Sunday, August 23, 2020

LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်

 ● LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်

============================


လွန်ခဲ့တဲ့ ၂နှစ်ကျော်က လျှပ်စစ်ဝန်ကြီးဌာနရဲ့ 3000MW ကို ၂နှစ်ကာလ (ရေတို) အဖြစ် LNG ဓာတ်ငွေ့ရည်လျှပ်စစ် စီမံကိန်းကြီးကို ထုတ်ပြန်ခဲ့ပါတယ်။ 


...1230 MW တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက် (ပြင်သစ်နိုင်ငံ TOTAL နှင့် ဂျာမဏီ SIEMENS)

...1390 MW ဧရာဝတီတိုင်း၊ မီးလောင်ဂျိုင့်ဒေသ (တရုတ် Zhefu Holding နှင့် မြန်မာ Supreme) 


အကြီးစား LNG ဓာတ်ငွေ့ရည်စီမံကိန်းများ တယူနစ်စျေးနှုန်းအခက်ခဲနဲ့ အခြားပြသနာများကြောင့် ဖြစ်မလာသေးပါ။  ဖြစ်မလာသေးပေမဲ့ အလတ်စားစီမံကိန်း ၃ခု (ကျောက်ဖြူ၊ သံလျင် 150 MW၊ သာကေတ 350 MW) တို့ကို ယခုနှစ် ၂၀၂၀ မှာ ပြီးစီးပါမယ်။ 


ဧရာဝတီတိုင်း၊ တရုပ် LNG 1230 MW ကိုတော့ တရုပ်သမတ ရှီကျင်ပင်း  ၂၀၂၀ ဖေဖော်ဝါရီလ မြန်မာပြည်ခရီးစဥ် မှာ BRI စာချုပ် စီမံကိန်း ၃၃ခု လက်မှတ်ထိုးရာမှာ ထည့်သွင်းခံရပါတယ်။ မမျှော်လင့်ပဲ ငသဂုတ်-၂၀၂၀ မှာ ဂျပန် Marubeni ကုမဏီက ရန်ကုန်မြို့မှာ LNG လျှပ်စစ် မှန်းခြေ 1200 MW (us$ 1.5 - 2.0 billion) စီမံကိန်းလုပ်ဖို့ ကြေငြာလိုက်ပါတယ်။ 

Link 

https://m.facebook.com/story.php?story_fbid=10157766992258472&id=755653471


မြန်မာ မြေပေါ်မှာ တရုပ်-အမေရိကန် စီးပွားစစ်ပွဲ ကျင်းပချိန်၊ အမေရိကန် ဘက်သားဖြစ်တဲ့ ဂျပန် JICA နဲ့ ဂျပန်ကုမဏီများစွာက တရုပ်ကုမဏီများကို ယှဥ်ပြိုင်ထိုးဖောက် ဝင်လာနေပါတယ်။ မြန်မာခေါင်းဆောင်များ အရည်ချင်းကောင်းဖို့ ပြည်ပရောက် မြန်မာပညာရှင်ကြီးများကို နေရာပေး ဆင့်ခေါ်ရမဲ့ကာလ မကြာမီ (၅နှစ်အတွင်း) ရောက်လာပါတော့မယ်။ ပညာရှင်များကို လစာ ထိုက်တန်စွာပေးတဲ့အပြင် နိုင်ငံရေးသမားများက မကြာခဏ ဝင်ရောက်စွတ်ဖက်ခြင်း မရှိမှသာ ပြည်ပမှ မြန်မာပညာရှင်ကြီးများ ရောက်လာကြမှာပါ။ 


++++++++++++++

.

