Wednesday, June 14, 2017

ဖယောင်းတိုင်မီးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆီသို့ (Electricity for Myanmar) Ohn Zin Lin

ဖယောင်းတိုင်မီးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆီသို့
**********************************
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း၊ ဆင်းရဲမွဲတေမှုလျော့ချနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး စတဲ့အညွှန်းကိန်းတွေနဲ့ အကဲဖြတ်လေ့ရှိပါတယ်။ အဲ့ဒီအညွှန်းကိန်းတွေ တက်လာဖို့ မြန်မာနိုင်ငံမှာ အရေးတကြီး အလိုအပ်နေဆုံးအရာတစ်ခုက ဘာလဲ။
လူတစ်ယောက်ရပ်တည်နိုင်ဖို့အတွက် ကျောရိုးက တောင့်ခံပေးထားသလို၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက တောင့်ခံပေးမယ့် ကျောရိုးဟာ လျှပ်စစ်စွမ်းအားလို့ ပြောနိုင်ပါတယ်။ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိလာတာနဲ့အမျှ တိုင်းပြည်ဖွံ့ဖြိုးမှု အညွှန်းကိန်းတွေဟာ ကျွဲကူးရေပါ တပြိုင်တည်း တိုးတက်လာမှာပါ။
လက်ရှိအနေအထား
********************
မြန်မာ့လျှပ်စစ်ကဏ္ဍရဲ့ လက်ရှိကာလပြသနာတွေကို အကြမ်းဖျင်းသုံးသပ်ရရင် ပထမဆုံးပြသနာက ထုတ်လုပ်မှုရဲ့ ၇၀% ဝန်းကျင်ဟာ ရေအားပေါ်မှာ မှီခိုရပါတယ်။ ရေအားလျှပ်စစ်ပေါ် မှီခိုရတာများတဲ့အတွက် နွေရာသီကာလမှ ရေအားအလုံအလောက်မရှိတဲ့အတွက် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကိုဖြစ်စေပြီး ၂၀၁၃ခုနှစ်ရဲ့ မှတ်တမ်းအရ ထုတ်လုပ်နိုင်မှုရဲ့ ၂၅ရာခိုင်နှုန်း(၅၀၀မဂ္ဂါဝပ်) ခန့် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယပြသနာကတော့ လက်ရှိဓါတ်အားစနစ်မှာ အသုံးပြုနေတဲ့ အစိတ်အပိုင်းပစ္စည်းတွေဟာ အတော်လေး အိုမင်းဟောင်းနွမ်းနေတာပါ။ ၂၀၁၂ခုနှစ်မှာ တပ်ဆင်အား(Installed capacity) ၃၉၀၀မဂ္ဂါဝပ်ရှိပေမယ့် ဓါတ်အားစနစ်မှာရှိတဲ့ အိုးမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ အစိတ်အပိုင်းများ ၊ အပူစွမ်းအင်သုံးဓါတ်အားစနစ်(Thermal Power Grneration)အတွက် လောင်စာပြတ်တောက်မှု နှင့် ရေအားစနစ်အတွက် နွေရာသီရေရရှိမှုပေါ်မူတည်ပြီး အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ပမာဏဟာ (၃၃-၄၇)ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။
တတိယပြသနာအနေနဲ့ Power Transmission(ဓါတ်အားပေးပို့ခြင်း) နဲ့ Distribution (ဖြန့်ဖြူးခြင်း) အပိုင်းတွေမှာ ဆုံးရှုံးမှု(Lossess) ဟာ ၂၀၁၂ကာလမှာ ၂၅%ခန့်( Transmisionn 7% and Distribution 18%) ခန့်ရှိခဲ့ပါတယ်။ အိမ်နီးချင်းထိုင်း၊ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်များတဲ့ ပမာဏလို့ ဆိုရပါမယ်။ ၂၀၁၅ ခုနှစ်ကာလမှာ ဆုံးရှုံးမှုပမာဏကို ၂၁% အထိ လျော့ချနိုင်ခဲ့ပေမယ့်၊ ဆုံးရှုံးမှုပမာဏ များပြားနေဆဲဖြစ်ပါတယ်။
