Monday, February 20, 2017

စင်္ကာပူအိပ်မက် (EDB အကြောင်း) နှင့် အင်ဂျင်နီယာ၊စင်ကာပူဆောင်းပါးများ - ကိုသန်းလွင်

စင်္ကာပူအိပ်မက် (EDB အကြောင်း)
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄
(၁)

ကျွန်တော် စင်္ကာပူသို့ ပထမ ဆုံးရောက်ဖူးရသည်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့အခေါ် မိုးပျံတိုက်ကြီးတွေ ရှိတာကိုဘဲမှတ်မိသည်။ ကျွန်တော်တို့ဆီ က ၆ ထပ်ရုံးဆိုလျင် အလွန်မြင့်လှပေပြီ။ နောက် နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် မပြတ် ရောက်ပါသည်။ စင်္ကာပူသည် တရိပ်ရိပ် တိုးတက်နေသည်ကို မြင်နေရသည်။

၁၉၈ရ ခုနှစ်တွင် MRT ခေါ် မြေအောက်ရထားတွေ စတင်ပြေးနေပြီ။ မှန်တံခါးမှ မြင်ရသော ရထားတွေ ပြေးနေတာမှာ တရိပ်ရိပ်။ စီးရသည်မှာ ညင်သာလှသည်။ မြန်မာပြည်က ရထားတွေလို တဒုံးဒုံး မမည်။ ခုန်လည်း မခုန်။ မြန်မာနိုင်ငံက ခေါင်းဆောင်ကြီးတွေ လာတော့လည်း သူတို့ မီးရထား ကို စီးပြီး လေ့လာ ခိုင်းသည်။ ထိုစဉ်က သူတို့မီးရထားမှာ စင်္ကာပူ၏ အောင်မြင်မှု ပြယုဂ်လို ဖြစ်နေခဲ့သည်။ စင်္ကာပူ ရောက်ရတိုင်း ငါတို့နိုင်ငံ ဘယ်တော့ စင်္ကာပူလိုဖြစ်မလဲဟု ကျွန်တော်တို့ အမြဲစဉ်းစားခဲ့ကြပါသည်။

အခုတော့လည်း တဖြည်းဖြည်း ကျွန်တော် သဘောပေါက်လာရလေသည်။ မြန်မာပြည်သည် စင်္ကာပူ လို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဖူးဟု တွေးထင်စပြုလာလေပြီ။ မြန်မာပြည်က ဒီနေ့ အခြေအနေတွေနဲ့ ကတော့ စင်္ကာပူကို မမှီနိုင်ပြီ။ ကျွန်တော်တို့သွားနေသော လမ်းကြောင်းနှင့် အစိုးရ၏ လုပ်ရပ်များမှာ နိုင်ငံတော် တိုးတက်ရေးအတွက် အားရှိစရာ မမြင်ကြရပေ။ ၁၉၉၄ ခုနှစ်တွင် ကျွန်တော်သည် အလုပ် လုပ်ရန်၊ ကာလ တာရှည် နေထိုင်ရန်ရောက် လာသောအခါ စင်္ကာပူကို အနီးကပ် မြင်ရလေသည်။ တတိယကမ္ဘာနိုင်ငံ ငယ်ငယ် လေးသည် ကျွန်တော်တို့ မျက်စိရှေ့မှာပင် ပထမကမ္ဘာ၏ စံပြနိုင်ငံ ဖြစ်လာခဲ့သည်။

ခေါင်းဆောင်ကြီး လီကွမ်းယူး ဦးဆောင်မှုဖြင့် ဤမျှ တိုးတက်ရသည်ဟုဆိုလျင် မှားမည်မထင်ပါ။ သူတစ်ယောက်တည်းနှင့် အခုလိုဖြစ်ရသည်တော့ မဟုတ်။ သို့ပါသော်လည်း သူမပါဘဲတော့လည်း စင်္ကာပူသည် အခုမြင်နေရသည့် အခြေအနေသို့မရောက်နိုင်ပါ။ သက်သေပြချက် ကတော့ ကျွန်တော် တို့ မြန်မာပြည်ကြီးကိုဘဲပြရလိမ့်မည်။ ခေါင်းဆောင်မှု ညံ့ဖျင်းပြီး စေတနာ မမှန်ပါသော် ဘာတွေ ဖြစ်မည်ဆိုသည်ကို ဥဒဟုန်ဆောင်စရာ ကိစ္စတွေ မြန်မာပြည်မှာ တွေ့နိုင်ပါသည်။


(၂)

ယနေ့ ကမ္ဘာကြီး၏ အခြေအနေတွေအရ နိုင်ငံတစ်ခု တိုးတက်ဖို့ဆိုလျင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေလို သည်။ မြန်မာပြည်တွင် ၁၉၆၂ ခု စစ်အစိုးရတက်လာပြီး ပထမ ဦးဆုံးလုပ်သော လုပ်ရပ်မှာ နိုင်ငံခြား အဖွဲ့ အစည်း၊ အသင်း၊ ကုမ္ပဏီတွေကို နှင်ထုတ်ခြင်းပင်ဖြစ်သည်။ ထိုစဉ်ကစ၍ ကျွန်တော်တို့သည် လမ်းမှား ကြီးအတိုင်း လျောက်ခဲ့ကြတာ ဖြစ်ကြောင်း အခု သဘောပေါက် နိုင်ကြပါသည်။ စင်္ကာပူကမူ ဤသို့မဟုတ်။ မိမိ ခြေထောက်ပေါ် ရပ်နိုင်ပြီဟု ဆိုကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဘယ်လို ရှာရမလဲဟု စပြီး စဉ်းစားခဲ့ကြသည်။

၁၉၅၉ ခုနှစ်တွင် စင်္ကာပူသည် ကိုယ်ပိုင် အုပ်ချုပ်ရေးရသော နယ်တနယ်ဖြစ်လာပါသည်။ ၁၉၆၅ ခုနှစ် သြဂုတ်လတွင်မူ လုံးဝလွတ်လပ်သောနိုင်ငံ တခုဖြစ်လာသည်။ စင်္ကာပူနိုင်ငံ၏ နိုင်ငံ တိုးတက်ရေး မဟာ ဗျူဟာနှစ်ခုမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု နှင့် Tourism လုပ်ငန်းတို့ ဖြစ်ပါသည်။

EDB ခေါ် Economic Development Board ကို ဖွဲ့စည်းရေးအတွက် မစ္စတာ လီကွမ်းယူးကို စတင် အကြံ ဥာဏ်ပေးသူမှာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Dutch လူမျိုး Mr Winsenmius ဆိုသူဖြစ်ပါ သည်။ သူကရင်းနှီး မြှုပ်နှံဖို့ ရောက်လာသူတစ်ဦးကို အစိုးရ၀န်ကြီး ဋ္ဌာနပေါင်းစုံ ဖြင့် ဆက်ဆံရန်မလို ဘဲ နေရာတစ်ခုတည်းတွင် သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည့် ဌာနတစ်ခု ရှိရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။ အစပထမတွင် ရင်းနှီးမြှုပ်နှံ လိုသူကို မိမိကစတင်ပြီး ဖိတ်ခေါ်ရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ EDB သည် နိုင်ငံတွင်းမှ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် One stop Agency တခုဖြစ် လာပါသည်။