ယခင် 2018 စီမံကိန်းကြေငြာစဥ်က ဆောင်းပါးကို ဗဟုသုတအဖြစ် ထပ်မံ တင်ပြ လိုက်ပါတယ်။ 


မြန်မာနိုင်ငံမှာ အကြီးအကျယ် ဆောက်တောမယ်ဆိုတော့ မြန်မာအစိုးရ စွမ်းအင်ကော်မတီက အသေးစိတ် လေ့လာသိရှိ ထားပါပြီ။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေကတော့ ထုံးစံအတိုင်း အချက်အလက်များ တင်ပြပြီး လိုအပ်သည်များညွန်ကြားတာ ခေတ်အဆက်ဆက်က ဖြစ်ပါတယ်။ သေချာတာကတော့ ဝန်ကြီးအများစုဟာ ခေတ်ရေစီးကြောင်းနဲ့ မလိုက်နိုင်တဲ့အပြင် နည်းပညာဆိုင်ရာလည်း တကယ်အတွေ့အကြုံရှိတဲ့ အကြံပေးပုဂ္ဂိုလ်များ ရှိဟန်မတူပါဘူး။ ကုမ္ပဏီကြီးများက ပညာရှင်တွေ ကပဲ အုပ်ချုပ်သူများကို နားလည်အောင် ရှင်းပြရင်း ဘုရားလဲဖူး လိပ်ဥလဲတူး.. ကုမ္ပဏီအကျိုးရှိရမယ်၊ မြန်မာပြည်သူလူထုလဲ အကျိုးရှိရမယ်ဆိုတဲ့ အဆိုပြုချက်တွေ FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေ တင်ရပါတယ်။ စီးပွားရေးလောကမှာ စက်ရုံတခု ရောင်းချ၊ တည်ဆောက်ပေးမယ်ဆိုရင် ထိပ်ပိုင်းခေါင်းဆောင် (ကုမ္ပဏီဆိုရင် ဒါရိုက်တာအဖွဲ့၊ အစိုးရဆိုရင် ဝန်ကြီးနဲ့သမ္မတ) လက်မှတ်ထိုး သဘောတူပြီးရင် အောက်ကအရာရှိကြီးတွေ၊ အင်ဂျင်နီယာ တွေ၊ စီမံဘဏ္ဍာတွေလဲ စာချုပ်အတိုင်းလုပ်ကြရပါတယ်။ ယုံကြည်မှုနဲ့ ပစ္စည်းဝယ်ရပါတယ်။ အပြင်လောက လုပ်ငန်းငယ် ကလေးများမှာလဲ ယုံကြည်မှုနဲ့ပဲ လုပ်ကိုင်နေကြတာပါပဲ။


ဒါလောက်ကြီးမားတဲ့ LNG ဓါတ်အားစက်ရုံကြီး တည်ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်းဆိုရင် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ် လောက် FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေလုပ်ရပါတယ်။ ဘတ်ဂျတ် တင်ဒါတော့ အရင်ပေးရပါတယ်။ အနီးစပ်ဆုံး နေရာတစ်ခုမှာ ကုမ္ပဏီကလုပ်ဖူးတဲ့စက်ရုံကိုညွှန်းပြီး ဒေါ်လာဘယ်နှစ်သန်း ကုန်ကျမယ် ဆိုတာ Budget Quotation လို့ခေါ်ပါတယ်။ အဲဒီစျေးနှုန်းနဲ့ အခြားအရေးကြီးတဲ့အချက်များကို သဘောတူညီချက်ရတာနဲ့ ငွေအား၊ လူအင်အားသုံးပြီး အသေးစိတ် ကုန်ကျစရိတ်နဲ့ အချိန်ကို လေ့လာ၊ ဆုံးဖြတ်ရပါတယ်။


ဒီလို ပရိုဂျက်စီမံခန့်ခွဲခြင်းများကို မြန်မာအစိုးရက သက်ဆိုင်ရာ ကုမ္ပဏီကြီးတွေကိုပဲ လုပ်ခိုင်းပါတယ်။ အစိုးရကိုယ်တိုင်လည်း လျှပ်စစ်စီမံကိန်းဦးစီးဌာနက အပြိုင်လုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်း ရပါတယ်။ ညှိနှိုင်း ဆွေးနွေးပွဲများစွာလုပ်ပြီးမှာ အပြီးသတ် ဆုံးဖြတ်၊ လုပ်ငန်းစတင်ရပါတယ်။


အခု LNG ဓါတ်အားစက်ရုံက ရေတိုစီမံကိန်းဖြစ်တယ်၊ ဓါတ်ငွေမရှိလို့ (ထွက်တဲ့ဓါတ်ငွေ့တွေလဲ ဓါတ်အားပေးစက်ရုံလုပ်ဖို့ တော့မစဉ်းစားပဲ၊ ပြင်သစ် Total နဲ့ တရုတ်ကုမ္ပဏီတို့ဆီကို တနပ်စား ရောင်းစားပစ်လိုက်လို့) အခုလို တိုင်းပြည် ဒုက္ခရောက်သွားတာပါ။ ၂ဝ၂၂ နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ဓါတ်ငွေ့တွေ ရလာဖို့ရှိတယ်။ အဲဒီအချိန်ကျမှ LNG ကို ရပ်ပြီး ကိုယ့်ဓါတ်ငွေ့နဲ့ပဲ လည်ပတ်မယ်လို့ အစိုးရက ပြောပါတယ်။


● လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သတင်းစာရှင်းပွဲ

မြန်မာနိုင်ငံ လျှပ်စစ်လက်ရှိအခြေအနေနဲ့ စီမံကိန်းများကို တိကျတဲ့အချက်လက်များနဲ့ ဖြေသွားတော့ အားလုံးငြိမ်သွားကြပါ တယ်။ အင်ဂျင်နီယာကြီး တစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းများကို အရေထူနေတဲ့ ဝန်ကြီးဦးဝင်းခိုင်ကို လေးစား ဂုဏ်ယူမိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ၂ နှစ်ဝန်ကြီးလုပ်ခဲ့ပြီး အခုလျှပ်စစ်စွမ်းအင်ဝန်ကြီးအဖြစ် အကောင်းဆုံး လုပ်ဆောင်ဖို့ မျှော်လင့်ကြပါတယ်။ LNG ဓါတ်အားပေးစက်ရုံ (၄) ခု စီမံကိန်းအတွက် အင်တာဗျူး ဖြေကြားချက်ကတော့..။

 

မး။ LNG စက်ရုံ(၄)ရုံ အခြေအနေအား ရှင်းလင်းပြောကြားပေးစေလိုပါတယ်ရှင့်။

ဖြေ ။ LNG စက်ရုံ (၄) ခုမှာ


(၁) တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် LNG သုံး စက်ရုံစီမံကိန်းမှာ TOTAL ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းဧရိယာအတွင်းတွင် ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီနှင့် ဂျာမဏီနိုင်ငံ SIEMENS ကုမ္ပဏီတို့၏ ရင်းနှီးမြှပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ် ၊ ဓာတ်အားပေးစက်ရုံတွင်သုံး စွဲမည့် LNG ကို Floating Storage Regasification Unit (FSRU) ဖြင့် ဓာတ်အားပေးစက်ရုံသို့ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပါတယ်၊ သဘာဝ ဓာတ်ငွေ့စက်ရုံမှာ Combined Cycle Power Plant ဖြစ်ပြီး Gas Turbine (၂)လုံး (၄၁ဝ မဂ္ဂါဝပ်) နှင့် Steam Turbine (၁) လုံး (၄၁ဝ မဂ္ဂါဝပ်) ထွက်ရှိ မှာဖြစ်ပြီး ၅ဝဝ ကေဗွီ ကံပေါက်- မော်လမြိုင်- ဘုရားကြီး ဓာတ်အားလိုင်း (၂၈ဝ မိုင်)၊ ၅ဝဝ ကေဗွီ ဓာတ်အားခွဲရုံနှင့် (FSRU) နှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းများပါဝင်မည်ဖြစ်ပါတယ်။


(၂) ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝန်းအတွင်း မြေလွတ် ပေါ်တွင် (၃၅၆ မဂ္ဂါဝပ်) LNG သုံးဓာတ်အားပေးစက်ရုံကို TTCL Public Company Limited ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင် ရွက် မည်ဖြစ်ပါတယ်။ ဓာတ်အားပေးစက်ရုံတွင် သုံးစွဲမည့် LNG ကို Floating Storage Regasification Unit ဖြင့် ရန် ကုန်မြစ်ဝ သံလျင်တွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်ထားပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှာ Gas Turbine (၂) လုံး (၁၁၇ မဂ္ဂါဝပ်) နှင့် Steam Turbine (၁) လုံး (၁၂၂ မဂ္ဂါဝပ်) အမျိုးအစားဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ် အားကို ၂၃ဝ ကေဗွီ လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဖြန့်ဖြူးသွားမည် ဖြစ်ပါတယ်။ စီမံ ကိန်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၂၁) သန်း ဖြစ်ပါတယ်။


(၃) ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မီးလောင်ဂျိုင့်ဒေသ ၁၃၉ဝ မဂ္ဂါဝပ် LNG သုံးဓာတ်အားပေးစက်ရုံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group  Co Ltd နှင့် မြန်မာနိုင်ငံ Supreme Trading  Co Ltd တို့၏ ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ဓာတ်အား ပေးစက်ရုံတွင်သုံးစွဲမည့် LNG ကို Floating Storage Unit (FSU) Vessel ဖြင့် ၎င်းစက်ရုံအနီးတွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့် သွယ်တန်းရန် စီစဉ်ထားပါတယ်။


ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine (၄) လုံး၊ ၂၄၅ မဂ္ဂါဝပ် Stream Turbine Generator (၂) လုံး၊ (Efficiency ၅၅.၂၃ %) ရှိပြီး ထွက်ရှိလာမည့် ဓာတ်အားကို မီးလောင်ဂျိုင့်-လှိုင်သာယာ ၅ဝဝ ကေဗွီ ဓာတ်အားလိုင်း (၁၇ဝ) မိုင်နှင့် ဓာတ်အားခွဲရုံများကို Built & Transfer (BT)စနစ် အခြေခံ၍ ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ (၂.၅ဝ၇)ဘီလီယံ ဖြစ်ပါတယ်။


(၄) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝန်းအတွင်းတွင် ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်နိုင်ငံ Sinohydro Corporation  Limited  (POWER CHINA)နှင့် မြန်မာနိုင်ငံ Supreme Trading  Co  Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့ကိုအသုံးပြု၍ ဓာတ်အားထုတ်လုပ်သွားရန် ဖြစ်ပါတယ်။


ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ် Gas Turbine (၂)လုံး၊ ၄၅ မဂ္ဂါဝပ် Stream Turbine Generator(၁)လုံး၊ (Efficiency ၅၅.၃၁ %)ရှိပြီး ထွက်ရှိလာမည့်ဓာတ်အားကို ၂၃ဝ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနှင့် ခွဲရုံများမှ တဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမည်။


စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၈ဝ)သန်း ဖြစ်ပါတယ်။


● LNG အကြောင်း လေ့လာကြည့်ရှုခြင်း

ဒါလောက် ကြီးမားတဲ့ LNG ဓါတ်ငွေ့အရည်ကိုသုံးခြင်းဟာ အခုခေတ်မှာ တော်တော်ခေတ်စားလာပါတယ်။ စွမ်းအင်နဲ့ ပတ် သက်ရင် ကမ္ဘာ့ထိတ်တန်း အမေရိကန်နိုင်ငံရဲ့ ပွင့်လင်းမြင်သာစနစ်နဲ့ သတင်းအချက်အလက်တွေကို ဖောပြထားတဲ့ ဝက် ဆိုဒ်ကိုပဲ လေ့လာရပါတယ်။


https: //  www eia gov  /naturalgas/


အဲဒီ ဝက်ဆိုဒ်မှာ သဘာဝဓါတ်ငွေကို LNG Liquid Natural Gas အဖြစ် အရည်လုပ်ပြီး တင်သွင်းတဲ့နိုင်ငံများမှာ China becomes world’s second largest LNG importer, behind Japan ဆိုတဲ့ ခေါင်းစဉ်သတင်းက စိတ်ဝင်စားစရာ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံက ၂ဝ၁၅ နောက်ပိုင်း LNG အမြောက်အများတင်သွင်းနေတာ 4.5 Billion Cu Ft per day အထိ ၂ ဆခွဲ ၂ နှစ်အတွင်း တင်သွင်းနေပါတယ်။ ဂျပန်ကတော့ နံပါတ် (၁) 11 billion Cu Ft per day ၊ တရုတ်နိုင်ငံတင်သွင်းမှုက နံပါတ် (၂) တောင်ကိုးရီးယားကို မှီလာပါတယ်။ အိန္ဒိယကတော့ စတုထ္ထလိုက်ပါတယ်။


သဘာဝဓါတ်ငွေ စျေးနှုန်းများကလည်း နေရာ၊ ဒေသ၊ ကာလအလိုက် အများကြီး အပြောင်းလဲရှိပါတယ်။ EIA အချက် အလက်များအရ ၂ဝ၁၇ ပျမ်းမျှ Natural Gas ပေါက်စျေး (US$ per MMBtu) က ဒေသအလိုက်မတူကြပါ။ USA$ 2.40၊ UK$ 4.90၊ Japan $ 8.70၊ Myanmar $?. ၂ဝ၁၇ စျေးနှုန်းတွေပါ. . EIA website ကို မှီးပါတယ်။


သြစတြေးလျားမှာ လွန်ခဲ့တဲ့ ၅ နှစ် ၁ဝ နှစ်ကတည်းက .P.P.P/B.O.T/B.O.O တွေ လုပ်စားကြတယ်၊ မထိမ်းမသိမ်းနိုင်တော့.လျပ်စစ်စျေးတွေက တနှစ်ကာလမှာ ၂ ဆနီးပါးတက်လာလို့ .အခု..မနေသာတော့တဲ့ သတ္တုတွင်း ဘီလျံနာက ကြားဝင် လာရှင်းပါတယ်။ သူလည်း တော်တော် ခံနေရလို့ဖြစ်ပါလိမ့်မယ်။ တခါ ပြည်တွင်း စွမ်းအင်ကုမ္မဏီတွေက လျှပ်စစ်စျေးကို 18 $/ Gjol (US$ 15 cent per unit) နင့်ချုပ်ထားပါတယ် ။ သြစတြေးလျားကထွက်တဲ့ အလွန်ကြးမားးသော..ဓါတ်ငွေ့ တွေကို ပြည်ပကုမ္ပဏီတွေကိုထုတ်လုပ်ခွင့်ချပေးရာမှာ ပြည်တွင်းသုံး လုံလောက်အောင်ပေးပြီးမှသာ ပြည်ပပို့ရမည်ဆို သည့် ကန့်သတ်ချက် ထည့်မထားတော့ ပြည်ပကစျေးပိုပေးတာကိုဘဲ အကုန်နီးပါးရောင်းနပါတယ်။ အခု တိုင်းပြည်က ဓါတ်ငွေ့ပိုလျံနေအောင်ထွက်ရှိပြီး ပြည်တွင်းသုံးဓါတ်ငွေ့စျေးက ပြည်ပနိုင်ငံတွေထက်စျေးပိုမြင့်နေတော့..ပြည်တွင်းကုန်ထုတ်လုပ်မှုက ကမ္ဘာ့စျေးကွက်ကို မယှဉ်နိုင်တော့ စီးပွားရေးပြိုင်ရန်ခက်ခဲလာနေပါတယ်။ သတ္တုတွင်းလုပ်ငန်းရှင်က ပြည်ပ ကနေ ဓါတ်ငွေ့ပြန်သွင်းပြီး 8 - 10 $ / Gjol နှင့် ၅ နှစ်တိတိ စာချုပ်ရောင်းချပါတော့မယ် ကြေငြာပါတယ်။ ဓါတ်ငွေ့စျေးချိုချိုနဲ့ ရတဲ့အပြင် သူဆောက်မယ့် ဓါတ်အားပေးစက်ရုံအသစ်တွေက သက်သာတဲ့ China Technology သုံးထားမှာ ဖြစ်ပါမယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းမှာ တရုတ်နည်းပညာနဲ့စီမံခန့်ခွဲမှုကြောင့် ကမ္ဘာ့စျေးအချိုဆုံး လျှပ်စစ်ဓါတ်အား တရုတ်ပြည်တွင်းမှာ ရပါတယ်။


မြန်မာနိုင်ငံက လိုအပ်တဲ့လျှပ်စစ်ကို တရုတ်၊ လာအိုတွေကနေ မဟာဓါတ်အားလိုင်းဆွဲပြီး ဝယ်ယူသုံးစွဲနိုင်ရင်တော့ ရေတို LNG ထက် အဆင်ပြေနိုင်ပေမဲ့ ဖြစ်မလာသေးပါဘူး။ အခက်ခဲများစွာ ရှိနေပါသေးတယ်။ လျှပ်စစ်ကို လောက်တယ်၊ လောက်တယ် ကြေငြာနေရုံနဲ့မရပါဘူး။ အခုချိန်မှာ မြန်မာအိမ်သုံးထက် ၂ ဆလောက် အဆင်သင့်ထုတ်နိုင်ပါမှ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုက လာမယ်ဆိုတာ မြန်မာခေါင်းဆောင်များသိလို့ မြန်မြန်ထုတ်နိုင်တဲ့ LNG စီမံကိန်းလုပ်ရတယ်လို့ နားလည် ပါတယ်။ Asian Power Grid နဲ့ချိတ်ဆက်ပြီး လျှပ်စစ်ဝယ်သုံးတာ LNG ထက်တော့ အများကြီးစျေးသက်သာမှာ သေချာပါ တယ်။ ဘာကြောင့်မလုပ်သလဲဆိုတာတော့ အကြောင်းရှိမှာပါ။ မြန်မာပြည်မှာ ဆောက်လုပ်ရေးပဲလုပ်ချင်ကြတယ်။ ပညာ ရေးမှူးလည်း စာမသင်ပဲ ကျောင်းဆောက်ချင်တယ်။ ကျမ်းမာရေးအကြီးအကဲက ဆေးရုံပဲ ဆောက်ချင်တယ်။ မြို့ပြအကြီး အကဲကလည်း တိုက်ခန်း၊ ကွန်ဒို၊ ရှော့ပင်စင်တာပဲ ဆောက်ချင်တယ်။ ဒါကြောင့် ဓါတ်အားပေးစက်ရုံ ဆောက်ချင်တာ မဆန်းလှပါဘူး။


● LNG ဓါတ်ငွေ့အရည်

သဘာဝဓါတ်ငွေ့များ အမြောက်အများထုတ်လုပ်ရင်း သယ်ယူပို့ဆောင်ဖို့ ပိုက်လိုင်းတွေ သွယ်တန်းရပါတယ်။ မဟာဓါတ် အားလိုင်းလျှပ်စစ်ကိုလည်း နိုင်ငံအများအပြား ဖြတ်ကျော် ရောင်းချ၊ ဝယ်ယူသလိုပဲ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေလဲ နိုင်ငံ ဖြတ်ကျော် တည်ဆောက် ရောင်းဝယ် ကြပါတယ်။ ပင်လယ်အောက် ကြမ်းပြင်မှာလဲ မြန်မာနိုင်ငံက ရဲတခွန်နဲ့ရတနာ ပိုက်လိုင်းများနဲ့ ထိုင်းနိုင်ငံကို ရောင်းချပါတယ်။ ကုန်းတွင်း ပိုက်လိုင်းကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရွှေဓါတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း တရုတ်ပြည် ကူမင်းမြို့အထိ တည်ဆောက်ပြီးလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ရပ်ခြားဒေသများ၊ ကုန်းတွင်းပိုင်းဒေသများအတွက် သဘာဝဓါတ်ငွေ့ကို အရည်လုပ်ထားတဲ့ Liquid Natural Gas စက်ရုံများစွာ ပေါ်လာပါ တယ်။ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနဲ့ အခု တရုတ်နိုင်ငံများကဝယ်ယူပြီး သင်္ဘောနဲ့ အမြောက်အများ သယ်ယူပို့ ဆောင်နေကြပါတယ်။ ပင်လယ်ကမ်းခြေမြို့များမှာ LNG ပြောင်းပေးတဲ့ စက်ရုံများတည်ဆောက်ပြီး LNG Vessel ဆိုတဲ့ သင်္ဘောကြီးတွေ တည်ဆောက် သယ်ယူကြပါတယ်။ ဧရာမအလုံးကြီးတွေနဲ့ သိုလှောင်ပြီး၊ NLG ဓါတ်ငွေ့အရည်များကို သင်္ဘောကြီးများနဲ့ ပို့ဆောင်ပါတယ်။ ကုန်းတွင်းပိုင်းမှာတော့ လောင်စာဆီသယ်တဲ့ ထရပ်ကားများနဲ့ပဲ သယ်ယူပို့ ဆောင်ပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ တရုတ်ပြည် ကုန်းတွင်းပိုင်းတွေမှာ လောင်စာဆီအစား LND ကို သုံးတဲ့ မော် တော်ယာဉ်များ၊ စက်ရုံများ၊ သင်္ဘောများမှာ LNG ခေတ်စားလာပါတယ်။ အရင်က CNG ဆိုတဲ့ Compressed Natural Gas ထက် ပိုများများ သယ်ဆောင်နိုင်ပြီး၊ ဘေးအန္တရယ်ကင်းအောင်လည်း နည်းပညာတွေ ဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ (Crd Ko Billy)


