Sunday, April 23, 2017

ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း နှင့် ဘဘသန်းရွှေမြေးတဦးပြောပြချက်


ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း

ရေးသူ-သောင်းဝေဦး (2016 Jan, page 343)
'' စာရေးသူ၏အမှာ
၁'' ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြတ်သန်းလာသော ငယ်ဘဝများ
၂'' ကျွန်တော်နှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ စတင်နွေ့ဆုံခြင်း
၃'' ကျွန်တော်မှတ်မိသမျှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏ ပြောပြချက်များ
၎'' အစိုးရအဖွဲ့အား နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ခြင်း
၅'' အနုမြူ ဗုံး လုပ်သည်ဆိုသောကိစ္စ (to forget)
၆'' ဖွဲ့စည်းပုံအခြေခံဥပဒေ
၇'' ထောက်လှမ်းရေးအဖွဲ့ကြီးအား ဖျက်သိမ်းလိုက်ခြင်းအကြောင်း
၈'' မပြီးဆုံးသေးသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
၉'' မရေးဖြစ်သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပြောပြချက်များ
၁၀" ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက် ထူးခြားချက်များ
၁၁'' ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း
၁၂'' ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး
၁၃'' နောက်ဆက်တွဲဖေါ်ပြချက်များ
၁၄'' နိဂုံးချုပ်ဖော်ပြချက်
.
.
ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ - စာအုပ်အမြည်း
၂၀၁၆ ဇန္နဝါရီလ စစ်ဗိုလ်ဟောင်းစာရေးဆရာ သောင်းဝေဦး ပြုစုသော စာမျက်နှာ ၃၄၃ ရှိသည် ရောင်စုံဓါတ်ပုံများစွာဖြင့် စာအုပ်ထွက်လာခဲ့သည်။ ပထမ ထွက်လာသောစာအုပ်များကတော့
'' Benedict Rogers's Unmasking The Burma Tyrant's General Than Shwe (မြန်မာပြန်ရှိသည်)။
'' သန်းဝင်းလှိုင်၏ ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး
'' တင်ညွန့်၏ ဦးသန်းရွှေ၏ယတြာများ
'' NDD ၏ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံများ ...ဖြစ်ကြပါတယ်။
.
.
စာရေးသူ သောင်းဝေဦး ကတော့ အထက်ပါစာအုပ်များဟာ မကောင်းမြင် စာအုပ်များဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေနှင့်စကားပင် မပြောဖူးပဲ ရေးထားထားကြောင်း၊ မိမိစာအုပ်သာလျှင် ဗိုလ်သန်းရွှေနှင့် စကားပြောဆိုဖူးသူက ရေးသားထားလို့ ပို၍ပြည့်စုံသောပြီး ပို၍အမှန်တရားနှင့် နီးစပ်သည်ဟု ယူဆကြောင်း၊ ဗိုလ်သန်းရွှေ တပ်မမှုးဖြစ်စဉ်က သောင်းဝေဦး ဗိုလ်မှုးရာထူး ဖြင့် တပ်မမှုးထံ သတင်းပို့ ပထမဆုံး စကားပြောခွင့်ရှိခဲ့ကြောင်း၊ ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေး၊ ကျွန်တော့်အသိဖြစ်သောကြောင့် လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိကြောင်း အမှာစာရေးထားပါတယ်။
စာအုပ်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်အယ်ဒီပါတီ ၈၀% မဲအပြတ်သတ် အနိုင်ရရှိပြီး လွှတ်တော်အသစ်ကာလ၊ အစိုးရသစ် မဖွဲ့စည်းမီ ရေးသားထားသဖြင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရအပေါ် ဒွိဟရှိနေသော ဦးသန်းရွှေ ဘက်တော်သား၊ စစ်ဗိုလ်ဟောင်းတစ်ဦး ဖြစ်ပုံရသည်။ လက်ရှိ နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သောကြောင့် သဘောတူညီချက်များစွာနှင့် သဘောကွဲလွဲချက်အချို့ကို တင်ပြပါမယ်။
.
.
သဘောတူညီချက်များ
စာရေးသူ သောင်းဝေဦးသည် စစ်ဗိုလ်ဟောင်း ဖြစ်ပေမဲ့ စာရေးဆရာ အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို မနှစ်သက်သူဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ကျေးဇူးကြောင့် အထူးသဖြင့် ရန်ကုန်မြို့တော်စည်ပင်တွင် (၈)နှစ် လုပ်ကိုင်ပြီး လာဘ်စားမှုများစွာကို ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီ လာဘ်စားမှု အကြောင်းများကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်းပါးရှည်ရေးသားခဲ့ပြီး လူထုကို ဖွင့်ချပေးသူဖြစ်ကြောင်း၊ သူကိုယ်တိုင် အနည်းကျဉ်း လာလ်စားခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ စစ်ဗိုလ်ဖြစ်ရသည်ကို အရမ်းဂုဏ်ယူတာကြောင့် စစ်ဖက်မှ အရပ်ဖက်ပြောင်းပြီး ရန်ကုန်မြို့တော်စည်ပင်မှာ အလုပ်လုပ်ချိန် စစ်ယူနီဖောင်းကို ဝတ်ဆင်ရုံးတက်ခွင့် တောင်းခံပြီး ဝတ်ဆင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယခု စာအုပ်မှာ ဗိုလ်သန်းရွှေ အကောင်းများနှင့် သူ့အောက်က စစ်ဗိုလ်ကြီးများ မကောင်းသောကြောင့် ဖြစ်သည့်ပုံစံ ရေးထားထားပါတယ်။ ကနဦး စစ်အာဏာရှင် ဗိုလ်နေဝင်းနှင့် တပည့်ကျော် ဗိုလ်ခင်ညွန့်အကြောင်းကိုတော့ သူတို့ဟာ မိမိဆရာသမားများဖြစ်သောကြောင့် မရေးသားပါရစေနှင့် ဟုဆိုပြီး ထောက်လှမ်းရေးအဖွဲ့ကြီးအခန်းမှာ အထူးမရေးတော့ပါ။
အင်အယ်ဒီ အစိုးရအဖွဲ့ကိုတော့ တိုင်းပြည်ကောင်းကြိုး လုပ်နိုင်မည်ဟု အားကိုးရေးသားထားပါတယ်။
.
.
ပညာရေး
တရုပ်ပြည် တိန်ရှောင်ဖိန့် ပြုပြင်ပြောင်းလဲမှုအရ .. ဆန့်ကျင်ဖက်ဖြစ်သူ အမေရိကန်များထံ အောက်ကျနောက်ကျ ခံပြီး တရုပ်လူငယ်များကို ပညာသင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ၁၉၈၀ တဝိုက်မှ အမေရိကန်သို့ တရုပ်လူငယ်များ သောင်းနှင့်ချီပြီး ပညာသင်လွှတ်သည်။ အဆင့်မြင့်နည်းပညာများ သင်ယူစေပြီး ၁၉၉၀ လောက်တွင် အမေရိကန်မှ တရုပ်ပြည်သို့ ပြန်လာကြသည်။ ထိုပညာတတ်များကို တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။ ၂၀၀၀ ခုနှစ်တွင် တရုပ်တို့ အလွန်တိုးတက်သွားပြီး စီးပွားရေးသာမက စစ်လက်နက်ဒုံးပျံများလည်း လုပ်တတ်သွားကြောင်း ရေးထားပါသည်။ တရုပ်ကဲ့သို့ မြန်မာများလည်း အမေရိကန်ပညာသင် စေလွှတ်ရပါမည်။
(စကားချပ်။ စစ်ဗိုလ်သားသမီးများက အမေရိကန်ပညာသင်ကြားခွင့်မရသော ၁၉၈၈ နောက်ပိုင်းကာလများတွင် အင်အယ်ဒီခေါင်းဆောင်များ၏ သားသမီးများစွာ အမေရိကန်နိုင်ငံတွင် ပညာသင်ခွင့် ရရှိသွားကြသည်။ ယခုအခါ နိုင်ငံခြားပြန် စစ်ဗိုလ်သားသမီးများထက် အင်အယ်ဒီ သားသမီးများက ပိုများနေပါပြီ။)
ရန်ကုန်မြို့တော်ဝန် ဦးကိုလေး နဲ့ ဗိုလ်သန်းရွှေ စကားပြောတဲ့အခါ ဗိုလ်ချုပ်မှုးကြီးက "ဟေ့ ..မင်းမှ ငရဲကျမှာမဟုတ်ဘူး၊ ငါလည်း ဘာထူးလဲကွ၊ တိုင်ပြည်ခေါင်းဆောင်လုပ်ရတာ ဖမ်းရ၊ ဆီးရ၊ ထောင်ချရ၊ လိုရင် သေဒဏ်ချခိုင်းရနဲ့ ငရဲကြီးတာပါပဲကွာ" .... " မထင်ပါနဲ့မြို့တော်ဝန်ရာ၊ ငါဘာလုပ်လုပ် လူတွေက အကောင်းထင်တဲ့သူ သိပ်မရှိပါဘူး၊ ဘာလုပ်ပေးပေး အကောင်းမမြင်ကြပါဘူးကွာ"..လို့ပြောကြတာကြောင့် ဗိုလ်သန်းရွှေ အမြင်မှန်ရနေမလားလို့ မြင်စရာပါပဲ။ ရယ်စရာရေးထားတာကတော့ ဗိုလ်သန်းရွှေ မကောင်းပြောသူများ စုဝေးပြောဆိုတဲ့အခါ "ကောင်းတာတခုတော့ ရှိပါတယ်" ..ဆိုလို့ ဘာများလဲ မေးကြပါတယ်။ " ကံ ..လေဗျာ၊ ဟဲ ..ဟဲ.. ကံကောင်းလို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာပေါ့"..ဟု ရေးထားပါတယ်။
ဗိုလ်သန်းရွှေ အုပ်ချုပ်စဉ် ထူးခြားဖြစ်စဉ် (၃)ရပ်ကတော့ ... ဒီပဲယင်းအကြမ်းဖက်မှု၊ သဃာသပိတ်နှိမ်နင်းခြင်း နဲ့ နာဂစ်မုန်တိုင်း ဖြစ်စဉ်များပါ။ ဒီပဲယင်းအကြမ်းဖက်မှုကို ဗိုလ်ခင်ညွန့် နဲ့ ဗိုလ်စိုးဝင်း (ကွယ်လွန်) တို့ရေးသားချက် ပြန်လည်တင်ပြထားပါတယ်။ ဗိုလ်စိုးဝင်း က ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်စုကြည် လို့ရေးသားထားတာကို ထပ်မံတင်ပြခြင်းအားဖြင့် ဗိုလ်စိုးဝင်းကို အခုချိန်ထိအောင် သောင်းဝေဦး ထောက်ခံထားသလို ဖြစ်နေပါတယ်။ ဗိုလ်စိုးဝင်းက ဒေါ်စုကြည်ကို အသက်ဘေးမဖြစ်အောင် ကယ်တင်ရင်း အကြမ်းဖက်လုပ်ကြံသလို လူတစ်စုက လုပ်ကြတယ်လို့ ရေးထားပါတယ်။ ဒါကတော့ လုံးဝလက်မခံနိုင်တဲ့ ဆင်ခြေဖြစ်ပါတယ်။ ဒီအကြမ်းဖက် လူစုကို စစ်တပ်နဲ့ရဲတပ်ဖွဲ့များက သိရက်နဲ့ လွှတ်ပေးထားတယ် ဆိုတာ သမိုင်းသက်သေရှိပီးသားပါ။ နိုင်ငံအကြီးကဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မှာ လုံးဝ ၁၀၀% တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ တနည်းအားဖြင့် ကံကောင်းလွန်းတော့ အသက်မသေပဲ အခုလို နိုင်ငံအကြီးကဲဘဝ ရောက်လာတာပဲ ဝမ်းမြောက်စရာကြီးပါ။
ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် အောင်မြင်သလဲ လို့ သောင်းဝေဦးအမြင့် အချက် (၅)ချက် ရေးထားပါတယ်။
၁။ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်လို့
၂။ ပြောရဲဆိုရဲ လုပ်ကိုင်ရဲလို့
၃။ အင်္ဂလိပ်စာအထူးကြွမ်းကျင်လို့
၎။ အများအကျိုးသယ်ပိုးလိုစိတ်ရှိလို့
၅။ ဗဟုသုတပြည်စုံလို့ ...ဆိုပြီး ရေးထားပါတယ်။ နံပါတ်(၁) ဗိုလ်ချုပ်သမီး ဖြစ်လို့ နဲ့ နံပါတ်(၄) အများအကျိုး သယ်ပိုးလိုစိတ်ရှိလို့ ..ဆိုတာတွေက ဟုတ်သလိုရှိပေမဲ့ ကျန်တဲ့အချက်တွေ ပြောရဲဆိုရဲရှိခြင်း၊ အင်္ဂလိပ်စာအထူးကြွမ်းကျင်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း ..တွေကတော့ ဒီလိုလူတွေ အများကြီးပါပဲ။
 .
တကယ်တော့ ...အရေးကြီးဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကတော့ "မေတ္တာနဲ့သစ္စာ အလွန်ပြည့်ဝလှကြောင်း" ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အသက်ပေးရမလား အချိန်မရွေး ဆိုတဲ့ထိအောင် ကိုယ်ကျိုးစွန့်လွှတ်သူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ရမဲ့အချက် (၉)ချက်ကိုလည်း သောင်းဝေဦး ရေးသားထားပါတယ်။ နံပါတ်(၈) အချက်က တပ်မတော်နဲ့ဆက်ဆံရေးကောင်းအောင် လုပ်ရမယ်လို့ ရေးထားပါတယ်။ အမှန်တကယ်ကတော့ ဒီအချက်က နံပါတ်(၁) ဖြစ်ရမှာပါ။ တပ်မတော်ဟာ ခပ်တည်တည်နဲ့ နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားပါတယ်။ နောက်တဖန် စစ်အာဏာသိမ်းတာမျိုး မဖြစ်အောင်..တချိန်မှာ တပ်မတော်က လွှတ်တော်က ထွက်ခွာမှာပါလို့ ..သူ့အမြင်ရေးထားပါတယ်။
.
.
ရွေးကောက်ပွဲ အင်အယ်ဒီ အပြတ်သတ် ၈၀%နိုင်ခြင်း
.
ဒီအကြောင်းကို စာရေးသူ သောင်းဝေဦး နှစ်သက်တဲ့ စာရေးဆရာများရဲ့ ဆောင်းပါးများကို စုစည်းဖေါ်ပြထားပါတယ်။ ဒေါက်တာအောင်မျိုး၊ ဦးလှဝင်း(လေသူရဲ)။ ကျော်ဇောလင်း၊ ဇေယျာသူ၊ ပွင့်ဇင်မော်ဟိန်း (နေရွှေသွေးအောင်အကြောင်း)၊ နှင်းမော်ဦး၊ အောင်ဇေ ၊ နိုင်လင်း၊ ဒေါက်တာရန်မျိုးသိမ်း၊ ဇော်သက်ထွေး ..တို့ရဲ့ ဆောင်းပါးများ စုစုပေါင်း စာမျက်နှာ ၁၃၀ လောက် ဖော်ပြထားပါတယ်။ စာရေးသူ သောင်းဝေဦး အမြင်ကတော့ မမျှော်လင့်ပဲ အင်အယ်ဒီအပြတ်သတ် နိုင်သွားပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တဖန်ပြန်လာမယ် ဆိုပဲ။ (စကားချပ်။ မဖြစ်နိုင်တော့ပါ။ ကြံခိုင်ရေးပါတီနဲ့တပ်မတော်တို့ ဖြစ်ရပ်မှန်ကို လက်ခံပြီး အင်အယ်ဒီနဲ့ပြည်သူများရဲ့ ဒီမိုကရေစီနိုင်ငံတော်ကို အနည်းဆုံး နောက် ၁၀နှစ်အထိ လက်ခံရပါတော့မယ်)။
.
တိုင်းရင်းသားတွေရဲ့ အင်အယ်ဒီပါတီ အပြက်သတ်အနိုင်ရရှိမှုကို စိုးရိမ်ခြင်းအကြောင်း နိုင်လင်း - ရေးသားတဲ့ဆောင်းပါးကို တင်ပြထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများက တဆင့် တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးရဖို့ အကောင်းမြင် ရေးသားထားပါတယ်။
.
ရယ်စရာအဖြစ် သမ္မတဦးသိန်းစိန် လက်ထက်က ဝန်ကြီးနဲ့အစိုးရလူကြီးများ ပြောစကားများကို စုစည်းရေးထားပါတယ်။
- နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ
- အကြွေးကျေဖို့ဆိုရင် ထမင်းတနပ်လျှော့စား
- တနေ့ ငွေ၂၀၀၀ နဲ့လောက်အောင်သုံး
- ဆိုက်ကားသမားလည်း သန်းကြွယ်သူဌေးဖြစ်နိုင်တယ်
- အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပေါ့
- မီးပြတ်ရင် ဖယောင်းတိုင်ထွန်းနေပေါ့ ...စတဲ့ ပြောစကားများဖြစ်ပါတယ်။
.
.
မှတ်တမ်းအဖြစ်
ရွေးကောက်ပွဲရလဒ်များ၊ အစိုးရအဖွဲ့အာဏာလွှဲအပ်ခြင်းများကို အချက်လက်များနဲ့ သမိုင်းမှတ်တမ်းစာအုပ်အဖြစ် ရေးသားတင်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီ ရောင်စုံဓါတ်ပုံများစွာကို ဖေါ်ပြပေးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသလိုလို ရောင်းကောင်းတဲ့စာအုပ်ဖြစ်အောင် ဈေးကွက်ဖေါ်ထားပါတယ်။ ဖြစ်ရပ်မှန်ကတော့ စာရေးသူ သောင်းဝေဦး ရေးတဲ့ ဒီစာအုပ်က ဗိုလ်သန်းရွှေ အကောင်းမြင်စာအုပ်ဖြစ်ပြီး၊ သန်းဝင်းလှိုင်ရဲ့ စာအုပ်ကို ၁၀% တောင် အဆင့်မမှိဘူးလို့ သဘောထားကွဲလွဲလိုက်ပါတယ်။ စာအုပ်ရေးတယ်ဆိုတာ ကိုယ်တိုင် အတူနေဖူးမှ စာအုပ်ကောင်းမဖြစ်ပါ။ အဖက်ဖက်က သုတေသနကောင်းစွာ ပြုစုနိုင်မှသာ သမိုင်းစာအုပ်ကောင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ... ဗိုလ်သန်းရွှေအတွက် ထောက်ခံရေးသားတဲ့ ဗိုလ်သန်းရွှေကို လေးစားသူတစ်ဦး စာအုပ်ထွက်လာခြင်းကို ကြိုဆိုရပါတယ်။ သမိုင်းဝင် စာအုပ်ကောင်းတော့ မဟုတ်ပါ။ ရောင်းကောင်းတဲ့ စာအုပ်တော့ ဖြစ်နိုင်ပါတယ်။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတယ် ဆိုတဲ့အတွက် ကွဲလွဲချက်အနည်းငယ် မေတ္တာနဲ့ ရေးလိုက်ရပါတယ်။ နောက်နှစ်အနည်းငယ်ကြာရင် ဆရာ သောင်းဝေဦး နဲ့ ကျနော်တို့နှစ်ယောက် တထပ်တည်းသဘောတူလာမယ် မျှော်လင့်ပါတယ်။
.
.
နိဂုံး
သောင်းဝေဦး စာရေးသူရဲ့ ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၈၅အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ အများအားဖြင့် သောင်းဝေဦး စာအုပ်များက စစ်ပွဲအကြောင်းများဖြစ်ပါတယ်။ သူကိုယ်တိုင် စစ်သားကောင်း၊ စစ်တိုက်မှု ပရောဖက်ရှင်နယ်တစ်ဦးဖြစ်ပါတယ်။
.
စစ်ဗိုလ်များကို အရပ်ဖက်ဆိုင်ရာ ရာထူးများ ပေးတဲ့အခါ နီရေး နဲ့ ချွန်ရေး အကြောင်း ပေါ်လွင်အောင် ရေးသားပြပါတယ်။ စစ်အာဏာရှင်ခေတ်မှာ နီရေး = အလွန်သစ္စာရှိသူ များသာ ရာထူးတက်ကြပါတယ်။ ချွန်ရေး = ထူးချွန်ပညာတတ်သူများ ရာထူးမတက်၊ အလုပ်ဖြုတ်ခံရပါတယ်။ နီရေး = ပထမ၊ ချွန်ရေး = ဒုတိယ ဖြစ်ပါတယ်။
 .
ဗိုလ်ချုပ်မှုးကြီးသန်းရွှေလဲ တပည့်နောက်လိုက် ဖြစ်ချိန်မှာ လုံးဝ နောက်လိုက်ကောင်း ဖြစ်ခဲ့ပါတယ်။ အထက်က ခိုင်းတာ တလုံးမှပြန်မပြောပဲ လုပ်တယ်။ စောဒကတက်မှု မရှိ၊ ထိုးထွင်းဥာဏ်မှ ရှိရဲ့လား လို့အောက်မေ့ရသူများ ရာထူးတက်ကြပါတယ်။ စာရေးသူ သောင်းဝေဦး ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ထိုကဲ့သို့ မဟုတ်ပါဗျာ ..တဲ့။ ဇော်အောင်(မုံရွာ)။
.
(စာအုပ်မထုတ်ဖြစ်သော ဆောင်းပါးပေါင်းချုပ်) LINK..
http://www.slideshare.net/myan…/thanshwewhereareyouapril2012





အချိန်ကျပြီ It's Time (သောင်းဝေဦး)
ကျွန်တော်သိသောဗိုလ်ချုပ်မှုးကြီးသန်းရွှေ စာအုပ် အခန်း(၁၃)
ရွေးကောက်ပွဲကြီး ပြီးသွားပြီ။ မမျှော်လင့်ပဲ NLD ပါတီအကြီးအကျယ်နိုင်ပြီ။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ USDP မရှုမလှ အရေးနိုမ့်သွားသည်။ ကျွန်ုပ်တွေ့ရှိချက်များမှာ
.
.
၁။ လက်ရှိခေါင်းဆောင်များကို ပြည်သူများက ညီးငွေ့သွားခြင်း
၁၉၆၂ ခုနှစ်မှစ၍ စစ်ဗိုလ် စစ်သားများ တိုင်းပြည်အုပ်ချုပ်နေသည်ကို ပြည်သူတွေ မမြင်မတွေ့လိုတော့ပါ။
.
.
၂။ အုပ်ချုပ်မှုလူတန်းစားများ အရင် Mindset ဟောင်းများကိုမပြောင်းလဲနိုင်ခြင်း၊
ဝန်ကြီးဝန်ကလေး အားလုံးသည် စစ်သားလူထွက်များဖြစ်သည်။ အချို့က နယ်လှည့်ပါးရိုက်သူ၊ ထမင်းတနပ်သာစားခိုင်းသူ၊ ဘိုက်သေနပ်မှန်တာကို လှန်ပြသူများ ဖြစ်၏။ ပြည်သူတွေက သည်လိုအပြောတွေ မကြိုက်ကြပါ။
ကျွန်တော်သည် စစ်ယူနီဖောင်းအစိမ်း အနှစ်၄၀ခန့် ၀တ်ခဲ့သည့် ကြည်းတပ်က စစ်သားဖြစ်ခဲ့ပါသည်။ ယခု အငြိမ်းစားယူကာ ၁၀နှစ်ကျော်ခဲ့ပြီ၊ မိသားစု ကိုယ်ပိုင်စီးပွားရေးတခု တည်ထောင်ထားသည်။ ၀န်ထမ်း ယောင်္ကျားလေး ၁၅ယောက်ရှိသည်။ အိမ်မှာနေစရာပေးပြီး ကျွေးမွေးထားသည်။ အားလုံး နယ်ကလာသူများ၊
သူတို့သည် မနက်နေမြင့်မှ အိပ်ယာထသည်။ ညဆို တော်တော်နှင့်မအိပ်၊ နေ့တိုင်းလို အလုပ်ခွင်ဝင်ဖို့ နှိုးရသည်။ ဒါကို ကျနော်က မကြိုက်၊ တန်းစီခိုင်းသည်။ စကားပြောသည်၊ ဆုံးမသည်၊
ဇနီးသည်နှင့် သားသမီးများက မကြိုက်ကြ။
"ကို ဒီလိုလုပ်ရင် အားလုံးပြန်ပြေးကြလိမ့်မယ်"
"ပြေးပြေးပေါ့၊ စည်းကမ်းရှိအောင် လုပ်တာပါ"
စစ်သားလူထွက် ကျနော်က စစ်ပုံနှင့်ပြော၏။
ဇနီးသည်က လက်မခံ။
"နေသာသလိုနေပါ ကိုရယ်၊ မလုပ်ပါနဲ့။ ကို ၀င်မရှုပ်နဲ့"
ဟု အတင်းတားပါသည်။
စစ်ပုံနှင့်အုပ်ချုပ်လို့မရပါခင်ဗျား။ သူတို့ အရပ်ဘက်ပုံစံနှင့် သားရေ၊ ကလေးရေ၊ လူလေးရေ နှင့် ချော့ မော့ ပြီး ခိုင်းရသည်။ သူ့ဟာနှင့်သူတော့ ဟုတ်နေ၏။ အိမ်မှာမဲပုံးထောင်ရင် ကျနော် အပြတ်အသတ် အရေးနိုမ့်မှာပါ။ ကျနော် အိမ်ဝင်းထဲ ဘောလုံးကန်တာမကြိုက်ပါ။ ထမင်းစားပြီး ပန်းကန်တွေ ပစ်ထားခဲ့တာလည်း မကြိုက်ပါ။ တယ်လီဖုန်း ခဏ ခဏ လာဆက်တာလည်း မကြိုက်ပါ။ အပြင်ဧည့်သည် အလုပ်ချိန်အတွင်း ခဏခဏ လာတာလည်း မကြိုက်ပါ။ စစ်ပုံစံဖြစ်နေပါသည်။
ဒါတွေပင်လျှင် စစ်သားလူထွက်များ ကြီးစိုးနေသော USDP ၏ အားနည်းချက်ကြီး တခုပါခင်ဗျား။
.
.
၃။ အလုပ်လက်မဲ့ ပေါများခြင်း
နိုင်ငံတွင် ၁၉၆၂ မှစတင်ပြီး ပေါများသည့် အလုပ်လက်မဲ့များ၊ Brain drainage ဦးနောက်ယိုစီးမှု ပညာရှင်များအပါဝင် နိုင်ငံသူ၊ နိုင်ငံသား အတော်များများ ပြင်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသည်။ ထိုသူအားလုံးလိုလိုက အစိုးရကို အပြစ်မြင်၊ အပြစ်တင်ကြသည်။ NLD ကို မဲထည့်ကြသည်ဟု ဆိုသည်။
.
၎။ ပညာရေးနိုမ့်ကျခြင်း
ပညာရေးမှာလည်း ပြင်ရင်ပြင်ရင်းနှင့် ယခုအချိန်ထိ မတိုးတက်လာခဲ့၊ ကျနော်တို့ခေတ်က ပညာတတ်များ အလုပ်မရှားခဲ့၊ ယခုဘွဲ့ရများကား အလုပ်လက်မဲ့ အလွန်များသည်။ ရရာအလုပ် ၀င်လုပ်ကြသည်။ ပညာရေးက နိုမ့်ကျပြီး ကွာလတီ မမီသူတွေများသည်။ လိုချင်တာမသင်ရ၊ အမှတ်ပေးစနစ်ဖြင့် ရသည့်ဘာသာ သင်ယူကြရသည်။ ၀ါသနာမပါတာတွေ သင်ယူရတော့ ဘယ်မှာ ပညာရေးက တော်လာပါ့မလဲ။ ကျတော် ၀ိဇ္ဖာဘာသာရပ်နှင့် ဘွဲ့ရခဲ့သည်။ ကျနော် သင်ခဲ့ရသော ဘာသာရပ်များကို စစ်ဆေးခံနိုင်ပါသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း မေးချင်တာမေးပါတော့။ ဖြေနိုင်ပါသည်။ ယခုခေတ်လူတွေ ဒီလိုမဟုတ်တော့၊
.
.
၅။ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ဒုက္ခပေးမှုများ
တပ်မတော်ကို လူမုန်းသွားရခြင်းမှာ အဓိက ထောက်လှမ်းရေးအဖွဲ့အစည်းများကို လိုသည်ထက်ပို၍ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းကြောင့် ဖြစ်၏။ အာဏာပိုင်များက ဆန့်ကျင်သူမှန်သမျှကို နှိပ်ကွပ်ခိုင်းသည်။ ဒါက ၁၉၆၂ ခုနှစ်က စတင်ခဲ့သည်။ ကြလေ ဆိုးလေနှင့် န၀တ၊ နအဖ အစိုးရလက်ထက်တွင် ပိုလက်သံပြောင်ခဲ့၏။ ၂၀၀၄ ခုနှစ်ထောက်လှန်းရေးအဖွဲ့ကြီး လက်စတုန်းချေမှုန်းခံလိုက်ရမှ သက်သာသွားတော့သည်။ သို့သော် ဒဏ်ရာဒဏ်ချက်များကာ နေရာအနှံ့ ကျန်ခဲ့သည်။ မီဒီယာများက ထောက်လှမ်းရေး အလွန်ဆိုးဝါးကြောင်း၊ ရက်စက်မှုအပေါင်း သရဖူဆောင်းကြောင်း ဖော်ပြခဲ့ကြသည်။
ဤအမွေဆိုးကို USDP ဆက်ခံခဲ့ရသည်။
.
