတော့ နိုင်ငံခြားသား လာရောက်ဖို့ အဆင့်မီ သန့်ရှင်းကြပါတယ်။ သို့သော် ရန်ကုန်မြို့ တစ်ခုလုံးကို ကြည့်ရင် နံပါတ်(၁) အိမ်သာ ကအစ ရှာလို့မလွယ်ပါဘူး။ စားသောက်ဆိုင်တိုင်းမှာ အိမ်သာ ရှိတယ် ဆိုပေမဲ့ သန့်ရှင်းမှု အဆင့်မမီပါဘူး။ အစားအသောက်တွေပဲ အဲကွန်းပေးပြီး ဈေးကြီးကြီး ရောင်းနေတဲ့ ဆိုင်များစွာ ရှိနေဆဲပါ။
.
အခုဆို ရန်ကုန်မြို့ကို ကြည့်ရင် နိုင်ငံခြားသား တွေ မမြင်ချင်အဆုံး ပါပဲ။ ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေကို အပမ်းဖြေ လာကြတဲ့ နိုင်ငံခြားသားများစွာ ရှိပါတယ်။ ရန်ကုန်မြို့ အိမ်ကောင်း၊ ကွန်ဒိုတွေ၊ ဆိုင်ခန်းတွေလဲ နိုင်ငံခြားသားတွေက ငှားရမ်းပြီး လုပ်ငန်းလုပ်ကိုင်ကြပါတယ်။ အထူးသဖြင့် တရုပ်တွေ၊ အိန္နိယတွေ၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း တွေ အမြောက်အများ မြန်မာနိုင်ငံကို လာပြီး ပစ္စည်းရောင်းနေကြပါတယ်။ ပိုဆိုးတာက လက်လီဆိုင်များ၊ လက်ကားဆိုင်များကို တိုးရစ်ဗီဇာနဲ့ လာရောက်ပြီး ပေါ်တင် ဆိုင်ထိုင်နေကြလို့၊ ဗီဇာသက်တမ်း တိုးဖို့ ခက်တော့ အိုဗာစတေး ဖြစ်ရင်လဲ ရက်လွန်ဒဏ်ကြေး ဆောင်ပြီး နေထိုင်၊ စီးပွားလုပ်တဲ့ နိုင်ငံခြားသားတွေကို အရေးမယူနိုင်သေးခြင်း ဖြစ်ပါတယ်။
.
ဘယ်နေရာမှာ မြန်မာတွေ သွားအိပ်နေသလဲ
ဒီမေးခွန်း ရဲ့ အဖြေကတော့ မြန်မာခေါင်းဆောင်တွေ တရုပ်နိုင်ငံ လောက်ပဲ တိတ်တဆိတ် ရောက်ဖူးကြလို့။ တရုပ်ကို အားကျ၊ တရုပ်ပေးတဲ့ လက်ဆောင်ယူရင်း၊ တရုပ်တွေ ၀င်လာတာကို ထိုင်ကြည့်နေရင်းတယ်၊ အများစုက တရုပ်တွေ ငွေအားကိုးပြီး အနိုင်ကျင့် ခံရတာကိုလဲ စစ်အာဏာရှင်စနစ် အတိုင်း ခေါင်းငုံ့ခံကြတယ်။ တရုပ်တွေ ပေးတဲ့ ကျပ်ငွေ (လာပ်ငွေ) နဲ့ မဖြစ်စလောက် လခများကို ယူပြီး တရုပ်သြဇာခံ တရုပ်အကြိုက်လုပ်ပြီး အိပ်ပျော်နေခြင်းပါပဲ။ တလောကပဲ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် စာတမ်းဖတ်ပွဲ လုပ်ပေးမယ် ဆိုတော့ အဟုတ်မှတ်လို့ ၀မ်းသာမိတယ်။ နောက်တော့ တရုပ်ကုမဏီ က စပွန်စာပေးပြီး လုပ်ခိုင်းတော့ စာတမ်းမှာ တရုပ်မကောင်းကြောင်း မရေးကြပါနဲ့ ပြောလို့ သြော် ဒီလိုလား ဖြစ်သွားရပါတယ်။
.
ငွေ အသပြာအောက်မှာ အိပ်နေခြင်း
ဒီလိုပဲ လစာလေး မဖြစ်စလောက် ပေးရင်း မြန်မာပညာတတ်တွေ ကုမဏီကြီးများရဲ့ ၀န်ထမ်းများအဖြစ် အိပ်ပျော်နေရပါတယ်။ တန်ရာ တန်ကြေး ရဖို့ဆိုရင် မြန်မာတွေ အနည်းဆုံး အင်္ဂလိပ်လို၊ တရုပ်လို ပြောတတ်ရပါမယ်။ ဘာသာစကား မြန်မာတစ်ခုထဲ တတ်နေရင်တော့ လစာ အစိုးရ၀န်ထမ်း သာသာပဲ ရပြီး အိပ်နေရမှာပါပဲ။
.
