Tuesday, December 13, 2016

၁)
"အခုဘာတွေလုပ်နေတုန်း"
"အစိုးရ ပရောဂျက်တွေ တင်ဒါလိုက်တင်တယ်လေ"
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နှင့် ဆုံဖြစ်ကြသည်။
သူက ဂျပန်ပြန် မာစတာဘွဲ့ရ မြို့ပြ အင်ဂျင်နီယာ။
"အခုက ကိုယ့်အစိုးရဆိုတော့...
တင်ဒါတင်ရတာ အဆင်ပြေတယ်မဟုတ်လား"
"အရင်ကထက် ပွင့်လင်းမြင်သာလာတာတော့ အမှန်ပဲ။
တင်ဒါတွေဖွင့်ရင် ဘယ်ကုမ္ပဏီက ဘယ်လောက်ဈေးနဲ့
တင်ထားတယ် ဆိုတာကို ပရိုဂျက်တာနဲ့ကို ထိုးပြီးပြတာ"
"ဟားဟား အဲဒါပဲလေ ပြည်သူ့အစိုးရဆိုတာ...
ဒါဆို အရင်ကလို လက်သိပ်ထိုးပြီး
ကိုယ့်လူကိုယ် ပေးတာမျိုး မရှိတော့ဘူးပေါ့"
"လက်သိပ် ထိုး မထိုးတော့မသိဘူးဗျ...
ပတ်သက်ရာပတ်သက်ကြောင်းတွေပဲ တင်ဒါအောင်တာတော့ အမှန်ပဲ"
"ဟင် ဘာကြောင့်လဲ။ ပွင့်လင်းမြင်သာတယ်ဆို"
"ဒီလိုလေ ပွင့်လင်းမြင်သာလွန်းတော့ ပညာမရှိ သတိဖြစ်ခဲနဲ့ လျှို့ဝှက်တာတွေပါ ပေါ်ကုန်တယ်ထင်ပါ့ဗျာ။
ကျွန်တော်တို့ အိတ်ပိတ်တင်ဒါတင်တော့...
ဒီပရောဂျက်အတွက် ဘယ်လောက်ကုန်ကျပါမယ်ဆိုပြီး တွက်ချက်ပြီး တင်ရတာလေ။ အစိုးရဋ္ဌာနတွေမှာကလည်း သတ်မှတ်ဘတ်ဂျက်ဆိုတာရှိတယ်။ ဥပမာ စာသင်ကျောင်းတစ်ကျောင်းဆောက်ဖို့ " ကျပ် ၁၂၃၄ ဒသမ ၅၆၇၈ သိန်း" ဘတ်ဂျက်ကျထားတယ်ဆိုပါစို့။
အဲဒီဘတ်ဂျက်ထဲဝင်အောင် တင်နိုင်တဲ့...
ဘတ်ဂျက်ဝင်တာချင်းတူရင် ကွာလတီပိုကောင်းအောင် လုပ်ပေးမယ်လို့ တင်ပြထားတဲ့ အဖွဲ့ကို ရွေးရတာပေါ့"
"ဟုတ်တယ်လေ...