ဓါတ်အားပြတ်တောက်မှုအတွက်အဖြေ
*************************************
အထက်ပါပြသနာရပ်တွေအရ ရာသီဥတုပေါ် မမှီခိုတဲ့ အပူစွမ်းအင်သုံးလျှပ်စစ်(Termal Power) တွေဟာ ဓါတ်အားပြန်တောက်မှု(shortage) ကို လျော့ကျစေဖို့ အကောင်းဆုံးအဖြေတစ်ခုဖြစ်နေမှာပါ။ နောက်တစ်ခုအနေနဲ့ ဓါတ်အားဆုံးရှုံးမှု(Power lossess )တွေကိုလျော့ချနိုင်ဖို့အတွက် သတ်မှတ်အရည်အသွေးမရှိတော့တဲ့ အစိတ်အပိုင်းတွေ အသစ်တပ်ဆင်ခြင်း၊ ကောင်းမွန်တဲ့ကာကွယ်ရေးစနစ်( Protection system) ထားရှိခြင်းစတဲ့ အခြေခံလိုအပ်ချက်တွေကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။အဆိုပါပြသနာတွေဟာ လက်ရှိကာလပြသနာများသာဖြစ်ပြီး မြန်မာ့လျှပ်စစ်ကဏ္ဍအနေနဲ့ ထပ်မံစဉ်းစားစရာတွေ ရှိနေပြန်ပါသေးတယ်။ လက်ရှိလျှပ်စစ်တပ်ဆင်ထားနိုင်မှုပမာစ(Electrification)ဟာ နိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းခန့်သာ တပ်ဆင်သွယ်တန်းပေးနိုင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ ၇၀%အတွက် တစ်ဆင့်ပြီး တစ်ဆင့် လျှပ်စစ်သုံးစွဲနိုင်မှုပမာဏတိုးတက်လာအောင် လုပ်ဆောင်ရန်ရှိသလို ၊ ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေကြောင့် အရေးပေါ်လိုအပ်လာမယ့် များပြားတဲ့ စက်မှုဇုံတွေအတွက် ဝန်အား(Industrial Load) ၊ ပုံမှန်တိုးတက်လာနိုင်တဲ့ အိမ်သုံးဝန်အား(Residential load) အပါအဝင် လျှပ်စစ်တိုးချဲ့တပ်ဆင်ခြင်းကြောင့် လိုအပ်လာမယ့် ဝန်အားတွေကိုပါ စဉ်းစားလာရမှာဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အားတွေ များစွာထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။
ဓါတ်အားထုတ်လုပ်ခြင်း( Generation) ကိုစဉ်းစားတဲ့အခါမှာ ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားပြီး ရေရှည်အတွက် ဘယ်အရင်းအမြစ်တွေက ဘယ်လောက်ရာခိုင်နှုန်းထုတ်မယ်ဆိုတဲ့ Generation Mix ကို ရေးဆွဲကြရပါတယ်။ လက်ရှိနိုင်ငံရဲ့ အနေအထားနဲ့ ဖြစ်နိုင်ခြေအရှိဆုံးကို ကုန်ကျစရိတ်နဲ့အကျိုးအမြတ်နှိုင်းယှဉ်လေ့လာမှု ( Cost-Benefit Analysis) အရ သုံးသပ်ပြီး စတင်အကောင်အထည်ဖော်ကြရပါတယ်။ အဲ့ဒီလိုအကောင်အထည်ဖော်ကြတဲ့အခါ ရှုထောင့်တစ်ခုတည်းကနေကြည့်လို့မရပါဘူး။ သဘာဝပတ်ဝန်းကျင်အမြင်သာမက လက်တွေ့မှာ တကယ့်ဖြစ်နိုင်ခြေတွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။
လျှပ်စစ်စွမ်းအားစီမံကိန်းတွေအားလုံးကို သဘာဝပတ်ဝန်းကျင်အမြင်တစ်ခုတည်းနဲ့ကြည့်ရင် ဘယ်စီမံကိန်းမှ အကောင်အထည်ဖော်ဖို့ မသင့်တာတွေ့ရပါမယ်။ မထိခိုက်ပါဘူးဆိုတဲ့ နေစွမ်းအင်၊လေစွမ်းအင်စတာတွေမှာတောင် အနည်းနဲ့အများ ထိခိုက်မှုရှိပါတယ်။ အဲ့ဒီလိုဆိုတော့ စာရေးသူတို့ အမှောင်ထဲမှာပဲ နေကြတော့မှာလား။ သေချာတာကတော့ ဖယောင်းတိုင်လေးထွန်းပြီး စက်ရုံကြီးတွေ မလည်ပတ်နိုင်ဘူး၊ လူနေမှုဘဝတွေ မမြှင့်တင်နိုင်ဘူးဆိုတာပါပဲ။
