Monday, October 29, 2018

Industry 4.0 နဲ့ စင်ကာပူ. အင်ဒိုနည်းရှား


စတုတ္ထမြောက် စက်မှုတော်လှန်ရေး နဲ့ ကျနော်တို့ မြန်မာပြည် (Ye Min"s post)
----------------------------------------------
ပြီးခဲ့တဲ့ တပတ်ကျော်က စင်ကာပူမှာ ၃ ရက်ကြာကျင်းပတဲ့  Industrial Transformation ASIA-PACIFIC, - HANNOVER MESSE ဆိုတဲ့ ပွဲတပွဲ တက်ခွင့်ရခဲ့တယ်။ HANNOVER MESSE သို့ HANNOVER Fair ဆိုတာ ၁၉၄၇ ကတည်းက  ဂျာမဏီ ဟန်နိုဘာ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ကုန်စည် ပြပွဲကြီးပါ။ ဒီကုန်စည် ပြပွဲမှာ ကုမ္ပဏီကြီးများရဲ့  စက်မှုနည်းပညာ အသစ်ကို ချပြတဲ့ပွဲပါ။ နောက်ပြီး ဒီပွဲကို အာရှမှာ စတင်ကျင်းပတာ ဒါ ပထမဆုံးပါ။

ဒီပွဲကို စင်ကာပူရဲ့   ကုန်သွယ်ရေးနဲ့ စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon, လက်ရှိ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီး Chan Chun Sing ၊ အင်ဒိုနီးရှား စက်မှု ဝန်ကြီး  Airlangga Hartarto ၊ စင်ကာပူမှာ ထိုင်တဲ့ ဂျာမဏီ သံအမတ်ကြီးတို့ တက်ရောက်ကြပါတယ်။

သူတို့ အဓိက ပြောကြတာတော့ Industry 4.0 လို့ခေါ်တဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး အကြောင်းပဲ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ခေတ်ဟာ  စတုတ္ထမြောက် စက်မှုတော်လှန်ရေး ခေတ်ထဲကို ရောက်နေပြီး ပြောင်းလဲမှုက အရမ်းမြန်နေတယ်။ ဒီနေ့ခေတ် Digital Era လို့လဲ ခေါ်ကြတယ်။

စင်ကာပူရဲ့   စက်မှု ဝန်ကြီး Chan Chun Sing က သူတို့ဆီက လက်ရှိတက်နေတဲ့ poly tech နဲ့ Uni ကျောင်းသားတွေဟာ သူတို့ကျောင်းပြီးတဲ့ အချိန်မှာ  Industry 4.0 မှာ အံဝင် ကွင်ကျဖြစ်ဖို့ မလွယ်တော့ဘူးတဲ့။ သူတို့တွေ အဲဒီအတွက် အရမ်းခေါင်းခဲနေရတယ်တဲ့။

အင်ဒိုနီးရှား စက်မှု ဝန်ကြီး  Airlangga Hartarto ကလည်း making Indonesia Industry 4.0 ဆိုပြီး လာမဲ့ နှစ် ဧပြီ မှာ ဂျကာတာ မှာလုပ်မယ်တဲ့။ အင်ဒိုနီးရှားမှာ vocational school တွေ သင်ရိုး ညွှန်းတမ်းတွေကို ပြင်လိုက်ပြီး link & match program ဆိုပြီး လုပ်တယ်။ ၇၀% က လက်တွေ့လုပ်ငန်းခွင်မှာ အံဝင် ကွင်ကျဖို့  Industry 4.0 အတွက်ကြိုပြင်ထားဖို့ ဖြစ်တယ်။

အင်ဒိုနီးရှားမှာ vocational school ၁၅၀၀ ကျော်ရှိပြီး စက်ရုံပေါင်း ၇၀၀ ကျော်နဲ့ ဒါရိုက်ချိတ်ဆက်ပြီး သင်ကြားပေးနေတယ်တဲ့။ Digital နည်းပညာတွေကို အားပေးနေပြီး Apple academy ရှိတယ်။ Alibaba ဂျက်မားတို့နဲ့ ဆွေးနွေးနေပြီး Jack Ma institute လုပ်ဖို့ ဆွေးနွေးနေကြတယ်တဲ့။

