Saturday, October 14, 2017

ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းများအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျပ် ၂၆ ဘီလျံလျာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေမှ ကျပ် ၁၅၅ ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်မည်


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျပ် ၂၆ ဘီလျံ လျာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေမှ ကျပ် ၁၅၅ ဘီလျံကျော်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုနှင့်အညီ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လက်အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၆၆ ကေဗွီခွဲရုံသုံးရုံ၊ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၆ ဒသမ ၅ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ခုနစ်မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၁၃ မိုင်အသစ် တိုးချဲ့တည်ဆောက်ခြင်း၊ ၆၆ ကေဗွီခွဲရုံငါးရုံ၊ ၃၃ ကေဗွီခွဲရုံ ၁၀ ရုံ၊ အင်အားတိုးမြှင့်ခြင်း ၃၃ ကေဗွီနှင့် ၆၆ ကေဗွီ Switch Bay ကိုးစုံ အစားထိုးတည်ဆောက်ခြင်း၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၆၄ ဒသမ ၁၃ မိုင် ကြိုးနှင့်တိုင်များ အစားထိုး တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၂၆ ဒသမ ၇၁၉ ဘီလျံ လျာထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

စီမံချက်အရ ကမ္ဘာ့ဘဏ်မှ ချေးငွေ (National Elevetrification Plan-NEP) အတွက် အမေရိကန်ဒေါ်လာသန်း ၃၁၀ 
အာရှဖွံ့ဖြိုးရေးဘဏ်မှ ADB ချေးငွေ (Power Distribution Improvement Project) စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၆ သန်း၊ 
JICA မှ (Regional Development Project Foe Poverty Reduction Phase I) စီမံချက်အတွက် ချေးငွေဂျပန်ယန်း ၄ ဒသမ ၇၆၆ ဘီလျံ၊ 
(Regional Development Project Foe Poverty Reduction Phase II) စီမံချက်အတွက် ချေးငွေ 
Power Distribution System Improvement Project in Major Cities စီမံကိန်းအတွက် ချေးငွေဂျပန် ယန်း ၁ ဒသမ ၈၇၀ ဘီလျံ၊ 
ဂျာမနီနိုင်ငံ KFW မှ ချေးငွေ ယူရို ၂၃ ဒသမ ၈၈၃ သန်းနှင့် ထောက်ပံ့ငွေ ယူရို ၆ ဒသမ ၅၃၅ သန်း၊ စုစုပေါင်း ယူရို ၃၀ ဒသမ ၄၁၈ သန်း အသီးသီး ရယူပြီး လုပ်ငန်းများစတင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ယူကြီးကြပ်ကာ ၁၁ ကေဗွီဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်း၊ ၄၀၀ ဗို့လိုင်း တိုးချဲ့တည်ဆောက်ခြင်းနှင့် ၁၁/၀ ဒသမ ၄ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၅၅၂၁၁ ဒသမ ၅၆၁ (၁၅၅ ဒသမ ၂၁၁ ဘီလျံ) ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော JICA၊ ADB၊ Workd Bank၊ KFW စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ချေးငွေများ၊ အထောက်အပံ့များရယူ၍ ၂၀၃၀ ခုနှစ် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။



၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော် ၀င်ရောက်ထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမိုဝင်ရောက် မြှုပ်နှံထား


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော် ၀င်ရောက်ထားကြောင်းနှင့် ယခင်နှစ် ကာလတူထက် ဒေါ်လာသုံးဘီလျံကျော် ပိုမိုဝင်ရောက် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၅၄၆ ဒသမ ၈၉၈ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၁၃၁ ဒသမ ၀၈ သန်း စီးဝင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၁/၂၀၁၇) အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇) ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ၂၅ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၀၃ ဒသမ ၃၉၁ သန်းနှင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၂၀၃ ခုကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၄ ဒသမ ၀၈ သန်း ခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၃၄၅ ဒသမ ၁၅၉ သန်း စီးဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၂) အရ ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်း ၅၄ ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) အရ ခွင့်ပြုမိန့် ထုတ်ပေးသည့် လုပ်ငန်း ၂၂ ခုနှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်း ၅၃ ခု ဖြစ်သည်။
အဆိုပါ ခွင့်ပြုလုပ်ငန်း ကိုးခုမှ စက်မှုကဏ္ဍလုပ်ငန်း ခုနစ်ခု၊ အခြားဝန်ဆောင်မှု ကဏ္ဍတစ်ခုနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) အရ ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်းလေးခုနှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် လုပ်ငန်းငါးခုဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment