Sunday, March 19, 2017

ရပ်ဆိုင်းထားရမည့် စီမံကိန်းလုပ်ငန်း ၃၄ ခုနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်မှ စီမံကိန်းလုပ်ငန်း ၁၀ ခု


15 Mar 2017 (Eleven Media/ The Voice)
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြထားသည့် လတ်တလော ရပ်ဆိုင်းထားပြီး စနစ်တကျ လေ့လာသုံးသပ်သင့်သည့် စီမံကိန်းများတွင် ပါဝင်သည့် စက်မှုဝန်ကြီးဌာနအောက်မှ စီမံကိန်း လုပ်ငန်း ၃၄ ခုနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်မှ စီမံကိန်းလုပ်ငန်း ၁၀ ခုအပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ဆွေးနွေးခဲ့ကာ ထိုသို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းများမှ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ)၊ မီးခံဘိလပ်မြေပြား (မှော်ဘီ)၊ အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်)၊ အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း)၊ အမှတ် (၄) အထည်စက်ရုံ (ပွင့်ဖြူ) နှင့် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) ဓာတ်မြေသြဇာစက်ရုံ (စလေ)၊ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)၊ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) နှင့် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) တို့ကို ၀န်ကြီးဌာနမှ တာဝန်ခံ၍ ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း
အဆိုပါ စီမံကိန်းများမှလွဲ၍ ကျန်စီမံကိန်း လုပ်ငန်းများကို လတ်တလော ရပ်ဆိုင်းကာ ပြန်လည်သုံးသပ်ရန်အတွက် စနစ်တကျ စိစစ်သုံးသပ်ပြီးမှသာ တွေ့ရှိချက်များအပေါ် မူတည်၍ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ လတ်တလောရပ်ဆိုင်းရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ငွေလုံးငွေရင်း အသုံးစရိတ်ကိုသာ သုံးငွေ ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး လစာ၊ ချီးမြှင့်ငွေများနှင့် အခြားအသုံးစရိတ်များအတွက် သာမန်သုံးငွေကို ခွင့်ပြုထားကြောင်း ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ ဦးအောင်မင်းက “ဘတ်ဂျက်မှာ ဖြတ်လိုက်တယ် ဆိုတာက ငွေလုံးငွေရင်းကိုပဲ ဖြတ်တာ။ သာမန် အသုံးစရိတ်ဖြစ်တဲ့ ၀န်ထမ်းလစာတွေ၊ ပင်စင်လစာတွေ၊ တခြား စရိတ်တွေ အားလုံးကို ဖြတ်မထားဘူး” ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ လတ်တလော ရပ်ဆိုင်းထားရမည့် စီမံကိန်းများမှာ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ် (၁၄) အကြီးစားစက်ရုံ(သာဂရ)၊ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)၊ အမှတ် (၁၆) အကြီးစားစက်ရုံ (ဆင်တဲ)၊ အမှတ် (၁၇) အကြီးစားစက်ရုံ (မလွန်)၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားလုပ်ငန်းအောက်မှ အမှတ် (၂၁) အကြီးစားစက်ရုံ (သထုံ)၊ ရော် ဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)၊ အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)၊ အမှတ် (၂၆) အကြီးစားစက်ရုံ (သာဂရ)၊ အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း)၊ မှန်ထုတ်လုပ်ရေး(ပုသိမ်)၊ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်)၊ အမှတ် (၃) အထည်စက်ရုံ (စစ်ကိုင်း)၊ အမှတ် (၃) အထည်စက်ရုံခွဲ (စစ်ကိုင်း)၊ အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး)၊ အမှတ် (၆) အထည်စက်ရုံခွဲ (မုံရွာ)၊ အမှတ် (၇) အထည်စက်ရုံ (မြစ်သား)၊ အမှတ် (၈)အထည်စက်ရုံ (ပျော်ဘွယ်)၊ အမှတ် (၈)အထည်စက်ရုံခွဲ (ရမည်းသင်း)၊ အမှတ် (၁၀)အထည်စက်ရုံ (တောင်သာ)၊ အထည်စက်ရုံခွဲ (မြင်းခြံ)၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)၊ ဟိုက်ဒရိုဂျင်အောက်ဆိုက် စက်ရုံခွဲ (ချောက်)နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ရေနံဓာတုဗေဒ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးဌာန၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၊ အမှတ် (၂) ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)၊ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)၊ အမှတ် (၃) ရေနံဓာတ်ငွေ့စက်ရုံ (ကျွန်းချောင်း) နှင့် မက်သနောလ်စက်ရုံ (ဆိပ်သာ) တို့ဖြစ်ကြောင်း သိရသည်။
Eleven Media (March 2017)

