Monday, June 25, 2018

မြန်မာလျှပ်စစ်ဝန်ကြီးဌာန အထူးလေ့လာရမဲ့ ဘင်္ဂလားဒေ့ခ်ျ .


မြန်မာလျှပ်စစ်ဝန်ကြီးဌာန အထူးလေ့လာရမဲ့ ဘင်္ဂလားဒေ့ခ်ျ . . ဘင်္ဂလားဒေ့ခ်ျ လျှပ်စစ်ကဏ္ဍ ရဲ့ မဟာဓါတ်အားလိုင်း က ထုတ်လုပ်စွမ်းအား 15379 MW (Jan-2017) နဲ့ မြန်မာနိုင်ငံ 3500 MW ထက် ၄ဆ နီးပါး သာလွန်နေပါတယ်။ ဒီ ၂နိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံး နိုင်ငံနှစ်ခု ဖြစ်ပြီး .လက်ရှိ ရိုဟင်ဂျာ လို့ ကမ္ဘာက ခေါ်ဝေါ်တဲ့ ဘင်္ဂလားဒုက္ခသည် ၇သိန်း မြန်မာနိုင်ငံက ထွက်ပြေးတဲ့ ပြသနာကြီး ရင်ဆိုင်နေရတဲ့ ၂နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေကတော့ ဘင်္ဂလားဒေ့ခ်ျက သန်း၁၆၀ ဖြစ်ပြီး မြန်မာကတော့ သန်း၅၅သန်း ဖြစ်ပါတယ်။ လျှပ်စစ် ထုတ်လုပ်အား ၄ဆ သာနေပေမဲ့ လူဦးရေကလည်း ၄ဆ လောက် များတဲ့အတွက် သူတို့နိုင်ငံမှာလည်း လျှပ်စစ် မလုံလောက်ပါဘူး။ မြန်မာနိုင်ငံ အတိုင်း လျှပ်စစ် မလုံလောက်မှု အပြင်၊ လျှပ်စစ် အရည်အသွေး နိုမ့်ကျမှု၊ အဂတိလိုက်စားမှု၊ လျှပ်စစ် ကုမဏီကြီးများ လက်ဝါးအုပ်မှု စတဲ့ အခက်ခဲများစွာ ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
.
ဘင်္ဂလားဒေ့ခ်ျ က 2400 MW ညူကလီယာ လျှပ်စစ်ဓါတ်အား ရုံ စီမံကိန်း Rooppur ဒေသမှာ စတင်ပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံထုတ် Rooppur Nuclear Power Plant ကို ၂၀၁၈ မှာ စတင်ပြီး ၂၀၂၃ (၅နှစ်အကြာ) ပြီးစီးမယ်လို့ ဆိုပါတယ်။ VVER-1200 MW ရီအက်တာ ၂ခု (Water-Water Energetic Reactors) တပ်ဆင်ပါမယ်။ ရုရှားနိုင်ငံက Russian Rosatom State Atomic Energy Corp က လာရောက်တပ်ဆင် ပေးမယ် ဖြစ်ပါတယ်။ ကုန်ကျစရိတ် မြန်မာနိုင်ငံထက် နည်းပညာမှာ များစွာ သာလွန်တယ် ဆိုတာ ၀န်ခံရပါမယ်။
.
လျှပ်စစ် အရင်းအမြစ် ဖြစ်တဲ့ ရေနံနဲ့ ကျောက်မီးသွေး အနည်းငယ်ပဲ ထွက်ပါတယ်။ ဒါပေမဲ့ သဘာဝဓါတ်ငွေ့ လုံလောက်စွာ ထွက်တဲ့အတွက် တိုင်းပြည်ရဲ့ လျှပ်စစ်ကဏ္ဍ ၆၆% ကို သဘာဝဓါတ်ငွေ့ မှ ရရှိနေပါတယ်။ စွမ်းအင် အသုံးပြုမှု အချက်အလက်များအရ ထင်းမီး နဲ့ သီးနှံအကြွင်းကျန် အပင်များကနေ တိုင်းပြည်ရဲ့ ၅၀% (ထက်ဝက်) စွမ်းအင်များ အသုံးပြုနေပါတယ်။
.
ဘင်္ဂလားဒေ့ခ်ျ မှာလဲ LNG လျှပ်စစ် ဓါတ်အား စီမံကိန်း လုပ်နေပြီ ဖြစ်လို့ မြန်မာများ က လေ့လာ။ အတုယူပြီး မြန်မာ LNG စီမံကိန်း ဖြစ်လာပါတယ်။ .
.
.
