Sunday, June 11, 2017

လျှပ်စစ်ဓါတ်အားဝယ်ယူခြင်းနဲ့ဓါတ်အားပေးစက်ရုံ အမေရိကန်ကုမဏီများနဲ့အိန္နိယအစိုးရရဲ့ နိုင်ငံရေးအဂတိအရှုပ်တော်ပုံ

လျှပ်စစ်ဓါတ်အားဝယ်ယူခြင်းနဲ့ဓါတ်အားပေးစက်ရုံ
အမေရိကန်ကုမဏီများနဲ့အိန္နိယအစိုးရရဲ့ နိုင်ငံရေးအဂတိအရှုပ်တော်ပုံ
Political Corruption by US Companies, Dabhol Power Station DPS
.
.
နိဒါန်း 

လျှပ်စစ်ဆာငတ်နေတဲ့ မြန်မာလုပ်ငန်းရှင်များအတွက် တရုပ်၊ အိန္နိယ၊ လာအို၊ ထိုင်းနိုင်ငံများထံမှ ရောင်းချဖို့ ကမ်းလှမ်းထားခြင်းကို မြန်မာအစိုးရနဲ့ ဆွေးနွေးနေတာ၊ ကြိုဆိုလိုက်ပါတယ်။ လျှပ်စစ်တယူနစ် အလွန်ဈေးကြီးစွာ ကုန်ကျနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒုက္ခများစွာ ရောက်နေပါတယ်။ အဆိုးဆုံးကတော့ လျှပ်စစ်မရလို့ မြန်မာ ကုန်ထုတ်လုပ်ငန်း အားလုံး ရှုံးချည်းနေတဲ့ အခြေအနေပါ။  တခြားနိုင်ငံ လျှပ်စစ်ကို မိတ်ဆွေနိုင်ငံ အဖြစ် မှီခိုသင့်ရင် မှီခိုရပါတယ်။ တတ်နိုင်ရင် ပတ်ဝန်းကျင် နိုင်ငံ အားလုံးက ၀ယ်ရပါမယ်။ စာချုပ် ကိုတော့ အဂတိတွေမရှိဖို့ သတိ ထားရပါမယ်။ တရုပ်၊ လာအို၊ အိန္နိယတွေမှာ ရေအား လျှပ်စစ်တွေ ပိုလျှံနေပါတယ်။ တရုပ်က ၀ယ်ရမှာတော့ ကိုယ့်လျှပ်စစ် ကိုယ်ပြန် ၀ယ်ရတာပဲ။ 
.
ရေအားလျှပ်စစ်ကို နံပါတ် (၁) ဦးစားပေးသုံးစွဲရေးနှင့် စွမ်းအင်ချွေတာရေးပါဝင် သည့် မြန်မာ့စွမ်းအင်မူဝါဒ ၁၀ ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ပြီး ထုတ်ပြန်သွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ဇွန်လ၊ ၂၀၁၇ မှာ ပြောပါတယ်။   LED မီးလုံးတွေ ပြောင်းသုံးဖို့၊ ကျောက်မီးသွေးကို နောက်ဆုံးမှ မဖြစ်မနေ အသုံးချ မယ်၊ အိမ်နီးချင်း နိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ပြီး ၁၅ နှစ် အတွင်း မြန်မာနိုင်ငံက မီးလင်း လာရန်’ ဖြစ်ပါတယ်။  ဦးသိန်းစိန်အစိုးရ လက် ထက် ၂၀၁၃ တွင် အမျိုးသားစွမ်း အင်မူဝါဒကို စတင်ရေးဆွဲပြိး၊ အခု ၂၀၁၇ အင်အယ်ဒိအစိုးရက ဆက်လက်ရေးဆွဲထုတ်ပြန်မယ် ဖြစ်ပါတယ်။  


အကြီးစား လျှပ်စစ် ဓါတ်အားစက်ရုံ ဆောက်ချင်ရင်၊ ၁၀၀% ဂျပန်ကုမဏီကို ပေးလိုက်တာက အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာအစိုးရကို ယုံကြည်စိတ်ချ လာချိန် အကြီးစား ဓါတ်အားစက်ရုံ များအတွက် နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု အစစ်များ True FDI Loan ရောက်ရှိလာတော့မှာပါ။ 
.
