Sunday, October 8, 2017

Large Project Management , နိုင်ငံခြားရင်းနှီးမြှတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ် (နိုဝင်ဘာ.၂၀၁၇)


နိုင်ငံခြားရင်းနှီးမြှတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ် (နိုဝင်ဘာ.၂၀၁၇)
ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက အဂတိမထိန်းချုပ်နိုင်မှုကြောင့် ကမ္ဘာ့ ဘဏ်ရင်းနှီးမြှတ်နှံမှုတွေ ၂၀၁၃ ကတည်းက ရပ်ဆိုင်း လိုက်ခဲ့ပါတယ်။ တချိန်ထဲမှာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး ပရိုဂျက်များမှာ ခြစားမှုမရှိဖို့ သတိပေးလိုက်ပြီး၊ ဘတ်ဂျတ်တွေ ချပြတဲ့အထဲ လျှပ်စစ်မီးလင်း စေဖို့စတင်ပါတယ်။ ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ သက်သေ သာဓကတွေ့ရှိတာနဲ့ ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတကလဲ ဒီမိုကရေးစီ ပွင့်လင်းမြင်သားစွာလုပ်ဆောင်နိုင်ဖို့အခြေခံဥပဒေပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာ အစိုးရက မလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုက ပေးဖို့ရှိနေတဲ့ ထောက်ပံ့ ကူညီမှုတွေကို ရပ်ဆိုင်းပြီး ဒဏ်ခတ် ပိတ်ဆို့ရေးဆီ ပြန်ဦးတည်သွားနိုင်မယ့် အခြေအနေမျိုး ပါဝင် ပြဌာန်းထားတဲ့ ဥပဒေကို သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၁၇ ရက်နေ့ ၂၀၁၃ ကတည်းက လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည်လာမှ နိုင်ငံတကာက လာဖို့ စောင့်ကြည့်နေကြပါတယ်။ သို့သော် လည်း မြန်မာပြည်က အစိုးရနဲ့ သူတို့ပတ်သက်ကြောင်း သူဌေးကြီး(၁၀)ဦး တို့နဲ့ စပယ်ရှယ် စစ်ဗိုလ်ဟောင်းများက တရုပ်နိုင်ငံစီးပွားရေးသမားများနဲ့၊ စီးပွားရေးလုပ်ပြီး၊ မတရားစာချုပ်များနဲ့ အခွန်လွတ်၃နှစ်၊ သွင်း/ထုတ် ပါမစ်များ စသဖြင့် သယံဇာတများ၊ ဝန်ဆောင်မှု၊ တီဗွီ၊ မိုဘိုင်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းများနဲ့ အပြင်းအထန်စီးပွားရှာခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန် ၂၀၁၇ မှာတော့ စနစ်တကျ လုပ်ဆောင်ဖို့ တရုပ်နဲ့မြန်မာ သူဌေးကြီး ကုမ္ပဏီများ လုပ်ဆောင်နေကြပြီ ဖြစ်ပေမဲ့ နိုင်ငံတော် အခွန်အမှန်ရဖို့ ဥပဒေအကောင်ထည်ဖော်နေဆဲကာလ ဖြစ်ပါတယ်။
ကျေးလက်ဖွံ့ဖြိုးရေးမှာ အမြတ်စွန်းမရှိသလောက်မို့ ကုမ္ပဏီများ မလုပ်လိုပေမဲ့၊ ရတာအကုန်ယူ ဆိုပြီး လျှပ်စစ်ထုတ်လုပ်၊ ဈေးကြီးကြီးနဲ့ရောင်း၊ လယ်သမားတွေကို ငွေတိုးချေး၊ပွဲရုံလုပ်ငန်းများ စတဲ့ အလုပ်များကို မြို့ပေါ်က ကုမ္ပဏီများ ဝင်လုပ်ဖို့ ကြိုးစားလာပါတယ်။ အစိုးရနဲ့ နိုင်ငံတကာက ရင်းနှီးမြှတ်နှံမဲ့ ငွေလုံး၊ ငွေခဲကို ခွဲဝေစားသောက်ဖို့ အကျင့်ပျက်အစိုးရဝန်ထမ်းများနဲ့ ပူးပေါင်းခြင်း များကို ကမ္ဘာ့ဘဏ်က သတိပေးခဲ့ခြင်းဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ် လျှပ်စစ်မီး ရရှိရေးအတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာ (RERED) Rural Elect rification and Renewable Energy Development Project ၂၀၀၂ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမအဆင့် ၂၀၀၂-၂၀၁၂ ၁၀နှစ်တိုင် နေရောင်ခြည်စွမ်းအားနဲ့ အိမ်ပေါင်း ၂သန်းကို လျှပ်စစ်မီး လင်းအောင် လုပ်ပေးနိုင်ခဲ့တာ၊ ဒေါ်လာ သန်းပေါင်း ၄၃၃သန်း ကုန်ကျခဲ့ပါတယ်။ အိမ်ခေါင်မိုးမှာ ဆိုလာပြားထောင်တဲ့ 100W , 200W စတဲ့ Solar Home Systems SHSေ တွကို အဆင့်မြင့်တဲ့၊ စက်တွေ အကြွေးနဲ့ရောင်းပေးပြီး လစဉ်ငွေပြန်ကောက်ပါတယ်။ Solar Mini Grid များကို တည် ဆောက်ပြီး၊ ဓါတ်ကြိုးနဲ့အိမ်များကို လျှပ်စစ်မီးပေးပါတယ်။ တွက်ချက်မှုများအရ မီး၅လုံးလောက် ညပိုင်းပဲထွန်းရင် တစ်လကို ၆ဒေါ်လာ (တစ်ယူနစ် ကျပ်တစ်ရာနှုန်း) ဆိုရင် ၃နှစ်လောက် လျှပ်စစ်မီး ထွန်းပြီး၊ ဆိုလာအရင်းကြေပါတယ်။ ရေရှည်ခံမဲ့ CFL မီးလုံးကို ရောင်းချပေးပြီး၊ Part ner Organizat ions များနဲ့ လုပ်ဆောင်စေပါတယ်။ ဒါလောက် လုပ်ပေးတာတောင် တစ်ဦးချင်းနဲ့အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ပြီး အကျင့်ပျက်၊ ဆင်းရဲမွဲတေသူများကိုတောင် အမြတ်ထုတ်စားရက်သူများ ဘင်္ဂလားဒေ့ခ်ျ မှာ ရှိလို့ စီမံကိန်းတစ်ချို့ကို ရပ်ဆိုင်းပစ်ရုံမက ကမ္ဘာ့ ဘဏ်ထွက်ခွာတဲ့အထိ ဖြစ်ရပါတယ်။ 