မအိပ်ပျော်ပဲ နိုးထနေသူများ
ကိုယ်ပိုင် စီးပွားလုပ်နေသူများကတော့ အလွန်နိုးထ နေကြပါတယ်။ အစိုးရ ကန်ထရိုက် ရနေသူများကတော့ နိုင်ငံခြားကုမဏီကြီးများ၊ အင်ဂျီအိုများ၊ အစိုးရ စီမံကိန်းကြီးများမှာ တင်ဒါအောင်နိုင်ပြီး၊ အဆက်မပြတ် လုပ်ငန်းတွေ လုပ်နိုင်နေပါတယ်။ အစိုးရအရာရှိကြီး၊ ၀န်ထမ်းများရဲ့ အဂတိလိုက်စားမှုကြောင့် အစိုးရ တင်ဒါဆို ဝေးဝေးရှောင် တဲ့ လုပ်ငန်းရှင်လေးများစွာ ရှိပါတယ်။ သူတို့ကတော့ ပုဂလိက မြန်မာကုမဏီများ၊ နိုင်ငံခြားကုမဏီများ အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများကို တည်ဆောက်ပေးရင်း အလွန်နိုးကြားနေပါတယ်။ နိုးကြားခြင်းရဲ့ အဓိက အချက်ကတော့ ငွေကြေး ရရှိလို့ပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများမှာတော့ မြန်မာတွေ တော်တော် နိုးကြားနေပါတယ်။ လခစား လုပ်ငန်းများမှာတော့ အိပ်ပျော်နေဆဲ ဖြစ်ပါတယ်။ လစာ နည်းတာကိုး။
.
.
မအိပ်မနေ နိုးကြားနေတဲ့ အစိုးရအဖွဲ့
အင်အယ်ဒီ ပါတီ နဲ့ တပ်မတော် ညွန့်ပေါင်း အစိုးရလူကြီးများကလဲ နိုးထ နေကြပါတယ်။ ၀န်ကြီးများအတွက် လစာနဲ့ အခွင့်အရေးက (မြန်မာနိုင်ငံအဆင့်နဲ့ဆို) များလှပါတယ်။
.
အဂတိ ဆောင်းပါး တစ်ခုမှာ အခြေခံ အစိုးရ၀န်ထမ်းများ လစာနဲ့မလောက်တဲ့ (၀န်ဆောင်မှု အဂတိအသေးစား) ကို ခွင့်လွှတ်နိုင်ပေမဲ့ အစိုးရဌာန ညွန်မှုး၊ ညွန်ချုပ် အဆင့်တွေ၊ ၀န်ကြီး၊ ဒုဝန်ကြီးအဆင့်တွေ နဲ့ သူတို့ ရုံးအဖွဲ့ဝင်တွေကတော့ ရလေလေ ပိုလိုချင်လေလေ ဆိုတဲ့ (လစာ၊အခွင့်ရေး နဲ့ လောက်ငှပါရက် အဂတိလိုက်စားခြင်း) တို့ ၂မျိုး ရှိပါတယ်။ ခေါင်မိုးလုံ အောင် လုပ်နေတဲ့ လက်ရှိ အခြေအနေ ဖြစ်ပါတယ်။ ဒီလို အရာရှိကြီးပိုင်းက အဂတိလိုက်စားဖို့ ကြိုးစားနေကြတာလဲ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာ များစွာ ပေးထားတဲ့ စနစ်ကြီးကြောင့် ဖြစ်နေပါတယ်။ အဲဒီ အရာရှိကြီးများကတော့ အလွန်နိုးကြား တက်ကြွနေပါတယ်။
.
သို့သော်လည်း တကယ် တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး အဂတိကင်းနိုင်သရွေ့ ကြိုးစား လုပ်ကိုင်နေတဲ့ အစိုးရ အရာရှိကြီးများစွာ ရှိနေပါတယ်။ အဲဒီ လူတော်၊ လူကောင်း အစိုးရ အရာရှိကြီးများကလဲ မအိပ်မနေ နိုးကြားနေတဲ့ အစိုးရအဖွဲ့ ဖြစ်ပါတယ်။
.
မအိပ်မနေ နိုးကြားနေတဲ့ ပညာရေးလောက
အခု ၁၀တန်း အောင်စာရင်း ထွက်တော့ ၊ မြန်မာနိုင်ငံ ၇သိန်း၈သောင်း ဖြေဆိုကြတာ ၂သိန်းခွဲ (၃၂.၈၂%) အောင်ကြပါတယ်။ အမှတ်မကောင်းသူများကတော့ အေးဆေးစွာ အဝေးသင် တက္ကသိုလ်တက်ပြီး၊ အလုပ်လုပ်ကြဖို့ တက်ကြွနေကြပါတယ်။ အမှတ်ကောင်းသူများကတော့ ဆေး၊ နည်းပညာ၊ အိုင်တီ ကျောင်းများ တက်ဖို့၊ နိုင်ငံခြား ပညာသင်ဆု အတွက် အင်္ဂလိပ်စာ သင်တန်းတွေ တက်ဖို့ မအိပ်မနေ ကြိုးစားနေကြပါပြီ။ အလုပ်အကိုင်ကလဲ ၁၀တန်းအောင်မှာ လစာ ၂သိန်းလောက် ပေးတယ်။ ဓါတ်ဆီဆိုင်တောင်မှာ ၁၀တန်းအောင်မှ ခန့်တယ်။ ပညာမရှိရင် ခိုးလွန်းအားကြီးလို့ လုပ်ငန်းရှင်တွေက ၁၀တန်းအောင်သူပဲ အလုပ်ခန့်ကြတာ တွေ့ရတယ်။ ဒီတော့ ပညာရေးမှာ တော်တော် နိုးကြား တက်ကြွနေကြတာ ကောင်းတဲ့ အလားအလာပါ။
.