ဤ တစ်နေရာထဲမှာ ကိစ္စပြီးသည့် သဘောကို စင်္ကာပူ ပြည်သူ့ ဆေးရုံကြီးတွင်တွေ့ မြင်နိုင်ပါသည်။ နိုင်ငံခြားမှ ရောက်လာသော လူနာရှင်များ မှာ ရုံးခန်းတစ်ခုသို့ သွားကြရပါသည်၊ ထိုရုံးခန်း မှ ကျွမ်းကျင် သူများက မည်သည့်ဆရာဝန်နှင့် တွေ့ရမည်။ မည်သည့် အဆောင်သို့ သွားကြရမည်။ အဖိုးအခ အဘယ် မျှ ကျသင့်နိုင်သည်တို့ကို တခါတည်း တွက်ချက်ပေးပါသည်။ လူနာအတွက် stay လိုအပ်ချက် နှင့် အခြားပြဿနာများကို ထိုရုံးခန်းမှာ တင်ပြဆွေးနွေးနိုင်ကြပါသည်။

ပထမဆုံးသော အီး၊ဒီ၊ဘီ ဥက္ကဌက နိုင်ငံတွင်းမှ ပညာတော်ပေ့ ဆိုသူများကို စုစည်းယူပါသည်။ အမေရိကန်၊ သြစတြေးလျ၊ ဥရောပ၊ နယူးဇီလန် စသည်ဖြင့် အကောင်းဆုံး တက္ကသိုလ်များ မှ ဘွဲ့ရပြီးသူများကို လခ အကောင်းဆုံးပေး၍ အီး၊ဒီ၊ဘီ အရာရှိအဖြစ် တာဝန်ပေးသည်။
ထို အရာရှိများ၏ အဓိက တာဝန်မှာ နိုင်ငံခြား မှရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရေးပင် ဖြစ်သည်။ နိုင်ငံပေါင်း လေးငါးဆယ်မှ CEO များ၊ အုပ်ချုပ်ရေးမှုး များ ကို တယ်လီဖုန်း ဆက်သွယ်ပြီး စင်္ကာပူ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံရေးအတွက် ဖိတ်ခေါ်ကြပါသည်။ စင်္ကာပူနိုင်ငံ၏ အနာဂါတ်ရေးမှာ သူတို့ လက်ထဲတွင်ရှိသည်ဟု ယုံကြည်ကြသည်။ အီး၊ဒီ၊ဘီ အရာရှိ တဦးက ကျောင်းဆင်း လွှတ်လိုက်သော ကလေး တွေကိုတွေ့လျှင် သူတို့ လေးတွေကို တနေ့ဘယ်လိုများ အလုပ်ပေးရမလဲဟု အမြဲ တွေးနေမိ သည်ဟု ဆိုပါသည်။
အီး၊ဒီ။ဘီ အရာရှိများအနေဖြင့် လုပ်ငန်းရှင်များမေးသမျှ မေးခွန်းပေါင်းစုံကို ဖြေကြရပြီး အခက်အခဲ ဖြစ်နေသော ပြဿနာ မှန်သမျှ ပြေလည်အောင် ဖြေရှင်းပေးရသည်၊ အချို့ နိုင်ငံခြား ကော်ပိုရေးရှင်း မှ အကြီးအကဲ လုပ်သူများမှာ စင်္ကာပူ ဆိုသော နိုင်ငံ ဘယ်နေရာမှာရှိသည် ဆိုသည်ကို မသိဘူးဟုဆို သည်။ အစပထမတွင် UNDP ခေါ် ကုလသမဂ္ဂအေဂျင်စီ မှ အရာရှိများကို အကူအညီအဖြစ် ခေါ်ထား ကြရပါ သည်၊
အီး၊ဒီ။ဘီ သည် နိုင်ငံ ၏ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော Infrastructure များကို တည် ဆောက် ပေးရန် တာဝန်ယူရသည်။ ပထမဆုံး တည်ဆောက်သော သူတို့ ပရောဂျက် မှာ Jurong Industrial Estate ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံ အနောက်ဘက်အပိုင်းရှိ ဂျူရောင်း ဆိုသော ရပ်ကွက် တွင် ဧက ၉၀၀၀ ကျော်ခန့် ရှိသော မြေနေရာကွက်တွင် လိုအပ်သော လမ်း၊ လျှပ်စစ်မီး၊ ရေတို့ကို အလုံအလောက် အသုံးပြုနိုင်ရေး နှင့် ရေဆိုးထွက်ပေါက်များအပြင် လိုအပ်သော အဆောက်အဦး များကို အစိုးရက တည်ဆောက်ပေးသည်။

၁၉၆၁ ခုနှစ်တွင် နိုင်ငံခြားပိုင် စက်ရုံ ၁၉ ရုံသာရှိခဲ့ပြီး ၁၉ရ၀ ခုနှစ်တွင် စက်မှု လုပ်ငန်း ၃၉၀ အထိ တိုးမြင့် လာခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် Texas Instrument ရောက်လာပြီး သဘောတူ စာချုပ် ချုပ် အပြီး ရက်ပေါင်း ၅၀ အတွင်း production  စနိုင်ခဲ့သည်။ သူတို့ နောက် National Semiconductor  ရောက်လာခဲ့ပါသည်၊ HP မှ Mr Hewlett က အထောက်တော် မြောက်များစွာ လွှတ်ပြီး သေချာမှ သူကိုယ်တိုင် လာကြည့်ပါသည်၊

၁၉၆၅ ခု လွတ်လပ်ရေး ရပြီးချိန် ဗြိတိသျှ တို့ ထွက်သွား ချိန်တွင် သူတို့ အုပ်ချုပ်ရေး ယန္တယားမှ ၀န်ထမ်း ပေါင်း ၃ သောင်းကျော် လေးသောင်း ခန့် ကို အလုပ် အကိုင် ရရှိရေး အတွက် နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံ လာသော လုပ်ငန်းများကို အားကိုး ကြရပါသည်။ နိုင်ငံရပ်ခြားမှ စက်မှုလက်မှု လုပ်ငန်းအ၀၀ မှာ လျှပ်စစ်ဓါတ် အပါအ၀င် လိုအပ်ချက် အမျိုးမျိုး ရှိတတ်ကြပေရာ အခက်အခဲ အမျိုးမျိုး တွေ့ကြရပါသည်၊ အီး၊ဒီ။ဘီ ၀န်ထမ်းများ ၏ အခက်အခဲများကို မှန်းဆ ကြည့်နိုင်ကြ ပါသည်။ ထို အီး၊ဒီ။ဘီ အရာရှိများထဲ မှ နောက်ပိုင်းတွင် အစိုးရ ၀န်ကြီး ၃ ယောက် နှင့် အတွင်းရေး အတွင်းဝန်များ အမြောက်အများ ပေါ်ထွက်လာပါသည်၊