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ စိတ်ဓါတ်တွေ ပြောင်းလဲဖို့ အစိုးရသစ်က အထူးလုပ်ဆောင် နေပါတယ်။ ဘတ်ဂျတ် အသုံးပြုခြင်း နဲ့ အခွန်ကောက်ခြင်း အလုပ်ကြီး၂ခုမှာ စာရိတ္တ ကောင်းရုံတင်မက၊ လုပ်ငန်းကြွမ်းကျင်တဲ့ ပညာရှင်များက ပူးပေါင်း လုပ်ဆောင်နေကြတာ အားရစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ်အလွန်ဆာငတ် နေပါတယ်။  World Wide Fund for Nature – WWF  မြန်မာရုံးရဲ့ စွမ်းအင်ဆိုင်ရာ မန်နေဂျာ ကိုရွှန်းစိုဦးက  “မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ အတွက် အဓိက Master Plan က စာမူကြမ်း အဆင့်မှာပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ ဦးတည်ချက် မရှိသေးတဲ့အခါ ရင်းနှီးမြုပ်နှံမှုတွေကလည်း နည်းနည်း တန့်သွားစေတယ်။ ပြည်သူတွေမှာလည်း အစိုးရက ဘာလုပ်မယ်ဆိုတာ သေသေချာချာ မသိကြတော့ဘူး “ လို့ ပြောပါတယ်။ Barons Machinery and Engineering ကုမဏီ ကတော့ JICA က ရေးဆွဲထားသည့် မဟာစီမံကိန်းနှင့် ၀န်ကြီးဌာနမှ စွမ်းအင် မဟာစီမံကိန်းများရှိတယ်လို့ ပြောပါတယ်။ 
.

မြန်မာနိုင်ငံ လျှပ်စစ်သုံး စွဲမှု ၂၀၁၇ မေလ ၂၃ ရက်မှာ  အမြင့်ဆုံး ၃,၀၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ပါတယ်။ လက်ရှိ ရေ အားလျှပ်စစ်စက်ရုံ ၂၆ ရုံ၊ သဘာ ဝဓာတ်အားပေးစက်ရုံ ၂၇ ရုံနှင့် အကြီးစား ကျောက်မီးသွေးဓာတ် အားပေးစက်ရုံတစ်ခုရှိကာ စုစုပေါင်း လျှပ်စစ်ဓာတ်အား (စက်တပ်ဆင်ဓာတ်အား) ၅,၂၃၅ မဂ္ဂါဝပ်ရှိနေပါတယ်။ 
.
.
နိုင်ငံတော်အကြီးအကဲတွေ လက်ရှိဖြစ်ပျက်နေတဲ့ လျှပ်စစ်စီမံကိန်းကြီးတွေမှာ ဘယ်လိုစီစစ်မလဲ။ လူကြီးတွေ သိပြီးသားအဖြစ်အပျက်အချို့ကို ဖေါ်ပြလိုပါတယ်။ မြန်မာနိုင်ငံလျှပ်စစ် စီမံကိန်းတွေမှာ ကျောက်မီးသွေးသုံးမလား၊ ဆိုတာထက် ပိုအရေးကြီးတဲ့ Political Corruption / Negligence ဖြစ်ရပ်တွေပါ။ IPP ဓါတ်အားကုမဏီ၊ အစိုးရ နဲ့ လူထုအဖွဲ့အစည်း ဒီသုံးခုက အချေတင်ဖြစ်နေချိန်မှာ ၀ိသမစီးပွားရေးအုပ်စုတစ်ခုက အမြတ်ထုတ်သွားတာမျိုး သတိထားရပါမယ်။ ပရိုဂျက်နှောင့်နှေးမှု ဖြစ်လာရင်လဲ ကုန်ကျစရိတ်တွေ ၂ဆ၊ ၃ဆ ပိုကုန်သွားတတ်ခြင်းကိုလဲ ပရိုဂျက်ကိုင်ဖူးသူတွေ သိပြိးသားပါ။
.
.
.