သူဌေးကြီးများစွာလည်း ပေါ်ပေါက်လာပြီး သူတို့သားသမီးတွေတော့ နိုင်ငံခြား သွားစရာမလိုတဲ့ ပြည်တွင်းက ပုဂလိက တက္ကသိုလ်တွေ ဈေးကြီးပေးပြီး တက်ကြတယ်။ အမှန်တော့ သားသမီးကို နိုင်ငံခြား စိတ်ချရတဲ့ တက္ကသိုလ် (စင်ကာပူ၊ သြစတြေးလျား ပညာသွားသင်စေတဲ့ မိဘများစွာ ရှိပါတယ်။ အများစု ၁၀တန်းအောင်နဲ့ ဘွဲ့ရ ကျောင်းသားများကတော့ အမေရိကန်၊ ဂျပန်၊ ကိုးရီးယား၊ ဂျာမဏီ၊ နော်ဝေး စတဲ့ နိုင်ငံများက ပညာသင်ဆု၊ စပွန်စာများကို မျှော်လင့်ပြီး အင်္ဂလိပ်စာ သင်တန်း၊ ဂျပန်စာ၊ ကိုးရီးယားစာ၊ ဂျာမန်စာ သင်တန်းတွေ တက်နေကြတာကို တွေ့ရပါတယ်။ ဒါတွေက အထက်တန်းစား အဆင့် မအိပ်မနေ ပညာရေးလုပ်ငန်းများ ဖြစ်ပါတယ်။
.
.
နိဂုံး (အိပ်ပျော်နေမလား)
အောင်အောင် I.R ဆောင်းပါးမှာ အိမ်နီးချင်း တရုပ်ပြည်နယ်တစ်ခု ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ရွှေလီမြို့များက စီးပွားရေး၊ ပညာရေး အဖက်ဖက် တိုးတက်နေပြီး၊ မြန်မာများကို အားလိုအားမရ ရေးထားပါတယ်။ တနည်းအားဖြင့် အိပ်ပျော်နေဆဲလို့ ဆိုလိုပါတယ်။ အဂတိ များလို့ ဘာအလုပ်မှ မလုပ်ချင်ဘူးကွာ၊ စည်ပင်၊ အခွန် ဌာနတွေ၊ မြေစာရင်း၊ လ.၀.က၊ က.ည.န တွေနဲ့ လုပ်ရတာလဲ ခက်တယ်၊ ဌာနဆိုင်ရာတွေက လာရစ်နေတာပဲ လို့ စိတ်ပျက်နေသူများနဲ့ ပျင်းယိ၊ ဖြစ်သလို ညစ်ပတ်စွာ နေထိုင်စားသောက် နေသူများကတော့ အိပ်ပျော်နေကြဆဲ ဖြစ်မှာပါ။
.
အဓိကတော့ အလုပ်အကိုင်ကောင်းတွေ ရောက်မလာ သေးလို့ ဖြစ်ပါတယ်။ ရန်ကုန်မှာ အလုပ်အကိုင် ပေါတယ် ဆိုပေမဲ့ နေ့စား လပေး တွေချည်းပါပဲ။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း က အများဆုံး လာလုပ်ကြတယ်။ ခဏပဲ လုပ်ပြီး အလုပ်ပြောင်းကြတယ်။ ၆လလုပ်ပြီး ငွေထုတ်ပိုက် ရွာပြန်စား၊ ကုန်တော့ ပြန်လာလုပ် နဲ့ လည်ပတ်နေကြတယ်။ အလုပ်ကိုင်ကောင်း ဆိုတာ အစိုးရ၀န်ထမ်းလို လုပ်သက်ခွင့်၊ ဆေးခွင့်၊ ခံစားခွင့်များ၊ ပင်စင် ရှိတဲ့အလုပ်များ ဘယ်တော့ အမြောက်အများ လာကြမလဲ။
.
မိတ်ဆွေ၊ အိပ်ပျော်မနေပါနဲ့တော့၊ အနည်းဆုံး အချိန်ရရင် သူများတွေ လုပ်နေတဲ့ လုပ်ငန်းတွေကို အခမဲ့သွားရောက် ကူညီပေးပြီး လေ့လာလိုက်ပါ။
.
ဇော်အောင်
၁၆. ဇွန်. ၂၀၁၈

No comments:

Post a Comment