သဘာဝပတ်ဝန်းကျင်ကိုကော စဉ်းစားဖို့မလိုဘူးလားလို့ မေးရင် အင်မတန်လိုပါတယ်၊ အရေးတကြီး ထည့်စဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ သို့သော် စာရေးသူတို့အနေနဲ့ ရှု့ထောင့်မျိုးစုံကနေ စဉ်းစားကြဖို့လိုပါတယ်။
ကာဗွန်ဆိုသည်မှာ
*************
နောက်တစ်ခုက စာရေးသူအနေနဲ့ ထောက်ပြစရာရှိပါတယ်။ စာရေးသူတို့ငယ်စဉ်က လျှပ်စစ်မီးမရခဲ့တော့ အိမ်မှာ ထင်မီးနဲ့ချက်ပြုတ်ရ၊ မီးသွေးနဲ့ ချက်ပြတ်ရပါတယ်။ အိမ်ရဲ့ မီးဖိုခန်းမှာဆို နေရာအနှံ့ မှိုင်းတွေစွဲပါတယ်။ အဲ့ဒါတွေကကော ကာဗွန်တွေ မဟုတ်ဘူးလား။ ယနေ့ လက်ရှိ မီးမရရှိသေးတဲ့ ၇၀%သော ပြည်သူတွေ ဘယ်လိုချက်ပြုတ်စားသောက်နေထိုင်ကြပါလဲ။ မီးသွေးသုံးမယ်၊ ထင်းသုံးမယ် ဆိုရင် သေချာတာက သစ်တောတွေအထိုက်အလောက် ပြုန်းတီးနေခြင်း၊ ကိုယ့်အိမ်မှာ ကာဗွန်တွေထုတ်နေခြင်းဖြစ်တယ်ဆိုတာကို လေ့လာဆန်းစစ်ကြဖို့ လိုပါတယ်။ အသေးဆုံးကိစ္စတစ်ခုကို ထောက်ပြခြင်းသာဖြစ်ပါတယ်။ ၃၀ရာခိုင်နှုန်းတောင် မီးကောင်းကောင်းမရသေးတဲ့ နိုင်ငံအနေနဲ့ ၁၀၀ % ရပြီးသား နိုင်ငံတွေနဲ့ ယှဉ်ပြီး စဉ်းစားလို့မရပါဘူး။ တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံတွေအတွက် သဘာဝပတ်ဝန်းကျင် စံနှုန်းနဲ့( Enviromental Impact Assessment) နဲ့ ကိုက်ညီအောင်သာ ဂရုပြုဖို့လိုပါတယ်။ ဂျပန်နိုင်ငံလို ချမ်းသာတဲ့နိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ၅၆ ရှိပြီး စုစုပေါင်း ပမာဏရဲ့ ၂၆% အထိရှိပါတယ်။ ပမာဏအားဖြင့် ၄၁၈၀၀ မဂ္ဂါဝပ်ရှိပါတယ်။ ၂၀၁၆ အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုမှာလည်း ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ၄၉၁ ခုရှိပါတယ်။ တပ်ဆင်အင်အားအနေနဲ့ ၂၉၉၁၀၀ မဂ္ဂါဝပ်ရှိပြီး စုစုပေါင်းတပ်ဆင်အင်အားရဲ့ ၂၇.၉၉% ရှိပါတယ်။ တပ်ဆင်အင်အား ၂၇.၉၉% ခန့်သာဖြစ်သော်လည်း ထုတ်လုပ်ရရှိနိုင်မှုအညွှန်းကိန်း(Capacity Factor) မြင့်တဲ့အတွက် စုစုပေါင်းအသုံးပြုတဲ့ လျှပ်စစ်စွမ်းအင်ပမာဏရဲ့ ၃၈.၁၄% ကို ကျောက်မီးသွေးမှ ရတာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံအတွက်လိုအပ်ချက်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ အစိတ်အပိုင်းအသေးလေးသာဖြစ်ပါတယ်။