အိန္နိယ၊ Maharashtra ဒတ်ဟောဓါတ်အားပေးစက်ရုံ

    လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ထောက်ခြင်း ပရိုဂျက်အကြီးတွေမှာ အိန္နိယနိုင်ငံ မဟာရာရှထရာပြည်နယ် Maharashtra ဒတ်ဟောဓါတ်အားပေးစက်ရုံ (အိန္နိယကုမဏီ) Dabhol Power Station အဖြစ်အပျက်ကတော့ သင်ခန်းစာကြီးတခုပဲ ဖြစ်ပါတယ်။ အိန္နိယနိုင်ငံနဲ့အမေရိကန်နိုင်ငံ အစိုးရ၂ခု၊ လျှပ်စစ်ဓါတ်အားပရိုဂျက်ကြီးဖြစ်ပြီး၊ အမေရိကန်ဘက်က အင်ရွန် Enron, ဂျင်နရယ်အီလက်ထရစ် General Electric GE, ဘက်ခ်ျတဲလ် Bechtel ကုမဏီကြီး (၃)ခု ပူးပေါင်းပါဝင်တယ်။ 

အိန္နိယဘက်ကတော့ ထုံးစံအတိုင်း ပြည်နယ်အစိုးရပိုင်တဲ့ကော်ပိုရေးရှင်း Maharashtra Power Development Corporation ဖြစ်ပါတယ်။ စာချုပ်စတင်စဉ်က အိန္နိယအကြီးဆုံး ၀န်ကြီးချုပ်နဲ့ အမေရိကန်ကအကြီးဆုံး သမ္မတကလင်တွန်၊ နောက်သမ္မတ ဂျော့ဘွတ်ခ်ျ တို့က လက်မှတ်ထိုး တာဝန်ယူခဲ့ကြလို့ အလွန်စိတ်ချရတဲ့ စီမံကိန်းကြီးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ Enron ကုမဏီကပရိုဂျတ်ဝီမံခန့်ခွဲပြီး၊  GE စက်ပစ္စည်းတွေရောင်း  ဘက်ခ်ျတဲကုမဏီက ဆောက်လုပ်ရေးတာဝန်ယူပါတယ်။ 

ပရိုဂျတ် အမှတ်(၁)  740MW ဓါတ်အားပေးစက်ရုံကို ကုန်ကြမ်းလောင်စာ Naphtha ကိုသုံးမယ်။ 1992 စတင်ပြီး 1999 အထိ ၇နှစ်ကြာမယ်။ ပြီးရင် ပရိုဂျက် အမှတ်(၂) 1200MW ဓါတ်အားပေးစက်ရုံကို ကုန်ကြမ်းလောင်စာ LNG သုံးမယ်။ ပထမပရိုဂျက် စာချုပ်ပြီးတာနဲ့ အလုပ်သမား၊ အင်ဂျင်နီယာပေါင်း ၁၅၀၀၀ (တသောင်းခွဲ) နဲ့ ဆောက်လုပ်ရေးကြီး စတင်ပါတော့တယ်။ 

ဆောက်လုပ်ရေးကာလအတွင်းမှာပဲ ဓါတ်အားအရောင်းအ၀ယ်စာချုပ် Power Purchase Agreement PPA အတွက် တိတ်တဆိတ်ညှိနှိုးကြပါတယ်။ ကုန်ကျစရိတ်အတွက် ချေးငွေကို ဓါတ်အားပေးစက်ရုံက အသုံးပြုတဲ့ပြည်သူလူထုဆီက ရငွေနဲ့ ပေးရမှာဖြစ်ပါတယ်။  ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုမရှိပဲ ဆွေးနွေးညှိနှိုင်းရင်း ပြသနာပေါ်လာပါတယ်။  
လျှပ်စစ်ဝယ်ယူမဲ့ ပြည်နယ်အစိုးရက DPS ကုမဏီဆီက တယူနစ် ရူပြား ၄.၆ရ Rs. 4.67/kwh နဲ့ဝယ်ရမယ်။ ပြီးတော့ ပြည်နယ်အစိုးရက ပြည်သူတွေကို တယူနစ် ရူပြား ၁.၈၉ Rs. 1.89/kwh နဲ့အရှုံးခံပြီး ရောင်းရမယ့်အခြေအနေဖြစ်နေပါတယ်။ အခုမြန်မာနိုင်ငံမှာလည်း ရန်ကုန်အစိုးရက ကုမဏီတွေက တယူနစ် ၁၅၀ကျပ် နီးပါးနဲ့ဝယ်ပြီး၊ ပြည်သူလူထုကို တယူနစ် ၃၅ကျပ်နဲ့ ပြန်ရောင်းနေရသလို ဖြစ်နေပါတယ်။ အိန္နိယအစိုးရရဲ့ သီးခြားလွတ်လပ်တဲ့ လျှပ်စစ်ဈေးနှုန်း သတ်မှတ်မှုအရ ပြည်သူလူထုကို လျှပ်စစ်ရောင်းဈေးက အသေဖြစ်ပါတယ်။ ဒါက ကမ္ဘာနိုင်ငံများရဲ့ ပေါ်လစီဖြစ်ပါတယ်။ 
.