.
၆။ လာဘ်ပေး လာဘ်ယူမှု ထူပြောခြင်း
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှု ဒုတိယလိုက်သည်ဟု ဆိုကြသည်။ ၀န်ကြီးဌာနတိုင်း ရှိသည်။ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးပိုင်းက အဆိုးဆုံးဖြစ်သည်။ ဌာနတိုင်းမှာလဲ သူ့ဂွင်နှင့်သူ ရှိသည်။ ရာထူးတက်နှင့် နေရာအရွှေ့အပြောင်း၊ အလုပ်ရရှိရေး၊ တင်ဒါနှင့် လိုင်စင်ရရှိရေး၊ နိုင်ငံခြားသွားရေး၊ ကုန်ကုန်ပြောရလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ ထောက်ခံစာ တစောင်အတွက် ငွေ သုံးလေး၊ငါးထောင် ပေးမှ ရသည်။ နောက်ဆုံး သမတကပင် ၃သိန်းအထိ ပေးလို့ရသည်ဟု ခွင့်ပြုရသည်။ မပြုပြင်နိုင်ခဲ့ပါ။ ဒါသည်လည်း USDP ကျဆုံးခန်းဖြစ်သည်။
.
.
၇။ ပြိုင်ဖက်ကို လျှော့တွက်ခြင်း
USDP ကလူများသည် သူတို့ကိုယ်ကို ၂၀% အထက်တော့ ရမည်၊ တပ်မတော်က ၂၅% နှင့်ပေါင်းပြီး ပါတီငယ် ၁ခု၊ ၂ခုနှင့် ပေါင်းပြီး အစိုးရဆက်လုပ်မည်။ NLD ကိုလည်း ၃၀%ထက်တော့ မပိုနိုင်ဟု ပြောဆိုခဲ့ကြသည်။ တကယ် အဖြေထွက်တော့ ကိုယ်က ၁၀%ပင် မပြည့်တော့၊ အပွဲပွဲ နွဲလာခဲ့ပြီး ဤပွဲတွင် USDP အကွဲကြီး ကွဲသွားတော့သည်။ မိုးကျရွှေကိုယ်များကို ပြည်သူက စိတ်ပျက်နေပြီ ဖြစ်သည်။
.
.
၈။ စည်းလုံးညီညွတ်မှုပြိုကွဲခြင်း
USDP အတွင်းလည်း တကယ် ကြက်ရေး၊ ငှက်ရေး ကျမှ စည်းရုံးညီညွတ်မှု ပြိုကွဲခဲ့၏။ ဒါသည် USDP ကျဆုံးခြင်း၏ Immediate Cause ဖြစ်၏။ စောစောက တင်ပြချက်များမှာ Remote Causes များဖြစ်ပါသည်။
.
သောင်းဝေဦး
မြရတနာစာပေး၊ ရန်ကုန်မြို့၊
ဖုန်း ၀၁-၅၇၈၆၇၀၊ ၀၁-၃၇၉၇၇၃
.
.
.
My Notes...
ဗိုလ်ချုပ်မှုးကြီးဦးသန်းရွှေ (ဗိုလ်သန်းရွှေ) ရဲ့ မြေးတယောက်နဲ့ စကားပြောတော့ ဘဘသန်း နဲ့ အဖွားဒေါ်ကြိုင်ကြိုင်တို့ ကြီးမားလှတဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ အနည်းအကျဉ်းပဲရှိတဲ့ ခရစ်ယန်မျိုးတွေအကြောင်း မေးခဲ့ပါတယ်။ သောင်းဝေဦး စာအုပ်ကတော့ မျှတစွာရေးသားထားတာကို တွေ့ရပါတယ်။ သေချာတခုတော့ ဗိုလ်သန်းရွှေ ဆိုသူက သူလုပ်ချင်တာကို ရအောင်လုပ်တဲ့နေရာမှာ ဒေါ်ကြိုင်ကြိုင်ကိုချစ်ကြိုက်နှစ်သက်ပေမဲ့ မရတော့၊ ဒေါ်ကြိုင်ကြိုင်ကို သြဇာလွမ်းမိုးတဲ့ ဒေါ်ကြိုင်ကြိုင် အစ်မကြီးဆီ ပြေးကပ်၊ လူကြီးတွေ မင်္ဂလာဆောင်ပေးပြီး ရအောင်ယူခဲ့ကြောင်း၊ ဒေါ်ကြိုင်ကြိုင်ဟာ ယခင်ယောင်္ကျားသေသွားလို့ ဆိုတာ မဟုတ်မှန်ကြောင်း၊ ဗိုလ်သန်းရွှေမှာ စိတ်ကောင်းများစွာရှိကြောင်း၊ သူလုပ်ပိုင်ခွင့်ရှိချိန်မှာ သူတို့ကိုကာကွယ်တဲ့ အခြေခံဥပဒေကြီးနဲ့ အာဏာလွှဲသွားကြောင်း၊ နောက်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ချက်ချင်းတွေ့ဆုံခဲ့ပြီး သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ်လို့ ပြောသွားကြောင်းတွေက သတင်းကောင်းတွေဖြစ်ပါတယ်။




ဘဘသန်း လို့ခေါ်တဲ့ ဗိုလ်သန်းရွှေ ဆွေမျိုး မြေးတစ်ဦးကို ပြောပြချက်များ ဖြစ်ပါတယ်။ 
.
