Sunday, August 23, 2020

ယဥ်မင်းလှိုင် Yin Min Hlaing

 လွှတ်တော်မဂ္ဂဇင်းမှာပါရှိတဲ့ကျွန်မရဲ့စာမူပါ။ဒီထဲမှာအမှန်တရားကခါးတော့ခါးတယ်

ဘာဘဲဖြစ်ဖြစ်၅နှစ်တာသက်တမ်းရဲ့အတွေ့အကြုံအနှစ်ချုပ်လေးပါ။ချစ်ခင်ကြင်နာခဲ့ကြတဲ့ပြည်သူလူထုနဲ့လုပ်ဖော်ကိုင်ဘက်များ၊

ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ဝန်ထမ်းများ၊

စွမ်းသမျှကူညီခဲ့ကြသူအပေါင်းကိုလည်းအထူးကျေးဇူးတင်လျှက်ပါ...

-----------------

"နိုင်ငံရေး

နိုင်ငံအရေး"

..........

1972ခုနှစ်မွေးဖွားသူတစ်ဦးအနေနှင့်1988အရေးအခင်းဖြစ်ပွားချိန်မှာဆယ်တန်းအောင်ပြီးပါပြီ။

အရေးအခင်းကာလမှာနားမလည့်တလည်နဲ့ဘဲနိုင်ငံရေးဆိုတာကြီးကခေါင်းထဲရောက်လာသည်၊ကျောင်းတွေ၃နှစ်ပိတ်ပြီးအသက်

၁၉နှစ်ရောက်မှမန္တလေးစက်မှုတက္ကသိုလ်စတက်ရသည်။

သူပုန်ကျောင်းသစ်ကြီးရဲ့first batchပေါ့

ကျောင်းပြီးပြီးချင်းထိုအချိန်ကနယ်စပ်စည်ပင်ဝန်ကြီးဌာနမှာAEအဖြစ်အလုပ်လုပ်တာ၅နှစ်ကြာသည်။အလုပ်ဝင်တော့bond5နှစ်ထိုးရသည်၊၅နှစ်ပြည့်ပြည့်ချင်းအလုပ်မှတရားဝင်နုတ်ထွက်ခဲ့သည်၊လစာတစ်သောင်းမပြည့်မီအချိန်ဖြစ်တော့လုပ်ငန်းတွေထဲကရှာဖွေစားရသည်ကိုလုံးဝမပျော်မွေ့ခဲ့၍ဖြစ်သည်။

အမေဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ချိန်  ၂၀၁၂နှစ် နှစ်ကုန်ပိုင်းဂန့်ဂေါမြို့နယ်NLDရဲ့ညီလာခံမှာ

ပါတီဝင်ခဲ့ပြီး

ပါဝင်ရွေးချယ်ခံခဲ့သည်။

မြို့နယ်EC၊ထိုမှခရိုင်ECဖြစ်လာခဲ့သည်၊ခရိုင်ဘဏ္ဍာရေးမှူးအဖြစ်တာဝန်ပေးခံခဲ့ရသည်၊

ပါတီဝင်ခဲ့စဥ်ကစိတ်နေစိတ်ထားကိုပြန်သတိရမိသည်။အမေစုကိုယုံကြည်သည်၊သနားသည်၊ပါတီကိုယုံကြည်သည်။ထိုအချိန်တွင်တော်ရုံနှင့်ပါတီမဝင်ရဲကြပါ၊ခြိမ်းခြောက်မှုတွေကနယ်တွေမှာအားကောင်းသည်။ကျမစိတ်ထဲမှာပြည်သူတွေကိုသိစေချင်သည်၊သတ္တိရှိစေချင်သည်၊မြို့မှာကျမတို့ကမြို့မျက်နှာဖုံးမဟုတ်ပေမဲ့ချောင်လည်သူစာရင်းမှာပါသည်။ကျမတို့လို့ပညာတတ်ဘွဲ့ရပိုက်ဆံရှိတဲ့မိသားစုကလူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့NLDပါတီကိုဝန်းရံခြင်း၊ပါတီဝင်အဖြစ်ရပ်တည်ခြင်းအားဖြင့်အကြောက်တရားများကိုတိုက်ထုတ်ရန်နမူနာဖြစ်စေလိုခဲ့သည်။ခရိုင်တာဝန်ဖြစ်သော်လည်းမြို့နယ်ဥက္ကဌကကျမတို့ကို