အီး၊ဒီ။ဘီ အဖွဲ့မှာ တဖြည်းဖြည်း လူအင်အားနှင့် လုပ်ငန်းပမာဏ တိုးပွားလာပြီး နောက်ပိုင်းတွင် ဋ္ဌာန ကြီး ၂ ခု အဖြစ် ခွဲလိုက်ရပါသည်။ DBS ( Development Bank Of Singapore) နှင့် JTC (Jurong Town Council) ဟု ဋ္ဌာနကြီး ၂ ခု ဖြစ်လာပါသည်။ စင်္ကာပူ၏ စက်ရုံ အလုပ်ရုံ အဆောက်အဦ မြောက်များစွာကို ဂျေ၊တီ၊စီ ကပိုင်ဆိုင်ပါသည်၊
၁၉၆၈ ခုနှစ်တွင် အီး၊ဒီ၊ဘီ ရုံးခွဲ တခုကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ ကြပါသည်။ စင်္ကာပူလူမျိုး ဂျပန် တက္ကသိုလ်မှဘွဲ့ ရရှိပြီး ဂျပန်စကားပြော နိုင်သူကို ဦးဆောင်စေသည်။ ဂျပန်တို့ ၏ ရင်းနှီး မြှုပ်နှံမှုရဘို့ အခက်အခဲများစွာရှိပါသည်။ ဂျပန် တို့က သူတို့ Precision Technology ကို မည်သည့် အာရှ နိုင်ငံကမှ လိုက်မမှီနိုင်ဘူးဟု အယူအဆရှိကြသည်။၊ ၁၉၇၀ ခုနှစ်တွင် ဆီကို နာရီစက်ရုံ စတင်ဖွင့် နိုင်ခဲ့သည်။

ရေနံချက်စက်ရုံ များကို စင်္ကာပူတွင် လာရောက် ဖွင့်လှစ်ရေးမှာမူ နိုင်ငံရေးကိစ္စ များပါ ပါဝင်ပါတ်သက် နေသောကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆွေးနွေး ညှိနှိုင်း ရသော ကိစ္စများ ရှိခဲ့ဘူးပါသည်။ ၁၉၈၀ ခုနှစ်များ မှာမှ ရေနံချက် စက်ရုံများကို စင်္ကာပူတွင် စတင် တည်ဆောက် နိုင်ခဲ့ ကြပါသည်။ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကို ပါတ်ဝန်းကျင် နိုင်ငံများက အားကျခဲ့ကြသည်။
စင်္ကာပူမှ အောင်မြင်မှုများကို ကြည့်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ များကို ကျွန်တော် တွေးကြည့်မိသည်။ စင်္ကာပူ နိုင်ငံတွင် သဘာဝ ထွက်ကုန် ဟူ၍ မရှိဘဲ မြန်မာနိုင်ငံတွင် ကျွန်းသစ်၊ ရေနံ၊ ကျောက်သံ ပတ္တမြား စသည်ဖြင့် သယံဇာတ ပစ္စည်း ပေါင်းစုံ ထွက်ရှိပါသည်၊ သို့ပါ သော်လည်း ယနေ့ မြန်မာနိုင်ငံတွင် ၀င်ရောက်လာမည့် စက်ရုံများ အဆင်ပြေပြေ လည်ပါတ်နိုင်ရေး အတွက် Infrastructure မှာ ပြည့်စုံနေဖို့လိုသည်၊

ကျွန်တော့်ကို အခန်း ၂၀၀၊ ၃၀၀ ပါဝင်သော ဟော်တယ်ကြီးတစ်ခု မြန်မာနိုင်ငံတွင် ဆောက်လို ပါသည် ဟု နိုင်ငံခြားသား တစ်ယောက်က မေးပြီဟုဆိုပါစို့။ ကျွန်တော့်တွင် လမ်းညွှန်ပေး နိုင်သော အရည်အချင်း မရှိပါ။ ဘယ်သူ့ဆီကိုသွားပြီး ဘယ်သူ့ကိုမေးပါဟု ကျွန်တော့်တွင် ပြောပြနိုင်သော အချက်အလက်မရှိပါ၊

နိုင်ငံတကာ ကုမ္ပဏီကြီးများက ဤကဲ့သို့မရေမရာ အခြေအနေကို လက်ခံလိမ့် မည်မဟုတ်။ Mr Hewlett လိုပုဂ္ဂိုလ်များမှာ ကိုယ်တိုင် မလာမှီ အထောက်တော် ပေါင်းများစွာဦးစွာ လွှတ်ပြီးမှ လာသင့်၊ မလာသင့် ဆုံးဖြတ်ကြသည်၊

နိုင်ငံခြားသား တစ်ယောက်က ဟော်တယ်ဆောက်လိုသည်။ နိုင်ငံတော်အနေဖြင့် သင့်တော်သော မြေနေရာနှင့် သင့်တော်သောဈေးနှုန်းတို့ကို ပြောပြ နိုင်စွမ်းရှိရပါမည်။ သူ၏ ရင်းနှီးမြှုပ်နှံမည့်ငွေကို နိုင်ငံတွင်းသို့ တရားဝင် တင်သွင်းနိုင်သော နည်းလမ်း ရှိရပါမည်။ သူ၏ ၀န်ထမ်းများ၏ နေရေး ထိုင်ရေး လစာငွေ ပေးနိုင်ရေးအတွက် တရားဝင် နည်းလမ်းများရှိရ ပါမည်၊ သူ့ဝင်ငွေကို လိုအပ်သလို ပြည်ပသို့ ပို့ပေးနိုင်ရန်သူ့တွင် နည်းလမ်းရှိရပါမည်။

လုပ်ငန်းသဘောမှာ အနှောင့်အယှက် မှန်သမျှ ဖယ်ရှား ပြစ်ရပါမည်။ နိုင်ငံခြားသားသည် နိုင်ငံတကာ စံနှုန်း၊ စံညွှန်းတွေကို သာသိသည်။ မြန်မာပြည်မှာက မြန်မာတို့ စံနှုန်း တွေသာ နေရာတကာမှာရှိနေသည်။