.
ဘက်ထရီသုံး ဆိုလာမီနီဂရစ် မလုပ်ရန်
နေရောင်ခြည် ဘက်ထရီအားသုံးတဲ့ ..ဒီလိုလုပ်ငန်းမျိုး (ဆိုလာ မီနီဂရစ် Solar Mini-grid) တွေ မိမိရွာ မှာ လုပ်မယ်ဆိုရင် အိမ်၁၀၀လောက်နဲ့ စနိုင်ပေမဲ့၊ မြန်မာပြည်က ဆိုလာဓါတ်အားပေးစက်များဟာ တရုပ် ပြည်က ရောင်းဈေးထက် ၂ဆလောက် ဈေးကြီးနေခြင်းဟာ ပြသနာကြီးတစ်ခုပါ။ တခြား နည်းလမ်း ဥပမာ တအိမ်ခြင်း ဆိုလာဘက်ထရီစနစ်များကို ဆင်းရဲတဲ့ မြန်မာကျေးလက် အိမ်များအတွက် ငွေ၅သိန်းကို အရစ်ကျ ၂နှစ်ပြန်ဆပ် စနစ်နဲ့ ရောင်းချပြီး၊ ပြုပြင်ထိန်းသိမ်းမှုကို ရွာခံ အသက်ကြီးသူများကို သင်ကြားပေးခြင်းနည်းလမ်းပဲ အလုပ်ဖြစ်ပါမယ်။ တင်သွင်းတဲ့ လျှပ်စစ် ဆိုင်ရာပစ္စည်းများကို အခွန်မကောက်ဖို့လဲ လိုပါတယ်။ တရုပ်၊ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးမှာ Import for Rural & Agriculture Development ပစ္စည်းများကို အခွန်မကောက်တဲ့အပြင် ဗဟိုနဲ့ဒေသ အစိုးရ၂ခုစလုံးကပါ Subsidize ပံ့ပိုးမှုပေးကြပါတယ်။ World Bank ကပဲ import လုပ်ရင် အခွန်လွတ်၊ လွယ်ကူပါမယ်။
.
အကျင့်ပျက်မှု (Corruption & Nepotism) တွေကြောင့် တရုပ်ပြည် ၁၉၈၉ တပြည်လုံးအုံကြွ ဆန္ဒပြ ခဲ့ပြီးနောက် တရုပ်အစိုးရက အကျင့်ပျက်တိုက်ဖျက်ရေးကို SEZ အထူးစီးပွားဇုံ စနစ်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီ စီးပွားဇုံအတွင်းမှာ အကျင့်ပျက်ခြစားမှု မရှိမဲ့ ပြည်ပပို့ကုန် လုပ်ငန်းများကို ၊ ထူထောင်ပေးခြင်း၊ မြန်မာအစိုးရကလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ 

