Sunday, February 3, 2019

အီစလန်ဝေ နိုင်ငံတော်... ကြိုးနီစနစ်အကြောင်း (သရဝဏ်.ပြည်)

အီစလံဝေ နိုင်ငံတော်

သရ၀ဏ်(ပြည်)

    အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏ ။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏ ။ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ “ဟုပြောလေ့ရှိသည် ။ သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ် ။မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ် ၊ ဟင်ဒီလည်းမဟုတ် ။သက္ကတလည်းမဟုတ်။ အင်္ဂလိပ်စကားပျက်ဖြစ်သည် ။  It is a long way ( It’s  long way ) ဆိုသော အင်္ဂလိပ်စကားမှလာသည် ။ ဝေးသေးသည် ။ သွားရမည့်ခရီးသည်မနီးလှ ဆိုသောမူရင်းအဓိပါယ်မှဆင်းသက်လာသည် ။ ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး ၊ခရီးရှည်ကြီးသွားရဦးမယ် ၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည် ။ အီစလံဝေကျတော့နာသည့်အဓိပါယ် ၊ခံရသည့်အဓိပါယ် ဖြစ်လာသည် ။ ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ် ၊ အစ်စလောင်းဝေး ပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည် ။ ကြာမည် (သို့မဟုတ်) နာမည် ဟု အကြမ်းဖျင်းယူဆနိုင်သည် ။

     ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်​ကော်​မတီဖွဲ့ရန်​အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အရေးကြီးအဆိုအဖြစ် ၂၉.၁.၂၀၁၉ နေ့တွင်တင်သွင်းလိုက်ခြင်းအကြောင်းကို လူပြောများနေကြသည် ။ ထိုနေ့လွှတ်တော် Channel ကိုစောင့်ကြည့်မည်ဆိုသူကလည်းမရှား ။ စာရေးသူကတော့အကြောင်းသိမို့သိပ်ရင်မခုန်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်သည်ဆိုခြင်းမှာ ဒီနေ့အဆိုတင် ဒီနေ့အဖြေထွက်သည့် ကိစ္စမဟုတ် ။ It’s a long way ကိစ္စဖြစ်သည် ။ ပထမအဆင့် လွတ်တော်တွင်အဆိုတင်ရမည် ။ ဒုတိယအဆင့် ထိုအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရမည် ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်းက လက်ခံဆွေးနွေးရန်သဘောတူခဲ့လျှင် ထိုအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးရမည် (ဤအဆင့်အထိ လွယ်ကူသည် ။ လွှတ်တော်ထဲတွင် NLD ပါတီဝင်အမတ်များ ၂၀ ရာခိုင်နှုန်းမကရှိနေသည့်အတွက် ဖြစ်သည် )။ နောက်အဆင့်များကတော့မလွယ်ကူတော့ချေ ။ ပြင်လိုသော ပုဒ်မတစ်ခုချင်းကို လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရမည် ။ မဲမခွဲခင် ထိုပုဒ်မများကို ပြင်လိုသူကဘာကြောင့်ပြင်ထိုက်ကြောင်း၊မပြင်လိုသူများက ဘာကြောင့်မပြင်လိုကြောင်း ဆွေးနွေးငြင်းခုံကြမည် ။ ထိုငြင်းခုန်မှုက လနှင့်ချီ၍ ကြာနိုင်သည် ။ နောက်ဆုံး၌ သုံးလေး လလောက်ကြာမှ လွှတ်တော်အတွင်းပုဒ်မတခုချင်းကို မဲခွဲဆုံးဖြတ်သည့် အဆင့်သို့ရောက်မည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း(၃) ပုဒ်မ ၅၉၊၆၀ ၊ အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊ ၁၄၁၊ ၁၆၁၊  အခန်း(၅) ပုဒ်မ ၂၀၀ ၊၂၀၁၊၂၄၈၊၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃ ၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ ကို တို့ထိ၍မရ ။ထိုပုဒ်မများကိုပြင်လိုလျှင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံရမည် ။ ထိုအထက်ဖော်ပြပါ ပုဒ်မ ၉၄ ခုကို ပြင်ဆင်ရေးတွင် အဓိကဇာတ်ကောင်မှာ ၇၅ ရာခိုင်နှုန်းကျော်လွှတ်တော်တွင်း သဘောတူရမည်ဆိုသည့်စာသားဖြစ်သည် ။ ဆိုလိုရင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ သဘောတူရမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမတူခဲ့လျှင် ထိုပုဒ်မ ၉၄ ခုမှ တခုခုပြင်ဆင်ရေးကြိုးပမ်းချက်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိပင်မရောက်တော့ပဲ လွှတ်တော်ထဲမှာပင် ကျဆုံးသွားရပေလိမ့်မည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားသည်ဖြစ်ရာ အမိန့်ပေးအမိန့်ခံစနစ်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မရပဲ မည်သည့်တပ်မတော်သား ကိုယ်စားလှယ်ကမှ ထောက်ခံမဲပေးခြင်း ၊ကန့်ကွက်မဲပေးခြင်းတို့ကို မိမိဆန္ဒနှင့် လုပ်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအနက် အခြားအရေးမပါသော ပုဒ်မ များကိုပြင်ဆင်ရေးသည် NLD နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်မဲလာပေးမည့် မြန်မာနိုင်ငံသားများ လက်ထဲတွင်ရှိသော်လည်း ၊  စစ်အစိုးရစိတ်ကြိုက်အသာစီးယူရေးဆွဲခဲ့သည့် အရေးပါသောပုဒဒ်မ ၉၄ ခုပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတရပ်လုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်သာအကြွင်းမဲ့အာဏာ ရှိနေပေသည် ။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွှတ်တော်အတွင်း တင်သွင်းလာသေးသည် ။ သို့သော် အဓိကကျသောပုဒ်မများပြင်ဆင်ရေးတွင် တပ်၏ထောက်ခံမှုမရသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အားလုံးမှာ (လပေါင်းများစွာ ဆွေးနွေးပြီးနောက် လွှတ်တော်တွင်းမဲခွဲသောနေ့တွင် ရှေ့မဆက်နိုင်ပဲ နိဌိတံခဲ့ရပေသည် )။ ထို့ကြောင့် ၂၉.၁.၂၀၁၉ နေ့တွင် စတင်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုသည် လပေါင်းများစွာကြာအောင်ဆွေးနွေးပြီး နောက်ဆုံးမဲခွဲသောနေ့တွင် ဦးရွှေမန်းလက်ထက်ကလိုပဲ အလားတူ (တပ်မတော်၏ဗီတိုအာဏာ )ဖြင့် နိဂုံးချုပ်နိုင်မလား ။ အဓိကပုဒ်မ အချို့ပြင်ဆင်ရေးအတွက် လိုအပ်သော ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရကာ ပြည်လုံးကျွန်ဆန္ဒခံယူပွဲအထိ ရောက်အောင်သွားနိုင်မလားဆိုတာ အလွန်ဝေးကွာလှသေးသော အဆင့်များကျန်နေပါသေးသည် ။ အီစလံဝေ ဟုခေါ်သော ရှည်လျားသောခရီးကို သွားရဦးမည် ။ ယနေ့အဆိုတင် မနက်ဖြန်ပြင်ဆင်ချက်တွေထွက်လာပြီဟုထင်ယောင်ဝိုးဝါး ဖြစ်နေသူတွေများသောကြောင့် ရှင်းပြရခြင်းဖြစ်သည် ။ ပုဒ်မကြီး ၉၄ ခုကို ဗီတိုအာဏာဖြင့်အသေကိုင်ထားနိုင်သဖြင့် အောင် ၁၀၈ ကွက်ဗုဒ္စစက် ၊ ၉၄ ချက် အစိတ်သားစက် ဟုပင် ခေါ်ဝေါ်၍ ရနိုင်ကောင်း၏ ။

    တဖက်တွင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်းစစ်များရပ်စဲပြီး နိုင်ငံတ၀ှမ်းငြိမ်းချမ်းရေးရယူနိုင်ရန်ရည်မှန်းထားသည်ဟု  တပ်မတော်ကလည်းသူ၏ မူဝါဒရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည် ။ ပြည်တွင်းငြိမ်းချမ်းရေးရလိုလျှင် ၊ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့်သွားမှရမည် ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်လိုလျှင် ၂၀၀၈ အခြေခံဥပဒေပါအချက်များအား ပြင်ကိုပြင်မှဖြစ်မည်ဆိုခြင်းသည်လည်းအရှိတရားပင်ဖြစ်သည် ။ မိမိပြည်နယ် ၊ မိမိတိုင်းဒေသကြီး၏အုပ်ချုပ်ရေးအကြီးအကဲကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်ခွင့်ရှိရမည် ။ ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်များ၊တိုင်းဒေသကြီးလွှတ်တော်များကရွေးရမည် ။ လက်ရှိတွင်သမ္မတက ရွေးချယ်ခန့်ထားသောစနစ်ဖြစ်သည် ။ဖက်ဒရယ်ကိုသွားမည်ဆိုလျှင်ဒါတွေပြင်ရမည် ။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတာကိုလည်း (ဒီမိုကရေစီ စစ်စစ်သို့သွားမည်ဆိုလျှင် ) ပြင်ရမည်သာဖြစ်သည် ။ အုပ်ချုပ်ရေးတွင် ၀န်ကြီးဌာနသုံးခု၏၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်နေမှုများသည်လည်း ပြင်ရမည်သာဖြစ်သည် ။ တိုင်းရင်းသားဒေသများတွင် ကိုယ့်ပြည်နယ်ကထွက်သည့်သယံဇာတ၀င်ငွေအပေါ် ပြည်နယ်အစိုးရ ၊တိုင်းဒေသကြီးအစိုးရထံသို့  အချိုးကျရောက်ရှိဖို့ကိစ္စတွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ငြိမ်းချမ်းရေးရပြီးလျှင် တခုတည်းသောတပ်မတော်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ထည့်သွင်းတည်ဆောက်ဖို့လည်း ဖွဲ့စည်းပုံဥပဒေ ကိုပြန်လည်မွန်းမံရမည်သာဖြစ်သည် ။ ကမ္ဘာ့ဒီမိုကရေစီ ကျင့်စဉ် တရပ်ဖြစ်သော ရွေးကောက်ခံအရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ကတာဝန်ထမ်းဆောင်ရေးဆိုသည့် ပရော်ဖက်ရှင်နယ်လ်တပ်မတော်တရပ်ပေါ်ထွန်းရေးတွင်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်အချို့ကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ဒီမိုကရေစီမဆန်သော ၊ ဖက်ဒရယ် စနစ်နှင့်ဖီလာကန့်လန့်ဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ၂၀၂၀ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လိုက်လျောညီထွေဖြစ်ဖို့ပြင်ဆင်သင့်တာမှန်သမျှ ပြင်ကြရမည်ဖြစ်သည် ။ တခုပဲရှိသည် ။ ထိုသို့ တိုင်းပြည်အတွက် လိုအပ်သော ဖွဲ့စည်းပုံပြင်ဆင်ချက် (အဆိုပြုချက်များ)ကို တပ်မတော်ခေါင်းဆောင်ပိုင်းက ဘယ်ရွေ့ ဘယ်မျှအထိ သဘောပေါက်နားလည်ပြီး လွှတ်တော်ထဲတွင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဤဇာတ်လမ်း၏အရေးအကြီးဆုံးဖြစ်သည် ။