စင်္ကာပူတွင် ပြည်ပနိုင်ငံမှ တင်ပို့ လိုက်သော ကုန်ပစ္စည်းသည် လေယာဉ် နှင့် ဆိုက်ရောက် လာပါ လျင် ၄-၅ နာရီအတွင်း ပိုင်ရှင်က မိမိကားပေါ်တွင်တင်ခါ မောင်းထွက် သွားနိုင်ကြပါသည်။ သင်္ဘော နှင့် ရောက်လာလျင် ၃ ရက်အတွင်း ပိုင်ရှင် က ထုတ်ယူနိုင်ပါပြီ။ ကျွန်တော်တို့ တခါက ကြုံရဘူးသည် မှာ တင်ပို့ လိုက်သော ပစ္စည်းထုပ်သည် ယခုနှစ် ဧပြီ ၅ ရက်နေ့က ရန်ကုန်ဆိပ်ကမ်း သို့ရောက် ပါသည်။ သင်္ကြန်ပိတ်ရက်ကြောင့်ဆိုကာ ဧပြီ ၂၅ ရက် မိုးကြီးချုပ်မှ ကျွန်တော်တို့ နေရာသို့ ပစ္စည်း ထုပ် ရောက်ပါသည်။
ဆိပ်ကမ်းတွင် ပစ္စည်းတစ်ခု၏ ကြေငြာထားသော တန်ဖိုးသည် နည်းနေသည်ဟုဆိုပါစို့။ ဆိပ်ကမ်း အရာရှိများက ပိုင်ရှင်နှင့် ငြင်းခုန်မနေပါ။ ပစ္စည်းတန်ဖိုးကို နောင်ကျွမ်းကျင်သူများက စစ်ဆေးကြပါ လိမ့်မည်။ တန်ဖိုးက Catalogue မှာ မပါသောကြောင့် ပစ္စည်းထုတ်ရန် ကြန့်ကြာခြင်းမဖြစ်ပါ။ အကယ်၍ ပစ္စည်းတန်ဖိုးကို လျှော့ပေါ့ကြေငြာပြီး ထုတ်ယူပါလျင် နောင်တွင် ရှင်းယူရန် တာဝန်မှာ ကြေငြာသူ၏ တာဝန်ပင်ဖြစ်ပါသည်။

အကောက်ခွန် ကောက်ရာတွင် စင်္ကာပူနိုင်ငံတွင် ယနေ့ (၇) ရာခိုင်နှုန်း ကောက်ခံပါသည်၊ ဤသို့ မြှင့်တင်ရန် ချက်ခြင်း။ဆုံးဖြတ်ကြသည် မဟုတ်ပါ။ ၃%၊ ၅ % စသည်ဖြင့် အချိန် ၁၀ နှစ်မျှ ယူပြီး တဖြည်းဖြည်း မြှင့် တင်ယူပါသည်။  အကယ်၍ အခွန်ပေးဆောင်ပြီး ပစ္စည်းကို စင်္ကာပူနိုင်ငံ တွင်းတွင် မသုံးဘဲ ပြည်ပသို့ ထုတ်ယူပါက ကောက်ခံပြီး အခွန် ကို ပြန်ပေးပါ သည်။

မြန်မာနိုင်ငံက ကောက်ယူနေသော အခွန်နှုန်းထား သင့်တော်သည် မသင့်တော်သည်ကို ပါတိတ် တင်သွင်းကြသော ဥပမာဖြင့် သိသာနိုင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံက ထုတ်သော ပါတိတ်ကို ရန်ကုန် ဆိပ်ကမ်းသို့ မပို့ကြပါ။ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့မှ တဆင့် မြ၀တီ၊ မြ၀တီမှ ကုန်းလမ်းဖြင့် ထရပ်ကားများနှင့် ရန်ကုန်သို့ ပို့ ကြပါသည်။ ဤကိစ္စ ဘယ်လိုမျှ မဖြစ်သင့်သော ကိစ္စ ဖြစ်ပါသည်။
ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် စင်္ကာပူမှ အီး၊ဒ၊ီဘီ ကဲ့သို့ အလားတူ အဖွဲ့တခုတွေ့ မြင်လိုပါသည်။ ထိုအဖွဲ့တွင် နိုင်ငံခြား တက္ကသိုလ်များမှ ဘွဲ့ ရခဲ့သူများ၊ မြန်မာပြည်တွင်းရှိ ဥာဏ် ထက်မြက်သည့် ပညာရှင်များ၊ စီပွားရေးကို ကျွမ်းကျင်သူများ၊ တက်ကြွသော လူငယ်များဖြင့် ဖွဲ့စည်း ပေးစေလိုပါ သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများနည်းတူ ပြည်တွင်းမှ လုပ်ငန်းရှင် များ၏ အခက်အခဲ များကို ထိုအဖွဲ့ မှ အရာရှိများက ဖြေရှင်းပေးနေသည်ကို တွေ့မြင် လိုပါသည်။

McDonnald နှင့် KFC ကဲ့သို့သော ကုမ္ပဏီကြီးများ မြန်မာပြည်တွင် လာရောက် စီးပွားရေး လုပ်ကိုင် နေကြသည်ကို ကျွန်တော်တို့ တွေ့မြင်လိုပါသည်။ ၄င်းတို့အတွက် သင့်တော်သော အခြေ အနေကောင်း များကို ဖန်တီးပေးရန် ကျွန်တော်တို့တွင်တာဝန်ရှိပါသည်။ ကျွန်တော်တို့ ချမှတ်လိုက် သော ပေါ်လစီ တစ်ခု မှန်၊ မမှန်ကို တိုင်းပြည်၌ ထိုကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီကြီးများ ရှိ၊ မရှိ ကို ကြည့်ခြင်းဖြင့် သိနှိုင်ကြပါသည်။

စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ အခြေအနေ မတူ၊ ကွဲ ပြားခြားနားမှု မြောက်များစွာရှိပါသည်။ မြန်မာနိုင်ငံက ဧရိယာ ကြီးမား ကျယ်ပြန့်ပြီး သယံဇာတ ပေါကြွယ်ဝပါသည်။ ပုံတူကူးချရန် မလိုပါ။ တရုတ်နိုင်ငံ သမ္မတဟောင်း Jiang Zemin မှာ သမ္မတ မဖြစ်မှီက စင်္ကာပူကို အီး၊ဒီ၊ဘီ အဖွဲ့ အကြောင်း လေ့လာရန် လာပြီး ရက်သတ္တ ၂ပါတ်ကြာနေ သွားဘူးပါသည်။ အပြန်မှာ Fujian နှင့် Guangdong  Special Economic Zone  ၂ခု ကိုထူထောင်ရန် တာဝန် ပေးခြင်း ခံရပါသည်။ တရုတ်ပြည်ကပင် နည်းယူရသည် ဆိုလျင် မြန်မာတို့ အဖို့နည်းယူရန် ၀န်မလေးသင့်ပါ။