.
နိုင်ငံတကာရင်းနှီးမြှတ်နှံမှုများ
တရာမျှတတဲ့ ရင်းနှီးမြှတ်နှံမှု ဆိုတာ ရေရှည်အကျိုးစီးပွားဖြစ်ပါတယ်။ အခွန်မပေးပဲ၊ ဓါတ်ဆီ တင်သွင်းရောင်းချခြင်း၊ သံယံဇာတပြည်ပပို့ခြင်း များက တစ်ချက်ထဲနဲ့ တစ်သက်စားမကုန်အောင် ရတာမျိုး၊ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေကျပါ။ ၅နှစ် ထိုင်စားခွင့်ပေးပြီး၊ ၂၀၁၅ ကစပြီး အရင်လို လုပ်စားဖို့အခွင့်မသာတော့ပါဘူး။ အခြေအနေ ကောင်းလာခဲ့ပါတယ်။ အရေးပါတဲ့ ရာထူးများကို ရယူထားတဲ့ အစိုးရဟောင်း ပုဂ္ဂိုလ်များက အလိုက်သိသိတော့ ထွက်ပေးမှာမဟုတ်ပါဘူး။ စီးပွားရေး အဆင်ပြေသူ တနည်းအားဖ္တြင့် ငွေမချမ်းသာသော်လဲ ရောင့်ရဲသူများ.. မိသားစု မပူပင်ရသူများ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့လိုပါတယ်။ အာဏာရှိသူများ မပူပင်ရတဲ့ ငွေရရှိပြီး၊ စာရိတ္တကောင်းအောင် သမ္မတဦးသိန်းစိန် အစိုးရခေတ်ကတည်းက လုပ်ပေးနေသော်လည်း ရလဒ်က ထင်သလိုမကောင်းပါ။ ရောင့်ရဲ၊ ချွေတာ၊ စုဆောင်းတဲ့ အစိုးရဖြစ်လာမှ ရင်းနှီးမြှတ်နှံသူများလဲ စိတ်ချ၊ ပြည်သူလူထုလဲ ချွေတာစုဆောင်း ရောင့်ရဲပြီး၊ စည်ပင်သာယာမယ် ဖြစ်ပါတယ်။ မြန်မာပြည်ကို ရဲဝံ့စွာ ရင်းနှီး မြှတ်နှံသူများမှာ တရုပ်နိုင်ငံ၊ ကုမ္ပဏီများပဲ စိတ်ချစွာ လုပ်ကိုင်ခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရတက်လာချိန် ရင်းနှီးမြှတ်နှံမှု ဥပဒေအသစ်ကို ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ပထမနှစ်မှာ ရင်းနှီးမြှတ်နှံမှု ရော့သွားပေမဲ့လဲ ၂၀၁၇မှာ ၄လအတွင် ကန်ဒေါ်လာ ၃ဘီလျံကျော် ၀င်လာတယ်လို့ ကြေငြာပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှတ်နှံမှု ဦးစီးဌာန DIRECTORATE OF INVESTMENT AND COMPANY ADMINISTRATION ၀က်ဆိုက်မှာ ပွင့်လင်းမြင်သာစွာ တင်ပြထားပါတယ်။
Ref: http://www.dica.gov.mm/