   လူ့သဘောအရ မည်သူမဆိုမိမိအသာစီးရထားသော ၊ မိမိအဖွဲ့ ကို အကာအကွယ်ပေးထားသော အထူးအခွင့်အရေးများကို လက်လွှတ်ဆုံး၇ှုံးလိုမည်မဟုတ်ပေ ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ လင်ကွန်းလက်ထက်က လူမည်းငွေဝယ်ကျွန်များကို ကျွန်အဖြစ်မှ ပယ်ဖျက်ပြီးလွတ်မြောက်ခွင့်ပေးဖို့ လွှတ်တော်တွင်အဆိုတင်သွင်းတော့ တတိုင်းပြည်လုံးဂယက်ရိုက်ခတ်သွားသည် ။ ကျွန်တွေ၏လုပ်အားကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရနေသူ တောင်ပိုင်းသားတွေက သမ္မတလင်ကွန်း၏ အဆိုပြုချက်ကို ခါးခါးသီးသီးဆန့်ကျင်ကြသည် ။ ပြည်တွင်းစစ်ဖြစ်သည်အထိ အမေရိကန်တွင် (ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် နိုင်ငံကောင်းစားရေးရှေ့ရှုလိုသူ တို့ ) အုပ်စုနှစ်စု ပဋိပက္ခပြင်းထန်ခဲ့သည် ။ နှစ်ပေါင်းများစွာကြာပြီးသောအခါ ယခုခေတ်တွင်တော့ လူမည်းတွေကိုလွတ်လပ်ရေးပေးခဲ့သော သမ္မတလင်ကွန်းနှင့် လွှတ်တော်အမတ်များ မှန်သလား ၊ လူမည်းတွေကို ဂုတ်သွေးစုတ်ကာကျွန်စနစ်ကိုဆက်လက်ရှင်သန်စေလိုသူ ကွန်ဖက်ဒရေးရှင်းစနစ်ထောက်ခံသူ များမှန်သလားဆိုတာတော့ သမိုင်းကသက်သေခံခဲ့ပြီဖြစ်သည် ။ ကျွန်စနစ်ဖျက်သိမ်းမှုရလာဒ်အဖြစ်အမေရိကန်ပြည်ထောင်စုတွင် ကောလင်းပါဝဲလ်လို လူမည်း ကာကွယ်ရေးဝန်ကြီးတွေ ၊ကွန်ဒိုလီဇာရိုက်လို လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတွေ ၊ဘားရက်အိုဘားမားလို လူမည်းသွေးနှော သမ္မတတွေ ၊ မီရှဲအိုဘားမားလို လူမည်းသမ္မတ ကတော်တွေပေါ်ထွန်းလာပြီးနိုင်ငံကို အကျိုးပြုခဲ့မှုတွေကသက်သေခံနေပါသည် ။