LNG ဓါတ်အားစက်ရုံကိုတော့ စျေးကြီးလို့ တရုတ်နိုင်ငံမှာ သိပ်မသုံးပါဘူး။ တရုတ်နိုင်ငံကတော့ ကျောက်မီးသွေးနဲ့ သဘာဝ ဓါတ်ငွေ ဓါတ်အားစက်ရုံများ ၉ဝ % ဖြစ်ပါတယ်။ ရေအားလျှပ်စစ်နဲ့ ညူကလီယား၊ လေအားတွေက ၁ဝ % လောက် ရှိပါတယ်။


ကျနော် စင်ကာပူကုမ္ပဏီ Viking Engineering မှာအလုပ်လုပ်ချိန် လွန်ခဲ့တဲ့ ၁ဝ နှစ် (၂ဝဝ၇) ကတည်းက ကိုးရီးယားကုမ္ပဏီ တခုနဲ့ ကန်ထရိုက်ယူပြီး LNG သင်္ဘောတွေအတွက် အတင်အချ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို လုပ်ပါတယ်။ အဲဒီ အချိန်ကတည်းက တောင်ကိုးရီးယား၊ ဂျပန်နိုင်ငံများက LNG ကို အကျိုးရှိစွာ သုံးနေကြပါပြီ။ တိုးတက်တဲ့နိုင်ငံများပဲ သုံး တာမဟုတ်ပါ။ အိန္ဒိယနိုင်ငံလည်း ကုန်းတွင်းပိုင်းဒေသများမှာ NLG က အကောင်းဆုံး သယ်ယူပို့ဆောင်နိုင်တဲ့အတွက် ဝယ်ယူအသုံးပြုပါတယ်။


● နိဂုံး (သုံးသပ်ချက်)

LNG ဓါတ်အားစက်ရုံများစာရင်းကို Wiki မှာကြည့်ပြီး 1000MW အထက် စက်ရုံကြီးများကို ရေတွက်ကြည့်ပါတယ်။ လျှပ် စစ်ဓါတ်အားစျေးကြီးတဲ့ ဂျပန်နိုင်ငံမှာတော့ 3000MW စက်ရုံပေါင်း ၁၈ ု တွေ့ရပါတယ်။ ဒုတိယအများဆုံးက တရုတ် နိုင်ငံဖြစ်ပါတယ်။ ၁ဝ ရုံ တွေ့ရပါတယ်။ 1000MW တွေချည်းပဲ ဖြစ်ပါတယ်။ တတိယအများဆုံးကတော့ ရုရှားနိုင်ငံ ဖြစ်ပါ တယ်။ စက်ရုံကြီးပေါင်း ၆ ခု ရှိပါတယ်။ ဥစဘတ်တန်နိုင်ငံမှာ စက်ရုံကြီး ၂ ခု၊ အိန္ဒိယမှာလည်း စက်ရုံကြီး ၂ ခုနဲ့ စက်ရုံငယ် အမြောက်အများရှိပါတယ်။။ USA, UK, Isreal, Taiwan, Malaysia, Australia တွေမှာလည်း စက်ရုံကြီးတစ်ခုစီ ရှိပြီး၊ စက်ရုံငယ်များစွာ တည်ဆောက်လည်ပတ်နေကြပါတယ်။ စုစုပေါင်း 40MW ကနေ 5000MW အထိ ဓါတ်အားပေးစက်ရုံပေါင်း ၁၂၅ ခု စာရင်းတွေ့ပါတယ်။ မြန်မာနဲ့နီးစပ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံများမှာ တစ်ခုမှ မတွေ့ရတာလဲ ထူးခြားပါတယ်။ နောက်တစ်ခု အမြောက်အများတင်သွင်းနေတဲ့ တောင်ကိုးရီးယားမှာလဲ တခုမှ မတွေ့တာ ပိုပြီးထူးဆန်း ပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားမှာ အနည်းကျဉ်း တွေ့ရတာတော့ သူတို့မှာ ဓါတ်ငွေ့အလွန်ပေါများတော့ လျှောက်လုပ် ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ $ 2 million per 1MW ကျသင့်တော့ စျေးတော်တော်ကြီးတဲ့ LNG ဓါတ် အားစက်ရုံတွေ ဖြစ်မှာပါ။