တရုပ်ကုမ္ပဏီများက မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဥပဒေစာချုပ်များကို ခိုင်မာစွာ ချုပ်ဆိုထားခြင်းကြောင့် မြန်မာ ဗဟိုအစိုးရက ပြည်ထောင်စုအဆင့်လက်မှတ်ထိုး၊ ခွင့်ပြုပြီးရင် တရုပ် ဘဏ်များ ထံက ငွေချေးဖို့ အာမခံစာချုပ်ပဲ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံကလည်း ပုဂ္ဂိုလ်ရေးနဲ့ ဥပဒေ ၂မျိုး ခိုင်မာအောာင် ကြိုးစားပြီး၊ ရင်းနှီးမြှတ်နှံလျှက်ရှိပါတယ်။

.
အခု မြန်မာပြည်မှာ ဗဟိုအစိုးရနဲ့စာချုပ်ပြီး ရင်းနှီးမြှတ်နှံကြတဲ့အထဲ အထင်ရှားဆုံးကတော့ ဆက်သွယ်ရေး ကုမ္ပဏီ Telenor & Ooredoo နှစ်ခုဖြစ်ပါတယ်။ဲ ပြည်သူလူထုဆီက မိုဘိုင်းဖုန်းနဲ့ အမြတ်ထုတ်မဲ့ ကုမ္ပဏီ ဆိုပေမဲ့၊ မြန်မာ့ဆက်သွယ်ရေးရဲ့၊ သူဌေးကြီးများနဲ့ပေါင်း အမြတ်ထုတ်ပြီး၊ အရင် MPT တစ်ခုထဲလုပ်နေတာထက် ပိုပြီး ပွင့်လင်းမြင်သာလာပါတယ်။
လျှပ်စစ်လုပ်ငန်းကိုလည်း IPP ပုဂ္ဂလိကကို ၁၀၀% ပေးပြီး အပြိုင်ဆိုင် လုပ်ခိုင်းရင် အနည်းဆုံး ဗီယက်နမ်၊ ထိုင်း အဆင့်တော့ လျှပ်စစ်ဈေးချိုလာမှာ ဖြစ်ပါတယ်။ မီးထွန်းဖို့လျှပ်စစ်ကိုတော့ ဈေးနှုန်းချိုရပါမယ်။ အဲယားကွန်းလျှပ်စစ်ကိုတော့ ဈေးနှုန်းကြီးပေးရပါတယ်။ ကမ္ဘာ့ လျှပ်စစ် ဈေးအကြီးဆုံး စင်ကာပူမှာတောင် ဒီနည်းနဲ့ လျှပ်စစ်ငွေတောင်းခံပါတယ်။ 