ကျေးလက်မီးလင်းမှု အခြေအနေ
၂၀၁၅ အချက်အလက်အရ မြို့ပြနေတဲ့ လူဦးရေရဲ့ ၉၂% လျှပ်စစ် ရရှိပြီး၊ ကျေးလက်နေ လူဥိးရေရဲ့ ၆၇% လျှပ်စစ် ရရှိနေပါတယ်။ ပျှမ်းမျှ ၇၇% ပြည်သူလူထုတွေ လျှပ်စစ် ရရှိပါတယ်။ မြန်မာနိုင်ငံကတော့ ၇၀% လူထု (ကျေးလက်လူထုများ) လျှပ်စစ် မရရှိသေးတဲ့အတွက် နေရောင်ခြည် စွမ်းအင်သုံး တနိုင်တပိုင် လျှပ်စစ်မီးကို ကမ္ဘာ့ ဘဏ် ချေးငွေနဲ့ လုပ်ဆောင်နေပါတယ်။ နေရောင်ခြည်း မီနီဂရစ်များ အနည်းငယ် လုပ်ဆောင် ပြီးစီးပေမဲ့ အကျိုးမဲ့ကြောင်း သိရှိလာပြီး ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်တပိုင် ဆိုလာလျှပ်စစ် များကို ဦးစားပေးပြီး ကျေးလက် မီးလင်း နေရပါတယ်။
.
ဘင်္ဂလားဒေ့ခ်ျ ရဲ့ GDP တိုးတက်မှု ၇% ထက်သာလွန်အောင် လျှပ်စစ် ကဏ္ဍကို တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ 15379 MW ကနေ ၂၀၃၀ ခုနှစ်မှာ 34000 MW (၂ဆကျော်) ရရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံ အခြေအနေက လက်ရှိ 3500 MW ကနေ 14542 MW (၄ဆ) တက်လာဖို့ လုပ်နေကြပါတယ်။ မြန်မာတွေ ပိုပြီး အားစိုက် အလုပ်လုပ်ကြဖို့ လိုပါတယ်။ ခုန်ပျံ ကျော်လွှား လုပ်ကိုင်ဖို့ လိုအပ်ချိန်မှာ အလွန်ထက်မြတ်တဲ့ မြန်မာလူငယ်များကို လစာ ကောင်ကောင်း ပေးပြီး၊ အစိုးရ လျှပ်စစ် ကော်ပိုရေးရှင်းများက စီးပွားဆန်ဆန် လုပ်ကြရပါမယ်။ မြန်မာတွေ တရုပ်စတိုင် ကြိုးစားနေပေမဲ့ တရုပ်စတိုင် အစိုးရက စီးပွားလုပ်တတ်ဖို့ ပညာရှင်များ ပျိုးထောင်နည်း အလွန်အရေးကြီးပါတယ်။
..
.
ပြသနာများကို ရေးပါမယ်။
.
မြန်မာနိုင်ငံလိုပဲ ဘင်္ဂလားဒေ့ခ်ျ အဓိက ပြသနာက ပါဝါဆုံးရှုံးမှု ဖြစ်ပါတယ်။ နောက် ဆုံးရှုံးမှုကြီး ကတော့ ပါဝါဓါတ်အားပေး စက်ရုံတွေ တည်ဆောက်တာ သတ်မှတ်ချက်ထက် အမြဲနောက်ကျမှ ပြီးစီးခြင်းပါပဲ။ အခြားပြသနာများကတော့ ..
* ဆောက်ပြီးတဲ့ ဓါတ်အားစက်ရုံကြီးများမှာ စွမ်းရည် Efficiency,
* မတည်ငြိမ်တဲ့ ဓါတ်အားထုတ်လုပ်မှု Erratic power supply,
* လျှပ်စစ်ခိုးယူသုံးစွဲမှု Electricity Thief,
* မီးပျက်တောက်ခြင်း Black Out,
* ပြုပြင်ထိန်းသိမ်းငွေ မလုံလောက်မှု Shortage of Maintenance Cost,
ခြုံကြည့်ရင်တော့ သုံးစွဲသူများ ကျေနပ်ဖွယ်မရှိပါ လို့ပြောရပါမယ်။
.