LNG ဓါတ်အားစက်ရုံ ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်း ဒီအလုပ်ဟာ နိုင်ငံခြားငွေနဲ့ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရမှာ ပိုက်ဆံ မရှိပါဘူး။ ရှိတာကတော့ လူတွေပါပဲ။ လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ ရှိတဲ့ သယံဇာတတွေလဲ နှစ်ပေါင်းများစွာ ကန်ထရိုက်နဲ့ ရောင်းစားပြီးလို့မကျန်တော့ပါဘူး။ သယံဇာတကျိန်စာ ဖြစ်နေပါတယ်။ ပြည်နယ်များက သယံဇာတ ကျောက် စိမ်း၊ ရွှေ၊ သတ္တုမျိုးစုံ၊ ကျွန်းသစ်များကြောင့် လက်နက်ကိုင်သူပုန်များနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေရပါတယ်။ ဒိတိုက်ပွဲတွေကို ရပ်တန့်စေဖို့ကတော့ ဥပဒေစိုးမိုးဖို့ လွယ်ကုတဲ့ တိုင်းဒေသကြီးတွေမှာ လျှပ်စစ်နဲ့ လမ်းတံတားတွေကို P.P.P/B.O.T/B.O.O စတဲ့ နိုင်ငံခြားကုမ္ပဏီများရဲ့ ငွေရင်းနှီးနဲ့ စနစ်တကျ၏လုပ်ကိုင်ဖို ခေါင်းဆောင်ကောင်းများစွာ လိုအပ် နေပါတယ်။ ထိပ်ဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ရထားပြီး၊ အောက်ကလူတွေ LNG စီမံကိန်းကို ဘယ်နိုင်ငံ စံနမူနာယူပြီး လုပ်နိုင်မလဲတော့ မသိနိုင်ပါ။ အားလုံးတပြိုင်တည်း တည်ဆောက်မှာလား၊ တရုတ်နိုင်ငံကိုပဲ စံနမူနာယူမယ် လို့မျှော်လင့်ပါတယ်။


=============


မှတ်ချက်


ဇော်အောင် (မုံရွာ) ဆောင်းပါး (မိုးမခ) မတ်လ ၁ဝ၊ ၂ဝ၁၈ ဖော်ပြခဲ့ပြီး ယခုအချိန်ထိ ဗဟုသုတအဖြစ် လေ့လာဖို့ ပြန်လည် ပို့စ် တင်ပါတယ်။ စင်ကာပူ Sambcorb မှ ကျောက်ဆည်မှာ လျှပ်စစ် 300 MW ဧရာမဓာတ်အားရုံတစ်ခု ၃နှစ်နဲ့ ပြီးစီးခဲ့ပါတယ်။ စီမံကိန်းကြီးများမှာ ငွေကြေးစီမံခန့်ခွဲ့မှု အခြေခံ အချက်များ မြန်မာဌာနဆိုင်ရာ အရာရှိကြီး/ငယ်များ အတွက် အစိုးရခေါင်းဆောင်များနဲ့အတူ လက်တွေ့ အသုံးချနေကြပါတယ်။ 

Ref link 

https://m.facebook.com/story.php?story_fbid=10155210060168472&id=755653471


ဖတ်ရှုသူများ ကျန်းမာရွှင်လန်းပါစေ။ 

.

ဇော်အောင်

၆ မတ် ၂ဝ၁၈/ 24-8-2020

No comments:

Post a Comment