အရင်ကဆို ကိုယ်တွေက သက်သာအောင်တင်ပြထားပေမယ့် သူတို့နဲ့လက်ဝါးရိုက်ထားတဲ့သူတွေပဲ ရသွားတာမဟုတ်လား။ ဘယ်လောက်နဲ့ ရသွားတယ်ဆိုတာတောင် မသိလိုက်ရဘူးမဟုတ်လား"
"ဟုတ်တယ်လေ။ ဒါပေမယ့် အခုကျတော့တစ်မျိုးဗျ။ တင်ဒါဖွင့်တာကို ပွင့်လင်းမြင်သာပဲ ပရိုဂျက်တာနဲ့ ပရယ်စဲန်တေးရှင်းလုပ်တော့ ဋ္ဌာနရဲ့ လျာထားဘတ်ဂျက်ကို အရင်ပြတယ်။ ခုနပြောသလို "၁၂၃၄.၅၆၇၈ သိန်း" ပေါ့လေ။ အောက်မှာက ကုမ္ပဏီပေါင်းစုံနဲ့ သူတို့ အဆိုပြုထားတဲ့ တင်ဒါဈေးတွေကို ပြတာပေါ့ဗျာ။ အဲဒီမှာ ငိုအားထက် ရယ်အားသန်ဆိုသလို တင်ဒါအောင်သွားတဲ့ ကုမ္ပဏီက အဆိုပြုထားတဲ့ ငွေမမာဏက "၁၂၃၄.၅၆၇၈ သိန်း" တဲ့လေ။ တွက်ချက်မှု တော်လိုက်တာနော်လို့ ပြေးပြီး ရှိခိုးချင်စိတ်တောင်ပေါက်မိတယ်ဗျာ"
"ဟားဟား အေးလေ ၁၂၃၀ သိန်း လောက်ဆိုရင်တောင် ယုတ္တိရှိဦးမဟ။ အခုဟာက ၁၂၃၄ သိန်း ကွက်တိတူတဲ့အပြင် နောက်က ဒသမ ၅၆၇၈ အထိပါတူတယ်ဆိုတော့ ခိုးချင်တာလည်း ပြာလို့၊ တုံးလိုက်တာလည်း ချာလို့ဆိုသလို ဖြစ်နေပြီကွ"
"ဟုတ်တယ်ဗျာ၊ ခေတ်ပြောင်းသွားပြီ ဆိုပေမယ့် အစိုးရဋ္ဌာနတွေက ဝန်ထမ်းတွေ ခြစားမှုက မပြောင်းသေးပါဘူးဗျာ"


၂)
နောက်လုပ်ငန်းရှင် သူငယ်ချင်းတစ်ယောက်နဲ့ အဆုံ...
"ဟေ့ သယ်ရင်း ဘယ်ကပြန်လာတာလဲ"
"ဟာ အေး ငါတို့ တင်ဒါဖွင့်ပွဲက ပြန်လာတာကွ"
"ဘယ်လိုလဲ ရလာပြီလား"
"မရပါဘူးကွာ"
"ဘာလို့လဲကွ။ မင်းတို့က ဒီလုပ်ငန်းနယ်ပယ်ထဲမှာ နာမည်ရှိတာပဲဟာ"
"သူတို့ ဆွေမျိုးတစ်စု ကောင်းစားရေးပဲ လုပ်နေတယ်လေ"
"ဘာ! Nepotism က ခေတ်ပြောင်းသွားတာတောင် ရှိတုန်းပဲလား"
"ဟားဟား အပေါ်ကလူ လက်တစ်ဆုပ်လောက်ကို လဲလိုက်တာနဲ့ အောက်က သူခိုးတွေရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားမယ်လို့ မင်းထင်နေတာလား သယ်ရင်း။ ဒီမှာ ငါပြောပြမယ်။ အခု တင်ဒါအောင်သွားတဲ့ ကုမ္ပဏီတွေကို ကြည့်ရင် ဒီတင်ဒါမခေါ်ခင် တစ်ပတ်လောက်ကမှ မှတ်ပုံတင်လိုက်တဲ့ ကုမ္ပဏီတွေကွ။ ဘာသဘောလည်းဆိုတာ မင်းဘာသာမင်း စဉ်းစားသာကြည့်တော့"
"မင်းဆိုလိုတာက ဋ္ဌာနထဲက ဝန်ထမ်းတွေကပဲ တစ်ဖက်လှည့်နဲ့ သူတို့မိသားစုဝင်ဖြစ်ဖြစ် အမျိုးတွေဖြစ်ဖြစ်ကို တင်ဒါနီးမှ ကုမ္ပဏီထောင်ခိုင်းပြီး ဝင်ပြိုင်ခိုင်းတယ်ပြောချင်တာလား"
"ဒါပဲပေါ့ကွာ၊ ကိုယ့်လူက ဋ္ဌာနတွင်းလူဖြစ်နေတော့ အတွင်းသတင်းတွေ၊ အချက်အလက်တွေပါသိရတော့ သူတို့မှ ဒီတင်ဒါ မနိုင်ရင် ဘယ်သူနိုင်မလဲကွာ"
"ဪ ငါကတော့ ဒီအစိုးရသစ်လက်ထက်မှာ "ယခင်က အဂတိလိုက်စားမှု၊ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ နောက်ကြောင်းပြန် အရေးမယူ။ သို့သော် ယခုမှစ၍ ကျူးလွန်မှုများကို အရေးယူမည်" ဆိုလို့ ဝန်ထမ်းတွေ တော်တော် စိတ်ညစ်ကုန်မယ်၊ ဒီအစိုးရကို မုန်းနေမယ်... ဒါမှမဟုတ်လဲ အမေစုကို ချစ်လို့ဖြစ်ဖြစ်၊ အရေးယူခံရမှာ ကြောက်လို့ဖြစ်ဖြစ် အကျင့်တွေ ပြင်သွားမယ် ထင်နေတာ"
"မထင်နဲ့ဟေ့ကောင်။ သူတို့က ဒီအစိုးရသစ်ကို ပိုတောင်ချစ်နေသေးတယ်။ အရင်တုန်းကမှ အထက်လူကြီးက စားဂွင်တွေ အကုန်သိနေတော့ ကျော်လို့မရဘူး။ ဒီတော့ အထက်ကို မဂါရင် ဘာအလုပ်မှ မဖြစ်ဘူး။ အခုက အထက်က လူကြီးတွေက အဂတိလည်း မလိုက်စား၊ ခြစားတဲ့ ဂွင်တွေကိုလည်း မသိသေးတော့ ဘယ်လိုအရေးယူရမှန်းလည်း မသိသေးဖြစ်နေတော့... လွတ်လွတ်လပ်လပ်လည်း လာဘ်စား ခြစားနိုင်တဲ့အပြင် လူကြီးကို ခွဲပေးစရာမလိုဘဲ အကုန် သပိတ်ဝင် အိတ်ဝင်ရတာဆိုတော့ ချစ်လှပါသည် NLD လို့တောင် သီချင်းဆိုနေတာဟေ့"


၃)
အပေါ်က ဖြစ်ရပ်တွေဟာ တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး ဒီထက်မကတဲ့ စားပုံစားနည်း၊ ကျော်ပုံခွနည်း၊ ဂွင်ဖန်နည်းတွေလည်း ဋ္ဌာနအမျိုးအစားကိုလိုက်လို့ အမျိုးမျိုးရှိပေမယ့် စာလေးမှာစိုးလို့ မရေးတော့ပါဘူး။ ကော်မန့်တွေမှာ ကိုယ်တွေ့တွေ ရင်လာဖွင့်ကြလိမ့်မယ်လို့ထင်ပါတယ်။
တကယ်တော့ ဝန်ထမ်းတွေ မပြောင်းလဲသေးပါဘူး။
အားလုံးတော့လည်း မဟုတ်ပါဘူး။
မနက်အစောကြီး ရုံးကို ရောက်အောင်လာရပြီး၊ ရုံးဆင်းချိန် ညနေ ၅ နာရီကို နောက်ထပ် သုံး လေး ငါးနာရီလောက်ကျော်မှ ပြန်ရတဲ့အပြင်၊ စနေ တနင်္ဂနွေပါ မနားရစတမ်း အလုပ်လုပ်ရပြီး ရာထူးလည်း မတက်၊ လူကြီးအချစ်လည်း မခံရ၊ စားဂွင်လည်း လုံးဝမရှိဘဲ လစာ တစ်ပဲခြောက်ပြားနဲ့ ဘဝတက်လမ်းပိတ်ပြီး ရှင်လျက် ဘဝသေနေတဲ့ ဝန်ထမ်းတွေလည်း အများကြီးရှိပါတယ်။ ဒီစာမျိုးဖတ်မိရင် သူတို့ ရင်နာကြပါလိမ့်မယ်။ ဒါကြောင့် သူတို့ ဘဝတွေကို သေချာသိရှိပြီး စာနာကြောင်း၊ သူတို့ကို ပြောတာမဟုတ်ကြောင်း ကြိုတင်ပြောထားပါရစေ။
ဆိုင်ရာပိုင်ရာကို ကပ်ဖားရပ်ဖားနိုင်လို့၊ အကိုကြီး ညီလေး ရိုးရာမပျက်ချင်လို့၊ လူကြီးနဲ့ အမျိုးတော်လို့ စားပေါက်ချောင်သူတွေ...
ဒါတွေတစ်ခုမှ မဟုတ်ဘဲ အင်ဂျင်နီယာဖြစ်လို့၊ ဆရာဝန်ဖြစ်လို့၊ အကောက်ခွန်လို၊ စည်ပင်လို ဋ္ဌာနတွေမှာ ဝင်လုပ်ခွင့်ရလိုက်လို့ စသည်ဖြင့် စားဂွင်ဝါးဂွင်တွေမှာ လွယ်လွန်းလို့ သူခိုးဖြစ်နေကြတဲ့ ဝန်ထမ်းတွေဟာ စစ်အစိုးရခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ အဲဒီ အထဲမှာ စစ်သား မိုးကျရွှေကိုယ်တွေကို လက်ညှိုးထိုးကြတာများပေမယ့်... အရပ်သားဝန်ထမ်းတွေ စားနေဝါးနေတာကလည်း တကယ်လို အုံနဲ့ကျင်းနဲ့ ရှိပါတယ်။


၎)
သူတို့ဘာလို့ဒီလို သူခိုးဖြစ်ကြသလဲ?
ရှင်းပါတယ်။ မူလအရင်းခံအကြောင်းကတော့ ရတဲ့လစာနဲ့ စားဝတ်နေရေး မလောက်ငလို့ပါ။ လူဟာ အဝတ်ကောင်း မဝတ်ဘဲ၊ အိမ်ကောင်း မနေရဘဲ နေနိုင်ပေမယ့်၊ ဝန်ထမ်းလုပ်နေသူရဲ့ သက်ကြီးရွယ်အို မိဘတွေ၊ ဇနီးမယားနဲ့ မွေးထားတဲ့သားသမီးတွေက မစားဘဲ နေလို့တော့ မရတဲ့အခါ... ဒါ့အပြင် ဆေးကုဖို့၊ ပညာရေးကုန်ကျစားရိတ်တွေပေးဖို့ စသည် စသည်တွေကြုံလာရတဲ့အခါ ဘေးပေါက်တွေ ကြံဖန်လာရပါတယ်။
ဒါပေမယ့် ဦးနေဝင်းလက်ထက်မှာ ငတ်လို့ ခိုးတာမျိုးတွေပဲ ရှိခဲ့ပြီး တံခါးပိတ်စီးပွါးရေးစနစ်အောက်မှာ ဆယ်သက်စားမကုန်အောင် ချမ်းသာသွားတာ ဦးနေဝင်းအပါအဝင် လက်တစ်ဆုပ်စာလောက်ပဲရှိပါမယ်။ ငါပဲခိုးမယ် မင်းတို့ ဥပုသ်စောင့်ကြဆိုတဲ့ ဥက္ကဌကြီးရဲ့ ဆိုရှယ်လစ်စနစ်ကြောင့် သူဋ္ဌေးဖြစ် ခိုးခွင့်တော့ မရခဲ့လို့ရယ်၊ စာရိတ္တကို အတိုင်းအတာတစ်ခုအထိ တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေခဲ့သေးတာရယ်ကြောင့်ပါ။


၅)
၁၉၈၈ မှာလူတွေ ကျပ်တည်းလာလို့ အရေးတော်ပုံဖြစ်ပြီး နောက်ပိုင်းမှာတော့ အစိုးရပြောင်းသွားတာနဲ့အတူ ဈေးကွက်စီးပွါးရေးဖြစ်လာတော့ "အထက်ကအစ အောက်ခြေအဆုံး ပျော်တပြုံးပြုံး အသေဝုန်းတဲ့ စောရပွဲတော် နွှဲလို့ပျော်" လိုက်ကြတာ တိုင်းပြည်လည်း အဆင်းရဲဆုံးတိုင်းပြည်ဖြစ်သွားပါတယ်။
ဘာလို့လဲဆို စနစ်ကိုက ခြစားလို့ရအောင် လုပ်ထားတဲ့ စနစ်၊ ခေါင်းဆောင်တွေကိုယ်တိုင်က ပေါ်ပေါ်တင်တင် ခိုးတဲ့ခေတ်၊ လူတွေကိုက အကျင့်စာရိတ္တထက် ငွေကြေးကို တန်ဖိုးထားတဲ့ခေတ်၊ လူတော်လူကောင်းထက် ငွေရှိသူကို လူရာသွင်းတဲ့ခေတ် ဖြစ်သွားခဲ့လို့ပါ။
အဲဒီခေတ်မှာကျတော့ ခေါင်းဆောင်တစ်စုတည်းကို အပြစ်ပုံချလို့ မရတော့ဘူး။ အားလုံးဟာ မရလို့သာရှိရမယ်၊ ရရင် ကိုယ်လည်း ခိုးလိုက်ချင်တာဆိုတဲ့သူတွေက အများစုဖြစ်လာပြီး အစိုးရကလည်း နိုင်ငံရေးကိုသာ လာမထိနဲ့ အလှည့်ကျ စားကြစမ်းဆိုတဲ့ ခေတ်ဖြစ်သွားပါတယ်။ အရေးယူတာတွေက အချင်းချင်း မတည့်တော့တဲ့အခါကျမှ ခြစားမှုခေါင်းစဉ်တပ်ပြီး အောက်လုံးထိုးတာလောက်ပဲ ရှိတော့တာပါ။
၁၉၈၈ကနေ ၂၀၁၅ အတွင်း လူ့အဖွဲ့အစည်းကြီး ပျက်စီးသွားလိုက်ပုံများ...
"မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်" လုပ်ရမယ့် မိဘတွေကိုယ်တိုင်က သားသမီးကို စားရတဲ့ဋ္ဌာန၊ ခိုးလို့ရတဲ့ ဋ္ဌာနကို ရောက်စေချင်တယ်။
အိမ်ထောင်ရေးမှာလည်း ကိုယ်ကျင့်တရားကောင်းသူကို မရှာတော့ဘဲ ဂွင်ကောင်းတဲ့ ဋ္ဌာနက ရာထူးရှိသူကို လင်ဖမ်း၊ သားမက် ဖမ်းချင်တယ်။ မခိုးတတ်တဲ့ ဝန်ထမ်းဟာ အိမ်သူသက်ထား၊ သားသမီးနဲ့ ယောက္ခမတွေရဲ့ အငြူ အဆူခံပေရော့ပဲ။
လူမှုရေးရာမှာလည်း ခြစားတယ်လို့ ဘယ်လောက်ပဲ နာမည်ပျက်ထွက်နေတဲ့ လူကြီးဖြစ်ဖြစ်၊ ကိုယ်နဲ့ အမျိုးမတော်ဘဲ မခင်ဘဲ ငွေပေးပြီးတောင် အဲဒီ ခြကောင်ကြီးကို ကိုယ့်မင်္ဂလာဆောင်၊ သာရေးနာရေးပွဲတွေမှာ ပန်းကုံး စွပ်ခိုင်းရတာနဲ့၊ လက်စွပ် စွပ်ခိုင်းရတာနဲ့၊ မိန့်ခွန်း ပြောခိုင်းရတာနဲ့၊ သတင်းစာထဲမှာ ကိုယ့်ပွဲကို ဘယ်ခြကြီး တက်ရောက်ချီးမြှင့်သွားကြောင်း ဂုဏ်တုဂုဏ်ပြိုင် ကြွားရတာနဲ့ဆိုတော့ အဲဒီလို စာရိတ္တနဲ့ ကိုယ်ကျင့်တရားကို လုံးလုံးမေ့သွားကြတဲ့ လူ့အဖွဲ့အစည်းထဲမှာ ငွေနောက်ကိုပဲ လိုက်ကြတော့တာ မဆန်းပါဘူး။
ဒါ့အပြင် ခြစားတာတွေကို အရေးယူမှုက မရှိ၊ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဆွဲဆောင်မှုက ပိုတိုးလာ၊ ကိုယ်ကျင့်တရားကောင်းသူထက် ငွေရှိသူကို ဦးစားပေးလာကြတော့ ဝန်ထမ်းတွေကလည်း စားမလောက်လို့ လောက်ငရုံ ခိုးတာမဟုတ်တော့ဘဲ လူရာဝင်အောင် သူဋ္ဌေးဖြစ် ခိုးတဲ့ခေတ်ကို အောင်အောင်မြင်မြင်ကြီး ကူးပြောင်း ရောက်ရှိသွားပါတယ်။


၆)
ဒီတော့ပြောချင်တာက...
ဝန်ထမ်းတွေအားလုံးကို လုံးချပြီး အပြစ်တင်လို့တော့ မရပါဘူး။
ခိုးခွင့်လည်း မရ၊ အလုပ်ချိန်လည်း များ၊ ဘဝတက်လမ်း၊ နောင်ရေးနဲ့ လစာလည်းမကောင်းတဲ့ အလုပ်ကို ဘယ်သူက စေတနာထားပြီး လုပ်ချင်ကြမှာပါလဲ?
ဒါဆို လခတိုးပေးမယ် ဖြစ်မလား?
ဒီနည်းတစ်ခုတည်းနဲ့လည်း မအောင်မြင်နိုင်ပါဘူး။
ဘာလို့ဆိုရင် ငတ်လို့ခိုးတာမဟုတ်ဘဲ သူဋ္ဌေးဖြစ်ခိုးနေတဲ့သူတွေကတော့ လစာ ၃ သိန်းကနေ ၁၀ သိန်းအထိတက်ပေးလည်း ခိုးဦးမှာပါပဲ။ တစ်နှစ်ကို သိန်း ၁၂၀ ဆိုတဲ့ လစာနဲ့ သူနဲ့သူ့မိသားစု အိမ်မဝယ်နိုင်၊ ကားမဝယ်နိုင်၊ တန်ဖိုးကြီး လက်ဝတ်ရတနာ အသုံးအဆောင်တွေ မဝယ်နိုင်ဘူးလေ။ ဒါတွေရအောင် သူခိုးဦးမှာပဲ။
ဒီတော့ လုပ်ရမှာက...
တစ်)
လစာ ပီပီပြင်ပြင် တိုးပါ။ ဒါဆိုရင် နဂိုတည်းက မခိုးတဲ့၊ ခိုးခွင့်မရတဲ့ ဝန်ထမ်းထုကြီးကတော့ အလုပ်အပေါ် စေတနာပိုထားလာပါလိမ့်မယ်။ အနာဂတ်မျိုးဆက်နဲ့ နိုင်ငံအတွက် စေတနာထားဖို့လည်း အမေစု ကိုယ်တိုင် မေတ္တာရပ်ခံသင့်တယ်။
အားလုံးကို တိုးပေးတဲ့အခါမှာ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဆရာ ဆရာမတွေ၊ ရဲတွေ၊ တပ်မတော်သားတွေ၊ အင်ဂျင်နီယာ ဆရာဝန်တွေကို အများထက် ပိုပြီး တိုးပေးသင့်ပါတယ် (အကျယ်မရေးတော့ပါ)။
နှစ်)
လစာတိုးပေးလည်း ဆက်ခိုးမယ်ဆိုတဲ့ သူဋ္ဌေးဖြစ်သမားတွေအတွက် တရားဥပဒေကို သေချာအသက်သွင်းပြီး ခြစားမှု အဂတိလိုက်စားမှုကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားတွေကို မေ့ထားပြီး ဥပေက္ခာတရားသက်သက်နဲ့ ဘက်မလိုက်ဘဲ သေသေချာချာ ဖိဖိစီးစီး တိုက်ဖျက်ပါ။
သုံး)
ရေရှည်စီမံချက်အဖြစ် စာရိတ္တကို ငွေတွေ ရုပ်ဝတ္ထုတွေထက် တန်ဖိုးထားတတ်တဲ့ ဟီရိဩတပ္ပရှိပြီး ကိုယ်ကျင့်တရား ပြည့်ဝသူတွေ များတဲ့ လူ့အသိုင်းအဝိုင်း ပြန်ဖြစ်လာအောင် ကလေးတွေကို ပျိုးထောင်ရုံသာမက အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတွေကိုပါ ခွေးကြီးမှ လက်ပေးသင်တယ်ပြောပြော ပြန်ပြီး ပညာပေးရပါမယ်။
အခုလက်ရှိမှာ ခြတွေက တဟီးဟီး တဟားဟား ရီနေပါတယ်။ ဒီချုပ်အစိုးရနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သောက်ပေါကြီးတွေလို့ကို သတ်မှတ်ထားပါတယ်။ လေးလည်း မလေးစားဘူး... ခံ့ညားကြောက်ရွံ့ခြင်းကတော့ ဝေလာဝေးပေါ့။
ဒါတွေကိုင်တွယ်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကိုသာ ခေါ်လိုက်စေချင်တော့တယ်။


၇)
ဟိုတစ်ရက်က ကြားလိုက်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ထားဝယ်မှာ လမ်းပျက်တဲ့ ကိစ္စနဲ့ဆက်စပ်ပြီး၊ တစ်နိုင်ငံလုံးက CE တွေကို (ဖြုတ်ပစ်ရမှာ မကောင်းတတ်လို့) အရေးမပါတဲ့ နေရာတွေကို ပို့လိုက်ပြီး၊ အသက်ငါးဆယ်အောက်တွေနဲ့ သွေးသစ်လောင်းတယ်တဲ့။ အဲဒီ လူသစ်တွေကိုလည်း ဋ္ဌာနရဲ့ ဂုဏ်ဆောင်ဖို့၊ ဋ္ဌာနရဲ့ ပုံရိပ် ပြန်တက်အောင်လုပ်ဖို့ မှာသတဲ့ဗျ။