ပညာသင်ပေးခဲ့တဲ့ဆရာမဖြစ်နေတော့ဘာအလုပ်ဖြစ်ဖြစ်တာဝန်ပေးသမျှလုပ်ပေးခဲ့ပါသည်၊၂၀၁၄မှာရန်ကုန်ထိသတင်းပြန်ကြားသင်တန်းခေါ်တော့ကျမကိုစေလွှတ်ကြသဖြင့်ထိုအချိန်မှစ၍ခရိုင်

သတင်းပြန်ကြားတာဝန်ပြောင်းယူခဲ့ရသည်၊၄၃၆လက်မှတ်ကောက်ခံမှုအားတက်ကြွစွားပါဝင်ခဲ့သည်။ဘတ်ဂျက်စိစစ်မှုများပြုလုပ်ရာတွင်လည်းဦးဆောင်ခဲ့ပါသည်။

ကျရာတာဝန်ကျေပြွန်ခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်လျှောက်ထားဘို့မည်သူကမျှမတိုက်တွန်းခဲ့၊မြို့နယ်ဥက္ကဌနှင့်ခရိုင်ဥက္ကဌတို့ကတိုင်းကိုယ်စားလှယ်လျှောက်ကြသဖြင့်သူတို့အား

မယှဥ်ပြိုင်ဘဲပြည်သူ့လွှတ်တော်ကိုလျှောက်ထားခဲ့ပါသည်။

ကိုယ်စားလှယ်လောင်းအဖြစ်မဲဆွယ်မှုသည်ကျမ၏နိုင်ငံရေးဘဝတွင်အထူးအရေးပါခဲ့သည်။ပြည်သူနှင့်ထိတွေ့ပြီးပြည်သူတို့ရဲ့မျှော်လင့်ချက်ကိုသိရှိခွင့်ရခဲ့၊ပြည်သူတို့ရဲ့ညီညွတ်မှုကိုတွေ့မြင်ခွင့်ရခဲ့သည်။

မိမိကိုရွေးချယ်တင်မြှောက်ခဲ့တဲ့ပြည်သူတို့အတွက်ဖြောင့်မှန်တည်ကြည်စွာတာဝန်ထမ်းဆောင်ရန်

သံဓိဌာန်ချမိသည်။

"ခေတ်ပျက်အမတ်"

ဒါကသူငယ်ချင်း၏စကားလုံးလေး😁တကယ့်ကိုNLDအမတ်တွေရဲ့ဘဝကခေတ်ပျက်အမတ်ခေါ်ရမလိုဘဲ၊မြို့နယ်ပါတီဝင်အချို့ရဲ့ကြီးမားတဲ့မျှော်လင့်ချင်တွေကိုဖြည့်ဆည်းရန်၊ပြည်သူတို့ရဲ့မြင့်မားတဲ့လိုအပ်ချက်တွေကိုပြည့်ဝရန်ကျမတို့မစွမ်းနိုင်။မဲပေးထားရတာဆိုတဲ့စကားနာထိုးမှုတွေ၊ငါတို့တင်ထားတာဆိုတဲ့အကြွေးတောင်းစကားတွေ၊သွေးထိုးမြှောက်ပင့်မှုတွေကြားမှာကျမတို့အလဲလဲအကွဲကွဲ။

ဖိအားမျိုးစုံကြားမှာအားတင်းရုန်းကန်ခဲ့ရသော်လည်းသနားသူမရှိတာအမတ်ဘဝဖြစ်သည်၊သနားသူမရှိမှန်းသိတော့မည ည်းညူရဲ၊ကိုယ်မသိနားမလည်တာတွေ၊မတတ်ကျွမ်းတာတွေကိုကြိုးစားအားထုတ်လေ့လာသင်ယူခဲ့ရသည်၊

မိမိတတ်မြောက်ရာအင်ဂျင်နီယာပညာနှင့်ပါတ်သက်၍အစွမ်းကုန်ထိန်းကျောင်းတည့်မတ်နိုင်ရန်ကြိုးစားအားထုတ်ခဲ့သည်၊ကျောင်းနေဖက်များ၊စီနီယာဂျူနီယာများ၏အမုန်းတရားများနှင့်အားပေးမှုများကိုလက်ခံရရှိခဲ့သည်။မည်သို့ပင်ဖြစ်စေအတိုင်းအတာတစ်ခုထိထိန်းကျောင်းနိုင်ခဲ့သည်ဟုယူဆမိပါသည်။