နောက်တစ်ခုက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့အခါမှာ တပ်ဆင်ထားတဲ့ ပမာဏအတိုင်း ၁၀၀% မရကြပါဘူး။ တပ်ဆင်ဓါတ်အားနဲ့ အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ ဓါတ်အားရဲ့ အချိုးကို Capacity Factor လို့ ခေါ်ပါတယ်။ ဥပမာ- တစ်မဂ္ဂါဝပ်(1 MW) တပ်ဆင်ထားရင် ၁၀၀% ရခဲ့မယ်ဆိုရင် တစ်နှစ်အတွက်(၈၇၆၀ နာရီအတွက်) ၈၇၆၀ MWh ရရှိပါမယ်။ ဒါပေမယ့် ဘယ်စွမ်းအင်မှ ၁၀၀% မရပါဘူး။ အမေရိကစွမ်းအင်အဖွဲ့ US(EIA) အဖွဲ့က ထုတ်ပြန်ထားတဲ့ ပျမ်းမျှ Capacity Factor တွေက Nuclear-90.3% ၊ Coal-63.8% ၊ Natural Gas-42.5 ၊ Hydroelectric-39.8% ၊ Renewables-33.9% စသည်ဖြင့် ဖြစ်ပါတယ်။ အဆိုပါ Capacity Factor တွေဟာအမေရိကန်မှာရှိတဲ့ အနေအထားအရဖြစ်ပြီး တပ်ဆင်ပစ္စည်းများ၊ ရာသီဥတု စသည်ဖြင့် အရည်အသွေးအလိုက်ကွဲပြားနိုင်ပါတယ်။ အခြေခံဝန်အားအတွက် Capacity Factor ကောင်းတဲ့ စွမ်းအင်အရင်းအမြစ်ကို ဦးစားပေးရွေးကြပါတယ်။
ရေရှည်စီမံကိန်း
****************
နေစွမ်းအင်သုံး၊လေစွမ်းအင်သုံးတွေကိုကော မလုပ်သင့်ဘူးလားဆိုရင် လုပ်သင့်ပါတယ်။ သို့သော် လျှပ်စစ်ဓါတ်အားစနစ်ကို စဉ်းစားတဲ့အခါမှာ အခြေခံလိုအပ်ချက်ဝန်အား(Base Load) ကို အမြဲပေးနိုင်မယ့် စနစ်တစ်ခုကို စဉ်းစားကြရပါမယ်။ နူကလီးယား၊ကျောက်မီးသွေး၊သဘာဝဓါတ်ငွေ့၊ရေအား လျှပ်စစ်စတာတွေကို အသုံးပြုလေ့ရှိပါတယ်။ နေရောင်ခြည်နဲ့မရဘူးလားဆိုရင် နေရောင်မရတဲ့ ညကာလတွေအတွက် သိုလှောင်မှုစနစ်(Storage system) ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ လေစွမ်းအင်အနေနဲ့လည်း လိုအပ်တဲ့လေတိုက်နှုန်းအတိုင်း အချိန်ပြည့် ရရှိနေဖိုခက်တဲ့အပြင် လက်ရှိနိုင်ငံအနေအထားအရ နည်းပညာအားနည်းပါတယ်။ စာရေးသူတို့နိုင်ငံမှာ အခြေခံဝန်အားကို ပေးဖို့အတွက် ရေအားလျှပ်စစ်ကို သုံးပါတယ်။ သို့သော် ရေအားလျှပ်စစ်ရဲ့ သဘောအတိုင်း နွေရာသီမှာ ရေမလုံလောက်တဲ့အတွက် ဝန်အားမနိုင်ဖြစ်ရပါတယ်။ လက်ရှိအနေအထားအရ သုံးသပ်ကြည့်ရမယ်ဆိုရင် ရေအားနဲ့ အပူစွမ်းအင်သုံးလျှပ်စစ်(Thermal Power Plants) တွေကို တွဲသုံးဖို့ အဖြေရှိလာပါတယ်။
ရေရှည်စီမံကိန်းအနေနဲ့ ဘယ်စွမ်းအင်အရင်းအမြစ်တွေကို မျှသုံးမယ်ဆိုတဲ့ Generation mix ကို စဉ်းစားတဲ့အခါ နူကလီးယား၊ ရေအား၊ဓါတ်ငွေ့၊ နေရောင်ခြည်၊လေအား၊ကျောက်မီးသွေး၊စွန့်ပစ်ပစ္စည်း၊ စတာတွေအကုန်လုံးကို ဖြစ်နိုင်ခြေပေါ် မူတည်ပြီး ရေးဆွဲအကောင်အထည်ဖော်ကြရပါတယ်။ ပညာရှင်တွေ ပူးပေါင်းပြီး အရင်းအမြစ်မျိုးစုံကနေ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ ဆောင်ရွက်ကြရပါလိမ့်မယ်။ သေချာလေ့လာသုံးသပ်မှုမလုပ်ဘဲ “ No Dam, No Coal “ ဆိုပြီး ဆည်တွေမဆောက်ရ၊ ကျောက်မီးသွေးမသုံးရ ဆိုပြီး မျက်မိပိတ်ဆန့်ကျင်နေရင်ဖြင့် ကျောက်ခေတ်မှာပဲ နေကြရပါလိမ့်မယ်။
ဈေးကွက်စနစ်