၂၀၁၄ နိုဝင်ဘာ ၂ရက် တရက်လုံး တနိုင်ငံလုံး မီးပျက်ပါတယ်။ အေးအေး ဆေးဆေး ပါပဲ။ မြန်မာနိုင်ငံက အဲဒီလောက် မဆိုးသေးဖူး လို့ ပြောရမလား မသိပါ။ အိန္နိယနိုင်ငံက ၀ယ်တလဲ့ လျှပ်စစ် အတွက် သွယ်တန်းထားတဲ့ မဟာဓါတ်အားလိုင်း ပြသနာကြောင့်၊ တနိုင်ငံလုံး မဟာဓါတ်အားလိုင်း စနစ်ကို ထိခိုက်ပြီး တရက်လုံး၊ တနိုင်ငံလုံး မီးပျက်သွားခြင်း ဖြစ်ပါတယ်။ နည်းပညာ ပိုင်းမှာလည်း များစွာ အားနည်းတဲ့ သဘောရှိပါတယ်။ ပထမတော့ ..ဒီပြသနာက ဘင်္ဂလားဒေ့ခ်ျ မဟာဓါတ်အားလိုင်း အဟောင်း နဲ့ အိန္နိယက လာတဲ့ မဟာဓါတ်အားလိုင်း အသစ် စနစ်၂ခု ချိတ်ဆက် ပြသနာကြောင့် လို့ အပြစ်ပုံချပါတယ်။ သေချာစွာ စုံစမ်းစစ်ဆေးမှု ရလဒ်ကတော့ အဲဒီလို မဟုတ်ပဲ ညံ့ဖျင်းတဲ့ လျှပ်စစ်စီမံထိန်းသိမ်းမှု လုပ်ရပ်တွေကြောင့်ဖြစ်ပါတယ်။ လျှပ်စစ် သွယ်တန်းစနစ် ညံ့ဖျင်းခြင်း၊ ဖြန့်ဖြူးမှုစနစ် အခြေခံအဆောက်အဦများ ညံ့ဖျင်းမှုများကြောင့် ဒိ တရက်လုံး တနိုင်ငံလုံး မီးပျက်ခြင်း ဖြစ်ရပါတယ်။ နောက်ပိုင်း တော့ မဖြစ်သေးပါဘူး။
.
.
လျှပ်စစ်ဓါတ်အား အရင်းအမြစ်များ
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက မြန်မာနိုင်ငံလို ရေချို အရင်းအမြစ် အလွန်နည်းပါးတဲ့အတွက် ဈေးသက်သာပြီး၊ အရည်သွေးကောင်းတဲ့ ရေအားလျှပ်စစ် မလုပ်နိုင်ရှာပါဘူး။ ရေအားလျှပ်စစ် က လက်ရှိ သုံးနေတဲ့ လျှပ်စစ်ရဲ့ ၂% ပဲ ရှိပါတယ်။ ရေနံလည်း အနည်းငယ်ပဲ ထွက်ပါတယ်။ သဘာဝ ဓါတ်ငွေများစွာ ထွက်လာတဲ့အတွက် သဘာဝဓါတ်ငွေ အပေါ် မှီခိုပြီး လျပ်စစ် ထုတ်ရပါတယ်။
.
၂၀၁၁ ခုနှစ်မှာ သဘာဝဓါတ်ငွေ တွင်းပေါင်း ၇၉ခု ကနေ ၂၃ခုက တရက်ကို 2000 millions of cu ft (MMCFD) ထုတ်လုပ်နေပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံ များ လိုအပ်ချက်က 2500 MMCFD ဖြစ်ပြီး တိုင်းပြည် ရဲ့ ပျမ်းမျှ GDP တိုးတက်နှုန်း ၇% အထက် မှီဖို့ လျှပ်စစ်ဓါတ်အား ပိုမို ထုတ်လုပ်ဖို့ လိုနေပါတယ်။ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၁၁% ကို နေအိမ်များက သုံးကြပါတယ်။ အိမ်သုံး၊ ဆိုင်သုံး ချက်ပြုတ်ဖို့အတွက် CNG Compressed Natural Gas , LPG Liquefied Petroleum Gasကို ၁% လောက် အသုံးပြုပါတယ်။
.
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရဲ့ သုံးစွဲနေတဲ့ ရေနံ (လောင်စာဆီ) နဲ့ CNG ဓါတ်ငွေကို ပြည်ပကနေ တင်သွင်းရပါတယ်။ တွက်ချက်မှု များအရ အဲဒီ လောင်စာ တင်သွင်းမှု ကြောင့် နိုင်ငံရဲ့ GDP ကို ၂% ရော့နည်းစေတယ် လို့ဆိုပါတယ်။ ဒါပေမဲ့ လောက်စာဆီ၊ CNG, LPG များက တိုးပြီး တင်သွင်းနေရပါတယ်။ ကုန်ထုတ်လုပ်ငန်း အများစုက ပြည်ပ တင်သွင်းတဲ့ လောက်စာတွေ အသုံးပြုရလို့၊ တွက်သား သိပ်မကိုက်လှပါဘူး။ လက်ရှိ သဘာဝ ဓါတ်ငွေ့တွင်း များကလည်း ၂၀၂၀ နောက်ပိုင်း ဆိုရင် ကုန်ဆုံးတော့မယ် ဖြစ်လို့ ဘင်္ဂလားဒေ့ခ်ျ စွမ်းအင် အခြေအနေက မကောင်းပါဘူး။
.