တရုတ်ပြည်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်သည် ဆိုရာ၌ State Control ခေါ် အစိုးရ၏ ပါဝင်ပါတ်သက်မှုကို လျော့ချပေးခြင်းပင် ဖြစ်ပါသည်။ အစိုးရသည် ပြည်သူတို့၏ ပြဿနာကိုဖြေရှင်း ပေးရန် နှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန်ု ထိမ်းသိမ်းပေးရန်ပင် ဖြစ်ပါသည်။ အစိုးရက စီးပွားရေး မလုပ်ပါ။ အစိုးရသည် စီးပွားရေးလုပ်ရန် မလိုပါ။ တချိန်တည်းမှာပင် ကုန်သည်တို့၏ လုပ်ငန်းများ တွင် အစိုးရ၏ ပါဝင်ပါတ်သက်မှု နည်းလေ ကောင်းလေပင် ဖြစ်ပါသည်။ အစိုးရက ကန့်သတ်ချက်များမှာ မည်သူ့ကိုမျှ ကူညီရာ မရောက် တတ်ပါ။ အစိုးရအရာရှိကြီးများ အနေဖြင့် တိုင်းပြည် စီးပွားရေး ကောင်းမွန် တိုးတက် စေလိုပါလျင် စီးပွားရေး လုပ်ငန်းများ၌ ၄င်းတို့၏ ပါဝင် ပါတ်သက်မှုကို တတ်နိုင် သမျှ လျှော့ချရန်ပင်ဖြစ်ပါသည်။

၁၉၆ရ ခုနှစ်တွင် အင်ဒိုနီးရှား သမ္မတကြီး ဆူဟာတိုက Dr BJ Habibie ခေါင်းဆောင်သော အဖွဲ့ ကို ဘာတန်ကျွန်း စက်မှုဇုံ ဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ရန် စင်္ကာပူနိုင်ငံ၏ အကူအညီ ရနိုင်ရေးအတွက် ဆွေးနွေးဘို့ စေလွှတ်လိုက်ပါသည်။ ဘာတန်ကျွန်းတွင် ဟက်တာ ၅၀၀ အကျယ် အ၀န်းရှိသော စက်မှုဇုံ ကို စင်္ကာပူနှင့် ဖက်စပ်ထူထောင်ကြပြီး ၁၉၉၉ ခုနှစ်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံမှု ဘီလီယံ ချီပြီး ၀င်ရောက်နေပါပြီ။


(၃)
ကျွန်တော်တို့နိုင်ငံ အနေဖြင့် စင်္ကာပူလိုဖြစ်ရန်မှာ လက်ရှိအခြေအနေတွေနှင့် ဆိုသော် စိတ်ကူး ယဉ်အိပ်မက် သဖွယ်ဖြစ်နေပေသည်။ လူအရင်းအမြစ် မျိုးချစ်စိတ်ရှိသော ပညာတတ်တွေပေါသည့် ကျွန်တော်တို့ နိုင်ငံမှာ အခြေအနေက ပေးလျင် မဖြစ်စရာမရှိ။ ပို၍ပင် အောင်မြင်နိုင်ပါသည်။

စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများမှာ အောင်မြင်သော ပုံစံ (model) တခုသာဖြစ်ပါသည။၊ သူတို့အတွေ့ အကြုံများမှာ မှတ်တမ်းတင်ပြီးရှိနေရာ ၄င်းတို့မှ တန်ဖိုးရှိသော သင်္ခန်းစာတွေ ရနိုင် ကြပါသည်။ ကျွန်တော်တို့နိုင်ငံ အခြေအနေနှင့် လိုက်ဖက်တာကိုယူပြီး မလိုတာတွေ ပယ်ကြရုံသာ ရှိပါသည်၊


ကိုသန်းလွင်

ကိုသန်းလွင် – စင်္ကာပူအိပ်မက် (EDB အကြောင်း)

October 30, 2014
ကိုသန်းလွင် – စင်္ကာပူအိပ်မက် (EDB အကြောင်း)
  ကိုသန်းလွင် – စင်္ကာပူအိပ်မက် (EDB အကြောင်း) (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄ (၁) ကျွန်တော် စင်္ကာပူသို့ ပထမ ဆုံးရောက်ဖူးရသည်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့အခေါ် မိုးပျံတိုက်ကြီးတွေ ရှိတာကိုဘဲမှတ်မိသည်။ ကျွန်တော်တို့ဆီ က ၆ ထပ်ရုံးဆိုလျင် အလွန်မြင့်လှပေပြီ။ နောက် နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် မပြတ် ရောက်ပါသည်။ စင်္ကာပူသည် တရိပ်ရိပ် တိုးတက်နေသည်ကို မြင်နေရသည်။ ၁၉၈ရ ခုနှစ်တွင် MRT ခေါ် မြေအောက်ရထားတွေ စတင်ပြေးနေပြီ။ မှန်တံခါးမှ မြင်ရသော ရထားတွေ ပြေးနေတာမှာ တရိပ်ရိပ်။ စီးရသည်မှာ ညင်သာလှသည်။ မြန်မာပြည်က ရထားတွေလို တဒုံးဒုံး မမည်။ ခုန်လည်း...
Read more »

ကိုသန်းလွင် – စင်္ကာပူမီးရထား

July 9, 2015
ကိုသန်းလွင် – စင်္ကာပူမီးရထား
ကိုသန်းလွင် – စင်္ကာပူမီးရထား (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၅ (၁) ကျွန်တော့်အဖို့ စင်္ကာပူမှ မြေအောက်ရထား (MRT) ကိုစတင်စီးဘူးရသည်မှာ၁၉၈၉ ခုနှစ်များဆီမှဖြစ်ပါသည်၊ စင်္ကာပူတွင် အနေကြာပြီး ဂျင်ဖြစ်နေကြသော ကျွန်တော့် တူမများကရထားစီးရန်ခေါ်သွားကြခြင်းဖြစ်ပါသည်၊ ကျွန်တော် သည်မီးရထားစီးမည်ဆိုတော့ တဂျုန်းဂျုန်းအသံတွေပြုပြီးသွားနေသော ရထားကြမ်းကြီးတွေ ဟုထင်ခဲ့မိသည်။ ဘူတာရုံမှာ မြေအောက်မှာရှိရာ ပလက်ဖေါင်းသို့ရောက်သွားသောအခါ လေအေးစက်မှလေအေးတွေ မှုတ်သွင်း ထားသောအခန်းကျယ်ကြီးတခုထဲ ရောက်သွား သလိုဖြစ်နေပါသည်၊ ပလက်ဖေါင်းပေါ်တွင် ရထားပြေးလမ်း ရှိရာဘက်၌ မှန်တံခါး တွေပိတ်ထားလေရာ ရထားဝင်လာတာကို ရုတ်တရက်ဘာမှန်းမသိရ၊ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွား နေသော တွဲတွေကိုသာမြင်ရသည်၊ ရထားလမ်းက ငြိမ်လွန်း သောကြောင့် တွဲထဲမှာလ္ဘက်ရည်ခွက် ကိုကိုင်၍ သောက်လျင်ရမည်ထင်သည်၊ သို့သော် ဘူတာရုံဝင်ကတည်းက အစား၊ အသောက်ကို...
Read more »

ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ

June 20, 2015
ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ
  ကိုသန်းလွင် – ၀န်ကြီးချုပ်နှင့် သူ၏အကြံပေးအရာရှိ (မိုးမခ) ဇွန် ၂၀၊ ၂၀၁၅   (၁)   ကွန်လွန်သူ ၀န်ကြီးချုပ်ဟောင်းမစ္စတာလီကွမ်းယူး၏ ဈာပနအခမ်းအနား ကျင်းပရာသို့ Dr. Albert Winsemius ၏ သားသမီးများ တက်ရောက်လာခဲ့ကြပါသည်။ ဒတ်(ခ်ျ)လူမျိုး စီးပွားရေးပညာရှင် မစ္စတာဝင်စီးမီးရပ်(စ) မှာ စင်္ကာပူအစိုးရ၏ အကြံပေး အရာရှိအဖြစ် ၁၉၆၁ ခုနှစ်မှစ၍၂၅ နှစ်ကြာ ဆောင်ရွက် ခဲ့သည်။ စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများကို ဆန်းစစ်ကြည့်လျင် သူ ၏လက်ရာမြောက်များစွာကိုတွေ့ရ မည်ဖြစ် သည်၊ အချို့ကလည်း ၀န်ကြီးချုပ်လီကွမ်းယူး သည် သူ့အကူအညီကိုသာ မရလျင် စင်္ကာပူသည် ဤမျှ အောင်မြင်စရာအကြောင်းမရှိဟုအလွန်အကျွံ ဆိုသူကဆိုကြသည်၊   ၁၉၆၅ ခုနှစ်မှာဗြိတိသျှ ကိုလိုနီ...
Read more »

ကိုသန်းလွင် – စင်္ကာပူဘတ်ဂျက်

March 12, 2015
ကိုသန်းလွင် – စင်္ကာပူဘတ်ဂျက်
ကိုသန်းလွင် – စင်္ကာပူဘတ်ဂျက် (မိုးမခ) မတ် ၁၂၊ ၂၀၁၅ (၁) စင်္ကာပူနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အစိုးရသည် နှစ်စဉ်နှစ်တိုင်းရှေ့လာမည့် နှစ်တွင် သုံးစွဲမည့် အစီအစဉ် ဘတ်ဂျက် ကို နိုင်ငံတော်သို့ တင်ပြရမည်ဟု ပြဋ္ဌာန်းပါရှိသည်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလွှတ်တော်တွင် ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ (Mr. Tharman Shanmugaratnam) က၂၀၁၅ခုနှစ်အတွက် ဘတ်ဂျက်ကိုတင်ပြခဲ့သည်၊ လွန်ခဲ့သော နိုဝင်ဘာလ မှစတင်၍ ပြည်သူတို့အကြား အကြံဥာဏ်  များရယူကာ နှစ်လကျော် အချိန်ယူ၍ ဤ ဘတ်ဂျက် ကိုရေးဆွဲခဲ့ကြခြင်း ဖြစ် သည်၊ မတ်လ၂ရက်နေ့ မှစတင်ပြီးလွှတ်တော်တွင် ကိုယ်စားလှယ်များက မာရသွန်ဆွေးနွေးပွဲများဖြင့် ဘတ်ဂျက်အသစ်နှင့်ပတ်သတ်၍ ဆွေးနွေးကြရန်ဖြစ်သည်၊ ထိုဆွေးနွေးပွဲများပြီးလျင်  မဲခွဲ ဆုံးဖြတ် ကြမည်၊...
Read more »

ကိုသန်းလွင်

ကိုသန်းလွင် ● အင်တာနက်၏ ဒုတိယတော်လှန်ရေး

October 19, 2016
ကိုသန်းလွင် ● အင်တာနက်၏ ဒုတိယတော်လှန်ရေး
 ကိုသန်းလွင် ● အင်တာနက်၏ ဒုတိယတော်လှန်ရေး (မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆ (၁) မိမိအိမ်မှာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ပါလျက်၊ ရဲမှလာပြီး မြေကွက်မှ ဖယ်ပေးရမည်ဟု နှင်ထုတ်ခံရသော အမှုတခု ဟွန်ဒူးရပ် နိုင်ငံတွင် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့ပါသည်။ အိမ်ပိုင်ရှင်မှာ မြေနေရာကို ပိုင်ဆိုင်ကြောင်း အထောက်အထား သက်သေစာရွက်စာတမ်းတွေရှိပါသည်။ သို့ပါသော်လည်း နိုင်ငံ၏ပိုင်ဆိုင်မှု ထိမ်းသိမ်းရေးရုံး (Property Institute) တွင် နာမည်ပေါက်သူမှာတမျိုးဖြစ်နေသည်။ ထိုပိုင်ဆိုင်သူကတရားသူကြီးကို ချဉ်းကပ်ခါ နှင်ထုတ်ခွင့် အမိန့်ကိုရယူခဲ့ခြင်း ဖြစ်ပါ သည်။ ဤပြဿနာမျိုးမှာ ပိုင်ဆိုင်မှု ရီကော့ကို သေသေချာချာ သိမ်းဆည်းမထားသော နိုင်ငံများတွင် ဖြစ်လေ့ရှိပါ သည်။ ဟေတီ နိုင်ငံတွင် ငလျင်လှုပ်သောအခါ မြေ...
Read more »

ကိုသန်းလွင် – သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ

October 13, 2016
ကိုသန်းလွင် – သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ
ကိုသန်းလွင် – သမ္မတကြီးထံသို့အိပ်ဖွင့်ပေးစာ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ (၁) နိုင်ငံတော်သမ္မတကြီးခင်ဗျား ကျွန်တော်တို့သည် သမ္မတကြီးနည်းတူ မူလတန်း၊ အထက်တန်းမှ တက္ကသိုလ် ကျောင်းသားဘ၀ အလုပ်ခွင်ဝန်ထမ်းဘ၀၊ ယခု ပင်စင်စားဘ၀သို့ ရောက်သည့်တိုင် နိုင်ငံတွင် ကောင်းမွန်သော အပြောင်း အလဲများဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြရသူများ ဖြစ်ပါသည်၊ သမ္မတကြီးတို့ အစိုးရအဖွဲ့ စတင် တာဝန်ယူခဲ့သည့် ဧပြီလသည် ကျွန်တော်တို့၏ မျှော်လင့်ချက်ရောင်ခြည်များ တလက်လက် တောက်ပလာခဲ့ကြသည့် အချိန်များ ဖြစ်ပါသည်၊ သို့ပါသော်လည်း ယနေ့အထိ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တယားကြီးမှာ အပြောင်းအလဲဟူ၍ ထင်ရှားစွာ မတွေ့ရဘဲ ယခင်အချိန်များအတိုင်း ကြိုးနီစနစ်၊ တင်းကြပ်သော စည်းမျဉ်းဥပဒေများဖြင့် ပြည်သူလူထုအဖို့ အလုပ်အကိုင် ခက်ခဲနေဆဲပင် ဖြစ်ပါသည်။ ကျွန်တော်တို့သည် သမ္မတကြီးတို့...
Read more »