.
ကျော်မျိုးထွန်း ပြုစုတဲ့ စာအုပ်ငယ်
အကြီးစားစက်မှုစီမံကိန်းများအတွက် အရင်းနှီးရှာခြင်း စာအုပ်ငယ်မှာ နိုင်ငံခြားကုမ္ပဏီများ သူတို့ ပိုက်ဆံကို အာမခံရနိုင်မှ မြန်မာနိုင်ငံမှာ လာကြမယ်လို့ ရေးထားပါတယ်။ ကျော်မျိုးထွန်းရဲ့ စာအုပ်မှာ MIGA Multilat eral Investment Guarantee Agency (ဥပမာ World Bank) ကဲ့သို့ ဘဏ်အဖွဲ့အစည်းများမှာ အဖွဲ့ဝင်ဖြစ်ရပါတယ်။ မြန်မာနိုင်ငံလဲ အဖွဲ့ဝင်ဖြစ်နေပါပြီ။ မြန်မာလို နိုင်ငံရေးမတည်ငြိမ်တဲ့၊ မငြိမ်သက်မှုကြောင့် နိုင်ငံခြားကလာတဲ့ ရင်းနှီးမြှတ်နှံသူများ ငွေဆုံးရှုံး မသွားအောင် MIGA က ကာကွယ်ပေးပါတယ်။ New York Convent ion, Panama Convention ကဲ့သို့ နိုင်ငံအစိုးရများက စာချုပ်ဖောက်ဖျက်၊ စီမံကိန်းဖျက်သိမ်းရင် အဲဒီနိုင်ငံကို တရားစွဲ၊ လျှော်ကြေးပြန်ရအောင်လုပ်ပေးမဲ့ အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ မြန်မာအစိုးရ ၂၀၁၃ ဧပြီလမှာ New York Convention မှာပါဝင် လက်မှတ်ထိုးထားပြီ ဖြစ်ပါတယ်။
ဒေါ်လာသန်းချီတဲ့အရင်းနှီးဖို့ ပရိုဂျက်အကြီးတွေကို လုပ်ဖို့ ချေးငွေနဲ့ပဲ လုပ်ရပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲခါစ အမေရိကန်သမ္မတနစ်ဆင်ကို တရုပ်ပြည် အလည်ဖိတ်ခေါ်ရပါတယ်။ အပြန်လှန် လည်ပတ်သွားရောက်ပြီး ညှိနှိုင်းရင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေထဲ တရုပ်ပြည် ပါဝင်လာပါတယ်။ ဒီတော့မှ နိုင်ငံခြား၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများ တရုပ်ပြည်ကို ဝင်လာမှ တခြားနိုင်ငံငယ် များကလည်း စုပြုံ ရင်းနှီးမြှတ်နှံကြပါတယ်။ စစ်အင်အားကြီးမားခြင်းဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတိုင်း စစ်သုံးစရိတ် ဘတ်ဂျတ်ဟာ အလွန်ကြီးမားပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားကို တရုပ်ပြည်က လေးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီများကို မတရား မလုပ်ရဲပါဘူး။ ဒါကြောင့် အမေရိကန် ဝင်လာရင် တိုင်းပြည်စီးပွားတက်လာလေ့ ရှိပါတယ်။ မြန်မာနိုင်ငံကိုလည်း ကုမ္ပဏီများဟာ World Bank, ADB, IMF, KfW, UNIDO, UNICEF စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများနောက်က ခိုပြီး လိုက်လာပါတယ်။ လျှပ်စစ်နဲ့လမ်းပမ်းဆက်သွယ်ရေး သေချာပြီဆိုမှ (အာမခံနဲ့စာရင်းစစ် Insurance & Audit System) စိတ်ချလောက်မှ ကုမ္ပဏီများ ရင်းနှီးငွေ ဝင်လာမှာဖြစ်ပါတယ်။
တရုပ်စီးပွားရေးလုပ်ငန်းများ