ဒါကြောင့် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားရုံများ ဆောက်ဖို့ ကျောက်မီးသွေးတွင်းများ ကို ပြန်လည် အသုံးပြုဖို့ အစိုးရက လုပ်ဆောင်နေပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ကျောက်မီးသွေး လျှပ်စစ် တည်ဆောက်ဖို့ အစိုးရက ကြိုးပမ်းခဲ့ချိန် ပြည်သူလူထု နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးများ အပြင်းအထန် ဆန္ဒပြခဲ့လို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ၂၀၁၀ မှာ ပြန်လုပ်ဖို့ ကြိုးစားချိန် ပြည်သူလူထုက တပါတ်ကြာအောင် ခရီးရှည် ချီတက် ဆန္ဒပြလို့ ပြန်ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘင်္ဂလား ပတ်ဝန်းကျင်အဖွဲ့များကလည်း နိုင်ငံအခြေအနေ ကို နားလည်သွားလို့ အပြင်းအထန် မကန့်ကွက်တော့ပါ။ 1320 MW ကျောက်မီးသွေး ဓါတ်အားစက်ရုံကို Rampal ဒေသမှာ အိန္နိယနိုင်ငံ NTPC ကုမဏီက တည်ဆောက်နေပါတယ်။
.
.
လေ၊ နေရောင်ခြည်း ဓါတ်အားများ
ဘင်္ဂလားဒေ့ခ်ျ အစိုးရက စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၅% လောက်ကို လေအား၊ နေရောင်ခြည်အား အသုံးပြုဖို့ စီမံထားပါတယ်။ လက်ရှိ ၁၅မဂါဝပ် နေရောင်ခြည်စွမ်းအင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေပြီး၊ လေရဟတ် နဲ့ ၁.၉ မဂါဝပ် ထုတ်လုပ်လျှက် ရှိပါတယ်။ National Renewable Energy Policy of 2008 ကို ချမှတ်ထားပါတယ်။
.
.
ဘင်္ဂလားဒေ့ခ်ျ ပြည်ပလျှပ်စစ်ဝယ်ယူခြင်း နဲ့ LNG လျှပ်စစ်
၂၀၁၇ မှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ သုံးစွဲနေတဲ့ လျှပ်စစ် စုစုပေါင်းပမာဏ ရဲ့ ၂၅% ကို အိန္နိယနိုင်ငံက ၀ယ်ယူ အသုံးပြုရပါတယ်။ ပြည်တွင်းက ရနိုင်သမျှ အရင်းအမြစ်များမှ လျှပ်စစ် ထုတ်လုပ်နေပေမဲ့ မလုံလောက်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ LNG လျှပ်စစ် ဓါတ်အားစက်ရုံ 750 MW MITSUI ဂျပန် နဲ့ ဘင်္ဂလာဒဒေ့ခ်ျ ဖက်စပ် တည်ဆောက်နေပါတယ်။ တချိန် မှာပဲ နောက်ထပ် အကြီးစား LNG လျှပ်စစ်စက်ရုံ 3600 MW ကို Khulna ဒေသမှာ တည်ဆောက်ဖို့ ကြေငြာပါတယ်။
.
ပြည်ပက တင်ပို့တဲ့ လျှပ်စစ်ကို မှီခိုနေရခြင်းက ကင်းဝေးအောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့ LNG ဓါတ်အားစက်ရုံအတွက် လိုအပ်တဲ့ LNG ဓါတ်ငွေ့ရည် ကိုတော့ နိုင်ငံခြားကပဲ ၀ယ်ရပါမယ်။ ပြည်တွင်းက ထွက်တဲ့ သဘာဝဓါတ်ငွေတွေနဲ့ တိုင်းပြည် လျှပ်စစ်လိုအပ်မှု မဖြည့်ဆည်းနိုင်တော့ LNG စက်ရုံ တည်ဆောက်ရပါတယ်။ LNG ဓါတ်အားပေး စက်ရုံကို ဂျာမဏီနိုင်ငံ Siemens AG က တည်ဆောက်မယ် ဖြစ်ပြီး၊ တနေ့ကို LNG ဓါတ်ငွေ့ရည် ပမာဏ ..125 million cu ft (MMCF) ပြည်ပက တင်သွင်းဖို့ သဘောတူညီချက် ရယူပြီး ဖြစ်ပါတယ်။ အိန္နိယ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ကမ်းလွန်ပင်လယ် မှာ NLG ဓါတ်ငွေ့ရည် သိုလှောင်ကန်များ တည်ဆောက်ဖို့ ရှိပါတယ်။
.
LNG သိုလှောင်ဖိုကအတွက် ဘင်္ဂလားဒေ့ခ်ျ ကုမဏီ နဲ့ မလေးရှား LNG ကုမဏီများ ဖက်စပ် စုပေါင်းပြီး ရေပေါ်မှာ ပေါ်တဲ့ FSRU (Floating Storage & Fixed Jetty based Degasification Unit) ကို တည်ဆောက်ကြမယ် ဖြစ်ပါတယ်။ မလုပ်နိုင်သေးပါဘူး။
.
