Tuesday, March 6, 2018

LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်း။



M Zaw Aung is with Maung May and 5 others.
9 hrsPathein
LNG ဓါတ်အားစက်ရုံများကို လေ့လာခြင်း။
မြန်မာနိုင်ငံမှာ အကြီးအကျယ် ဆောက်တောမယ် ဆိုတော့ မြန်မာအစိုးရ စွမ်းအင်ကော်မတီက အသေးစိတ် လေ့လာသိရှိထားပါပြီ။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေကတော့ ထုံးစံအတိုင်း အချက်အလက်များ တင်ပြပြီး လိုအပ်သည်များညွန်ကြားတာ ခေတ်အဆက်ဆက်က ဖြစ်ပါတယ်။ သေချာတာကတော့ ၀န်ကြီးအများစုဟာ ခေတ်ရေစီးကြောင်းနဲ့ မလိုက်နိုင်တဲ့အပြင် နည်းပညာဆိုင်ရာလည်း တကယ်အတွေ့အကြုံရှိတဲ့ အကြံပေးပုဂ္ဂိုလ်များ ရှိဟန်မတူပါဘူး။ ကုမဏီကြီးများက ပညာရှင်တွေကပဲ အုပ်ချုပ်သူများကို နားလည်အောင် ရှင်းပြရင်း ဘုရားလဲဖူး လိပ်ဥလဲတူး.. ကုမဏီအကျိုးရှိရမယ်၊ မြန်မာပြည်သူလူထုလဲ အကျိုးရှိရမယ် ဆိုတဲ့ အဆိုပြုချက်တွေ FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေ တင်ရပါတယ်။ စီးပွားရေးလောကမှာ စက်ရုံတစ်ခု ရောင်းချ၊ တည်ဆောက်ပေးမယ်ဆိုရင် ထိပ်ပေါင်း ခေါင်းဆောင် (ကုမဏီဆိုရင် ဒါရိုက်တာအဖွဲ့၊ အစိုးရဆိုရင် ၀န်ကြီးနဲ့သမ္မတ) လက်မှတ်ထိုး သဘောတူပြီးရင် အောက်က အရာရှိကြီးတွေ၊ အင်ဂျင်နီယာတွေ၊ စီမံဘဏ္ဍာတွေလဲ စာချုပ်အတိုင်း လုပ်ကြရပါတယ်။ ယုံကြည်မှုနဲ့ ပစ္စည်းဝယ်ရပါတယ်။ အပြင်လောက လုပ်ငန်းငယ်ကလေးများမှာလဲ ယုံကြည်မှုနဲ့ပဲ လုပ်ကိုင်နေကြတာပါပဲ။
.
ဒါလောက်ကြီးမားတဲ့ LNG ဓါတ်အားစက်ရုံကြီး တည်ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်းဆိုရင် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် FS ဆိုတဲ့ Feasibility Study & RFQ ဆိုတဲ့ Request for Quotation တွေလုပ်ရပါတယ်။ ဘတ်ဂျတ် တင်ဒါတော့အရင်ပေးရပါတယ်။ အနီးစပ်ဆုံး နေရာတစ်ခုမှာ ကုမဏီက လုပ်ဖူးတဲ့ စက်ရုံကို ညွှန်းပြီး ဒေါ်လာဘယ်နှစ်သန်း ကုန်ကျမယ်ဆိုတာ Budget Quotation လို့ခေါ်ပါတယ်။ အဲဒီဈေးနှုန်း နဲ့ အခြားအရေးကြီးတဲ့အချက်များကို သဘောတူညီချက်ရတာနဲ့ ငွေအား၊ လူအင်အားသုံးပြီး အသေးစိတ် ကုန်ကျစရိတ်နဲ့ အချိန်ကို လေ့လာ၊ ဆုံးဖြတ်ရပါတယ်။
.
ဒိလို ပရိုဂျက်စီမံခန့်ခွဲခြင်းများကို မြန်မာအစိုးရက သက်ဆိုင်ရာ ကုမဏီကြီးတွေကိုပဲ လုပ်ခိုင်းပါတယ်။ အစိုးရကိုယ်တိုင်လည်း လျှပ်စစ်စီမံကိန်းဦးစီးဌာနက အပြိုင်လုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်း ရပါတယ်။ ညှိနှိုင်း ဆွေးနွေးပွဲများစွာ လုပ်ပြီးမှာ အပြီးသတ် ဆုံးဖြတ်၊ လုပ်ငန်းစတင်ရပါတယ်။
.
အခု LNG ဓါတ်အားစက်ရုံက ရေတိုစီမံကိန်းဖြစ်တယ်၊ ဓါတ်ငွေမရှိလို့ (ထွက်တဲ့ဓါတ်ငွေ့တွေလဲ ဓါတ်အားပေးစက်ရုံလုပ်ဖို့တော့ မစဉ်းစားပဲ၊ ပြင်သစ် Total နဲ့ တရုပ် ကုမဏီတို့ဆီကို တနပ်စား ရောင်းစားပစ်လိုက်လို့) အခုလို တိုင်းပြည်ဒုက္ခရောက်သွားတာပါ။ ၂၀၂၂ နောက်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ဓါတ်ငွေ့တွေ ရလာဖို့ရှိတယ်။ အဲဒီအချိန်ကျမှ LNG ကို ရပ်ပြီး ကိုယ့်ဓါတ်ငွေ့နဲ့ပဲ လည်ပတ်မယ်လို့ အစိုးရက ပြောပါတယ်။
.
.
လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သတင်းစာရှင်းပွဲ
မြန်မာနိုင်ငံ လျှပ်စစ်လက်ရှိအခြေအနေနဲ့ စီမံကိန်းများကို တိကျတဲ့ အချက်လက်များနဲ့ ဖြေသွားတော့ အားလုံးငြိမ်သွားကြပါတယ်။ အင်ဂျင်နီယာကြီး တစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းများကို အရေထူနေတဲ့ ၀န်ကြီးဦးဝင်းခိုင်ကို လေးစားဂုဏ်ယူမိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ၂နှစ်ဝန်ကြီးလုပ်ခဲ့ပြီး အခုလျှပ်စစ်စွမ်းအင်ဝန်ကြီးအဖြစ် အကောင်းဆုံး လုပ်ဆောင်ဖို့ မျှော်လင့်ကြပါတယ်။ LNG ဓါတ်အားပေးစက်ရုံ (၄)ခု စီမံကိန်းအတွက် အင်တာဗျူး ဖြေကြားချက်ကတော့..။
.
(၁၀) မေး။ LNG စက်ရုံ(၄)ရုံ အခြေအနေအား ရှင်းလင်းပြောကြားပေးစေလိုပါတယ်ရှင့်။
ဖြေ ။ LNG စက်ရုံ (၄)ခုမှာ
(၁) တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် LNG သုံး စက်ရုံစီမံကိန်းမှာ TOTAL ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းဧရိယာအတွင်းတွင် ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီနှင့် ဂျာမဏီနိုင်ငံ SIEMENS ကုမ္ပဏီတို့၏ ရင်းနှီးမြှပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ် ၊ ဓာတ်အားပေးစက်ရုံတွင်သုံး စွဲမည့် LNG ကို Floating Storage Regasification Unit (FSRU) ဖြင့် ဓာတ်အားပေးစက်ရုံသို့ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပါတယ်၊ သဘာဝ ဓာတ်ငွေ့စက်ရုံမှာ Combined Cycle Power Plant ဖြစ်ပြီး Gas Turbine (၂)လုံး (၄၁၀ မဂ္ဂါဝပ်) နှင့် Steam Turbine (၁)လုံး (၄၁၀ မဂ္ဂါဝပ်) ထွက်ရှိ မှာဖြစ်ပြီး ၅၀၀ ကေဗွီ ကံပေါက်- မော်လမြိုင်- ဘုရားကြီး ဓာတ်အားလိုင်း (၂၈၀ မိုင်)၊ ၅၀၀ကေဗွီ ဓာတ်အားခွဲရုံနှင့် (FSRU) နှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းများပါဝင်မည်ဖြစ်ပါတယ်။
(၂) ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝန်းအတွင်းမြေလွတ်ပေါ်တွင် (၃၅၆ မဂ္ဂါဝပ်) LNG သုံးဓာတ်အားပေးစက်ရုံကို TTCL Public Company Limited ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ်။ဓာတ်အားပေးစက်ရုံတွင် သုံးစွဲ မည့် LNG ကို Floating Storage Regasification Unit ဖြင့် ရန်ကုန်မြစ်ဝ သံလျင်တွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်ထားပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှာ Gas Turbine(၂)လုံး(၁၁၇ မဂ္ဂါဝပ်) နှင့် Steam Turbine (၁)လုံး (၁၂၂ မဂ္ဂါဝပ်) အမျိုးအစား ဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားကို ၂၃၀ ကေဗွီ လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းဖြင့် ဓာတ်အား စနစ်အတွင်းသို့ ဖြန့်ဖြူးသွားမည် ဖြစ်ပါ တယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၂၁)သန်း ဖြစ်ပါ တယ်။
(၃) ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မီးလောင်ဂျိုင့်ဒေသ ၁၃၉၀ မဂ္ဂါဝပ် LNG သုံးဓာတ်အားပေးစက်ရုံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co., Ltd နှင့် မြန်မာနိုင်ငံ Supreme Trading Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ဓာတ်အား ပေးစက်ရုံတွင် သုံးစွဲမည့် LNG ကို Floating Storage Unit (FSU)Vessel ဖြင့် ၎င်းစက်ရုံအနီးတွင် ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့် သွယ်တန်းရန် စီစဉ် ထားပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine (၄)လုံး၊ ၂၄၅ မဂ္ဂါဝပ် Stream Turbine Generator(၂)လုံး၊ (Efficiency ၅၅.၂၃ %)ရှိပြီး ထွက်ရှိလာမည့် ဓာတ်အားကို မီးလောင်ဂျိုင့်-လှိုင်သာယာ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း(၁၇၀)မိုင်နှင့် ဓာတ်အားခွဲရုံများကို Built & Transfer (BT)စနစ် အခြေခံ၍ ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ (၂.၅၀၇)ဘီလီယံ ဖြစ်ပါတယ်။
(၄) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝန်းအတွင်းတွင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်နိုင်ငံ Sinohydro Corporation Limited(POWER CHINA)နှင့် မြန်မာနိုင်ငံ Supreme Trading Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့ကိုအသုံးပြု၍ ဓာတ်အားထုတ်လုပ်သွားရန် ဖြစ်ပါတယ်။
ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ် Gas Turbine (၂)လုံး၊ ၄၅ မဂ္ဂါဝပ် Stream Turbine Generator(၁)လုံး၊ (Efficiency ၅၅.၃၁ %)ရှိပြီး ထွက်ရှိလာမည့်ဓာတ်အားကို ၂၃၀ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနှင့် ခွဲရုံများမှတစ်ဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမည်။
စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၈၀)သန်း ဖြစ်ပါတယ်။
.