.
Note:
အဲဒီစက်ရုံများမှာ ဝန်ထမ်းပေါင်းသိန်းနဲ့ချီပြီး အလုပ်လုပ်နေဆဲဖြစ်ပါတယ်။ လစာချည်းပဲ မနည်းလှပါဘူး။ လျှပ်စစ်ဝန်ကြီးဌာနက တယူနစ်ထုတ်တိုင်း ၂၇ကျပ် ရှုံးနေတယ်ဆိုတဲ့အတိုင်း ဒီစက်မှုဝန်ကြီးဌာနကလည်း လစာနဲ့ပြည်ပအကြွေး (တရုပ်အကြွေးငွေ) ပိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အင်အယ်ဒီပါတီ ရွေးကောက်ပွဲ စီးပွားရေးပေါ်လစီ(၅)ချက်မှာ ရှုံးနေတဲ့စက်ရုံတွေကို ဖျက်သိမ်းရေးကို နံပါတ်(၁) ဖြစ်ခဲ့ပေမဲ့ တကယ်လုပ်တော့မယ်ဆိုတော့ မလွယ်ဘူးရူးနိုင်တယ် ..ဆိုတဲ့အတိုင်း အလွန်ခက်ခဲလှပါတယ်။ ဝန်ထမ်းတွေ အလုပ်မရှိ ဘယ်လိုအလုပ်ခိုင်းမလဲ ဆိုတာ အင်မတန်ကြီးမားလှတဲ့ အလုပ်ကြီးဖြစ်ပါတယ်။
စက်မှုဝန်ကြီး နဲ့ အဖွဲ့၊ လွှတ်တော်နဲ့သက်ဆိုင်ရာကော်မတီများ ပြည်သူ့ဘဏ္ဍာကို ကယ်ဆယ်ရေးလုပ်ဖို့ဆိုရင်
၁။ ဒီလုပ်ငန်းအတွက် အာဏာပိုင်အဖွဲ့အစည်းတခု (ကော်မရှင်တခု)ကို ပညာရှင်များ (ပြည်တွင်းက အများစု၊ ပြည်ပပညာရှင်အချို့) နဲ့ ဖွဲ့စည်းရပါမယ်။
 ၂။ လွှတ်တော်က စီစစ်ဖို့ဆိုရင် ပြည်ပစစ်ဆေးရေးကုမဏီတခုကို ငှားသင့်ရင် ငှားရပါမယ်။ မြန်မာတွေပဲ ခေါင်းဆောင်လုပ်ကိုင်ရင် လာပ်စားချင်တဲ့စိတ်ဓါတ်ကြီးနဲ့ လာပ်စားတဲ့ ပတ်ဝန်းကျင်ကြီး ရှိနေလို့ပါ။
အဲဒီစက်ရုံများကို အဟောင်းဈေးနဲ့ လေလံတင်ဖို့၊ ဒီစက်ရုံကြီးများဖျက်ပြီး ပုဂလိက စက်ရုံငယ်လေးများစွာ ပေါ်ထွက်လာဖို့ မျှော်လင့်ပါတယ်။
ဇာနီကြီး
၁၇-မတ်-၂၀၁၇


နိုင်ငံတော်အစိုးရသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းခြင်းကိုသာ ဆောင်ရွက်သင့်ပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအချို့ကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးသင့်ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား


မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းခြင်းကိုသာ ဆောင်ရွက်သင့်ပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအချို့ကို အမှန်တကယ် လုပ်ကိုင်နိုင်သည့် ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးသင့်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ် ၁၈ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင်ကျင်းပသည့် Meeting between Chairman of Myanmar Investment Commission and Foreing Business Communities အခမ်းအနား၌ဆိုသည်။
“နိုင်ငံတစ်နိုင်ငံ တိုးတက်အောင် လုပ်မယ်ဆိုရင် အစိုးရက စီးပွားရေးလုပ်စရာ အကြောင်းမရှိပါဘူး။ အစိုးရက နိုင်ငံတော် တိုးတက်ရေးအတွက် လိုအပ်တဲ့လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ပြဋ္ဌာန်းဖို့နဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို တရားဥပဒေနဲ့အညီ လိုအပ်သလို ပံ့ပိုးဆောင်ရွက်ပေးဖို့ပဲ။ ကျန်တာက နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် စီးပွားရေးမလုပ်တတ်တဲ့ အစိုးရအနေနဲ့ လုပ်စရာမလိုဘဲ စီးပွားရေးတကယ် လုပ်တတ်တဲ့ လုပ်ငန်းရှင်တွေလက်ထဲကို လွှဲအပ်ပေးဖို့၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည့်ဝမ်းဗိုက်လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲမှာပဲရှိစေရမယ်။ မလိုလားအပ်ဘဲ နိုင်ငံပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ ကျွန်တော်တို့လက်ထဲမှာ ကိုင်ထားစရာမရှိဘူး။ ကျွန်တော်တို့ စီးပွားရေးယန္တရားတွေ နားမလည်ဘူး။ အုပ်ချုပ်မှုပဲ နားလည်တယ်။ ဒီလိုနားလည်တဲ့ ဥာဏ်လောက်နဲ့ ဒီလိုနားလည်တဲ့ အတွေးအခေါ်လောက်နဲ့ စီးပွားရေးလုပ်လို့ရှိရင် ကျွန်တော်တို့ ဆုံးရှုံးနေမှာပဲ။ မတိုးတက်နိုင်ဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် မျှတစွာ ယှဉ်ပြိုင်မှုသည် စီးပွားရေးတိုးတက်မှုနှင့် စားသုံးသူများကို အကျိုးကျေးဇူး ဖြစ်ထွန်းစေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေးလိုငွေနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ရင်ဆိုင်နေရသဖြင့် အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရေးသည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းများဖြစ်ကြောင်း၊ အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲရမည့်အချိန်ဖြစ်ကြောင်းနှင့် ယင်းအခွင့်အလမ်းများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးအဖွဲ့အစည်းများတွင် တွေ့ဆုံရာတွင် ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အသစ်ပြဋ္ဌာန်းမည့် စည်းမျဉ်းအသစ်သည် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများကို တန်းတူအခွင့်အရေးများကို ဖန်တီးပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသများအားလုံးသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ တန်းတူရှိပြီး နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။         
Writer: 
နီလာ

No comments:

Post a Comment