ပရိုဂျတ် အမှတ်(၁) ၁၉၉၉ မှာ ပြီးလို့ ဓါတ်အားထုတ်လုပ်ပေမဲ့ အခက်ခဲများကြောင့် ရပ်လိုက်၊ လည်လိုက် နဲ့ဖြစ်နေပါတယ်။ လျှပ်စစ် ဈေးနှုန်းကလည်း စာချုပ်အရပြောင်းလဲပြီး ဈေးကြီးပေးရတော့ ပြည်နယ်အစိုးရက ဓါတ်အားခငွေမပေးပဲထားပါတယ်။ အမေရိကန်ကုမဏီက အမေရိကန်အစိုးရကို တိုင်တန်းတော့ အမေရိကန်အစိုးရ ထိတ်တန်းပုဂ္ဂိုလ်များဖြစ်တဲ့ Colin Powell, Dick Cheney, Christina B.Rocca and Alan Larson စတဲ့ ပုဂ္ဂိုလ်များ လာရောက်ညှိနှိုင်းရပါတယ်။ တနည်းအားဖြင့် ဖိအားပေးပါတယ်။ စာချုပ်ချုပ်စဉ်က အမေရိကန်ကုမဏီများက တဖက်သတ်စာချုပ်နဲ့ ချေးငွေကို ဒေါ်လာသန်းပေါင်းများစွာကို အိန္နိယဗဟိုအစိုးရ ထိပ်တန်းခေါင်းဆောင်များက လက်မှတ်ထိုးခဲ့လို့ ဖြစ်ပါတယ်။  
ချေးငွေရမယ်ဆိုတော့ အမေရိကန်ကုမဏီကြီးများရဲ့ ဖိအားနဲ့လာပ်ထိုးမှုမျိုးစုံအရ လက်မှတ်ထိုးလိုက်ပြီး၊ ဆောက်လုပ်ရေးပြသနာမျိုးစုံအရ ချေးငွေပမာဏ အများကြီးပိုကုန်သွားရခြင်းရဲ့  အကျိုးအဆက်ကို မဟာရာရှီထရာ ပြည်နယ်အစိုးရက ခါးစည်းခံရမဲ့အခြေအနေ ဖြစ်နေပါတယ်။ ချေးငွေသုံးစွဲမှုကိုလဲ ပွင့်လင်းမြင်သာမှုမရှိပဲ အစိုးရပုဂ္ဂိုလ်များစွာ အဂတိများနဲ့ ရှုပ်ထွေး ညှိနှိုင်းခဲ့ရပါတယ်။ 
.
၅နှစ်လုံးလုံး လျှပ်စစ်မထုတ်နိုင်ပဲ၊ ရပ်ထားရတဲ့ ဓါတ်အားထုတ်တဲ့ကုမဏီ DPC၊ အမေရိကန်ကုမဏီကြီး(၃)ခု၊ အမေရိကန်အစိုးရ၊ အိန္နိယဗဟိုအစိုးရ နဲ့ အိန္နိယပြည်နယ်အစိုးရ ဆွေးနွေးကြပြန်တယ်။  ပြည်နယ်အစိုးရကို ဈေးကြီးကြီးနဲ့ လျှပ်စစ်ဝယ်ဖို့ပြည်နယ်အစိုးရက လက်မခံပါ။ လျှပ်စစ်ကို မ၀ယ်ပဲ ထားပါတယ်။ ၂၀၀၁ မေလမှာ အမေရိကန်ပွဲစားကုမဏီ အင်ရွန် Enron အကြောင်းအမျိုးမျိုးကြောင့် ဒေ၀ါလီ Bankruptcy ခံသွားပါတယ်။ ဒိတော့မှာ ကျန်တဲ့ အမေရိကန်ကုမဏီ(၂)က အိန္နိယလျှပ်စစ်ဓါတ်အားကုမဏီ DPC ကိုဝယ်ပြီး၊ ငွေထပ်အကုန်ခံ၊ စက်တွေကိုပြန်လဲလှယ်၊ ပြင်ဆင်လိုက်ပါတယ်။ ပြီးတော့ ၂၀၀၆ ခုနှစ်မှာ ဓါတ်အားပေးစက်ရုံကို အရင်လိုကုန်ကျစရိတ် မကြီးတော့ပါ ဆိုပြီး၊ အိန္နိယအစိုးရကို အတင်းအကြပ် ပြန်ရောင်းလိုက်ပါတယ်။ 
.
နောက်ဆုံးတော့ ကုန်ကျစရိတ်ကြီးလှတဲ့ အမေရိကန် လျှပ်စစ်ဓါတ်အား စက်ရုံကြီး အိန္နိယဗဟိုအစိုးရ လက်အောက် ရောက်သွားပါတယ်။ ဈေးကြီးတဲ့ လျှပ်စစ်ဓါတ်အားကို ပြည်နယ်အစိုးရက ပြည်နယ်အစိုးရနဲ့ အိန္နိယမီးရထား တို့ကို လျှော့ဈေးနဲ့ အတင်းဝယ်ခိုင်းရပါးတယ်။ နှစ်စဉ် အစိုးရက အကြီးအကျယ် အရှုံးပြနေပါတယ်။ မျှော်မှန်းသလို သတ်မှတ်ထားတဲ့ တယူနစ်ရောင်းဈေးထက် ၂ဆလောက်ပိုကုန်နေတဲ့ ဓါတ်အားပေးတဲ့ စက်ရုံကြီး ရပ်လို့လဲမဖြစ်၊ အရှုံးခံပြီး လည်ပတ်နေဆဲ ဖြစ်ပါတယ်။ 
.