.
LNG အကြောင်း လေ့လာကြည့်ရှုခြင်း။
ဒါလောက် ကြီးမားတဲ့ LNG ဓါတ်ငွေ့အရည်ကို သုံးခြင်းဟာ အခုခေတ်မှာ တော်တော် ခေတ်စားလာပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ရင် ကမ္ဘာ ထိတ်တန်း အမေရိကန်နိုင်ငံရဲ့ ပွင့်လင်းမြင်သာစနစ်နဲ့ သတင်းအချက်အလက်တွေကို ဖောပြထားတဲ့ ၀က်ဆိုဒ်ကိုပဲ လေ့လာရပါတယ်။
.
https://www.eia.gov/naturalgas/
အဲဒီ ၀က်ဆိုဒ်မှာ သဘာဝဓါတ်ငွေကို LNG Liquid Natural Gas အဖြစ် အရည်လုပ်ပြီး တင်သွင်းတဲ့ နိုင်ငံများမှာ China becomes world’s second largest LNG importer, behind Japan ဆိုတဲ့ ခေါင်းစဉ် သတင်းက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ တရုပ်နိုင်ငံက ၂၀၁၅ နောက်ပိုင်း LNG အမြောက်အများ တင်သွင်းနေတာ 4.5 Billion Cu Ft per day အထိ ၂ဆခွဲ ၂နှစ်အတွင်း တင်သွင်းနေပါတယ်။ ဂျပန်ကတော့ နံပါတ်(၁) 11 billion Cu Ft per day ၊ တရုပ်နိုင်ငံ တင်သွင်းမှုက နံပါတ်(၂) တောင်ကိုးရီးယား ကို မှီလာပါတယ်။ နဲ့ ဟိုးကတည်းက ပုံမှန်တင်သွင်းနေခဲ့ပါတယ်။ အိန္နိယကတော့ စတ္တုထလိုက်ပါတယ်။
.
သဘာဝဓါတ်ငွေ ဈေးနှုန်းများကလည်း နေရာ၊ ဒေသ၊ ကာလအလိုက် အများကြီး အပြောင်းလဲ ရှိပါတယ်။ EIA အချက်အလက်များအရ ၂၀၁၇ ပျမ်းမျှ Natural Gas ပေါက်ဈေး (US$ per MMBtu) က ဒေသအလိုက်မတူကြပါ. . USA$2.40 UK$4.90 Japan$8.70 Myanmar$?. .၂၀၁၇ ဈေးနှုန်းတွေပါ. . EIA website ကို မှီးပါတယ်။
.
သြစတြေးလျှားမှာ လွန်ခဲ့တဲ့ ၅နှစ် ၁၀နှစ်ကတည်းက .P.P.P/B.O.T/B.O.O တွေလုပ်စားကြတယ်၊ မထိမ်းမသိမ်းနိုင်တော့.လျပ်စစ်ဈေးတွေက တနှစ်ကာလမှာ ၂ -ဆ နီးပါးတက်လာလို့ ..အခု..မနေသာတော့တဲ့ သတ္တုတွင်း ဘီလျံနာက..ကြားဝင်လာရှင်းပါတယ်။ သူလဲ တော်တော် ခံနေရလို့ ဖြစ်ပါလိမ့်မယ်။ တခါ ပြည်တွင်း..စွမ်းအင်ကုမ္မဏီတွေက..လျပ်စစ်ဈေးကို.. 18 $/ Gjol (US$ 15 cent per unit) နင့်ချုပ်ထားပါတယ် ။ .သြစတြေးလျှားက ထွက်တဲ့ အလွန်ကြးမားးသော..ဓါတ်ငွေ့ တွေကို..ပြည်ပကုမ္မဏီတွေကိုထုတ်လုပ်ခွင့်ချပေးရာမှာ..ပြည်တွင်းသုံး..လုံလောက်အောင်ပေးပြီးမှသာ..ပြည်ပပို့ ရမည်ဆိုသည့်..ကန့် သတ်ချက် ထဲ့မထားတော့..ပြည်ပကဈေးပိုပေးတာကိုဘဲ..အကုန်နီးပါးရောင်းနပါတယ် ။ အခု ..တိုင်းပြည်က ဓါတ်ငွေ့ ပိုလျံနေအောင်ထွက်ရှိပြီး..ပြည်တွင်းသုံးဓါတ်ငွေ့ ဈေးက..ပြည်ပနိုင်ငံတွေထက်ဈေးပိုမြင့်နေတော့..ပြည်တွင်းကုန်ထုတ်လုပ်မှုက..ကမ္ဘာ့ဈေးကွက်ကို..မယှဉ်နို်ငတော့..စီးပွားရေး. ပြိုင်ရန်. ခက်ခဲလာနေပါတယ် ။ သတ္တုတွင်းလုပ်ငန်းရှင်က..ပြည်ပကနေ ဓါတ်ငွေ့ ပြန်သွင်းပြီး..8 - 10 $ / Gjol နင့် ၅-နစ်တိတိ စာချုပ်ရောင်းချပါတော့မယ် ကြေငြာပါတယ်။ ဓါတ်ငွေ့ဈေးချိုချိုနဲ့ရတဲ့အပြင် သူဆောက်မဲ့ ဓါတ်အားပေးစက်ရုံအသစ်တွေက သက်သာတဲ့ China Technology သုံးထားမှာ ဖြစ်ပါမယ်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးခြင်းမှာ တရုပ်နည်းပညာနဲ့စီမံခန့်ခွဲမှုကြောင့် ကမ္ဘာ့ ဈေးအချိုဆုံး လျှပ်စစ်ဓါတ်အား တရုပ်ပြည်တွင်းမှာ ရပါတယ်။
.