ကိုသန်းလွင် – ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိစ္စ

September 16, 2016
ကိုသန်းလွင် – ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိစ္စ
Aye Kyaw Kyaw ကိုသန်းလွင် – ကုမ္ပဏီများမှတ်ပုံတင်ခြင်းကိစ္စ (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆ (၁) ကျွန်တော်တို့၏ကုမ္ပဏီလိပ်စာပြောင်းရန်လိုအပ်သဖြင့်အကျိုးဆောင်ဌာနတခုကိုမေးရာဆောင်ရွက်ခတစ်သိန်းခွဲ ပေးရမည်ဟုဆိုသည်၊ ရန်ကင်းရှိကုမ္ပဏီများမှတ်ပုံတင်ဌာနသို့သွားသော် ၂၅၀၀ကျပ်နှင့်ပြီးခဲ့ပါသည်၊ အခုတော့ နှုန်းက ဆယ်ဆတက်သွားပြီး ၂၅၀၀၀ ပေးကြရတော့မည်ဟုဆိုသည်၊ ထို့နောက် သွင်းကုန်၊ ထုတ်ကုန်ဌာနသို့ လည်း သွားရဦးမည်ဟုညွှန်ကြားလိုက်သည်၊ ၂ရ လမ်းရုံးထိပ်တွင်တွေ့သော ပွဲစားကကျပ် ငါးသောင်းပေးရမည်၊ လူစောင့် စရာမလို၊ အိမ်အရောက်ပို့ပေးပါမည်ဟုဆိုသည်၊ ငွေ ၄၀၀၀ ကျပ် ရုံးတွင် ပေး သွင်းပြီး အဆင်ပြေ သွားခဲ့ပါသည်။ လိပ်စာပြောင်းကိစ္စမှာ တနေရာနှင့်မပြီး၊ ကုမ္ပဏီဦးစီးဌာနမှ CRD ကဒ်- Certificate Of Registration of Documents ခေါ်ကဒ်ပြားထုတ်ပေးလိုက်သည့်တိုင် အခြားဌာနတွေကိုသွားရသေးသည်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီအတွက်...
Read more »


ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း

August 12, 2015
ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း
ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း (မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅ (၁) ကွန်တိန်နာများကိုသယ်ဆောင်သော သင်္ဘောကြီးများကိုတည်ဆောက်ရာတွင် မက်ထရစ် စံနစ်အတိုင်းအတာ ကိုသုံးစွဲကြသော်လည်း  ကွန်တိန်နာများမှာ  ၂၀ပေ, ၄၀ပေ   စသည်ဖြင့် ဗြိတိသျှ အင်ပါရီရယ်စံနစ်ကိုသာ သုံးကြသည်၊  TEU  ဆိုသည်မှာ      Twenty  Foot  Equavilent  Units ကို ခေါ်ပါသည်၊  အမေရိကန်လူမျိုး  Malcom  Mclean  ဆိုသူက ကွန်တိန်နာကို တီထွင်ခဲ့ရာ ကွန်တိန်နာနှင့် ပစ္စည်းတင်ပို့သော စံနစ်သည် ချက်ခြင်းလူတိုင်းက လက်ခံသောကုန်သွယ်ရေး နည်းလမ်းတခုဖြစ်လာခဲ့ပါသည်။ ၁၉၅၆ခုနှစ်၊ ဧပြီလတွင် စတင်သုံးစွဲတင်ပို့စဉ်က  နီဝပ်မှ ဟူစတန် သို့ ပြေးဆွဲသော ယခင်ကဆီပို့သည့် သင်္ဘောပေါ်တွင် ကွန်တိန်နာ ၅၈ လုံးသာပါခဲ့ပါသည်၊  ယခုသင်္ဘောတစီးလျင် အလုံးရေ ...
Read more »

ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင်

August 4, 2015
ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင်
ကိုသန်းလွင် – စင်္ကာပူလိုဖြစ်အောင် (မိုးမခ) သြဂုတ် ၄၊ ၂၀၁၅ (၁) စင်္ကာပူသည် ဖွံ့ဖြိုးတိုးတက်သည့် ပထမကမ္ဘာနိုင်ငံများစာရင်းဝင် ဖြစ်နေပါပြီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တတိယကမ္ဘာ အဆင့်မှာဘဲ ရှိသေးသည်၊ ကျွှန်တော်တို့နိုင်ငံကို စင်္ကာပူလို နိုင်ငံဖြစ်အောင် ပြောင်းလဲ ပြစ်ရမည်ဟု တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒရှိသူတိုင်းက လိုလားတောင့်တကြပါသည်။ (၂) စင်္ကာပူနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစိုးရအဖွဲ့တခုသည် မိမိ၏သက်တမ်း(၅)နှစ်တာ ကာလအတွင်းဝင်ငွေ နှင့် ထွက်ငွေညီမျှအောင်သုံးစွဲရမည်ပာု အတိအလင်း ရေးသားထားပါသည်၊ (Balance Budget) ရှိရမည်ဟု ဆိုလိုပါသည်၊ နိုင်ငံခြားမှချေး ငွေယူရသည်ပာုမရှိ၊ မီးရထား၊ လေဆိပ်အဆောက်အဦး၊ ပန်းခြံကြီးများ၊ လမ်းဖေါက်ခြင်းစသည့် ပရောဂျက်များ ကို မိမိ၏၀င် ငွေအတွင်းမှပင်သုံးစွဲကြရပါသည်။ စင်္ကာပူ နိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရပြီဆိုသည်နှင့် သူတို့ပဌမဆုံး...
Read more
»


ကိုယ်ရေးအကျဉ်း။
ဦးသန်းလွင် ၊ စင်ကာပူအခြေချ မြန်မာလုပ်ငန်းရှင်ဖြစ်ပြီး အင်ဂျင်နီယာတဦးအဖြစ် အသက်မွေးခဲ့ပါတယ်။ ယခု စင်ကာပူမှာပဲ မိသားစု၊ ဇနီး၊ သား၂ဦးနဲ့ နေထိုင်ပြီး ပင်နီစူလာပလာစာ ဒုတိယထပ်မှာ မြသရဖူစတိုးဆိုင် လုပ်ငန်းလုပ်ရင်း ဝါသနာပါတဲ့ စာအုပ်စင်လုပ်ငန်းနဲ့ နေထိုင်သူဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ငယ်စဉ်က လူရည်ချွန်ဆုများရရှိ ပညာချွန်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၇၇ အီလက်ထရွန်းနစ်အင်ဂျင်နီယာ BE Electronic 1977 ရရှိခဲ့ပြီး မြန်မာ့ရေနံလုပ်ငန်းမှာ ပြန်ထမ်းဝန်အရာရှိအဖြစ် နှစ်အတန်ကြာလုပ်ဆောင်ခဲ့ပါတယ်။ ရေနံကုမဏီကြီး ဆလပ်ဘာဂျာ စက်မှုတက္ကသိုလ် အောင်လက်မှတ်မှာ အမှတ်ကောင်းသူ၊ ထိပ်တန်းကျောင်းဆင်းများကို ခေါ်ယူအလုပ်ပေးလေ့ရှိရာ ဦးသန်းလွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး၊ အသက်၅၅နှစ်ပြည် ပင်စင်ယူခဲ့ပါတယ်။ အခါအားလျှော်စာ မိုးမခမဂ္ဂဇင်း၊ The Voice၊ စံတော်ချိန် စတဲ့ သတင်းစာ၊ စာစောင်များမှာ ဆောင်းပါးများရေးသားနေပါတယ်။
.
ဦးသန်းလွင် ဆောင်းပါးများ (မိုးမခ Moemaka) Link
https://goo.gl/NELqek
.
.

