Thursday, February 21, 2019

ပါရဂူလက်မှတ် အတု (or) အရည်သွေးမမှီ ပြသနာ


Aung Myanmar (post)
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် Akamai "တက္ကသိုလ်"က ရာထူးဝန် ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင် ပါရဂူ လက် မှတ် အတု ကို ရန်ကုန်မြို့၌ ပေးအပ်ခဲ့သည် / Global New Light of Myanmar

https://burma.irrawaddy.com/news/2019/02/21/184047.html
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား
အရည်အသွေး မမီသည့် နိုင်ငံခြား ပညာရေး အဖွဲ့စည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အပေါ် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို စစ်ဆေး အရေးယူရန် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့နှင့် အဆိုပါ တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်မှုကို လူမှုကွန်ရက် စာမျက်နှာနှင့် သတင်း စာ ဂျာနယ်များတွင် ဝေဖန် ထောက်ပြ ရေးသားနေသူ၊ လက်ရှိ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပြည်သူ့ရေးရာ မူဝါဒ တက်ရောက်နေသည့် ကိုနေယံဦး၏ တိုင်ကြားစာနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က လက်မှတ် ရေးထိုးကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုနေယံဦးက“ကျနော်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ တွဲပြီး ပို့လိုက်တဲ့စာကို သမ္မတရုံးက လက်ခံရရှိပြီး တဲ့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့အသံကို အလေးအနက် ထားပြီး ဒီအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရာထူးဝန် အဖွဲ့ ကို စုံစမ်းစစ်ဆေးမယ်။ အပြစ်တွေ့မယ် ဆိုရင်လည်း ထိရောက်စွာ အရေးယူပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။

ရာထူးဝန် အဖွဲ့က ပြည်ပ ပညာရေး အဖွဲ့အစည်း နှစ်ခု ဖြစ်သော ဟာဝိုင်ယီမှ Akami Universtity၊ မလေးရှားမှ EDS Business School တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကိုနေယံဦး၏ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ်များကို အရည် အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။

ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ် ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက်ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။

တက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေ အလေအလွင့် မရှိခဲ့ကြောင်း၊ သုံးစွဲခဲ့သည့် ငွေကြေး ပမာဏမှာ ဘတ်ဂျက် ကိစ္စဖြစ်၍ အထက်တာဝန်ရှိသူများ၏ အတည်ပြုချက်ရမှ ရှင်းလင်း ထုတ်ပြန်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း တာဝန်ရှိ သူတဦးက ဆိုသည်။

အဆိုပါ တိုင်ကြားချက် အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။

ဦးမြင့်ဆွေက“ကျနော်တို့ရဲ့ ဆရာ ဆရာမတွေကို အရည်အသွေး မြှင်တင်ပေးဖို့ အတွက် သူတို့နဲ့ ညှိနှိုင်း ချိတ်ဆက် တာပဲ ရှိပါတယ်။ ဒါတွေသည် အရည်အသွေး မမီဘူး။ သက်ဆိုင်ရာ အစိုးရတွေက အသိအမှတ်မပြုဘူး ဆိုတဲ့ အတွက် စစခြင်း ကတည်းက ဒါတွေနဲ့ ဆက်မလုပ်တော့ပါဘူး ဆိုတာ သမ္မတ ရုံးကို တင်ပြထားပြီးသား။ သမ္မတရုံးက လည်း တင်ပြတဲ့ အပေါ် မူတည်ပြီးတော့ ပြန်ဖြေရှင်းမယ်။ အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်။ သီးခြားတော့ ပြောဖို့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်ရှိ ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေး ကိစ္စရပ်များ တွင် သာ ယင်းတက္ကသိုလ်နှစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ရှိပြီး ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူးများကို သင်တန်းပေးခြင်း၊ ဘွဲ့၊ ဒီဂရီ ပေးအပ်ခြင်းများ မပြုလုပ်ခဲ့ ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ တက္ကသိုလ်၂ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဇန်နဝါရီလက ရပ်ဆိုင်းခဲ့ကာ အများလက်ခံနိုင်ပြီး အဆင့် အတန်း ရှိသည့် ပြည်ပ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုလည်း ရာထူးဝန်အဖွဲ့က သိရ သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ့ ဝန်ထမ်းများအား စနစ်သစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်စေရန် ပြုပြင် ပြောင်းလဲ ရေး လုပ်ဆောင်ခဲ့သော်လည်း အလုံးစုံ မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် က နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ် ဆောင်ရွက်နေခြင်းကို ထောက်ခံကြောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် ရာထူးဝန်အဖွဲ့၏ ဘွဲ့အတု ကျောင်းအတု ပြဿနာ များ ကြောင့် အဆိုပါ မဟာဗျူဟာနှင့် ဝန်ထမ်းများကို ထိခိုက်နိုင်သည့် အတွက် တိုင်ကြားစာတွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

ဦးရဲထွဋ်က“ဒီလို ပြုပြင်ပြောင်းလဲရေးတွေ စတင်နေချိန်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဘွဲ့အတုအစစ် ပြဿနာ၊ ကျောင်းအတု အစစ် ပြဿနာတွေ ပေါ်လာတဲ့အခါ ဒီပြဿနာတွေကို စနစ်တကျ ဖြေရှင်းမှု မလုပ်ရင် နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တခုလုံး ထိခိုက်နိုင်တယ်လို့ မြင်တယ်”ဟု ပြောဆိုထားသည်။

ထို့ပြင် ၎င်းအနေဖြင့် ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟို ဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းပို့ချခြင်း၊ ဖခင် ဖြစ် သူ မှာ ရာထူးဝန် အဖွဲ့(ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့) တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖူး၍ ရာထူးဝန် အဖွဲ့၏ လုပ်ပိုင် ခွင့် နှင့် တာဝန်များကို သိရှိကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြဿနာများနှင့် ပတ်သက်ပြီး အမှန်တကယ် တာဝန် ရှိသူများထက် ဝန်ထမ်း တက္ကသိုလ်ရှိ နည်းပြများ၊ ဝန်ထမ်းများ အပေါ် အပြစ် ပုံကျသွားမည်ကို စိုးရိမ်မိ ကြောင်း လည်း ရေးသား ထားသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များက အကူအညီပေးနေသည့် အချိန်တွင် အဆင့် မမီ သည့် တက္ကသိုလ်များနှင့် ရာထူးဝန် အဖွဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း နှင့် မြန်မာနိုင်ငံကို ကူညီ ချင် သည့် ထိပ်တန်း တက္ကသိုလ် အများအပြား ရှိနေကြောင်း ကိုနေယံဦးကလည်း ပြောဆိုသည်။

လက်ရှိတွင် ကိုနေယံဦး၏ တိုင်ကြားစာကို သမ္မတရုံး ဝက်ဘ်ဆိုက်ရှိ သမ္မတံ ပေးစာ ကဏ္ဍသို့ အင်တာနက်မှ တဆင့် ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှလည်း နောက်ဆက်တွဲ သက်သေ အထောက်အထားများကို ဆက်လက် ပေးပို့သွားမည် ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရုံးများသို့လည်း ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မျိုး
ဧရာဝတီ

No comments:

Post a Comment