မြန်မာနိုင်ငံက လိုအပ်တဲ့လျှပ်စစ်ကို တရုပ်၊ လာအို တွေကနေ မဟာဓါတ်အားလိုင်း ဆွဲပြီး ၀ယ်ယူသုံးစွဲနိုင်ရင်တော့ ရေတို LNG ထက် အဆင်ပြေနိုင်ပေမဲ့ ဖြစ်မလာသေးပါဘူး။ အခက်ခဲများစွာ ရှိနေပါသေးတယ်။ လျှပ်စစ်ကို လောက်တယ်၊ လောက်တယ် ကြေငြာနေရုံနဲ့မရပါဘူး.. အခုချိန်မှာ မြန်မာအိမ်သုံးထက် ၂ဆလောက် အဆင်သင့်ထုတ်နိုင်ပါမှ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုက လာမယ် ဆိုတာ မြန်မာခေါင်းဆောင်များ သိလို့ မြန်မြန်ထုတ်နိုင်တဲ့ LNG စီမံကိန်း လုပ်ရတယ်လို့ နားလည်ပါတယ်။ Asian Power Grid နဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဝယ်သုံးတာ LNG ထက်တော့ အများကြီးဈေးသက်သာမှာ သေချာပါတယ်။ ဘာကြောင့် မလုပ်သလဲ ဆိုတာတော့ အကြောင်းရှိမှာပါ။ မြန်မာပြည်မှာ ဆောက်လုပ်ရေးပဲ လုပ်ချင်ကြတယ်။ ပညာရေးမှုးလဲ စာမသင်ပဲ ကျောင်းဆောက်ချင်တယ်။ ကျမ်းမာရေးအကြီးအကဲက ဆေးရုံပဲ ဆောက်ချင်တယ်။ မြို့ပြအကြီးအကဲကလဲ တိုက်ခန်း၊ ကွန်ဒို၊ ရှော့ ပင်စင်တာပဲ ဆောက်ချင်တယ်။ ဒါကြောင့် ဓါတ်အားပေးစက်ရုံ ဆောက်ချင်တာ မဆန်းလှပါဘူး။
.
.
LNG ဓါတ်ငွေအရည်
သဘာဝဓါတ်ငွေများ အမြောက်အများထုတ်လုပ်ရင်း သယ်ယူပို့ဆောင်ဖို့ ပိုက်လိုင်းတွေ သွယ်တန်းရပါတယ်။ မဟာဓါတ်အားလိုင်း လျှပ်စစ်ကိုလည်း နိုင်ငံအများအပြား ဖြတ်ကျော် ရောင်းချ၊ ၀ယ်ယူသလိုပဲ ရေနံနဲ့ဓါတ်ငွေပိုက်လိုင်းတွေလဲ နိုင်ငံဖြတ်ကျော် တည်ဆောက် ရောင်းဝယ် ကြပါတယ်။ ပင်လယ်အောက် ကြမ်းပြင်မှာလဲ မြန်မာနိုင်ငံက ရဲတခွန်နဲ့ရတနာ ပိုက်လိုင်းများနဲ့ ထိုင်းနိုင်ငံကို ရောင်းချပါတယ်။ ကုန်းတွင်း ပိုက်လိုင်းကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရွှေဓါတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း တရုပ်ပြည် ကူမင်းမြို့အထိ တည်ဆောက်ပြီးလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ရပ်ခြားဒေသများ၊ ကုန်းတွင်းပိုင်းဒေသများအတွက် သဘာဝဓါတ်ငွေ့ကို အရည်လုပ်ထားတဲ့ Liquid Natural Gas စက်ရုံများစွာ ပေါ်လာပါတယ်။ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္နိယ နဲ့ အခု တရုပ်နိုင်ငံများက ၀ယ်ယူပြီး သင်္ဘောနဲ့ အမြောက်အများ သယ်ယူပို့ဆောင်နေကြပါတယ်။ ပင်လယ်ကမ်းခြေမြို့များမှာ LNG ပြောင်းပေးတဲ့ စက်ရုံများတည်ဆောက်ပြီး LNG Vessel ဆိုတဲ့ သင်္ဘောကြီးတွေ တည်ဆောက် သယ်ယူကြပါတယ်။ ဧရာမအလုံးကြီးတွေနဲ့ သိုလှောင်ပြီး၊ NLG ဓါတ်ငွေ့အရည်များကို သင်္ဘောကြီးများနဲ့ ပို့ဆောင်ပါတယ်။ ကုန်းတွင်းပိုင်းမှာတော့ လောင်စာဆီ သယ်တဲ့ ထရပ်ကားများနဲ့ပဲ သယ်ယူပို့ဆောင်ပါတယ်။ အထူးသဖြင့် အိန္နိယ၊ တရုပ်ပြည် ကုန်းတွင်းပိုင်းတွေမှာ လောင်စာဆီအစား LND ကို သုံးတဲ့ မော်တော်ယာဉ်များ၊ စက်ရုံများ၊ သင်္ဘောများမှာ LNG ခေတ်စားလာပါတယ်။ အရင်က CNG ဆိုတဲ့ Compressed Natural Gas ထက် ပိုများများ သယ်ဆောင်နိုင်ပြီး၊ ဘေးအန္တရယ်ကင်းအောင်လည်း နည်းပညာတွေ ဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ (Crd Ko Billy)
.
