Wednesday, November 7, 2018

အင်ဂျင်နီယာဆိုတာ သူခိုးလား ဆွေးနွေးခြင်း


၂၀၁၈၊ နိုဝင်ဘာလ ၅-ရက် (ယနေ့) ထုတ် မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ (Myanmar Times Daily) အတွဲ ၂၊ အမှတ် (၂၉၂) မှာ ဖော်ပြပါရှိတဲ့ ကျနော့် ဆောင်းပါး "အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ" ...

အလွယ်တကူဖတ်လို့ရအောင် အပြည့်အစုံ ပြန်တင်ပေးလိုက်ပါတယ်။

#အင်ဂျင်နီယာ၊ ကျင့်ဝတ်နဲ့ အယူလွဲများ

အောက်တိုဘာလ ၁၉-ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနားခရီးစဉ်မှာ တစ်ဖက်ကနေတာဝန်သိတတ်မှု၊ တစ်ဖက်ကနေ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကြိုးပမ်းမှု၊ ဒီနှစ်ခု ချိန်ခွင်လျှာညီမျှအောင် ပြည်သူတစ်ဦးချင်းက လုပ်ဆောင်သွားရင် တိုင်းပြည်ဟာ နေ့ချင်းညချင်း ချမ်းသာလာနိုင်တယ်။ ဒီအတွက်လည်း ကြိုးစားလေ့ကျင့်ယူရမယ် လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၈-ရက်နေ့မှာလည်း သမ္မတကြီးဦးဝင်းမြင့်က စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်ပါက ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်မယ် လို့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်နှစ်ဦးရဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပြောကြားချက်ဟာ ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အတွက်၊ တိုင်းပြည်အကျိုးအတွက် ပြောကြားချက်တွေပဲ ဖြစ်ပါတယ်။ အရေးတကြီး လိုက်နာဖို့ လိုအပ်နေတဲ့ လမ်းညွှန်မှုတွေလည်း ဖြစ်ပါတယ်။ သူတို့ ပြောကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေး တို့ဟာ ဆက်စပ်မှုလည်း ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ စီမံကိန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေက တာဝန်သိတတ်မှုမရှိဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးလို့ ယူဆပြီး အဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှုတွေ ရှိနေရင် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးရမှာ ဖြစ်လို့ပါ။

ဒီလို ဖြစ်ရပ်တွေ အရင်ကတည်းက ရှိနေတယ် ဆိုတာလည်း ကြားနေရရုံမက မကြာသေးမီကလူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ပေါ်က ပို့စ်တစ်ခုကြောင့် အင်ဂျင်နီယာလောကမှာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။

"အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်ဂျင်နီယာတစ်ယောက်က ပို့စ် ရေးတင်လိုက်ပါတယ်။ ပို့စ်ပိုင်ရှင်က ဌာနဆိုင်ရာတစ်ခုမှ တာဝန်ကြီးကြီးရှိသူ ရာထူးကြီးကြီးအင်ဂျင်နီယာတစ်ယောက် လို့သိရပါတယ်။ Like လုပ်ကြတာ၊ Share လုပ်ကြတာ ထောင်ဂဏန်း ရှိပြီး Comment တွေမှာလည်း အမျိုးမျိုး ငြင်းခုံဝေဖန်ကြပါတယ်။

အဲဒီမှာ ဆရာဝန်တစ်ဦးက "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး ပြန်ဖြေလိုက်ပါတယ်။ သူကလည်း ဌာနဆိုင်ရာတခုက အရာရှိကြီးတစ်ဦးလို့ ပြောကြပါတယ်။ အဲဒီပို့စ်မှာလည်း Like တွေ၊ Share တွေ၊ Comment တွေ ပလူပျံပါတယ်။

ဒီတော့ ပြန်ပြီးဖြေထားတဲ့ပို့စ်နဲ့ ပတ်သက်လို့ အရင်ပြောရရင် စာကိုယ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက လက်ခံနိုင်စရာ ရှိပေမဲ့ ခေါင်းစဉ်ကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ "အင်ဂျင်နီယာဆိုတာ သူခိုးတွေ" လို့ ခေါင်းစဉ်တပ်ရင် ဘာကြောင့်ပဲရေးရေး၊ စာကိုယ်မှာ ဘယ်လိုပဲ ရေးထားရေးထား ဒါဟာ အင်ဂျင်နီယာအားလုံးကို 'သူခိုးတွေ' လို့ သိမ်းကျုံးစော်ကားရာရောက်ပါတယ်။ ခေါင်းစဉ်ဆိုတာ ဆက်ရေးမယ့် စာကိုယ်ပါ အကြောင်းအရာတွေကို ထင်ဟပ်ဖော်ပြချက်သာ ဖြစ်ရတယ်၊ တလွဲစီမဖြစ်ရဘူး ဆိုတာ စာရေးသူတိုင်း သိတဲ့ အခြေခံအကျဆုံးအချက်ပါ။

ဒီခေါင်းစဉ်ကိုဝိုင်းဝေဖန်ကြ၊ ကန့်ကွက်ကြလို့ နောက်ပိုင်းမှာ ခေါင်းစဉ်ကို 'အင်ဂျင်နီယာဆိုတာသူခိုးတွေလားလို့ မေးလို့ ဖြေရရင်' ဆိုပြီး ပြန်ပြင်လိုက်ပါတယ်၊ ဒါကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒီတော့ သူ့ပို့စ်နဲ့ ပတ်သက်လို့ ဆက်ပြောစရာ မရှိတော့ပါဘူး။

ဆက်ပြောစရာရှိတာက မူရင်းပို့စ်ပါ။ အဲဒီမှာ ဒီအင်ဂျင်နီယာက တည်ဆောက်ရေး လုပ်ငန်းတွေကို "အမြတ်အစွန်းတင်မတောင်းရင်တောင် အလေအလွင့်ဆောင်းပေးထားတာကို စနစ်တကျ စီမံဆောင်ရွက်နိုင်ရင် ရတဲ့အကျိုးအမြတ်နဲ့ လေယာဉ်ဝယ်စီးလည်းရပါတယ်" လို့ ရေးထားပါတယ်။ ဥပမာတွေလည်း နည်းနည်းပြထားပါတယ်။

အဓိကပြောချင်တာက အဲဒီအချက်ပါပဲ။ သူဆိုလိုတာက စီမံကိန်းကနေ ပစ္စည်းခိုးရောင်းတာ မဟုတ်ဘဲ အလေအလွင့်ဆောင်းပေးထားတာကနေပဲ အကျိုးအမြတ်ယူရင် ခိုးတာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။

ဒါတွေဟာ နိုင်ငံ့ခေါင်းဆောင်များ မိန့်ကြားသွားတဲ့ တာဝန်သိတတ်မှု၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ စီမံကိန်းများမှာ ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးရေးဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။

သူ့ အယူအဆဟာ တကယ်တော့ လုံးဝ မှားယွင်းတဲ့အယူအဆပါ။ ဘယ်လို မှားယွင်းသလဲ ဆိုရင် ...
၁) တွေးခေါ်ပုံ (Way of thinking) အရ ...
၂) ကျင့်ဝတ် (Ethics) အရ ...
၃) ကျင့်ထုံးစည်းမျဉ်း (Practice) အရ ... မှားယွင်းပါတယ်

တွေးခေါ်ပုံအရ ဘယ်လိုမှားယွင်းလဲ ဆိုရင် ...
အပိုဆောင်းပေးထားတာကို ကိုယ်ကျိုးသုံးတာဟာ ခိုးတာမဟုတ်ဘူးဆိုရင် 'လိမ်တာ'၊ 'အလွဲသုံးစားလုပ်တာ' ဖြစ်ပါတယ်။ တနည်းအားဖြင့် မရိုးမသား ဆောင်ရွက်တဲ့ အဂတိပါပဲ။ အဲဒါကို တရားဝင်လုပ်ခွင့်ရှိတယ်လို့ ထင်နေတာကိုက မှားယွင်းတဲ့ အတွေးအခေါ်ပါ။ သူပြောတဲ့နည်းက တရားဝင်လုပ်ကြတာ ရှိပါတယ်။ အဲဒါက ကန်ထရိုက်တာ (Contractor) အနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် စီမံကိန်းကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဌာနဆိုင်ရာ အင်ဂျင်နီယာ ဝန်ထမ်းက လုပ်ရမှာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကန်ထရိုက်တာ ထင်သွားလို့လားတော့ မသိပါ။

ကျင့်ဝတ်နဲ့ကျင့်ထုံးစည်းမျဉ်းအရ မှားယွင်းမှုကတော့ ဘယ်စီမံကိန်းမှာ မဆို ဘာပစ္စည်းဖြစ်ဖြစ် ပိုနေရင် ပြန်အပ်ရပါတယ်။ အိတ်ထဲထည့်ပြီး အိမ်ယူသွားခွင့်၊ ရောင်းစားခွင့် မရှိပါ။ လေယာဉ်ပျံမဆိုထားဘိ ဖိနပ်တောင် ဝယ်စီးခွင့်မရှိပါ။ ကုန်ကျစရိတ်အမှန်အတိုင်း စာရင်းတင်ပြရပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံတကာကုမ္ပဏီအမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပ အဆောက်အဦးဆောက်လုပ်ရေး (Building Construction) နယ်ပယ်မှာရော ရေနံနဲ့သဘာဝဓာတ်ငွေ့ (Oil & Gas) နယ်ပယ်မှာပါ စီမံကိန်း (Project) အမျိုးမျိုးလုပ်ခဲ့ဖူးပါတယ်။ ဆောက်လုပ်ရေး (Construction) အနေနဲ့ရော လုပ်ငန်းလည်ပတ်ရေး (Operations) အရပါ လုပ်ရတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ ဟိုတယ်၊ ကမ်းလွန်စင်မြင့် (Offshore platform)၊ ကုန်းတွင်းပိုက်လိုင်း (Onshore pipeline)၊ ပင်လယ်ရေအောက်ပိုက်လိုင်း (Subsea pipeline) ဆောက်လုပ်ရေး စီမံကိန်း တွေမှာ သာမက တခြား Operational Project တွေလည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဘယ်ပြည်တွင်းပြည်ပ စီမံကိန်းမှာမှ သူပြောထားသလို လုပ်ခွင့်မရှိပါ။

ပိုပြီးဆိုးတာက နောက်ထပ် အင်ဂျင်နီယာတစ်ဦးရဲ့ မှတ်ချက်ပါပဲ။ သူပြောထားတာက ... "အင်ဂျင်နီယာကျင့်ဝတ်စာအုပ်လေး ချပြရမလား? အလေအလွင့်အတွက် factor တွေ ထပ်ပေါင်းယူတာကို safety ယူတာလို့ ခေါ်ပါတယ်ဗျာ။ အလေအလွင့်မဖြစ်အောင် လုပ်ရတာကလည်း ပညာသားပါပါ စီမံခန့်ခွဲရတာပါ။ အလေအလွင့်နည်းပါးပြီး ပိုတဲ့ဟာက ပညာရှင်ဆန်ဆန် အလုပ်လုပ်နိုင်တဲ့အတွက် ရရှိတဲ့ ထပ်ဆောင်းအကျိုးအမြတ်တစ်ခုပါ။ အလေအလွင့် ဖြစ်ခဲ့ရင်လည်း အဲဒါက ကုန်မှာပဲလေ။ အလေအလွင့်နည်းအောင် အလုပ်ကို သေချာ စီမံခန့်ခွဲလိုက်တော့ ပိုတဲ့ဟာတွေ အကျိုးအမြတ် ရယူတာက ခိုးတယ်လို့ မဆိုလိုနိုင်ပါဘူး။ သေချာ စီမံခန့်ခွဲနိုင်တဲ့ ပညာအတွက် အကျိုးအမြတ်ခပါ။ ရတဲ့လစာက အင်ဂျင်နီယာပညာအတွက် ရတဲ့ဝင်ငွေပါ။ လုပ်ငန်းပိုင်းကျွမ်းကျင်လို့ ပညာခပိုရသွားတယ် လို့ပဲ ပြောပါရစေ။ ကျွန်တော်တို့ Ethics စာအုပ်ထဲမှာလည်း ပညာရပ်အတွက် အကျိုးအမြတ် မယူရဘူးလို့ မပါပါဘူးဗျ" ရယ်လို့ ဖြစ်ပါတယ်။

ဒါဟာ အတော်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်ပါ။ Ethics အရ မှားယွင်းပြီး Professional လုံးဝ မပီသတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။ ဘယ်အင်ဂျင်နီယာကျင့်ဝတ်ကမှ အလွဲသုံးစားမှုကို ခွင့်ပြုမထားပါ။

အပိုဆောင်းပစ္စည်းဆိုတာ လိုအပ်ချက်အရ ထားရပါတယ်။ Stock Allowance ခေါ်ပါတယ်။ ဘယ်တော့မှ လိုသလောက် အတိအကျလေးပဲ ဝယ်ထားလို့ မရပါ။ အလေအလွင့်နည်းပါးအောင်လည်း စီမံခန့်ခွဲရပါတယ်။ ဒါလည်း ပညာတစ်ခုပါပဲ။ အဲဒီအထိ မှန်ပါတယ်။ ဒါပေမယ့် ပိုနေရင် ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ ရောင်းစားလို့ မရပါ။ ကုန်ကျစားရိတ်စာရင်း အမှန်အတိုင်း တင်ပြရပါတယ်။ လိမ်မတင်ရပါ။ အဲဒီလို လိမ်ရင် သူခိုးအင်ဂျင်နီယာ မဟုတ်ရင်တောင် လူလိမ်အင်ဂျင်နီယာ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အလွဲသုံးစားပြုတာဟာ ပညာသည်ကျင့်ဝတ် (Professional ethics) ကို ချိုးဖောက်ခြင်းပါ။

ဥပမာတစ်ခု တင်ပြရရင် ကျွန်တော်တို့ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်တဲ့အခါ ပိုက်လိုင်းအရှည်နဲ့ ပိုက်အရှည်အရ လိုအပ်တဲ့ ပိုက်အရေအတွက်ကို အတိအကျတွက်လို့ရပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အရေအတွက်ထက် ၁၀% လောက် အပိုဆောင်းပြီး ဝယ်ရပါတယ်။ ဖြတ်တာ တောက်တာ ပြင်ဆင်တာတွေအတွက် အပိုအလိုရယ်၊ လုပ်မှားကိုင်မှားကြောင့်၊ သဘာဝဘေးကြောင့် ပျက်စီးတာတွေကို အစားထိုးဖို့ရယ်ပါ။ ပိုတာက အမြဲပိုပါတယ်။ ပြီးသွားရင် ပိုနေတဲ့ ပိုက်တွေကို ကျနော်တို့ ရောင်းစားပြီး ခွဲမယူရပါဘူး။ ကုမ္ပဏီကို ပြန်အပ်ရပါတယ်။ Maintenance အတွက် Spare pipe တွေအဖြစ် သိမ်းထားရပါတယ်။ (တန်ဘိုးကို မြင်သာအောင် ပြောရရင် ၁၀-လက်မ API 5L X65 သံမဏိပိုက်တစ်လုံးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၀၀ ခန့် ရှိပါတယ်၊ ပိုက်လိုင်းအရှည်တွေဆိုရင် အလုံး ၅၀-၁၀၀ လောက် အမြဲပိုလေ့ရှိပါတယ်)။

ဒါဆိုရင် တာဝန်ရှိအင်ဂျင်နီယာက သူ့စီမံကိန်းကို သူကန်ထရိုက်ပြန်ဆွဲပြီးရော လုပ်လို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ကျင့်ဝတ်အရဆိုရင် မရပါ။ လုပ်ခွင့်မရှိပါ။ အကျိုးစီးပွားချင်းပဋိပက္ခ (Conflict of Interest) ဖြစ်လာနိုင်တာကြောင့်ပါ။ နိုင်ငံတကာကုမ္ပဏီတွေရဲ့ Code of Conduct မှာ အတိအလင်း တားမြစ်ထားပါတယ်။

ပိုဆိုးတာက မူရင်းပို့စ်ပိုင်ရှင်ရဲ့ 'စကားလက်ဆောင်' ဆိုတာလေးပါ။
"အကျိုးအမြတ်
ဆိုတဲ့စကားကိုသာ
လက်မခံကြရင်
သမ္မတတောင်
သူ့ထမင်းတလုပ်အတွက်
ကိုယ်တိုင်စပါးစိုက်နေရပါလိမ့်မယ်။" တဲ့ ...