အင်ဒိုနီးရှား စက်မှု ဝန်ကြီး ထပ်ပြောသွားတာက သူတို့ အစိုးရဟာ 3 layers of leadership အစီအစဉ်နဲ့ ဆောင်ရွက်နေတယ်။ ပထမ Leader အနေနဲ့ အစိုးရ ထိပ်တန်း အရာရှိ ၁၀၀၀ ကျော်ကို change management ၊ E-commerce နဲ့ Digital World ကိုနားလည်းဖို့ သင်တန်းတွေ ပေးနေတယ်။ ဒုတိယ Leader တွေအနေနဲ့ ကုမ္ပဏီတွေက CEO နဲ့  Entrepreneur  တွေကို  Digital transforming ဆိုင်ရာ သင်တန်းတွေတက်ဖို့ အကူအညီ အထောက်အပံတွေ ပေးနေတယ်။

နောက်ပြီး ကုမ္ပဏီလေးတွေကို ကူညီတဲ့ Unicorns လက်ရှိ ၄ ခုရှိရာက နောက်နှစ်မှာ ၅ ခုရှိလာအောင် ဆောင်ရွက်နေတယ်တဲ့..။ တတိယ Leader အနေနဲ့ သန်းချီတဲ့ skill အလုပ်သမားတွေ မွေးထုတ်နေတယ်တဲ့။ အားရစရာ ကောင်းလိုက်တာ။

စင်ကာပူက့  စက်မှု စီနီယာ ဝန်ကြီး ဒေါက်တာ Koh Poh Koon ကလည်း အောက်တိုဘာ ၁၉ မှာ စင်ကာပူနဲ့ EU စီးပွားရေး သဘောတူညီမှု စာဂျွန်လွှာ လက်မှတ်ထိုးဖို့ရှိတယ်တဲ့။ စင်ကာပူ အစိုးရဲ့ Research ကုမ္ပဏီ တစ်ခုဖြစ်တဲ့ A*Star က IOT platform တစ်ခုလုပ်ထားပြီး SEMs တွေကို Digital wave မှာ လွယ်ကူတဲ့ အပြောင်းအလဲတွေ လုပ်နိုင်အောင် စီစဉ်ထားပြီးပြီတဲ့။

နောက်သူက ဆက်ပြီး လက်ရှိ အာဆီယံ Chair country အနေနဲ့ အာဆီယံ ဒေသအတွင်း လာမဲ့ ၂၀၂၅ မှာ အလုပ်အကိုင် အသစ် ၄ သန်းလောက် ဖန်တီးဖို့ ရည်မှန်းထားတယ်။ လာမဲ့ ၂၀၅၀ မှာ အာဆီယံဟာ အမေရိကန်၊ တရုတ်နဲ့ EU ပြီးရင် စတုတ္ထမြောက် အကြီးဆုံး စီးပွားရေး ဇုံဖြစ်ဖို့ ရည်မှန်းထားတယ် ဆိုပြီး ပြောသွားတယ်။ ကိုယ့် ဒေသတွင်း နိုင်ငံတွေဟာ တက်တက်ကြွကြွနဲ့ ခေတ်အပြောင်းအလဲမှာ ပါဝင်စီးမျောနိုင်ဖို့ ကျိုးစားနေကြတယ်။

ကျနော်တို့ နိုင်ငံကရော ဒီ Industry 4.0  စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။ ပြောမဲ့သာ ပြောရတယ်။ ကိုယ်တွေနိုင်ငံက ဒုတိယမြောက် စက်မှုတော်လှန်ရေးတောင် မကျော်နိုင်သေးဘူး ဖြစ်နေတယ်။ 

စက်မှုတော်လှန်ရေးတွေ အကြောင်း အကြမ်းအားဖြင့် ပြောရရင် ပထမ စက်မှုတော်လှန်ရေးကို ၁၇၈၀ နောက်ပိုင်း ရေနွေးငွေသုံး စက်တွေ ပေါ်လာပြီး ၊ ရေနွေးငွေ့သုံး မီးရထားခေါင်းတွေ တည်ထွင်လာနိုင်ပြီး  ပထမ စက်မှုတော်လှန်ရေးဖြစ်ခဲ့တယ်။  ဒုတိယမြောက် စက်မှုတော်လှန်ရေးကို ၁၈၇၀ နောက်ပိုင်း လျှပ်စစ်မီးကို အသုံးပြုပြီး mass production တွေ လုပ်လာနိုင်ပြီး  ဒုတိယမြောက် စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။