ဒါနဲ့လဲ မလုံလောက်သေးလို့ ၂၀၁၈ ခုနှစ်မှာ တရုပ်နိုင်ငံက လျှပ်စစ် ၁၅၀၀ မဂါဝပ် ၀ယ်ယူဖို့ ၊ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး မဟာဓါတ်အားလိုင်း သွယ်တန်းဖို့ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ-တရုပ် MoU စာချုပ် ၂၀၁၈ နှစ်ဆန်းကာလ ချုပ်ဆိုကြပါတယ်။ မြန်မာနိုင်ငံက ဓါတ်အား ဖြတ်သန်းခ ရမယ်ဖြစ်ပါတယ်။ ဈေးနှုန်း နဲ့ တည်ဆောက်ရေးတွေကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
.
.
.
မြန်မာများ ဘင်္ဂလားဒေ့ခ်ျလျှပ်စစ်ကို လေ့လာသုံးသပ်ခြင်း
၁။ ဒါကြောင့် မြန်မာ လျှပ်စစ် အာဏာပိုင်များ ဘင်္ဂလားဒေ့ခ်ျ ဆီက လေ့လာသင်ယူဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ၂ခုက အိမ်နီးချင်းလဲ ဖြစ်ပြီး၊ လျှပ်စစ် အလွန်လိုအပ်နေကြပါတယ်။ ဘ၈င်္လားဒေခ်ျ ကတော့ စက်မှုလုပ်ငန်းများ မြန်မာနိုင်ငံထက် အများကြီး ဖွံ့ဖြိုးတိုးတက်ပါတယ်။ မိမိ လိုအပ်တဲ့ လျှပ်စစ် ရရှိဖို့ ပြည်ပက လောက်စာဝယ်ယူ တင်သွင်းခြင်း က တိုင်းပြည်တိုးတက်မှုကို ဟန့်တားနေတာ သိကြပါတယ်။ ဒါကြောင့် နည်းပညာလည်း ပိုပြီး သာလွန်တဲ့အတွက် ညူကလီယာ ဓါတ်အားစက်ရုံ တည်ဆောက်ရပါတယ်။
.
လျှပ်စစ် အရင်းအမြစ်များ
၂။ ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ LNG.. ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ရေနံမဖြစ်စလောက် ထွက်လို့ တနေ့ကို လောက်စာဆီ 26160 bbl / day တင်သွင်းရပါတယ်။ မြန်မာကတော့ လောင်စာဆီ 15870 bbl / day တင်သွင်းရပါတယ်။ မြန်မာနိုင်ငံက ရေနံစိမ်း 15000 bbl / day ထွက်ပါသေးတယ်။ သဘာဝ ဓါတ်ငွေ့ဆိုရင် ဘင်္ဂလားဒေ့ခ်ျ က လက်ရှိ တစ်နှစ်ကို 26.8 billion Cu Meter ထွက်ပြီး မြန်မာနိုင်ငံကတော့ 17.5 billion Cu Meter ပဲ ထွက်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျက သူတို့ထွက်သမျှ အကုန်လုံး ပြည်တွင်းသုံးလို့တောင် မလောက်ငှပါ။ မြန်မာကတော့ 13.9 billion Cu Meter ကို ပြည်ပ တင်ပို့ရောင်းချပါတယ်။ ဓါတ်ငွေ မထုတ်လုပ်ခင် ကတည်းက ထိုင်း၊ တရုပ် နိုင်ငံများနဲ့ အရောင်း စာချုပ်ချုပ်ပြီး ဖြစ်ပါတယ်။ (2016 CIA Data)
.
ဒီနေရာမှာ မြန်မာနိုင်ငံက ထွက်သမျှ သဘာဝဓါတ်ငွေ ၉၀% လောက်ကို တရုပ်၊ ထိုင်း နိုင်ငံများထံ ရောင်းချနေပြီး၊ နောက်ဆုံး ထွက်တဲ့ MPRL A-6 သဘာဝဓါတ်ငွေ့ ကိုတောင် အများစုကို ထိုင်းနိုင်ငံကိုပဲ ရောင်းချမဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတွင်း ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကို ပြည်ပရောင်းချပြီး LNG ဓါတ်ငွေရည် တင်သွင်း လျှပ်စစ် ထုတ်လုပ်မဲ့ စီမံကိန်း လုပ်ဆောင်ရတာ ၀မ်းနည်းစရာ ကောင်းပါတယ်။ အခု ဘင်္ဂလားဒေ့ခ်ျက LNG trader တွေနဲ့ LNG 1.5 million mt/year ၁၀နှစ်ရောင်းဖို့ ညှိနှိုင်းနေရဆဲပါ။ မြန်မာနိုင်ငံ အစိုးရကတော့ ကြိုးစားနေဆဲပါ။
.