    မြန်မာပြည်ကတော့ ဘာပဲဖြစ်ဖြစ်ကြာတတ်သည့်နိုင်ငံဖြစ်သည် ။ နောက်ကျတတ်သည့်နိုင်ငံဖြစ်သည် ။ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရကိုင်ရအလွယ်ကူဆုံးအဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင်အဆင့် ၁၇၁ ဆွဲလေသည် ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူခြင်းမလွယ်ကူခြင်းကို ကဏ္ဍ (၁၀)မျိုးနှင့်တိုင်းတာရာတွင် ကဏ္ဍပေါင်းစုံတွင်မြန်မာက အဆင့်နိမ့်နေသည်ဆို၏ ။ ထိုကဏ္ဍဆယ်မျိုးတွင် စီးပွားရေးလုပ်ငန်းတခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ယူခြင်း ၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ယာအဆောက်အအုံမှတ်ပုံတင်ခြင်း၊ချေးငွေရယူခြင်း၊ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးခြင်း၊အခွန်ဆောင်ရလွယ်ကူသောစနစ်ရှိခြင်း၊ ပြည်ပသို့ ကုန်ပို့ခြင်း၊စာချုပ်ပါအတိုင်း အာဏာတည်စေခြင်း၊ လူမွဲစာရင်းကြေညာမှု (ဒေ၀ါလီခံမှု)ကိုဖြေရှင်းခြင်းတို့ဖြစ်ကြသည် ။ ထိုအဆင့်တွေတိုးတက်မှုရှိအောင် သက်ဆိုင်ရာကကြိုးစား၏ ။ သို့သော် ခရုလိုတရွေ့ ရွေ့ သာ သွားလျက်ရှိသည် ။ နိုင်ငံလူမွဲခံယူမှုဥပဒေ ( Myanmar Insolvency Law) ပြဌာန်းရန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ကြန့်ကြာနေသဖြင့် နိုင်ငံ့အတွက်အရေးပါသော ဥပဒေကို အလျင်အမြန် ဆွေးနွေးပေးစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည် ။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်အခြားဥပဒေများတန်းစီနေသဖြင့် ထိုဥပဒေ ကို အလှည့်ကျစောင့်နေလျှင် ငါးလခန့်ကြာချင်ကြာမည် ၊ တနှစ်ခန့်ကြာချင်လဲကြာသွားနိုင်ဟု ဒုသမ္မတကပြောကြားသည် ။ အခုတော့နိုင်ငံအတွက် Doing Business ကမ္ဘာ့အဆင့်အများးကြီးတက်လာနိုင်တဲ့အတွက် ဒီဥပဒေကို နိုင်ငံအတွက်အရေးကြီးလို့  ဦးစားပေးလေးစီစဉ်ပေးပါလို့တော့ ပြောထားတာပဲ ဟု ဒုသမ္မတကဆို၏ ။ မြန်မာနိုင်ငံကား အလုပ်လုပ်ပုံအရာရာနှေးကွေးလှ၏ ။ သမ္မတအမိန့်နှင့်မူးယစ်ဆေးဝါးသွားရှာတာတောင်မှ အမိန့်ပေးသည့်အချိန်နှင့်သွားရောက်ရှာဖွေသည့်အချိန်သည် ငါးလခြောက်လလောက်ကွာခြားပေ၏ ။ လူသတ်မှုတခုဖြစ်သော ဦးကိုနီအသတ်ခံရမှုသည်လည်း သေသည်မှ (၂) နှစ်တိတိကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အမှုမှာ စီရင်ချက်မချနိုင်သေး ။ ဖြိုးကိုကိုတင့်ဆန်း နေပြည်တော်လေဆိပ်ဝယ်လက်နက်များမိသည့်အမှုတွင်လည်း အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုထားရာ တရားလိုပြသက်သေမှာ လူ လေးရာကျော် (၄၀၄ဦး) ရှိသည် ဟူ၏ ။ အံ့သြဘနန်းဖြစ်ရပ်ဆန်းပင် ။ ယခုအခါ လူ ၂၀၀ ကိုစစ်ဆေးထားသည်ဆို၏ ။ နောက်ထပ်စစ်ဆေးရမည့်လူပေါင်း ၂၀၃ ယောက်တိတိပင်ကျန်သေးသဖြင့် ထိုအမှုလည်း၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ပြီးပြတ်ဦးမည်မထင်ပေ။ ကျွန်တော်တို့နိုင်ငံသည် နှေး၏ ၊လေး၏ ၊ ဘာလုပ်လုပ်ကြန့်ကြာ၏ ။ အဘတွေနှင့် ၊၀န်ကြီးတွေနှင့် ၊ဘာတွေနှင့် ညာတွေနှင့် အသိမရှိလျှင် ဌာနဆိုင်ရာအားလုံးမှာ လိပ်လို နှေးအောင်အလုပ်လုပ်ကြ၏ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တခုကတော့ ခပ်သွက်သွက်ကလေး အရှိန်အဟုန်မြှင့်ကာဆောင်ရွက်လာတာတွေ့ ရ၏ ။ ဥပဒေအရာရှိဦးဟန်ထူးတို့ ၊ ရဲအုပ်ချစ်ကိုကို တို့အမှုကိုတရားရုံးသို့ပို့အပြီးတွင်  သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(လက်ရှိ  လက်ထောက်ညွှန်ကြားရေးမှူး ၊လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ သဲကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးခင်ဇော် တို့ကို အဂတိလိုက်စားမှုဖြင့် သဲကုန်းမြို့မရဲစခန်းတွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ က အမှုဖွင့်အရေးလိုက်သည် ။ မကြာပါချေ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးအပါအ၀င် ရှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကြားရပြန်သည် ။ ငါးသေးသေးလေးများ၊ အတန်အသင့်ကြီးသော ငါးအလတ်စားများကိုတော့ ဒယ်အိုးထဲတွင်စတင်ကြော်နေပေပြီ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်တံသည် ဤမျှမကကျယ်ပြန့်လာပြီး အရေးယူမှုများဆက်တိုက်ပြုလုပ်နိုင်ခဲ့လျှင် တိုင်းပြည်တွင် သောင်းကျန်းနေသော ခြများ နည်းပါးသွားပေလိမ့်မည် ။တရုတ်ပြည်ကဲ့သို့ ရာထူးကြီးသူများကိုရော အဂတိလိုက်စားသူမှန်လျှင်ဖော်ထုတ်အပြစ်ပေးအရေးယူပါမှတိုင်းပြည်ကောင်းလာပေလိမ့်မည် ။

     ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုတွေလာကြဖို့  စည်းရုံးလှုံ့ဆော်နေသည် ။ သို့သော်ကမ္ဘာ့စီးပွားရေးသမားတွေသည်အချဉ်တွေမဟုတ် ။ သူတို့လာရောက်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံ၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ရှုလေ့လာစမြဲဖြစ်သည် ။ မြန်မာတို့သည် ကြိုးနီစနစ်ဖြင့်အသားကျနေပြီး ဘယ်အရာမဆို ကြန့်ကြာအောင်လုပ်လေ့ရှိ၏ ။ အစိုးရရုံးဌာနများတွင် ကိုယ်လုပ်ရမည့်ကိစ္စကို အားတက်သရောမြန်မြန်ဆန်ဆန်ဆောင်ရွက်လိုစိတ်မရှိပေ ။ ကျွန်တော့်မိတ်ဆွေတယောက်သည် ရန်ကုန်တွင် လက်ဖက်ရည်နှင့်စားဖွယ်စုံ စားသောက်ဆိုင်ဖွင့်ရန် စည်ပင်ကိုဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ခွင့်ပြုမိန့်မှာတနေ့လာလည်း မရသေး၊ တလကြာလည်းမရသေး ၊ သုံးလလောက်ကြာမှ ခွင့်ပြုမိန့်ကျလာ၏ ။ လက်ဖက်ရည်ဆိုင်လေးဆောက်ဖို့ခွင့်ပြုမိန့်လေးတခုရဖို့  ရက် ၉၀ လောက် ဘာကြောင့်အချိန်ယူ နေရသလဲ စဉ်းစား၍မရပေ ။ ထိုသို့ ဘာမဟုတ်တာလေးကိုပင် အချိန်ယူ ညစ်ကွက်ဆင်ကြသောနိုင်ငံသို့ဘယ်နိုင်ငံခြားသားကမှ စက်ရုံအလုပ်ရုံတွေ ၊စီးပွားရေးလုပ်ငန်းတွေလာလုပ်ချင်မည်မဟုတ်ပေ ။ နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာသည် အဆင့် ၁၇၁ ရတာလည်းမဆန်းပေ ။ ၁၈၈ လောက်ပင်ရသင့်သေး၏ ။ စည်ပင်ကတမျိုး ၊ ထွေအုပ်ကတမျိုး ၊ အခွန်ကတမျိုး ၊ လျှုပ်စစ်ဌာနကတမျိုး ၊ ရဲကတမျိုး၊ မြေစာရင်းဌာနကတမျိုး ဌာနပေါင်းစုံရှိသမျှက ၀ိုင်းဝန်း ညစ်ကွက်သုံးနေကြသဖြင့် ကိုယ့်မြန်မာအချင်းချင်းပင် စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့ ဆလံသကြရသောနိုင်ငံဖြစ်သည် ။ ဘာလုပ်လုပ် တော်တော်နှင့်မပြီး ဌာနဆိုင်ရာများသို့ချောင်းပေါက်အောင် သွားရသောနိုင်ငံဖြစ်သည် ။ ယခုလည်း လာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလိုက်ပြီတဲ့ ။ ဘယ်လောက်ကြာပြီးဘယ်လိုနိဂုံးချုပ်ဦးမည်မသိ ။တိုင်းပြည်အတွက်ကြည့်ကြမှာလား၊ဘာလာလာကန့်ကွက်မှာလား။  အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးရဖို့ကြိုးစားသူတွေပြောလေ့ရှိသော စကားတခွန်းကိုပင်သတိရမိသည် ။

“အီစလံဝေ “ တဲ့ ။

တိုင်းပြည်ကမည်မျှ အီစလံဝေပြီးမှ ကောင်းလာမှာလဲ ၊ ကျွန်တော်တို့လဲမခန့်မှန်းတတ်ကြပါပြီတကား။



သရ၀ဏ်(ပြည်)

စောင့်​ကြည့်​ဂျာနယ်
၁.၂.၂၀၁၉

No comments:

Post a Comment