ဒါကတော့ ဒီမိုကရေစီ ဖက်ဒရယ်အစိုးရကို အမေရိကန်ကုမဏီကြီးများက ဈေးကြီးကြီးနဲ့စက်ပစ္စည်းတွေရောင်း၊ ဈေးကြီးကြိးနဲ့ဆောက်လုပ်ရေးလုပ်ပေး၊ ဒေါ်လာသန်းထောင်နဲ့ချီ အကြွေးတင်သွားပါတယ်။ ဈေးကြီးကြီးနဲ့ပြုပြင်ထိန်းသိမ်းရေးစရိတ်လဲ ကုန်ပါဥိးမယ်၊ ဒီတော့ လျှပ်စစ်ဓါတ်အားတယူနစ် ဈေးကြီးကြီးနဲ့ဖြစ်နေပါတယ်။ အနိုင်ကျင့်တဲ့ ချေးငွေဖြစ်ပါတယ်။ အိန္နိယအစိုးရကတော့ အနှစ်၃၀၊ အနှစ်၄၀ အကြွေးတွေ ပေးဆပ်သွားနေဆဲ ဖြစ်ပါတယ်။ 
.
.
.
ပါကစ္စတန် ဥပမာတခု..။ 
၂၀၀၈ ခုနှစ်၊ ပါကစ္စတန်နိုင်ငံမှာ Nandipur Power Project မှာတော့ 425MW ဓါတ်အားစက်ရုံကို ကန်ဒေါ်လာ ၅၇၄သန်း (Rs 23 billion) စာချုပ်ခဲ့ပါတယ်။   တရုပ်ကုမဏီ China Dongfang Electric Corporation  ရဲ့ စာချုပ်ကို ပါကစ္စတန်အစိုးရပုဂ္ဂိုလ်များ မသိနားမလည်မှု၊ ၀န်ကြီးဌာနများနမော်နမဲ့ နှောင့်နှေးမှု တွေကြောင့် ၂နှစ်စောင့်ခဲ့ရလို့ ၂၀၁၅ မှပြီးဆုံးပါတယ်။  ကန်ဒေါ်လာသန်းပေါင်း ၁၄၀၀ (Rs. 57.38 billion) မူလထက်၂ဆကျော် ပိုကုန်ကျသွားခဲ့ပါတယ်။ ဒီတော့လဲ လျှပ်စစ်ကို ၂ဆမက ဈေးကြီးကြီးသွားရတယ်။ ဈေးမကြီးစေချင်ရင်၊ အစိုးရပိုက်ဆံ၊ ပြည်သူလူထုပိုက်ဆံပဲ နှစ်၄၀လောက် ဆုံးရှုံးရပါတယ်။ 
.
.
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ သြစတြေးလျှား ဥပမာများ
IPP Independent Power Production ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားစက်ရုံများကို ခွင့်ပြုခြင်းကြောင့်၊ ပြည်တွင်း၊ပြည်ပ ကုမဏီတွေ ဖက်စပ်ပေါင်းပြီး၊ နိုင်ငံတော်ဘဏ္ဍာတွေကို နှစ်၄၀၊ ဈေးကြီးတဲ့ လျှပ်စစ်ဓါတ်အား ၀န်ထုတ်ကြီး ပြည်သူလူထု ခံစားနေရပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ဖိလစ်ပိုင်နိုင်ငံက စစ်အာဏာရှင် သမတမားကို့စ်၊ အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင် သမတဆူဟာတို ၊ သူတို့အုပ်ချုပ်ချိန် စစ်အာဏာကို အလွဲသုံးပြီး၊ လျှပ်စစ်ဖက်စပ်ထုတ်တယ်။ တယူနစ် ကန်ဒေါ်လာ၅ဆင့် ပဲပေးရမယ်၊ ပြည်သူလူထုနဲ့အစိုးရကို သွေးဆောင်ပြီး ဓါတ်အားစက်ရုံများကို ဈေးကြီးကြိးနဲ့ တည်ကြတယ်။ လာပ်ငွေတွေ အစိုးရကိုပေးတယ်။ တစ်ကျပ်ဆိုပြီးရောင်းတယ်၊ တကယ်ဝယ်ပြီးတော့ ၃ကျပ်လောက် ကျသင့်နေတယ်။ ပြည်သူကို မပြပဲ ဖွက်ထားပြီး၊  စက်ရုံတကယ်လည်ပတ်တော့၊ အစိုးရကို ဈေးကြီးကြီးနဲ့ လျှပ်စစ်ဝယ်ခိုင်းတယ်။ အရင်အစိုးရလူကြီးတွေ မသိနားမလည်လို့ဖြစ်စေ၊ သိရက်နဲ့မတတ်သာလို့ဖြစ်စေ၊ လာပ်စားလို့ဖြစ်စေ လက်မှတ်ထိုးပေးလိုက်ရတဲ့ IPP လျှပ်စစ်ပရိုဂျတ်တွေကြောင့် ဖိလစ်ပိုင်၊ သြစကြေးလျား နိုင်ငံသားတွေ လျှပ်စစ် တယူနစ် ၂၄၀ကျပ် 20cents per unit အလွန်ဈေးကြီးပေးနေရပါတယ်။ အင်ဒိုနီးရှားအစိုးရက ကြားဝင်ပံပိုးလို့ 11cents တ၀က်ဈေးဖြစ်သွားပါတယ်။  ဒီလို IPP အမြတ်ထုတ်ခံရတဲ့ အကြောင်းကို စင်ကာပူနေရှင်နယ်တက္ကသိုလ် NUS၊  Lee Kuan Yew School of Public Policy, National University of Singapore မှာ ပါမောက္ခနှစ်ယောက်ဖြစ်တဲ့ Xun Wu and Priyambudi Sulistiyanto တို့က မှတ်တမ်းတင်၊ စာတန်းပြုစုထားပါတယ်။ 
http://www.darryljarvis.com/uploads/2/2/6/9/22690064/ipp_debacle1.pdf
.