LNG လျှပ်စစ် ကို တရုပ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄၀၀ကျပ် အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄၀၀ကျပ် နဲ့ ထုတ်လုပ်ပြီး တယူနစ် ၁၅၀ နဲ့ အရှုံးခံပြီး ရင်းနှီးမြှတ်နှံမှုများကို ဆွဲဆောင်မဲ့ သဘောပါ။ ပုံ-၂
.
၃။ ရေအားလျှပ်စစ် မှာတော့ မြန်မာနိုင်ငံက မကုန်ဆုံးနိုင်တဲ့ ရေချို အရင်းအမြစ် အမြောက်အများ ရှိပါတယ်။ ရေအားလျှပ်စစ် ဌာနမှ သုတေသန၊ လေ့လာချက်များအရ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ မဂါဝပ်ပေါင်း 35000 MW (၃သောင်းခွဲ) ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ 2000 MW လောက်ပဲ စီးပွားဖြစ် အသုံးပြုနေပါတယ်။ ရေအား လျှပ်စစ်ကို စီးပွားဖြစ် အသုံးပြုနိုင်ဖို့ ယခင်က တရုပ်၊ ထိုင်း ကုမဏီများနဲ့ တဖတ်သတ် စာချုပ်များစွာ ချုပ်ဆိုထားပါတယ်။ အဲဒီ စာချုပ်များကို ပြန်လည် အသစ် ချုပ်ဆိုပြီး ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အမြန်ဆုံး လုပ်ဆောင်ရပါမယ်။
.
၎။ ဘင်္ဂလား ဒေ့ခ်ျ နိုင်ငံက လေ့လာဖို့ အကောင်းဆုံးကတော့ အဂတိ မတိုက်ဖျက်နိုင်ခြင်း ဖြစ်ပါတယ်။ သူတို့နိုင်ငံက မြန်မာနိုင်ငံလို တိုင်းရင်းသား လက်နက်ကိုင်များစွာ မရှိပေမဲ့၊ အစိုးရအရာရှိကြီးများ၊ ပြည်သူလူထု တတွေရဲ့ COI Conflicts of Interest (တနည်းအားဖြင့် ကိုယ်ကျိုး ကြည့်လွန်းခြင်း၊ အဂတိလိုက်စားမှု) ကြောင့် တိုင်းပြည် တိုးတက်သင့်သလောက် မတိုးတက်တာကို တွေ့ရပါမယ်။ ကမ္ဘာ့ ဘဏ် က အခု မြန်မာနိုင်ငံမှာ လုပ်သလို ကျေးလက် မီးလင်းရေး စီမံကိန်းတွေ လုပ်ဆောင်ရာမှာ အစိုးရဌာနဆိုင်ရာက အစ ကျေးလက်ခေါင်းဆောင်များအထိ အဂတိလိုက်စားမှု မထိန်းနိုင်တဲ့အတွက် ကမ္ဘာ့ ဘဏ် စီမံကိန်းချေးငွေများကို ရပ်ဆိုင်းခဲ့ရပါတယ်။
.
၅။ မြန်မာနိုင်ငံကတော့ NEP National Electrification Plan နဲ့ ကျေးလက်ဒေသ တနိုင်တပိုင် မီးလင်းဖို့ လုပ်ဆောင်သူများ လေ့လာဖို့ လိုပါတယ်။ တရုပ်နိုင်ငံမှာတော့ အဲဒီလို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်လူထုထဲက ပညာတတ်၊ ကေဒါများကိုပဲ လုပ်ကိုင်စေပြီး အစိုးရဌာနဆိုင်ရာများ လာရောက်မချယ်လှယ်တဲ့ စနစ်ကို သုံးပါတယ်။ ကိုယ့်ဒေသ လူထုကပဲ စုပေါင်း လုပ်ကိုင်တဲ့ ဓလေ့ကို ပျိုးထောင်ပေးတော့ အလျှင်အမြန် ကျေးလက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ တရုပ်ပြည်ပါ။ မြန်မာနိုင်ငံကလဲ တရုပ်စတိုင်ကို လုပ်ဆောင်နေပါတယ်။ Mini-grid များအတွက် ဒေသခံများကို ဥပဒေပြဌာန်းပြီး လုပ်ပိုင်ခွင့် ပေးလိုက်ရင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ကျွန်းများလို လျှပ်စစ်ဘွိုင်လာ လုပ်ငန်းလေးများစွာ ပေါ်လာပါလိမ့်မယ်။
.
မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ခ်ျ လို စက်မှုလုပ်ငန်း မဖွံ့ဖြိုးတဲ့အတွက် ထုတ်တဲ့ လျှပ်စစ် အားလုံးရဲ့ ၅၀% က အိမ်သုံးပါတယ်။ လူဦးရေ ရဲ့ ၇၀% ရှိတဲ့ ကျေးလက်ပြည်သူများက ချက်ပြုတ်ဖို့ ထင်းမီးသွေး ပဲ သုံးကြပါတယ်။ လျှပ်စစ်နဲ့ ဓါတ်ငွေကို မြန်မာ မြို့ကြီးများတောင် လောက်ငှအောင် မသုံးနိုင်သေးပါဘူး။ NEP စီမံကိန်းက မဟာဓါတ်အားလိုင်း ၁၀နှစ်အတွင် မရောက်နိုင်တဲ့ ကျေးလက်ဒေသများကို မီနီဂရစ် များ တည်ဆောက်ခြင်း၊ တနိုင်တပိုင် ဆိုလာမီးများဖြင့် မီးလင်းခြင်းများ လုပ်ဆောင်ဖို့ အဓိက ဖြစ်ပါတယ်။
.
၆။ နောက်ဆုံး လျှပ်စစ် အရင်းအမြစ်ကတော့ အိမ်နီးချင်းနိုင်ငံများက လျှပ်စစ်ဓါတ်အား ၀ယ်ယူခြင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက အိန္နိယ ကနေ 4000 MW နီးပါး လျှပ်စစ် ၀ယ်ယူ သုံးစွဲပါတယ်။ တတ်နိုင်ရင် ပြည်တွင်း ထုတ်လုပ်နိုင်တာ အကောင်းဆုံး ဖြစ်ပေမဲ့။ မထုတ်လုပ်နိုင်ခင် ကြားကာလမှာ ပြည်ပက လျှပ်စစ် ၀ယ်ယူရပါမယ်။ မဟာဓါတ်အားလိုင်း နဲ့ ဓါတ်အားခွဲစက်ရုံများ ပဲ တည်ဆောက်ရမယ်ဖြစ်လို့ ဓါတ်အားစက်ရုံထက် စီမံကိန်း Project Management ပိုလွယ်ပါတယ်။ အဂတိလည်း နည်းပါးပါတယ်။ မြန်မာနိုင်ငံကို အိန္နိယ၊ တရုပ်၊ လာအို၊ ထိုင်း နိုင်ငံများက လျှပ်စစ် ရောင်းချလိုပါတယ်။ မြန်မာနိုင်ငံကတော့ ၀ယ်ယူဖို့ အသေချာ စဉ်းစားနေဆဲ ဖြစ်ပါတယ်။
.
.
နိဂုံး (မြန်မာနိုင်ငံလျှပ်စစ်)
ကျနော်တို့ မြန်မာနိုင်ငံအထက်ပါ သုံးသပ်ချက်များနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ အရ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍ တိုးတက်ရေးအတွက် အလိုအပ်ဆုံးက အဂတိတိုက်ဖျက်ရေး နဲ့ တတ်သိပညာရှင်များ တရုပ်နိုင်ငံလို အစိုးရက ထိုက်သင့်တဲ့ လစာစရိတ်များပေးပြီး လုပ်ငန်းခွင်သင်တန်းများ စနစ်တကျ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ နည်းလမ်းကတော့ မြန်မာစတိုင် ပဲ ဖြစ်မှာပါ။ သို့သော် တရုပ်၊ စင်ကာပူ၊ တောင်ကိုးရီးယား များကို စံနမူနာ ယူရမှာ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ခ်ျ ရဲ့ အားနည်းချက်များ (ဥပမာ အဂတိလိုက်စားမှုကို မတားဆီးနိုင်ခြင်း၊ ဌာနဆိုင်ရာများ မညီညွတ်လို့ စီမံကိန်းနှောင့်နှေး၊ စရိတ်ပိုကုန်ကျခြင်း ) တွေကို သခန်းစာ ယူရမယ် ဖြစ်ပါတယ်။
.