LNG ဓါတ်အားစက်ရုံကိုတော့ ဈေးကြီးလို့ တရုပ်နိုင်ငံမှာ သိပ်မသုံးပါဘူး။ တရုပ်နိုင်ငံကတော့ ကျောက်မီးသွေး နဲ့ သဘာဝဓါတ်ငွေ ဓါတ်အားစက်ရုံများ ၉၀% ဖြစ်ပါတယ်။ ရေအားလျှပ်စစ်နဲ့ ညူကလီယား၊ လေအား တွေက ၁၀%လောက် ရှိပါတယ်။
.
ကျနော် စင်ကာပူကုမဏီ Viking Engineering မှာအလုပ်လုပ်ချိန် လွန်ခဲ့တဲ့ ၁၀နှစ် (၂၀၀၇) ကတည်းက ကိုးရီးယားကုမဏီတစ်ခုနဲ့ ကန်ထရိုက်ယူပြီး LNG သင်္ဘောတွေအတွက် အတင်အချ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီအချိန်ကတည်းက တောင်ကိုးရီးယား၊ ဂျပန် နိုင်ငံများက LNG ကို အကျိုးရှိစွာ သုံးနေကြပါပြီ။ တိုးတက်တဲ့နိုင်ငံများပဲ သုံးတာမဟုတ်ပါ။ အိန္နိယနိုင်ငံလည်း ကုန်းတွင်းပိုင်း ဒေသများမှာ NLG က အကောင်းဆုံး သယ်ယူပို့ဆောင်နိုင်တဲ့အတွက် ၀ယ်ယူအသုံးပြုပါတယ်။
.
.
.
နိဂုံး (သုံးသပ်ချက်)
LNG ဓါတ်အားစက်ရုံများစာရင်းကို Wiki မှာကြည့်ပြီး 1000MW အထက် စက်ရုံကြီးများကို ရေတွက်ကြည့်ပါတယ်။ လျှပ်စစ်ဓါတ်အားဈေးကြီးတဲ့ ဂျပန်နိုင်ငံမှာတော့ 3000MW စက်ရုံပေါင်း ၁၈ခု တွေ့ရပါတယ်။ ဒုတိယအများဆုံးက တရုပ်နိုင်ငံဖြစ်ပါတယ်။ ၁၀ရုံ တွေ့ရပါတယ်။ 1000MW တွေချည်းပဲ ဖြစ်ပါတယ်။ တတိယ အများဆုံးကတော့ ရုရှားနိုင်ငံ ဖြစ်ပါတယ်။ စက်ရုံကြီးပေါင်း ၆ခု ရှိပါတယ်။ ဥစဘတ်တန်နိုင်ငံမှာ စက်ရုံကြီး၂ခု၊ အိန္နိယမှာလည်း စက်ရုံကြီး၂ခုနဲ့ စက်ရုံငယ် အမြောက်အများရှိပါတယ်။။ USA, UK, Isreal, Taiwan, Malaysia, Australia တွေမှာလည်း စက်ရုံကြီးတစ်ခုစီ ရှိပြီး၊ စက်ရုံငယ်များစွာ တည်ဆောက်လည်ပတ်နေကြပါတယ်။ စုစုပေါင်း 40MW ကနေ 5000MW အထိ ဓါတ်အားပေးစက်ရုံပေါင်း ၁၂၅ခု စာရင်းတွေ့ပါတယ်။ မြန်မာနဲ့ နီးစပ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများမှာ တစ်ခုမှ မတွေ့ရတာလဲ ထူးခြားပါတယ်။ နောက်တစ်ခု အမြောက်အများ တင်သွင်းနေတဲ့ တောင်ကိုးရီးယားမှာလဲ တစ်ခုမှ မတွေ့တာ ပိုပြီး ထူးဆန်းပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားမှာ အနည်းကျဉ်း တွေ့ရတာတော့ သူတို့မှာ ဓါတ်ငွေ အလွန်ပေါများတော့ လျှောက်လုပ်ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ $2 million per 1MW ကျသင့်တော့ ဈေးတော်တော်ကြီးတဲ့ LNG ဓါတ်အားစက်ရုံတွေ ဖြစ်မှာပါ။
.
LNG ဓါတ်အားစက်ရုံ ဆောက်မယ်ဆိုတော့ ထုံးစံအတိုင်း ဒီအလုပ်ဟာ နိုင်ငံခြားငွေနဲ့ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရမှာ ပိုက်ဆံ မရှိပါဘူး။ ရှိတာကတော့ လူတွေပါပဲ။ လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။ ရှိတဲ့ သယံဇာတတွေလဲ နှစ်ပေါင်းများစွာ ကန်ထရိုက်နဲ့ ရောင်းစားပြီးလို့မကျန်တော့ပါဘူး။ သယံဇာတကျိန်စာ ဖြစ်နေပါတယ်။ ပြည်နယ်များက သယံဇာတ ကျောက်စိမ်း၊ ရွှေ၊ သတ္တုမျိုးစုံ၊ ကျွန်းသစ် များကြောင့် လက်နက်ကိုင်သူပုန်များ နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေရပါတယ်။ ဒိတိုက်ပွဲတွေကို ရပ်တန့်စေဖို့ကတော့ ဥပဒေစိုးမိုးဖို့ လွယ်ကုတဲ့ တိုင်းဒေသကြီးတွေမှာ လျှပ်စစ်နဲ့ လမ်းတံတားတွေကို P.P.P/B.O.T/B.O.O စတဲ့ နိုင်ငံခြားကုမဏီများရဲ့ ငွေရင်းနှီးနဲ့ စနစ်တကျ လုပ်ကိုင်ဖို့ ခေါင်းဆောင်ကောင်းများစွာ လိုအပ်နေပါတယ်။ ထိပ်ဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တော့ရထားပြီး၊ အောက်ကလူတွေ LNG စီမံကိန်းကို ဘယ်နိုင်ငံ စံနမူနာယူပြီး လုပ်နိုင်မလဲ တော့မသိနိုင်ပါ။ အားလုံးတပြိုင်တည်း တည်ဆောက်မှာလား၊ တရုပ်နိုင်ငံကိုပဲ စံနမူနာယူမယ် လို့မျှော်လင့်ပါတယ်။
.
ဇော်အောင်
၆.မတ်.၂၀၁၈
.
.
ကိုးကား။
1. အမေရိကန်အစိုးရ IEA, https://www.eia.gov/naturalgas/
2. ၀ီကီပီဒီယာ အချက်အလက်များ Liquefied_natural_gas LNG_carrier List_of_natural_gas_power_stations
.
.
.
မဟာဓာတ်အားလိုင်းသစ်
▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲
မြန်မာနိုင်ငံ၌ တစ်ခါမျှ မတည်ဆောက်ဖူးသေးသော မဟာဓာတ်အား လိုင်းသစ်ကြီးအား တည်ဆောက်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည် ဆိုသည့် သတင်းကောင်းတစ်ရပ်ကို သိရှိရပါသည်။ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးသော မဟာဓာတ်အားလိုင်းတို့အနက် 230 KV ဓာတ်အားလိုင်းသည် အမြင့်ဆုံးဖြစ်ပါသည်။ ယခုတည်ဆောက်မည့် မဟာဓာတ်အားလိုင်းသစ်သည် 500 KV ဓာတ်အားလိုင်းဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် မဟာဓာတ်အားလိုင်းတို့၏ သဘော သည် ဗို့အားမြင့်မားသည်နှင့်အမျှ ခရီးလမ်းတစ်လျှောက် ဆုံးရှုံးမည့် လျှပ်စစ်ဓာတ်ပမာဏ နည်းပါးလေဖြစ်ပါသည်။ ဤအချက်က မြန်မာ နိုင်ငံ၌ ပထမဦးဆုံးတည်ဆောက်မည့် ၅ဝဝ KV မဟာဓာတ်အားလိုင်း၏ အရေးပါမှုကို မီးမောင်းထိုးပြသနေပါသည်။
ဤ ၅ဝဝKV မဟာဓာတ်အားလိုင်းသည် ကံပေါက်ဒေသမှနေ၍ ရေး-မော်လမြိုင်ဒေသကို ဖြတ်လျက် ရန်ကုန်မြို့အထိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည်ဟု သိရှိရပါသည်။ 500 KV မဟာဓာတ်အားလိုင်း၏ အရှည်သည် အကြမ်းဖျင်းအားဖြင့် ကံပေါက်ဒေသမှ ပဲခူး-ဘုရားကြီး ဝန်းကျင်အထိ ၄၅ဝ ကီလိုမီတာရှိမည်ဖြစ်ပါသည်။ အဆိုပါ 500 KV မဟာဓာတ်အားလိုင်း ဖြတ်သန်းရာဒေသတစ်လျှောက် လျှပ်စစ်ဓာတ် ရရှိတော့မည်ဖြစ်၍ ဤဒေသများရှိ ပြည်သူတို့၏ လူမှု-စီးပွားရေးဘဝ အခြေအနေအရပ်ရပ် တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ ထုတ်ပြန် ထားသော သတင်းတို့အရ ထားဝယ်ကံပေါက်ဒေသအပါအဝင် မော်လမြိုင် မြို့တို့၌ ကြီးမားသော လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို တည်ဆောက်သွား မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ တိုင်းရင်းသားပြည်သူတို့သည် လျှပ်စစ်ဓာတ်အားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။