အဲဒါတော်တော်လေးကောင်းတဲ့ လုပ်ရပ်မို့ ကြိုဆိုပါတယ်။ ဦးဝင်းခိုင် ဘရာဗိုပါခင်ဗျာ။ ဒီဋ္ဌာနဟာ မြန်မာနိုင်ငံရဲ့ ခြအစားဆုံးဋ္ဌာနတွေထဲမှာ ထိပ်တန်းကတစ်ခုပါ။ ဦးဝင်းခိုင် ဝန်ကြီးဖြစ်ကာစက စံချိန်စံညွှန်း မမီရင် ထောင်ချမယ်ဆိုလို့ အင်ဂျင်နီယာတွေက သူတို့ကို သူခိုးစွပ်စွဲပါတယ်ဆိုပြီး နာကြပါသေးတယ်။ မဟုတ်လို့လားလို့ ဒီနေရာကနေ မေးလိုက်ပါရစေ။
ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကို အတုယူပြီး အခြား ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေလည်း မလုပ်မရှုပ်မပြုတ်ဘဝနဲ့ နေနေမယ့်အစား တိုင်းပြည်မျက်နှာကိုပဲ ကြည့်ပြီး မိမိဝန်ကြီးဋ္ဌာနမှာ ရှိနေတဲ့ ခြစားမှုတွေ၊ ခြစားနေသူတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။
စစ်အစိုးရအဆက်ဆက်နဲ့ ကြံ့ခိုင်ရေးအစိုးရကို ပြည်သူတွေ အဓိက မကြိုက်တဲ့ အချက်တွေက...
- ဖိနှိပ်အနိုင်ကျင့်တာရယ်
- အဂတိလိုက် ခြစားလွန်းတာရယ်ပဲ။
အခု ပြည်သူတွေက သူတို့တင်တဲ့ အစိုးရမို့ သူတို့ကို အနိုင်ကျင့်နှိပ်စက်မှာကိုတော့ မပူတော့ဘူး။
အစိုးရအဖွဲ့ထဲက ထိပ်ပိုင်းတွေ ခြမစားဘူးလို့လည်း ယုံကြည်နေကြတယ်။
ဒီတော့ တစ်ခုပဲ တောင်းဆိုပါရစေ။
ဒီငါးနှစ်သက်တမ်းအတွင်းမှာ တိုင်းပြည် စီးပွါးရေး အရင်ကထက် တိုးတက်မလာသေးရင်တောင် လာဘ်ယူ ခြစား အဂတိပွားနေမှု တစ်ခုတည်းကို အမြစ်ဖြတ်ဖို့ အစွမ်းကုန် ကြိုးစားပေးမယ်ဆိုရင်ကို (အမြစ်ပြတ်သည်ဖြစ်စေ မပြတ်သည်ဖြစ်စေ)...
ဆင်းရဲဒဏ်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့ ပြည်သူတွေက ဝန်ကြီးတို့အစိုးရကို အမျိုးသားသူရဲကောင်းတွေသဖွယ် သတ်မှတ်ပြီး နောက်ရွေးကောက်ပွဲမှာလည်း ဒီချုပ်ကိုပဲ မဲထည့်ကြမယ်လို့ ရဲရဲကြီးပြောရဲတယ်။
ဝန်ကြီးအပေါင်းတို့ကလည်း ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြည်သူ့ဆန္ဒကို ရဲရဲကြီးဖြည့်ဆည်းပြီး...
အရင်အစိုးရနဲ့ ဘာမှမထူးဘူးလို့ ပြောနေတဲ့ ပါးစပ်ပေါက်တွေကို ပိတ်ပစ်ပါတော့...
ပြည်သူအစစ်တွေရဲ့ မေတ္တာလက်ခုပ်သံတွေကို ခံယူကြပါတော့လို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
Credir to Org:


မှတ်ချက်...။ 
အခြားဝန်ကြီးဌာနများလည်း ဒီဇင်ဘာ-၂၀၁၆ ထိုနည်းအတိုင်းသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သောအားဖြင့် နောက်နှစ်အနည်းငယ်တွင် ပိုမိုကောင်းမွန်လာမည် (ခြစားမှုနည်းလာမည် မျှော်လင့်သည်)။ 

No comments:

Post a Comment