မြန်မာနိုင်ငံတွင်း တရုပ်စီးပွားရေးလုပ်ငန်းရှင် များစွာ ပြည်တွင်းက အာဏာပိုင်များနဲ့ပူးပေါင်းပြီး၊ ပါမစ်၊ လိုင်စင်တွေယူပြီး၊ အကြီးအကျယ် ကြီးပွားနေတာ ဘယ်လိုမှ မတားနိုင်ပါဘူး။ ဥပဒေကို နားလည် သူများနဲ့ တဖတ်သတ် စာချုပ်များကြောင့် ဘာမှမတတ်နိုင်ပဲ၊ ကြည့်နေရပါတယ်။ တရုပ်စီးပွားရေးနဲ့ တရုပ်စစ်ရေးလွှမ်းမိုးမှုကို မကြေနပ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်များကို အနားယူစေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီအစိုးရလက်ထက်မှာလည်း တရုပ်အစိုးရနဲ့ ဆက်လက် ရင်းနှီးစွာ ဆက်ဆံဖို့ ပေါ်လစီချခဲ့ရပါတယ်။ ယခင်ကလို တဖက်သတ်စာချုပ်များ မဖြစ်စေပဲ တန်းတူ ပညာတတ်၊ စာချုပ်ဥပဒေ နားလည်သူများနဲ့ လုပ်ကိုင်ရပါမယ်။ တိုင်းရင်းသား ကချင်၊ ဝ ၊ ကိုးကန့် လက်နက်ကိုင် များက တရုပ်ကို အပြစ်မတင်ပဲ ကျေးဇူးတင်ကြပါတယ်။ အောက်မြန်မာပြည်က ကရင် လက်နက်ကိုင် များက အမေရိကန်ကို အပြစ်ဖို့ဝေးစွ၊ ကျေးဇူးပဲ တင်ကြပါတယ်။ ရှမ်းလက်နက်ကိုင်များကတော့ တရုပ်နဲ့အမေရိကန်ကြားမှာနေရပါတယ်။ အမေရိကန်နဲ့တရုပ်နိုင်ငံ အပြင်၊ အိန္နိယနိုင်ငံတွေ ကြားမှာ မြန်မာနိုင်ငံတိုးတက်ကြီးပွားဖို့ ခေါင်းဆောင်များ ပါနပ်ပညာတတ်ရမယ် ဖြစ်ပါတယ်။
နိုင်ငံရေးနည်းတဲ့ ဂျပန်၊ကိုးရီးယားနဲ့ အီယူနိုင်ငံများရဲ့ ရင်းနှီးမြှတ်နှံမှုကို စောင့်ပေမဲ့၊ တရုပ် ရင်းနှီးမှု တွေပဲ တရားဝင်၊ တရားမ၀င် ဆက်လက်လာနေမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရင်းနှီးမှုမျိုး ဖြစ်ဖို့၊ ပုဂ္ဂလိက အဖွဲ့အစည်းများ တွန်းအားပေး၊ စာရင်းစစ်၊ အာမခံပေးဖို့ လိုပါတယ်။ လက်ဝါးကြီးအုပ်လိုမှု စီးပွားရေးတွေ ကြီးထွားလာပါတယ်။ ဒါကြောင့် လုပ်ငန်းများအဆင်မပြေမှု (ease of doing business) မှာလည်း ၂၀၁၄ မှာ ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၂ ဖြစ်နေပါတယ်။ အခု ၂၀၁၇ မှာ အဆင့် ၁၇၀ ဖြစ်လာတာ စီးပွားလာလုပ်ဖို့ ခက်ခဲတဲ့နိုင်ငံဖြစ်နေဆဲပါပဲ။ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ငွေ၊ အာဏာရှိသူများက လုပ်ငန်းအပိုင်စီး၊ ပျက်ပြားအောင် မလုပ်ရန်၊ ကမ္ဘာ့ဘဏ်က အကာကွယ်ပေး၊ အာမခံပေးခြင်းကို လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံလုပ်ငန်းရှင်များ Political Risk စိုးရိမ်ပါက ကမ္ဘာ့ဘဏ် အေးဂျင့် Multilateral Investment Guarantee Agency ကို ဆက်သွယ်ပါလို့ ဆိုပါတယ်။
တရုပ်ပြည်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းများ ကို တရားမျှတမှုရှိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အကျင့်ပျက်ခြစားတဲ့ အစိုးရခေါင်းဆောင် အဆင့်မြင့်အရာရှိကြီးများကို ထောက်လှမ်းရေးလို အဖွဲ့မျိုးနဲ့ တင်းကျပ်စွာ စောင့်ကြည့်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အစိုးရ အရာရှိကြီး၊ ပါတီအကြီးကဲ များရဲ့ ပိုင်ဆိုင်မှုကို စောင့်ကြည့်အဖွဲ့တွေ ရှိပါတယ်။ ငွေပမဏ ဒေါ်လာသန်းပေါင်းများစွာ လည်ပတ် နေတဲ့ လုပ်ငန်းများကို စာရင်းစစ်နဲ့အာမခံလုပ်ငန်းများ ပုဂ္ဂလိက Institution အဖွဲ့များနဲ့ လုပ်ဆောင် စေဖို့ ဖြစ်ပါတယ်။