အဲဒါ 'အကျိုးအမြတ်' ကြောင့်မဟုတ်၊ လုံးဝမဟုတ်၊ မဟုတ်ရေးချ မဟုတ်ပါ။ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု (Division of Labour) နဲ့ အကျိုးအမြတ်ကို ခွဲခြားနားမလည်ခြင်းသာ ဖြစ်ပါတယ်။ လူဆိုတာ စားဝတ်နေရေးအတွက် လိုအပ်သမျှ အရာအားလုံးကို ကိုယ်တိုင် တဦးတည်း မလုပ်နိုင်တဲ့အတွက် အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှု ပြုကြရပါတယ်။ အဲဒီလို ခွဲဝေခုပ်ကိုင်မှု မရှိမှသာ ကိုယ်စားဖို့ စပါး ကိုယ်တိုင်စိုက်၊ ကိုယ်စားမယ့်ဆီ ကိုယ်တိုင်ကြိတ်၊ ကိုယ်စားမယ့်အသား ကိုယ်တိုင်အမဲလိုက် လုပ်ရမှာပါ။ လုံးဝ တလွဲတချော် ဥပမာကို ပြခြင်းသာ ဖြစ်ပါတယ်။

အလုပ်လုပ်ရင် အကျိုးအမြတ်က ရှိရမယ်ဆိုတာ မှန်ပါတယ်။ အင်ဂျင်နီယာဝန်ထမ်းတွေအတွက် အကျိုးအမြတ်အနေနဲ့ လစာနဲ့ အခြားအခွင့်အရေးတွေ (ဆုကြေး၊ နေအိမ်၊ ကား ... စသဖြင့်) ရထားပါတယ်။ အဲဒီထက်ပိုပြီး ယူခွင့်မရှိပါ။ နည်းတာ များတာ ပြောဖို့မလိုပါ။ နည်းလို့၊ မလောက်ငလို့ ဆိုပြီး မသမာမှု ပြုလို့မရပါ။ နည်းလို့ မလောက်ငရင် များများရတဲ့ဆီ သွားလုပ်ချင်လုပ်၊ မလုပ်ရင် တခြားသမ္မာအာဇီဝနည်းနဲ့ ဝင်ငွေရှာ ဖို့ပဲ ရှိပါတယ်။ ခိုးတဲ့ လိမ်တဲ့၊ အလွဲသုံးစားလုပ်တဲ့နည်းနဲ့ ဖြေရှင်းတာ လက်ခံနိုင်စရာ မဟုတ်ပါ။

ဝမ်းနည်းစရာကောင်းတာက ရာထူးနဲ့တာဝန် ကြီးကြီးမားမား ယူထားရတဲ့ အင်ဂျင်နီယာတချို့ရဲ့ တွေးခေါ်ယူဆပုံတွေ ဒီလောက်တောင် လွဲမှားနေတာပါပဲ။ စိုးရိမ်စရာလည်း ကောင်းပါတယ်။ စီနီယာအင်ဂျင်နီယာတွေဟာ နောင်မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို ပညာရပ်ပိုင်းသာမက အတွေ့အကြုံ၊ အတွေးအခေါ်၊ လုပ်နည်းကိုင်နည်းတွေပါ လက်ဆင့်ကမ်း ဝေမျှရပါတယ်။ ဒီလို အတွေးအခေါ် မျိုးနဲ့သာ ဆိုရင် လူငယ်မျိုးဆက်သစ်အင်ဂျင်နီယာတွေ အတွက် ရင်လေးမိတာကြောင့် ဒီစာကို ရေးပါတယ်။

ဒီတော့ "အင်ဂျင်နီယာဆိုတာသူခိုးလား" ဆိုတဲ့ မေးခွန်းအတွက် ကျနော့်အဖြေကတော့ "နိုး" ပါ။

အင်ဂျင်နီယာတိုင်း သူခိုးမဟုတ်ပါ။ ဒီလောက်ဆို သူခိုးအင်ဂျင်နီယာဆိုတာ ဘာလဲ၊ လူလိမ်အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတာ သိသာလောက်ပါပြီ။

ဒီလိုလုပ်တာ အလွဲသုံးစားလုပ်ခြင်းမှန်း သိလျက်နဲ့ဖြစ်စေ၊ တရားဝင် လုပ်ခွင့်ရှိတယ် ထင်လို့ ဖြစ်စေ ဒီလို အလွဲသုံးစားလုပ်မှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများ ရှိနေရင် အမြန်ဆုံးကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

အမှားကို အမှန်ထင်နေတဲ့ အမြင်မှား၊ အကျင့်မှားတွေလည်း အမြန်ဆုံး "ပြောင်းလဲချိန်တန်ပြီ" ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

#ဟယ်ရီလွင်
.
.........
..အင်ယာ သူခိုးလား?
https://m.facebook.com/story.php?story_fbid=10157535710364587&id=763419586


No comments:

Post a Comment