.
မြန်မာနိုင်ငံလျှပ်စစ်ဈေးနှုန်း
အရှေ့တောင်အားရှ နိုင်ငံတွေမှာ တယူနစ် ၇၀-၂၆၀ကျပ် (6 cents to 20 cents per unit) ကောက်ခံပါတယ်။ မြန်မာနိုင်ငံကတော့ ၃၅-၁၅၀ကျပ် ဖြစ်လို့ အစိုးရအရှုံးများတာနေပါတယ်။ ဈေးနှုန်းပြင်မယ် အစိုးရက ကြေငြာထားပါတယ်။ မြန်မာလျှပ်စစ်ဈေးနှုန်းကတော့ ကုမဏီကြီးများကို သက်သာစေပြီး၊ လျှပ်စစ်မပြက်စေလို့ တရားမျှတမှုမရှိပါယ။ တောင်ကိုးရီးယားနိုင်ငံက တယူနစ်ဈေးနှုန်းကတော့…US cents per unit.
 5.1 @ 0-100 kWh/M
10.5 @ 101-200 kWh/M
15.7 @ 201-300 kWh/M
23.5 @ 301-400 kWh/M
34.9 @ 401-500 kWh/M
59.3 @ 501- kWh/M ဆင်းရဲသား၊ မီးလင်းရုံသုံးရင် ဈေးအလွန်ချိုပေးထားပါတယ်။ အဲကွန်း၊ ရေပူရေအေး များများသုံးသူကို ၅ဆအထိ ဈေးကြိးထားပါတယ်။ 
https://en.wikipedia.org/wiki/Electricity_pricing
.
မြန်မာအစိုးရက အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ NECM ဖွဲ့ပြီး ၀န်ကြီးဌာနဆိုင်ရာများနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း MES, ပြန်ပြည်မြဲစွမ်းအင်အသင်း REAM, ဘူမိဗေဒအသင်း တို့နဲ့ ချိုးခြံချွေတာရေး၊ ကျောက်မိးသွေး၊ ရေနံသဘာဝဓါတ်ငွေ့၊ ဘူမိအပူစွမ်းအင်၊ ပြန်ပြည့်မြဲစွမ်းအင် (နေ၊လေ၊ရေ၊ဇီဝ)၊  လျှပ်စစ် နဲ့ အနုမြူစွမ်းအင် အဖွဲ့များနဲ့ လုပ်ကိုင်နေတာ စည်းဝေးခေါ်လိုက်၊ မှတ်တမ်းထုတ်လိုက်နဲ့ အလွန့်အလွန်နှေးကွေးစွာ လုပ်ဆောင်နေပါတယ်။ လွှတ်တော် လျှပ်စစ်စွမ်းအင်ကော်မတီအဖွဲ့ကလည်း မေ၂၀၁၇ မှာ ဂျပန် Chioda Corporation နဲ့ ကျောက်မီးသွေးဓါတ်အားပေးအကြောင်း လာရှင်းပြတာပဲ တွေ့ရပါတယ်။ အဓိက တာဝန်ရှိတာ ကတော့ လျှပ်စစ် ၀န်ကြီးဌာနပဲ ဖြစ်ပါတယ်။ ၂၀၁၄ မှာ လျှပ်စစ်ဥပဒေကို ပြဌာန်ပြီး ၀က်ဆိုဒ် http://www.moep.gov.mm မှရနိုင်ပါတယ်။ ၀က်ဆိုဒ်မျာတော့ ဖွဲ့စည်းပုံပဲတွေ့ရပြီး အခြားအချက်တွေ မတင်ပြထားပါဘူး။ 
.