.

.
ရင်းနှီးမြှတ်နှံခြင်များးမှ နိုင်ငံအကျိုးရှိရန်
နိုင်ငံတိုင်းမှာ ပြည်ပအရင်းနှီးနဲ့ လုပ်ငန်းများလည်ပတ်ပြီး၊ ၅နှစ်၊ ၁၀နှစ်ကျော်လာရင် ပြည်တွင်း ကုမ္ပဏီများပဲ ကြီးပွားလာပါတယ်။ နိုင်ငံခြားကုမ္ပဏီကတော့ တစ်နှစ်ကို အမြတ်ငွေ ၁၅%လောက် ရရင်ပဲ ကျေနပ်လှပါပြီ။ သူတို့ မူရင်းနိုင်ငံတွေမှာ လုပ်ငန်းတန်ဖိုးရဲ့ ၅% အခွန်ကောက်ခြင်း၊ လုပ်ငန်းအမြတ်ငွေကို အခွန် ၄၀%လောက် ကောက်ခံတာကြောင့် အခွန်ရှောင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာရောက် ရင်းနှီးကြပါတယ်။ ဈေးအလွန်ချိုသာတဲ့ မြန်မာအလုပ်သမားနဲ့ ပညာတတ်လူငယ်များကို အသုံးချဖို့ဖြစ်ပါတယ်။ စင်ကာပူမှ သန့်ရှင်းရေးအလုပ်သမားက တစ်နေ့ဒေါ်လာ ၅၀ ရပေမဲ့ မြန်မာပြည်မှာတော့ ၅ဒေါ်လာပဲ ရတယ်။ ဆယ်ဆ ကွာခြားပါတယ်။ ဂျပန်၊ အမေရိကန်ဆို တနေ့လုပ်အားခ ဒေါ်လာ၁၀၀ လောက်ရှိပါတယ်။ လုပ်အားခမှာ အလွန်အမြတ်အစွန်းထွက်ပေမဲ့ ခြစားမှုမှာလဲ ငွေအများကြီးကုန်ကျပါတယ်။ ထုံးစံအတိုင်း အလွန်အကျူး အကျင့်ပျက်ခြစားမှုများကို အာမခံဖို့ အမေရိကန်ဝင်လာမှုဟာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာ နာမည်ကျော်တဲ့ ရွှေဓါတ်ငွေ့တွေ့ရှိတဲ့ ဒေဝူးကုမ္ပဏီ၊ ဂျပန်တို့ရဲ့ သီလဝါစက်မှုဇုံမှာ ပါဝင်ကြတဲ့ ဂျပန်၊ ကိုးရီးယား ကုမ္ပဏီများလည်း အမေရိကန်နဲ့ဥရောပ ငွေအရင်းနှီးမတည်မှုနဲ့ စတင်ပါတယ်။ နောက် ၅နှစ်၊ ၁၀နှစ်ကြာချိန် ကိုယ့်လူမျိုးတွေပဲ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် တိုးတက်သွားကြပါတယ်။ ထားဝယ်စက်မှုဇုံ စာချုပ်ချုပ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အီတာလျှံ-ထိုင်း Italian-Thai ကမ္ပဏီရဲ့ ရာဇဝင်ကို ကြည့်ရင် လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်က အီတာလျှံရင်းနှီးငွေနဲ့ စတင်ခဲ့ပေမဲ၊ အခု ထိုင်းလူမျိုးပိုင်ဖြစ်နေပြီး နိုင်ငံတကာမှာ စက်မှုဇုံတွေ လိုက်ဆောက်နေပါတယ်။ မြန်မာပြည် Dawai Project ကိုလုပ်ပေမဲ့ မအောင်မြင်ပါဘူး။ တရားဥပဒေမဲ့တွေ နည်းသွားပြီး၊ နိုင်ငံခြားက မှန်ကန်တဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရောက်လာနေပါပြီ။ တရုပ်ကုမ္ပဏီကြီးများနဲ့ချည်းပဲ လုပ်နေရခြင်းကို အဆုံးသပ်နေပါပြီ။ မကြာခင်မှာ ဗီယက်နမ်ကို ထိုင်းတွေ အစုအပြုံလိုက် လာရောက်ရင်းနှီးခဲ့သလို မြန်မာနိုင်ငံကိုလဲ ထိုင်းတွေပဲ လာကြပါမယ်။ ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ ၅သန်းလောက်အတွက် ပြည်တော်ပြန်လာဖို့ပါပဲ။
.

နိဂုံး
.
မြန်မာနိုင်ငံမှာ သယံဇာတပေါများကြွယ်ဝတယ် ဆိုပြီး ပြည်သူလူထုကို ကျွန်း၊ ကျောက်စိမ်း၊ ဓါတ်ငွေ၊ ကြေးနီ၊ ပုလဲ၊ ကျောက်မြတ်ရတနာ၊ စိုက်ပျိုးမွေးမြူရေး ရေခံမြေခံကောင်းမှု စသဖြင့် အားကိုးလွန်းတော့ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။ အကောင်းဆုံး သယံဇာတကတော့ လူငယ် (လူသားအရင်းအမြစ်) ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ကစတင်ပြီး ပညာရေးစနစ်ကို မအောင် မနေရစနစ်၊ အဆင့်၁၊၂၊၃ မထားတော့တဲ့ ဂရိတ်နဲ့သတ်မှတ်တဲ့စနစ်ကို ပြောင်းလဲပြီး၊ ဆရာဆရာမ ၅သိန်းကို ပညာပေး၊ ပြုစုပျိုးထောင်နေပြီ ဖြစ်ပါတယ်။ လျှပ်စစ်ကဏ္ဍကိုလဲ ဘတ်ဂျတ်အများဆုံး ၂၄% အထိ ၂၀၁၆ မှာ မဟာဓါတ်အားလိုင်ကြီးများ ၊ ရေအားလျှပ်စစ် စီမံကိန်းကြီးများ ရေးဆွဲ ထားပြီးဖြစ်ပေမဲ့.. လူသားအရင်းအမြစ် လူငယ် လျှပ်စစ်ပညာရှင်များ၊ တက်ကနီရှင်များစွာ ပြုစုပျိုးထောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ 

လျှပ်စစ်စီမံကိန်းကြီးများ အထူးသဖြင့် ဂျပန်၊ ကိုးရီးယား၊ စင်ကာပူ ကုမ္ပဏီများရဲ့ ပြည်ထောင်စုအဆင့် စီမံကိန်းကြီးများမှာ စင်ကာပူ EDB, တောင်ကိုးရီးယာ KDI တွေလို၊ ဖွဲ့စည်းထားပေမဲ့ အလုပ်တကယ်လုပ်နိုင်ရပါမယ်။ တရုပ်ဗီယက်နမ်များလို မြန်မာ လူငယ် ပညာရှင်များကို ပရိုဂျက်ကြီးများမှာ အတင်း ထည့်သွင်း လေ့လာစေရပါမယ်။ ပရိုဂျက်ကြီး ၃ခုလောက် လုပ်ပြီးသွားရင် နောက်ပရိုဂျက်ကြီးတွေကို မြန်မာများကပဲ လုပ်နိုင်သွားပါမယ်။

မည်သို့ပင်ဖြစ်စေ အထက်ပါအချက်များကို မြန်မာအစိုးရလူကြီးမင်းများနဲ့ နားမျက်စိဖွင့်ထားသူ လူကြီး၊လူငယ်အားလုံး သိပြီးသားဖြစ်ပါတယ်။ လက်တွေ့မှာ အကောင်ထည်ဖေါ်ဖို့ အလွန်ခက် ပါတယ်။ အဓိကတော့ စာရိတ္တ ဖြစ်ပါတယ်။ မိမိကိုယ်ကို စာရိတ္တ မဆိုးဘူးလို့ ခံယူနေသူ များပါတယ်။ လူငယ်လူရွယ်များဟာ စာရိတ္တ မှန်ကန်စွာ ကျေးလက်ဖွံ့ဖြိုးရေးသာမက၊ မြို့ပြ၊ စက်မှု ဖွံ့ဖြိုးရေး ကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်သူများဖြစ်ပါတယ်။ စာရိတ္တပညာကို အစိုးရ စာသင်ကျောင်း များနဲ့ ဘုန်းကြီးကျောင်းများမှသာ ထိရောက်စွာ သင်ကြားနိုင်ပါတယ်။ IFI Wat ch (88 generat ion) လို အဖွဲ့ များစွာလည်း ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ အစိုးရအရာရှိကြီးများ ပေါ်လစီများ၊ ငွေများ ထုတ်သုံး၊ ဆုချ နေသည်ထက် စာရိတ္တ စံနမူနာ ခေါင်းဆောင်များ ဖြစ်ခြင်းဟာ ဆင်းရဲမွဲတေမှုကို အောင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

ဇော်အောင်
၉.အောက်တိုဘာ.၂၀၁၇

.
ကိုးကား၊ ၂၀၁၃ “နိုင်ငံခြားရင်းနှီးမြှတ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်” ဆောင်းပါးကို ၂၀၁၇နှင့် အညီ တည်းဖြတ် ရေးသားပါသည်။

No comments:

Post a Comment