ကျမတို့ရှေ့ဆက်ရမဲ့ခရီးကရှည်သေးသည်။ငွေရှိတိုင်းဖြည့်ဆည်းလို့မရနိုင်တဲ့ပျက်ယွင်းပြိုကျနေတဲ့စနစ်တွေစိတ်ဓာတ်တွေကိုပြင်ဆင်ဘို့လူကောင်းလူတော်တွေလိုအပ်သည်၊ကိုယ့်အရည်အချင်း၊ကိုယ့်အတိုင်းအတာကိုယ်သိဘို့လိုအပ်သည်။စည်းလုံးညီညွတ်ဘို့လိုအပ်သည်။

လူဆိုသည့်လူကလည်းအခက်သား။ပုထုစဥ်လူသားတို့အဖို့အမတ်မဖြစ်မီလောကဓံနှင့်အမတ်ဖြစ်ပြီးလောကဓံကကွာခြားလွန်းသည်။လူဆိုသည်မှာဆင်းရဲခြင်းဒါဏ်ကိုခံနိုင်သော်လည်းချမ်းသာခြင်းဒါဏ်ကိုခံနိုင်ခဲလှသည်။

မြှောက်စားခြင်းဒါဏ်ကိုခံနိုင်ခဲလှသည်။မည်မျှရိုးသားနှိမ့်ချသူဖြစ်ပါစေ၊မြှောက်စားခံရသည့်အခါမာန်မာနလေးထောင်လွှားလာတတ်သည်။သည့်ထက်ဆိုးတာကအကျင့်ပျက်ခြစားအဂတိတရား။

ငွေ၏ဒါဏ်ကိုခံနိုင်သူကအတော်ရှားလိမ့်မည်။နိုင်ငံရေးသမားတို့ကိုစီးပွားရေးသမားနှင့်အကျင့်ပျက်ဝန်ထမ်းတို့ကငွေဖြင့်ပေါက်သည်။

အလွန်ခံနိုင်ရည်ရှိမှ၊ယုံကြည်ချက်ခိုင်မာမှသာရှောင်ရှားနိုင်ကြသည်။ငွေဖြင့်ဖျက်ဆီး၍မရသူအားသတင်းမှားတို့ဖြင့်အပုပ်ချတိုက်ခိုက်သည်။ခံယူချက်မခိုင်မာသောနောက်ခံလူတို့နှင့်ရန်တိုက်ပေးသည်။အလွန်အန္တရာယ်များလှသောလွှတ်တော်ကိုယ်စားလှယ်ဘဝဖြစ်ပေတော့သည်။

အောက်ခြေမှာ

ကျမတို့အမတ်တွေတွေ့နေကျအခက်အခဲတစ်ခုက

ထွေအုပ်ကကိုယ့်အစိုးရလက်အောက်ရောက်လာပေမဲ့စိတ်ဓာတ်ပြောင်းလဲဘို့များစွာအချိန်ပေးရဦးမည်။အထူးသဖြင့်နယ်မြို့တွေမှာပြည်သူကဇဝေဇဝါဖြစ်မြဲ၊သူတို့မဲပေးလိုက်သောအမတ်တွေကဆိုင်ကယ်လေးတွေနဲ့၊ထွေအုပ်အရာရှိတွေကကားနဲ့၊ဘယ်သွားသွားတပည့်တပန်းအခြွေအရံနဲ့။အမြင်ကကွာခြားလွန်းသည်။ထွေအုပ်အများစုကလည်းအမတ်များကိုလေးစားမှုမပြုလို၊ပညာပြကြသည်၊မထီမဲ့မြင်ပြုကြသည်။ဌာနဆိုင်ရာများကလည်းအမတ်ထက်ထွေအုပ်ကိုကြောက်သည်။ဒါကအမှန်တရားဖြစ်သည်။အစိုးရကိုယ်တိုင်ပင်အမတ်တို့မှတ်ချက်ထက်ထွေအုပ်၏မှတ်ချက်ကိုအလေးထားသည်။အစိုးရသည်အစိုးရသွားခြင်းကြောင့်တစိခါတစ်ရံအမတ်နှင့်တစ်ဘက်စီဖြစ်သွားသည်။

အမတ်ဆိုသည့်အမတ်ကလည်းရိုးရိုးသားသားအမတ်ဟူသ၍မခြွေနိုင်သဖြင့်ရံသူမရှိပေ။အပြန်အလှန်ထိန်းကျောင်းမှုကိုပြတ်ပြတ်သားသားပြုသောအမတ်ဟူသရွေ့လူမုန်းကများလှသည်။