၁။ ဗိုလ်သန်းရွှေ ရဲ့ ဖခင်ကြီးက မြေစာရင်းဌာန၊ အင်စပတ်တာ ဖြစ်ပြီး၊ တင့်သင့်စွာနေထိုင်နိုင်ပါတယ်။ အစ်မ၃ယောက်အပါဝင်၊ ညီအစ်ကိုမောင်နှမများစွာနဲ့ နေထိုင်နေထိုင်ပြီး အင်္ဂလိပ်ပညာသင်နိုင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ငယ်စဉ်က စာတိုက်စာရေးလုပ်ခဲ့ပြီး၊ သူ့ကိုစောင့်ရှောက်တဲ့အစ်မကြီးဆီကို ငွေကျပ်၃၀၀ လာကန်တော့ခဲ့လို့ အဲဒီခေတ် ကျေးဇူးသိတတ်တဲ့ ပညာတတ်အဆင့်လို့ ဆိုနိုင်ပါတယ်။ ဗိုလ်သင်တန်းတက်ပြီး စစ်ဗိုလ်ဖြစ်လာတယ်။ အဲဒီအစ်မကြီး အသက်၉၀ ကျော်၊ အခုတော့ ရန်ကုန်မှာပဲ အသက်ရှင်နေဆဲပါ။ ဗိုလ်သန်းရွှေကတော့ နေပြည်တော်မှာ မိန်းမဒေါ်ကြိုင်ကြိုင် နဲ့ မြေးများစွာနဲ့ အေးဆေးစွာ စာဖတ်နေမှာပါ။ 
.
၂ ဒေါ်ကြိုင်ကြိုင် ယောင်္ကျားဟောင်းရှိပြီး သေသွားလို့ ဗိုလ်သန်းရွှေနဲ့ပေးစားခံရတယ် ရေးကြတာမဟုတ်ပါဘူး။ တကယ်တော့ ဒေါ်ကြိုင်ကြိုင်ကို ဗိုလ်သန်းရွှေက ကြိုက်နှစ်သက်ပြီး၊ ဒေါ်ကြိုင်ကြိုင်က မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ကြိုက်တာကို ရအောင်ယူတတ်တဲ့ ဗိုလ်သန်းရွှေက ဒေါ်ကြိုင်ကြိုင်ကို သြဇာလွှမ်းမိုးတဲ့ ဒေါ်ကြိုင်ကြိုင်အစ်မကြီးကို ပြေးကပ်တော့၊ အစ်မကြီးဆွေမျိုးတွေက အနိုင်ထက်လက်ထပ်ပေးခံလိုက်ရတယ်။ နောက်တော့ သားသမီး၈ယောက် မွေးဖွားလာပါတယ်။ ကိုယ့်နေရာကို မြဲအောင် အလုပ်ကြိုးစားတတ်တဲ့ ဗိုလ်သန်းရွှေ တဖြေးဖြေး စင်ပေါ်ရောက်လာခဲ့ပါတယ်။ 
.
၃။ ဗိုလ်သန်းရွှေ ကာ/ချုပ် မဖြစ်ခင်မှာတော့ အနောက်မြောက်တိုင်း တိုင်းမှုး ဗိုလ်ထွန်းကြည် ကပဲ အသိုင်းအ၀ိုင်းကောင်းလွန်း၊ ပေါက်ရောက်လှပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဗိုလ်နေ၀င်းတပည့် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ရဲ့ ရှင်းလင်းခြင်းခံရပြီး တိုင်းမှုးအားလုံး ၀န်ကြီးရာထူးနဲ့ စစ်တပ်က ဖယ်ထုတ်ခံရပါတယ်။ အရှေ့ပိုင်းတိုင်းက ဗိုလ်မောင်အေး ပဲ ဒုကာ/ချုပ် ရာထူးရသွားပြီး ဗိုလ်သန်းရွှေရဲ့ သစ္စာခံဖြစ်သွားပါတယ်။ ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း(ကွယ်လွန်)၊ ဗိုလ်သိန်းစိန် တို့ကို ရာထူးမြှင့်ပေးပြီး တတိယတန်း ရောက်နေတဲ့ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအကြီးကဲအဖြစ်က ဖယ်ရှားနိုင်ပြီး တဦးတည်းအာဏာရှင် ဖြစ်လာခဲ့ပါတယ်။ 
.
၎။ ဧရာဝတီတိုင်းမှုး ဘ၀ကတည်းက သူ့မှာ အုပ်စုမရှိ၊ တပည့်တပန်းမရှိပဲ နေခဲ့ပါတယ်။ နောက် ဒုကာ/ချုပ်ဖြစ်ပြီး ရန်ကုန်မှာနေထိုင်တဲ့ ၁၉၈၈ နောက်ပိုင်းမှာလည်း သူနေတဲ့အိမ်မှာ စစ်သားတယောက်ပဲ အစောင့်နဲ့နေခဲ့ပါတယ်။ အရေးမပါတဲ့ ကာချုပ် ဗိုလ်စောမောင်၊ ဒုကာ/ချုပ် ဗိုလ်သန်းရွှေ တို့ခေတ်ကာလ အရာရာကို ထောက်လှမ်းရေးအကြီးကဲ ဗိုလ်ခင်ညွန့်ကပဲ နောက်ကွယ်ဝင်သွားတဲ့ စစ်အာဏာရှင်ဗိုလ်နေ၀င်း သစ္စာခံ စစ်အစိုးရဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဗိုလ်နေ၀င်းကို ကာ/ချုပ် ဗိုလ်သန်းရွှေတို့က အောင်မြင်စွာ အကျယ်ချုပ် ထိန်းသိမ်းနိုင်ပြီးတဲ့နောက် နောက်တနှစ်မှာ ဗိုလ်ခင်ညွန့်ကိုလဲ ဖယ်ရှား၊ အကျဉ်းချနိုင်ခဲ့ပါတယ်။ 
.
၅။ ဗိုလ်သန်းရွှေ ဖက်က ဆွေမျိုးတွေအားလုံး ဗိုလ်သန်းရွှေက အနားမှာခေါ်မထားပါဘူး။ သူ့အနားမှာ ကာရံထားတဲ့ အတားအဆီးတွေကတော့ သူတို့အသိုင်းအ၀ိုင်း ဦးသောင်း၊ ဦးအောင်သောင်း တို့လို တပည့်တပန်းတွေဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ကာချုပ်ဖြစ်သွားပြီးနောက်ပိုင်း သူ့ဆွေမျိုးတွေနဲ့ အဆက်သွယ်လုံးဝနီးပါး ပြတ်သွားပါတယ်။ ဆွေမျိုးအားလုံးနဲ့ ၂၀၀၀ ခုနှစ်က တကြိမ်တွေ့ဆုံပွဲ လုပ်စဉ်ကလည်း ပြောချင်တာ၊ တောင်းချင်တာ တင်ပြခွင့်မရပါဘူး။ အုပ်စုလိုက် သူတို့စီရင်တဲ့အတိုင်း ထိုင်နားထောင်ပြီး၊ အခြွေအရံများက သီးခြားတွေ့ခွင့် လုံးဝမပေးပါဘူး။ ဒေါ်ကြိုင်ကြိုင် ဆွေမျိုးတွေနဲ့တော့ ပိုမိုနီးစပ်ပါတယ်။ 
.
၆။ ညီအစ်ကိုမောင်နှမ ၈ယေက်မှာတော့ အစ်ကိုကြီး မီးရထားရုံပိုင်ကြီး၊ အဒေါ် ဒေါ်စောဖြူ၊ ဒေါ်စောရီ၊ ဒေါ်စောသီ နာမည်တွေကတော့ လှပါတယ်။ အခုတော့ သူ့သားသမီး၊ မြေးမြစ်တွေနဲ့ပဲ နေပြည်တော်မှာ နေထိုင်ပြီး မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ 
.
၇။ သူ့တပည့် ဗိုလ်ရွှေမန်းကို အင်တာဗျူးတဲ့အခါ လက်ရှီ စစ်အာဏာရှင်ခေါင်းဆောင်တွေ နှစ်စဉ်လိုလို သွားရောက်ကန်တော့၊ ဂါရ၀ပြု သွားတွေ့နေဆဲလို့ ဖြေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်သွားပြီးချိန် ချက်ခြင်းလိုလို ဗိုလ်သန်းရွှေနဲ့ တွေ့ဆုံပွဲကို ဦးရွှေမန်းကတဆင့် မြေးဖြစ်သူ နေရွှေသွေးအောင်က စီစဉ်တဲ့အကြောင့် နေရွှေသွေးအောင် ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။ 
.
၈။ ဗိုလ်သန်းရွှေ ဒုကာ/ချုပ်ဘ၀ ကတည်းက မောင်နှမအရင်းတွေ၊ ၀မ်းကွဲတေနဲ့ တွေ့ဆုံရင် ထုံးစံအတိုင်း တောင်းဆိုကြပါတယ်။ သူတို့နေထိုင်တဲ့ ရွာအတွက် လုပ်မယ်ဆိုရင်တော့ ရအောင်ကြိုးစားပေးမယ်၊ တကယ်လဲလုပ်ပေးပါတယ်။ လမ်းခင်း၊ လျှပ်စစ်မီး၊ တယ်လီဖုန်း စသဖြင့် ရွာအတွက်လုပ်ပေးပါတယ်။ ကိုယ့်အတွက်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးရဲ့ မောင်နှမ၊ တူတူမ ဖြစ်ပါတယ် ပြောပြီး သက်ဆိုင်ရာ တာဝန်ခံတွေကို ကိုယ်တိုင်ပဲ ပြောယူလုပ်နိုင်တဲ့လူပဲ အခွင့်အရေးရပါတယ်။ သူ့သားတယောက် ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး ပြသနာဖြစ်ချိန် ဥပဒေအတိုင်းစီရင်ပါလို့ နှုတ်မိန့်ပေးပါတယ်။ တူ၊တူမတွေ ၈၈ အရေးအခင်းမှာ၊အကြမ်းဖက် ခဲပေါက် ပါဝင်သူများကို ဆွေမျိုးများနဲ့တွေ့ချိန်မှာ ဒီလိုလုပ်ရပ်မလုပ်ကြဖို့ ဆုံးမပါတယ်။ ၈၈ အရေးအခင်းပြီး ၀န်ထမ်းတွေ အချက်၃၃ချက် ဖြည့်ရပါတယ်။ သူ့မောင်နှမ၊၀မ်းကွဲ၊ ခယ်မများ ၃၃ချက်နဲ့ညိပြီး ၀န်ထမ်းအလုပ်ပြုတ်တော့ ဒုကာ/ချုပ် ဖြစ်နေတဲ့ သူ့ဆီကို စာရေးတိုင်ကြားလဲ ဘာမှလုပ်မပေးပါဘူး။ 
.
၁၀။ ဆွေမျိုးတွေကို ဆက်လက် မေးမြန်းပြီး၊ ဆက်လက်ရေးပါဦးမယ်။ ဗိုလ်သန်းရွှေရဲ့ ရှားပါး ခရစ်ယန်အမျိုးအနွယ်များအကြောင်း မှတ်တမ်းတင်ခြင်လို့ မေးမြန်းခြင်းပါ။ သောင်းဝေဦးရေးသားသော အကောင်းမြင် "ကွန်တော်သိသောဗိုလ်ချုပ်မှုးကြီးသန်းရွှေ" စာအုပ်၊ သန်းဝင်းလှိုင်ရေးသားတဲ့ စစ်အာဏာရှင်ဆိုးဝါးကြောင်း "နေပြည်တော်မင်းသားကြိး" စာအုပ် ၂အုပ်တော့ ထွက်ပြီးပါပြီ။ 
.
ဘဘသန်းရဲ့မြေးတဦး
.
Image: သောင်းဝေဦးရေးသားသော စာအုပ်

No comments:

Post a Comment