ကျနော်တို့ နိုင်ငံမှာ လက်ရှိ တနိုင်ငံလုံးရဲ့  ၄၀% ခန့်သာ လျှပ်စစ်မီး မေးနိုင်သေးတယ်တဲ့။ နိုင်ငံ ရဲ့  ၆၀% ကိုလျှပ်စစ် မပေးနိုင်သေးပါဘူးတဲ့။ လက်ရှိ အစိုးရကလည်း ဒီလျှပ်စစ်မီးရဖို့ အားထုတ်ကျိုးပမ်းနေတာ တွေ့ရတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။ နောက်ပြီး NGO အထောက်အပံနဲ့ coal power plant မလုပ်ဖို့ အော်နေတာတွေကိုလည်း သတိရှိရှိနဲ့ ပြည်သူတွေကို အသိပညာပေးရမယ်။ အခုနည်းပညာတွေထွန်းကားလာတဲ့ အချိန်မှာ coal က Emission အရမ်းနည်းအောင် လုပ်လာနိုင်ပြီ ဆိုတာ ပညာပေးရပါမယ်။

တတိယမြောက် စက်မှုတော်လှန်ရေးကို ၁၉၆၀ နောက်ပိုင်းမှာ ကွန်ပျူတာတွေ အိုင်တီပညာတွေ တိုးတက်လာပြီး တတိယမြောက် စက်မှုတော်လှန်ရေး စက်မှုတော်လှန်ရေး စတင်ခဲ့တယ်။ အခု စတုတ္ထမြောက် စက်မှုတော်လှန်ရေး ကတော့ ၂၀၀၅ ခုနှစ်လောက်မှာ Digital နည်းပညာတွေ အရမ်းထွန်းကားလာပြီး စတုတ္ထမြောက် စက်မှုတော်လှန်ရေး အစပျိုးခဲ့တယ်။ 

ဒီ စက်မှုတော်လှန်ရေးမှာ  robotics တွေ artificial intelligence (AI),  nanotechnology, quantum computing, biotechnology စတဲ့  နည်းပညာတွေ The Internet of Things (IoT) လိုခေါ်တဲ့ စက်ပစ္စည်းမျိုးစုံကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုတာတွေ။ ဥပမာ ကားလာမဲ့ အချိန် လေယာဉ်ဆိုက်မဲ့ အချိန် အတိအကျကို ကိုယ့်ဖုန်းကနေ အလွယ်တကူ ကြည့်လို့ရအောင်လုပ်ထားတာမျိုးပါ။ နောက် Machine Learning & Deep Learning,   3D printing နဲ့ autonomous vehicles တွေဟာ အရမ်း တွင်ကျယ်ထွန်းကားလာပါ လိမ့်မယ်တဲ့။

 နိုင်ငံတွေ စီးပွားရေး လုပ်ငန်းတွေဟာ ဒီလို ခေတ်အပြောင်းအလဲတွေမှာ လိုက်ပါပြောင်းလဲ နိုင်ရင် များစွားအကျိုးရှိတယ် ဆိုတာ ဂျပန် ၊ ကိုရီးယား ၊ ဟောင်ကောင် နဲ့ စင်ကာပူနိုင်ငံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ 

လိုက်ပါ မပြောင်းလဲနိုင်ခဲ့တဲ့ ကျနော်တို့နိုင်ငံဟာလည်း သူများနောက်မှာ အပြတ်အသတ် ကျန်ခဲ့တာကို အထူးအသတိပြုဖို့လိုပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ကျနော်တို့ နိုင်ငံက သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကလည်း ဒီအပြောင်းအလဲတွေကို သတိပြုမိကောင်းပြုမိပါလိမ့်မယ်။  သတိပြုမိတယ် ဆိုရင် ဒီအပြောင်းအလဲတွေမှာ ပါဝင်နိုင်ဖို့ ဘာတွေ စီစဉ်ဆောင်ရွက်နေပြီလဲ။ ဒီတကြိမ်မှာ လိုက်ပါပြောင်းလဲနိုင်ရင် နိုင်ငံအတွက် များစွားတိုးတက် ပြောင်းလဲ သွားနိုင်သလို နောက်ကောက်ကျ ကျန်ခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေသတွင်း နိုင်ငံတွေရဲ့  နောက်မှာ အပြတ်အသတ် ကျန်ခဲ့နိုင်တယ် ဆိုတာ လေ့လာမိ သမျှ ဝေမျှလိုက်ရပါတယ်။ ဒီပွဲကို သွားတက်ခွင့်ပေးခဲ့တဲ့  ဆရာဦးကျော်ကျော်လှိုင်(SMART) ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်
ရဲမင်း (29/10/2018)

No comments:

Post a Comment