လုပ်ငန်းတွေဆောင်ရွက်မှုကိုထိန်းကျောင်းရာတွင်လည်းအမတ်များအခက်အခဲတွေ့သည်ကဆောက်လုပ်ရေး။အမတ်အားလုံးထဲမှာအခြားပညာရှင်ထက်အင်ဂျင်နီယာကရှားပါးလှသည်။အလွန်ခြစားမှုများသောဆောက်လုပ်ရေးလောကနှင့်ဆည်မြောင်းလောကကိုထိန်းနိုင်ဘို့ရှိသည့်အင်အားနှင့်အစွမ်းကုန်အမတ်များကြိုးစားကြသည်။ရန်ငြိုးတွေ၊အမုန်းတွေကိုမကြောက်မရွံကြိုးစားကြသော်လည်းအမှန်ပြောရလျှင်ထင်သလောက်မထိန်းနိုင်။ခေတ်အဆက်ဆက်အစိုးရများ၊တက်လာသမျှလူကြီးများကိုဆီးကြိုခစားချော့ပေါင်း၊မြှောက်ပေါင်းဖျက်ဆီးနည်းမျိုးစုံတတ်သောလောကကိုသိကြားမင်းပင်ခံနိုင်ရည်ရှိရန်မလွယ်😁။

ပြင်ပအားဖြင့်အစိုးရ၊လွှတ်တော်နှင့်တရားရေးဟူ၍မဏ္ဍိုင်ကြီး၃ရပ်အပြန်အလှန်ထိန်းကျောင်းသည်။အတွင်းအားဖြင့်မူပါတီ၊အစိုးရနှင့်လွှတ်တော်ဟုအပြန်အလှန်ထိန်းကျောင်းရသည်။သို့သော်နှစ်ကာလရှည်ကြာထောင်ချနှိပ်ကွပ်ခံခဲ့ရသောပါတီတွင်လူသားအရင်းအမြစ်ကခပ်ရှားရှား။ထိုအခါအစိုးရဝန်ကြီးချုပ်များသည်ပါတီCECများဖြစ်လာကြသည်။လွှတ်တော်အမတ်များသည်ထိန်းကျောင်းမှုတာဝန်အတွက်အခက်အခဲတစ်ချို့ဖြစ်ပေါ်လာသည်။ပုံမှန်အားဖြင့်ပါတီတွင်အင်အားကြီးမြင့်နေပြီးလွှတ်တော်နှင့်အစိုးရကိုနောက်ကွယ်မှကြိုးကိုင်နိုင်ပါကနိုင်ငံရေးသည်ပိုမိုအောင်မြင်နိုင်ဖွယ်ရှိသည်။

လွှတ်တော်ဝန်ထမ်းများဘက်ကရော?

အသစ်စက်စက်အမတ်များနှင့်ကြုံတွေ့ဆက်ဆံရသောလွှတ်တော်ဝန်ထမ်းများအဖို့အရည်အချင်းအတွေ့အကြုံအရ

အမတ်များကိုအထင်သေးစိတ်ရှိသည်ကအမှန်တရား။လူဆိုသည်မှာအထင်သေးကမရိုသေ၊မည်သို့ပင်ဆိုစေကာမူလွှတ်တော်ကိုယ်စားလှယ်များနှင့်တန်းတူနိုင်ငံခြားထွက်ခွင့်ရသော၊လာပေးသောစွမ်းရည်​မြင့်

သင်တန်းများတက်ရောက်ခွင့်ရသောဝန်ထမ်းများအနေဖြင့်သင်ယူလိုစိတ်ထက်သန်ပါကနိုင်ငံအတွက်အကျိုးပြုလိုစိတ်မြင့်မားပါကလွှတ်တော်ကြီးသည်အလွန်စျေးချိုသောအဆင့်မြင့်တက္ကသိုလ်ကြီးဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူအရွေ့တစ်ခုကိုကျမတို့ရောက်အောင်တွန်းနိုင်ခဲ့ကြပြီဟုယုံကြည်ပါသည်။နိုင်ငံ့အရေးအတွက်အသက်၊သွေး၊ချွေးစတေးခဲ့ကြသူတို့၏သမိုင်းပေးတာဝန်၊လက်ဆင့်ကမ်းတာဝန်ကိုအခြေအနေပေးသလောက်ကျမတို့ကြိုးစားခဲ့ကြကြောင်းလွှတ်တော်ကြီး၏မှတ်တမ်းများကသက်သေထူပါလိမ့်မည်ဟုသာ။   ။

Photo:Irrawaddy

No comments:

Post a Comment