ရန်ကုန်နဲ့မြို့ကြီးများမှာ လျှပ်စစ်မီး မှန်လာတာလဲ အံ့သြစရာ တိုးတက်မှုဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်က ညဆိုမီးပျက်ရင် နေအိမ်တိုင်းက ဓါတ်အားစက် မီးခိုး၊ ဆူညံသံ သက်သာသွားပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေတော့ လျှပစစ်မရသူများ အရှုံးပြနေပါတယ်။ ကျေးရွာများကတော့ ဆိုလာပြားနဲ့ပဲ မီးထွန်းပေမဲ့ ရေတင်ပန့်ကိုတော့ အင်ဂျင်နဲ့ပဲမောင်းရပါတယ်။ အင်ဂျင်စွမ်းအားနဲ့ စက်မှုလယ်ယာကို ပြောင်းနေပြီဖြစ်ပါတယ်။  မြန်မာ့ဦးဆောင် သီလ၀ါစက်မှုဇုံက စက်ရုံကြီးတွေလဲ လျှပ်စစ်မငြိမ်လို့ အခက်ခဲကြုံနေပါတယ်။ မြို့နယ်များမှာတော့ လျှပ်စစ် ၂၀၀ဗို့ ဆိုတာ ၅၀ ၊ ၁၅၀ လောက်ပဲ ရှိနေဆဲ၊ ထရန်စဇွန်မာ၊ အင်ဗတ်တာ ဈေးကွက်ကလဲ ကောင်းနေဆဲ ဖြစ်ပါတယ်။
.
.
တရုပ်ကိုရောင်းတဲ့ ရွှေဓါတ်ငွေ့ နဲ့ ကျောက်ဖြူ၊ မန္တလေး၊ တောင်သာနှင့် ရေနံချောင်း သဘာဝဓါတ်ငွေ့  ဓါတ်အားပေးစက်များက ၄၀၀ မဂ္ဂါဝပ် ထုတ်နေပါတယ်။ ကျောက်မီးသွေးထက် ကုန်ကျစရိတ် ၂၀%လောက် ဈေးကြီးပေမဲ့ တနှစ်၊ နှစ်နှစ်အတွင်း လည်ပတ်နိုင်တဲ့အတွက် ရင်းနှီးမြှတ်နှံသူ ရှာဖို့ပဲ လိုပါတယ်။ အမေရိကန်အစိုးရ eia ၀က်ဆိုဒ်က လျှပ်စစ် ၂၀၁၅ တယူနစ် ထုတ်လုပ်စရိတ်(အရင်းနှီး)+ပြုပြင်ထိန်းသိမ်းစရိတ်+လောင်စာဆီ = စုစုပေါင်း (Mills per KWh, 1 mills = USD 0.1 cent)တွက်ချက်ပြထားပါတယ်။  ညူကလီယာ (၁၁.၁၇+၇.၀၆+၇.၄၈=၂၅.၇၁)၊ ကျောက်မီးသွေး (၅.၁၆+၅.၄၂+၂၆.၇၀=၃၇.၂၆)၊ ရေအား (၈.၃၇+၅.၀၂+၀=၁၃.၄၂)၊ ဓါတ်ငွေတာဘိုင် (၂.၃၄+၂.၆၈+၂၈.၂၂=၃၃.၂၄) ဖြစ်တဲ့အတွက် အရေအားလျှပ်စစ်က ဈေးအသက်သာဆုံး၊ ဓါတ်ငွေတာဘိုင်က ရင်းနှီးစရိတ်အနည်းဆုံး ဖြစ်ပါတယ်။ အမေရိကန်မှာ လျှပ်စစ်ထုတ်ရင်၊ ကုန်ကျစရိတ်က တယူနစ်ကို ၃ဆင့် 3cents လောက်ပဲရှိပါတယ်။ 
https://www.eia.gov/electricity/annual/html/epa_08_04.html
.
.
.