***************
မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် လုပ်ဆောင်စရာတွေများစွာရှိနေပါတယ်။ အထက်ဖော်ပြခဲ့တာတွေဟာ ဓါတ်အားထုတ်လုပ်ခြင်း ပြသနာလေးတွေပဲရှိပါသေးတယ်။ ဓါတ်အားထုတ်လုပ်ပြီးတဲ့အခါ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတွေကို လုပ်ဆောင်ကြရဦးမှာပါ။ ကုန်ကျစရိတ်ကြီးတဲ့အတွက် နိုင်ငံတော်ဘဏ္ဍတစ်ခုတည်းနဲ့ အကောင်အထည်ဖော်ဖို့ အဆင်မပြေသလို ဘဏ္ဍာမရှိဘူးဆိုပြီး အကြောင်းပြနေလို့လည်း မရပါဘူး။ နိုင်ငံတကာနည်းတူဈေးကွက်စနစ်တစ်ခုကို တည်ထောင်နိုင်ပြီး ပုဂ္ဂလိကပိုင် ဓါတ်အားပေးလုပ်ငန်းတွေ အောင်မြင်လာမှသာ အဆင်ပြေပါလိမ့်မယ်။ လက်ရှိကာလအနေနဲ့ ပုဂ္ဂလိကဓါတ်အားပေး လုပ်ငန်းကဏ္ဍတွေ ပိုမိုတွင်ကျယ်လာဖို့ နည်းဥပဒေများနဲ့ လမ်းဖွင့်ပေးဖို့လိုပြီး အစိုးရနဲ့ ကုပ္မဏီများအကြား ဈေးကွက်စနစ်( Bilateral market) ကို စတင်ကျင့်သုံးပြီး မြင့်တက်သွားမယ့် လျှပ်စစ်သုံးစွဲခကို အစိုးရမှကျခံပြီး ပြည်သူထံက တဆင့်ပြီးတဆင့် တိုးမြှင့်ကောက်ခံနိုင်ပါတယ်။ အများပိုင်ဓါတ်အားပေးလုပ်ငန်းတွေ တွင်ကျယ်လာတဲ့အခါ ထိုက်တန်တဲ့အဖိုးအခကိုပေးဖို့ လိုသလို ထိုက်တန်တဲ့ဝန်ဆောင်မှုကို ရရှိလာနိုင်မှာပါ။ ဈေးကွက်အမြင်ရဖြစ်စေ၊ ပညာရှင်များအမြင်ရဖြစ်စေ လျှပ်စစ်သုံးစွဲခအနေနဲ့ မဖြစ်မနေတက်သင့်တဲ့ အနေအထားရှိပါတယ်။ အဆိုပါအနေအထားကို ပြည်သူတွေ ပိုမိုသိမြင်နားလည်လာစေဖို့ ပညာပေးဟောပြောပွဲတွေ ၊ သတင်းစာရှင်းလင်းပွဲတွေ သေချာလုပ်သင့်ပါတယ်။
နိဂုံးချုပ်ဆိုရသော တာဝန်ရှိသူတွေအနေနဲ့ ကောင်းကျို၊ဆိုးကျိုးး၊ဈေးနှုန်း၊ဖြစ်နိုင်ခြေ စတဲ့ အချက်တွေပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာကို ပြည်သူတွေနားလည်အောင် ချပြပြီး ပြတ်ပြတ်သားသားလုပ်ဖို့လိုလာပါပြီ။ ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ ပညာရှင်တွေ ချပြတာကို လက်ခံဖို့လိုပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဖယောင်းတိုင်ထွန်းပြီး ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်လို့ မရဘူးဆိုတဲ့အကြောင်း စေတနာထား ရေးသားတင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
ရန်ကုန်နည်းပညာတက္ကသိုလ်။
မှတ်ချက်။ ။ နည်းပညာတက္ကသိုလ်တစ်ခုဧ။် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါးအား အခြေပြု ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ မြန်မာ့လျှပ်စစ်ကဏ္ဍမှ ကိန်းဂဏန်းများ အနည်းငယ် လွဲနိုင်ပါသည်။
Ref: (1) Present & Future Power Sector Development in Myanmar by Ministry of Electric Power(2013)
(2) Preparatory Survey for Power Improvement Project in the Greater Yangon by JICA
(3) Future of Electric Power Mix in Japan by Goichi Komori and Kazutomo Irie
(4)Electricity Sector of the United States at wiki

No comments:

Post a Comment