တိုင်းရင်းသား လက်နက်ကိုင် များလှတဲ့ မြန်မာနိုင်ငံမှာ နယ်စပ်ဒေသ လျှပ်စစ်ဖွံ့ဖြိုးဖို့ ငြိမ်းချမ်းရေးအပေါ် လုံးဝ မူတည်နေပါတယ်။ နယ်စပ်ဒေသ ကောင်းစွာ မလုပ်နိုင်သေးခင် ငြိမ်းချမ်းတဲ့ ဒေသများမှာ အရှိန်အဟုန် မြှင့်တင် လုပ်ဆောင်ရပါမယ်။ အထူသဖြင့် တည်ဆောက်မှုများမှာ ဌာနဆိုင်ရာများက ပစ္စည်း၊ လူ တင်သွင်းရာမှာ Immigration & Custom ဖြေရှော့ မှုများစွာ လုပ်ရပါဦးမယ်။ ဒေသခံများကို ရော်ကြေးပေး၊ ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လမ်း၊ အလုပ်ကိုင် စတဲ့ ကူညီပံ့ပိုးမှုများ လုပ်ပေးရပါတယ်။ အရေးကြီးဆုံး ဖြစ်တဲ့ နည်းပညာရယူဖို့ ၅နှစ်လောက် နိုင်ငံခြားကုမဏီကြီးများနဲ့ အလုပ်ခွင်၊ သက်မွေးပညာသင်တန်းများ ဖွင့်လစ်ပေးရမှာ ဖြစ်ပါတယ်။ စာချုပ် ချုပ်တဲ့အခါ နိုင်ငံသား တက်ကနီရှင်၊ အင်ဂျင်နီယာ များကို လေ့ကျင့်သင်ကြားမှု အစီအစဉ် ပါရှိအောင် ပြက်သားတဲ့ စာချုပ် (Training Package, value with $$$ အပါအ၀င်) ချုပ်ဆိုရပါမယ်။
.
ဘင်္ဂလားဒေ့ခ်ျ လျှပ်စစ်ကို လေ့လာရင်၊ ဒီစာရေးသလို တထိုင်ထဲနဲ့ လေ့လာလို့မရပါဘူး။ မြန်မာပညာရှင်အဖွဲ့ လူငယ်၊ လူကြီးများနဲ့ လေ့လာရေး စီမံကိန်းတစ်ခု ရေးဆွဲရပါမယ်။ လူကြီးတွေ ချည်းပဲ သွားနေလို့ မဖြစ်ပါ။ လူငယ်၊ လူလတ် အင်ဂျင်နီယာ ပညာရှင်များ၊ ငွေစာရင်းပညာရှင်များ၊ စီမံကိန်း Project Management ပညာရှင်များ ပါဝင်ရပါမယ်။ Touch & Go လို ရောက်ပြန် လေ့လာရေးမဟုတ်ပဲ စက်ရုံတစ်ခုကို အနည်းဆုံး တစ်ပတ် လေ့လာ၊ မေးမြန်းရပါမယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတ၀ှမ်း တလလောက် အဖွဲ့များခွဲပြီး သွားရောက်လေ့လာ၊ ကြည့်ရှု၊ မေးမြန်း၊ မှတ်တမ်းတင်ခြင်း၊ မြန်မာအဖွဲ့ငယ်များ အပြန်လှန် ဆွေးနွေးခြင်း၊ ဒီလို အဖွဲ့မျိုးတွေ အလျှင်းသင့်သလို ထိုင်း၊ မလေးရှား၊ တောင်ကိုးရီးယား၊ တရုပ်၊ ဂျပန် စသဖြင့် မကြာခဏ လွှတ်ပေးခြင်း၊ အစီရင်ခံစာများ တင်ပြ၊ မှတ်တမ်းတင်ခြင်း၊ မြန်မာစီမံကိန်းများမှာ လက်တွေ့အသုံးချခြင်း စတဲ့ ခေါင်းဆောင်ပျိုးထောင်ခြင်းများ လုပ်နေကြပြီ လို့ မျှော်လင့်ပါတယ်။
.
ခြုံကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်၊ အရံ ဓါတ်ငွေ့၊ ရေနံ့သယံဇာတ အဆုံး ဘင်္ဂလားဒေ့ခ်ျ ထက် အစစ အရာရာ သာလွန်ပါတယ်။ ၂နိုင်ငံစလုံး ယောင်္ကျားကြီးတွေ မညီညွတ်တော့ အဖွားကြီးနှစ်ယောက် ဟစီနာ (ဘင်္ဂလားဒေ့ခ်ျ) နဲ့ ဒေါ်အောင်ဆန်းစုကြည် (မြန်မာ) ခေါင်းဆောင်ဖြစ်ပြီး ညီညွတ်အောင် ကြိုးစားနေရပါတယ်။ မြန်မာခေါင်းဆောင် တွေကတော့ သယံဇာတကျိန်စာ ဆိုတဲ့အတိုင်း ငွေတပ်မက်မှု ကြားမှာ ရန်ဖြစ်နေဆဲ ပါပဲ။ သယံဇာတ ကြွယ်ဝတဲ့ မြန်မာ ခေါင်းဆောင်တွေကို ခေါင်မိုးလုံအောင်၊ မျိုးချစ်စိတ်ရှိအောင်၊ အဂတိနည်းအောင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တတ်နိုင်ပါ့မလား။
ဇော်အောင် (မုံရွာ)
၁၉. ဇွန်. ၂၀၁၈
.
.
ကိုးကား
* CIA Fact Book & Wiki Data
* ပြည်မြန်မာမီးထိန်ထိန်သာဖို့အရေး (မိုးမခဆောင်းပါးများ) - https://goo.gl/8ye18m


No comments:

Post a Comment