ဥပမာအားဖြင့် ထားဝယ်ကံပေါက်ဒေသနှင့် မြိတ်မြို့တို့ကဲ့သို့သော ဒေသတို့၌ တစ်နိုင်တစ်ပိုင်မီးစက်တို့ကိုအားပြု၍ လျှပ်စစ်ဓာတ်အား အသုံးပြုရသောကြောင့် လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ၃၅ဝ ကျပ် ပေးရပါ သည်။ ဤ500 KV မဟာဓာတ်အားလိုင်းသစ်ကြီး ပြီးစီးသွားပါက လျှပ်စစ်မီတာခအား ရန်ကုန်မြို့၏ နှုန်းထားအတိုင်းသာ ပေးရတော့ မည်ဖြစ်ပါသည်။ ဤ 500 KV မဟာဓာတ်အားလိုင်းမှတစ်ဆင့် ဖြန့်ဖြူး ပေးသည့် လျှပ်စစ်ဓာတ်တို့ကို ကံပေါက် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်ပေးမည် ဖြစ်ပါသည်။ ကံပေါက် လျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ထုတ်လုပ်စွမ်းအားသည် ၁၂၃ဝ မဂ္ဂါဝပ်ရှိသည်ဖြစ်၍ မြန်မာ နိုင်ငံ၏ လက်ရှိအကြီးမားဆုံး မြင်းခြံဓာတ်အားပေးစက်ရုံထက် ငါးဆမက ကြီးမားမည်ဖြစ်ပါသည်။ ကံပေါက်လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ပြည်ပမှ တင်သွင်းမည့် LNG ကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲ၍ လည်ပတ် သွားမည်ဖြစ်ပါသည်။ ကံပေါက် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ အသုံးပြု မည့် သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ကိစ္စအရပ်ရပ်ကို က္ဘာကျော်ပြင်သစ် ရေနံကုမ္ပဏီ Total က စီမံခန့်ခွဲသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပိုင်းကို က္ဘာကျော် ဂျာမနီလျှပ်စစ်ကုမ္ပဏီ Siemens က ဆောက်လုပ်ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤကံပေါက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကိုသာ အောင်အောင်မြင်မြင် အကောင် အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်ထုတ်လုပ်ဖြန့်ဖြူး ရေး၌ ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကံပေါက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု အရပ်ရပ်အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။
.
.
.
ပြည်သူ့အစိုးရကတော့ တိုင်းပြည်အတွက် မကြုံဖူး မကြားဖူးတာတွေ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး လုပ်ပေးနေပြီ ... ဧရာဝတီတိုင်းသားတွေရေ ပျော်ပေတော့ ...
ဧရာတိုင်းသားတို့၏ အနာဂတ် သို့မဟုတ်
နိုင်ငံတော်၏ အဖြည့်စွမ်းအင်
================
မနေ့က နံနက် ၆ နာရီ မှ စပြီး ည ၈ နာရီ အထိပင်ပန်းခဲ့သမျှတွေ သည် အနာဂတ် မျော်လင့်ချက်တစ်စကြောင့်ပြေပျောက်ခဲ့ရတယ်
မနေ့က တိုင်းဒေသကြီး လျှပ်စစ် စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးနှင့်အတူရွှေသောင်ယံတံတားစီမံကိန်း, မီးလောင်ချိုင်(မီးလင်းချိုင်) LNG
Power Plant တည်ဆောက်မည့် နေရာ,
Ayayarwaddy DRRD Pilot
Project ဖြင့်တည်ဆောက်သော ရိုးမ ဖြတ်
လမ်းတို့ကို အတူလိုက်ပါစစ်ဆေးရင်း
အလွန်စိတ်ဝင်စားစရာကောင်းပြီး တိုင်းဒေသ
ကြီး၏ ဖွံ့ဖြိုးရေးနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင်
ဖြည့်စည်းမှု စီမံကိန်းကြီးအကြောင်း သိလိုက်
ရတော့ ယနေ့ပင်ပန်းမှုတွေပြေပြောက်ခဲ့ရလေ
ပြီ။ သူငယ်ချင်းတို့ကို မျှဝေချင်စိတ်ပြင်းထန်
လာခဲ့ရပါတယ်။
==================
ဧရာဝတီတိုင်းဒေသကြီးသည် လျှပ်စစ်ဓါတ်
အားရှိ မှု့ ၁၇% သာရှိသည်။ သို့အတွက်
စက်မှု ဇုံ အလားအလာသည် အလွန်ပင်ဝေးကွာလှသည်။
ထို့သို့သောစွမ်းအင် လို အပ်ချက်အတွက်
လျှပ်စစ် ဝန်ကြီး ဌာနသည် အမျိုးမျိုးသော
ရေအားလျှပ်စစ် ကျောက်မီးသွေး စသဖြင့် စီမံ
သည်။သို့ရာတွင် အကြောင်းအမျိုးမျိုး ကန့်
ကွက်မှုကြောင့်အဆင်မပြေပေ။ ထိုအခါ
အစိုးရသည် LNG ဟူသော Power
plant ကို စဉ်းစားပြီး လျှပ်စစ် အင်ဂျင်နီယာ
တို့အတွက် အိပ်မက်ဟု ခေါ်ဆိုနိုင်သော
စွမ်းအင်ကို ဖေါ်ဆောင်လိုက်တော့သည်။
LNG ဆို တာဘာလဲ?
LNG ဆိုတာ Liquefied Natural Gas ကိုခေါ်သည်။ကျတော်တို့က CNG
ကိုသာရင်းနှီးနေသည် CNG ကတော့
Compressed Natural Gas ကို
ဆိုသည်။
Methane နှင့် some mixture of Ethane
သဘာဝဓါတ်ငွေ့တို့ကို အရည်အဖြစ် ပြန်ပြောင်းပြီးသယ်ဆောင်၍ LNG
Power Plant သို့ပို့ကာ ဓါတ်ငွေဖြင့်
လျှပ်စစ် ဂျင်နရေတာကို လည်ပတ်၍ လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ်ပေးခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ကိုလဲ မထိခိုက်စေပါ။
ယခု ဧရာဝတီတိုင်းဒေသကြီး မီးလောင်ချိုင်တွင်တည်
ဆောက်ရခြင်းမှာ ပင်လယ်ကမ်းစပ်မှအနီးကပ်ဆုံး
အခြေအနေ Deep sea သည် 20 m ရှိ၍ ရွေးချယ်သည်။
သံတွဲ မှ ငရုတ်ကောင်းကမ်းခြေတစ်လျောက်
ကမ်းခြေအနက် တိုင်းတာမှု ၅ နေရာတွင်
ဤနေရာသည်သာ အကောင်းဆုံးအနေအထား
ဖြစ်သည်ဟုသိရသည်။
LNG ဓါတ်ငွေ့ရည်တင် သင်္ဘောကြီးဖြင့် သယ်ဆောင်၍ deep sea jetty တွင်ကပ်၍ LNG
Powee plant သို့ပို့မည်။ ထို သင်္ဘောသည်
တစ်နှစ်တွင် ၄ ခါ-၅ခါ လောက်သာကပ်မည်။
တန် ၃၀၀၀၀ အထိသယ်နိုင်သည်။
ထိုသင်္ဘောကြီးအတွက် လှိုင်းကာ RCC Wall
ပင်လယ်ထဲတွင်တည်ဆောက်ရမည်။ မုန်တိုင်းနှင့်
ဆူနာမီဒဏ်ခံနိုင်ရန်ဖြစ်သည်။
၃၆ လ ကြာမြင့်မည့် ထို့စီမံကိန်းကြီးကို Zhefu
Supreme ကုမ္ပဏီ မှ တည်ဆောက်မှာဖြစ်သည်။
ယခု စီမံကိန်းသည် မဂ္ဂါ ဝပ် ၁၃၉၀ ဖြစ်သည်။
ယနေ့ တစ်နိုင်ငံလုံး အသုံးပြု နေသော လျှပ်စစ်မှာ
မဂ္ဂါဝပ် ၃၀၀၀ ကျော်သာရှိ၍ တစ်နိုင်ငံလုံးအသုံးပြု
မှု စွမ်းအင်၏ ထက်ဝက်နီးပါ ရရှိမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က မြန်အောင်
လျှပ်စစ်စက်ရုံကြီးကို အားကျမိသည်။ ထိုစက်ရုံ
မှ လျှပ်စ်ဓါတ်အား ၁၂ မဂ္ဂါ ဝပ်သာ ထုတ်နိုင်သည်
ကို သိရှိရမှသာအခါမှ ယခု LNG စီမံကိန်းနှင်ယှဉ်မိသညိ။
ဧရာဝတီတိုင်းဒေသကြီးအတွက် စက်မှုဇုံကြီးမျာ SME များ ပြည်သူအများအတွက်လုံလောက်ပြီး
ရန်ကုန်မြို့တော်နှင်အခြားတိုင်းနှင့်ပြည်နယ်တို့လို အပ်ချက်များကို ဖြည်း
စည်းပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဋ္ဌာန အနေဖြင့်
စွမ်းအင်ကဏ္ဌအသီးသီး ချဲ့ထွင် ထုတ်လုပ်ရန်
လုပ်ဆောင်နေသည်ဟု သိရသည်။
သို့မှသာ ကုန်ထုတ်လုပ်ငန်းများလျင်မြန်စွာတိုးတက်
လာမည်ဖြစ်သည်။
(မျော်လင့်ချက် တစွန်းတစ)
Moe Zaw

No comments:

Post a Comment