နိဂုံး (သုံးသပ်ချက်)

 မြန်မာနိုင်ငံကို နိုင်ငံခြား လျှပ်စစ်ကုမဏီကြီးများက အလားတူ တဖက်သတ်ငွေချေးစာချုပ်များ နဲ့ လျှပ်စစ်စီမံကိန်းတွေ လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ခေါင်းဆောင်ညံ့လို့ တိုင်းပြည်မွဲခဲ့ပါတယ်။  အရည်သွေးညံ့ တာဘိုင်စက်ကြီးတွေ တဖက်သတ်စာချုပ်နဲ့ ရောင်းသွားတာ ရှိသလို၊ တာဘိုင်စက်အကောင်းစားတွေကို ဈေးကြီးကြီးနဲ့ ရောင်းသွားပြီး၊ အကျိုးမရှိလို့ ဖျက်သိမ်းရပ်တံ့လိုက်တဲ့ ဓါတ်အားစက်ရုံတွေလဲ မနည်းတော့ပါဘူး။ စစ်အာဏာရှင် ဦးနေ၀င်းကတော့ နိုင်ငံတကာချေးငွေ ပြန်မဆပ်နိုင်လို့ မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံအဖြစ် ၊ ဒေ၀ါလီ Bankrupcy ခံခဲ့ပါတယ်။ တဖက်သတ်စာချုပ်ကြီးတွေမှာ တရုပ်ကုမဏီများရဲ့ မြစ်ဆုံလျှပ်စစ်စီမံကိန်း၊ ကြေးနီစီမံကိန်း၊ ရွှေဓါတ်ငွေစီမံကိန်း တွေက နာမည်ကြီးပါတယ်။ စစ်အာဏာရှင်အစိုးရများ နဲ့ သမတဦးသိန်းစိန် အစိုးရကို တရုပ်ကုမဏီများက တဖက်သတ်စာချုပ်တွေနဲ့ ချေးငွေမျိုးစုံ ပေးခဲ့ပါတယ်။ ၂၀၁၇ အစိုးရသစ်အဖို့ သင်္ခန်းစာတော့ ယူပြီး ပြုပြင်ပြောင်းလဲနေပါတယ်။ အကျင့်စာရိတ္တ စည်းကမ်းထိန်းသိမ်းခြင်းက အားနည်းနေပါသေးတယ်။ ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်မှာလည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၄%နဲ့ စီမံဘဏ္ဍာပြီးရင် ဒုတိယအများဆုံး ငွေသုံးနေပါတယ်။ မြန်မာအစိုးရ ကောင်းလာတော့ တရုပ်ကုမဏီတွေလဲ ကောင်းလာပါတယ်။ 
.
ယခုအချိန်မှာ ချေးငွေနဲ့လျှပ်စစ်ပရိုဂျက် ကြီးများကို စီမံခန့်ခွဲရင် သေချာပေါက် အဂတိလိုက်စားမှုတွေ ဖြစ်လာမှာပါ။ လက်ရှိ ကမ္ဘာ့ ဘဏ်၊ အာရှဘဏ်၊ တရုပ်နိုင်ငံ လျှပ်စစ်ပရိုဂျက် အသေးတွေတောင် မြန်မာပြည်ပရိုဂျက်တွေ ပြသနာတွေ ရှင်းနေရပါတယ်။ ပြည်တွင်း၊ ပြည်ပ လူငယ်ပညာရှင်များစွာ နည်းပညာ ပျိုးထောင်ပေးဖို့ မြန်မာအစိုးရ စီစဉ်နေပါတယ်။ တရုပ် အိန္နိယ တွေလို၊ အစိုးရလျှပ်စစ်ကော်ပိုရေးရှင်းကို ၂ပိုင်း၊ ၃ပိုင်း ခွဲပြီး၊ အများပိုင်ကုမဏီလုပ်ရင်လဲ လုပ်ရပါမယ်။ အကောင်းဆုံးကတော့ ဆာငတ်နေတဲ့ ကြီးမားတဲ့ပရိုဂျက်များကို ဂျပန်အစိုးရ၊ JICA တို့နဲ့ပဲ လုပ်ဆောင်ခြင်းက ရေရှည်ပါ။ လောလောဆယ်တော့ လျှပ်စစ်ဓါတ်အားကို လျှပ်စစ်ကို တရုပ်၊ အိန္နိယ၊ လာအိုနိုင်ငံများထံမှ ၀ယ်ယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။  ရန်ကုန်မှာ လျှပ်စစ်ဓါတ်အားကုမဏီများက ဈေးကြီးကြီးနဲ့ စာချုပ်နှစ်ရှည်အကြပ်ကိုင်ရောင်းတာ ၀ယ်ယူနေတာထက် လျှပ်စစ်ဝယ်သုံးခြင်းက ပိုပြီးတွက်ချေကိုက်မှာပါ။ 
.
 မကြာခင်မှာ စွမ်းအင် Master Plan နဲ့ လျှပ်စစ်ဥပဒေကြမ်းကို လွှတ်တော်ကအတည်ပြုပြီး ဘယ်လိုလုပ်ရမလဲ အကောင်ထည်ပေါ်လာမှာပါ။ မြန်မာနိုင်ငံကတော့ ရေအားသံယံဇာတ အလွန်ပေါပါတယ်။  အရင်းအနှီး ချေးငွေရရင် ဈေးသက်သာတဲ့ ရေအားလျှပ်စစ် အမြောက်အများလုပ်နိုင်ပါတယ်။ တပ်မတော်က အာဏာဆုပ်ကိုင်မှု လျှော့လိုက်မှပဲ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှတ်နှံမှုများစွာ ၀င်လာကြပါမယ်။  လျှပ်စစ်ဈေးချိုသွားရင် စားသောက်ကုန်တွေလဲ အရည်သွေးမြင့်ပြီး၊ အလုပ်ကိုင်လဲပေါများလာဖို့ အရမ်း မျှော်လင့်နေပါတယ်။ 
ဇော်အောင်(မုံရွာ)
၁၁.ဇွန်.၂၀၁၇

No comments:

Post a Comment