Ref
http://engrmyanmar.blogspot.com/

မြန်မာနိုင်ငံမှာ ဦးသန်းလွင်ရေးတဲ့ စင်ကာပူ EDB ဒေါက်တာအောင်ထွန်းသက်လုပ်နေတဲ့ တောင်ကိုးရီးယား သူတို့နိုင်ငံမှာရှိတဲ့ Korea Development Institute (KDI) လို Myanmar Development Institute-MDI တွေ လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စတင်အုတ်မြစ်ချနေပါပီ။



Myanmar Engineering Society ...



အခု ၂၀၁၇ မှာတော့ နွားနို့စက်ရုံတွေ အနည်းငယ်အဆင်ပြေလာသလား? နွားနို့နှင့်အရက်

၂၀၁၄ ဆောင်းပါးပါ။ အခု ၂၀၁၇ မှာတော့ နွားနို့စက်ရုံတွေ အနည်းငယ်အဆင်ပြေလာသလား?

//////////////////


နွားနို့နှင့်အရက်

သမ္မတဦးသိန်းစိန်က ဇန္နဝါရီလ ၂၀၁၄ နှစ်သစ်မိန့်ခွန်းတွင် နွားနို့သောက်ကြပါရန်။ အရက်ကို မသောက်ကြရန် ပြောသွားသောအခါ တစ်နိုင်ငံလုံး အသံဖလံများ ဆူညံသွားလေတောသည်။ ကာတွန်းများ၊ သရော်စာများဖြင့် သရော်စာကိုဖတ်မိသောအခါ ကျွန်တော်လည်း အနည်းငယ်ရေးလိုပါသည်။ တကယ်တော့ အချိုရည်၊ ဘီယာ၊ အရက်စက်ရုံများလောက် အမြတ်အစွန်းမြောက်များစွာ မရသော်လည်း နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝသော သမ္မာအာဇီဝ လုပ်ငန်းဖြစ်သည်။ သမ္မတကြီးက အားပေးခြင်းသည် အလွန်ကောင်းသည်။ သို့သော် ထိုလုပ်ငန်းလုပ်သူများ ယိုင်လဲနေခြင်းကို မြန်မာနိုင်ငံတော်အစိုးရက ဘာမှမတတ်နိုင်။ အရက်ဘီယာနှင့်အချိုရည်များကိုသာ စွဲစွဲလမ်းလမ်း သောက်သုံးနေကြသော ကမ္ဘာလောကသားများ ဖြစ်ပေသည်။

ကျွန်ုပ်ငယ်စဉ်က ၁၉၈၅ခုလောက်တွင် ပျဉ်းမပင်နို့ချက်စက်ရုံတွင် တိမွေးကုသူငယ်ချင်းများနှင့် အတူ နွားနို့တနိုင်မွေးမြူသူများထံမှ အစိုးရက နွားနို့ဝယ်ယူသည့်လုပ်ငန်းများ၊ နို့ဆီချက်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခဲ့ဖူးပါသည်။ အဆင့်နိုမ့်နည်းပညာ စက်ရုံဖြစ်သော်လည်း ယခုအခါ၊ နိုင်ငံတိုင်းတွင် နွားနို့၊ နို့ဆီ၊ နို့မှုန့်လုပ်ငန်းများကို အထူးစက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။ တရုပ်ပြည်မှ ထုတ်လုပ်သော နို့မှုန့်များကြောင့် ကလေးများစွာ ဝမ်းလျော၊ သေကျေကြသော ဖြစ်ရပ်များကြောင့် ပိုမိုစည်းကမ်းတင်းကြပ်ပါသည်။ ၂၀၁၁ ဗီယက်နမ်နိုင်ငံ VINAMILK နွားနို့၊ နို့မှုန့်စက်ရုံများကို တည်ဆောက်ခဲ့ဖူးသောကြောင့် နွားနို့လုပ်ငန်းသည် ကုသိုလ်လဲရ၊ ဝမ်းလည်းဝ၊ အမြတ်အစွန်းလည်း ကောင်းသောလုပ်ငန်းဖြစ်ကြောင်း လူတိုင်းသိပါသည်။ သို့သော် လူတွေ ဘာကြောင့် အရက်ကိုသောက်ပြီး၊ အရက်ဆိုင်များက စီးပွားပိုကောင်းသနည်း..ဆိုသည့်မေးခွန်းအဖြေမှာ ..အရသာရှိသောကြောင့်.. ဖြစ်ပါသည်။ မူးရစ်ဆေးဝါးဖြစ်သောကြောင့် ထိုအရသာသည် စွဲလမ်းစေပါသည်။ နွားနို့စွဲလမ်းနေသူကို မတွေ့ဖူးပါ။ တနေ့မသောက်ရလဲ ကိစ္စမရှိပါ။၊ ကျွန်ုပ်၏ စက်မှုတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း စင်ကာပူ F&N အချိုရည်၊ နွားနို့နှင့်ယမကာစက်ရုံကြီး၏ အင်ဂျင်နီယာချုပ် အလုပ် လုပ်ကိုင်နေသူကလည်း မြန်မာပြည်နွားနို့ကုန်ထုတ်လုပ်ငန်းတွင်စိတ်ဝင်စားပါသည်။ ယခင်အပတ် 7Day ဂျာနယ်တွင် ထိုင်းနိုင်ငံ၊ ကြက်ကြော်ရောင်းလုပ်ငန်းလုပ်ကိုင်သူနှင့်အင်တာဗျူးသတင်းရေးထားသည်။ ထိုသူပင် မြန်မာပြည်ပြန်လာရန် မဖြစ်နိုင်သဖြင့် ပညာတတ်များအတွက် ခက်ခဲမည်ဟု ရေးထားသော်လည်း ပညာတတ်လူငယ်များ ပြန်လာနေကြသည်ကို တွေ့ရသည်။ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို လက်ဝါးအုပ်မှု ပပျောက်စေရန်၊ Import/Export လက်ဝါးအုပ်စီပွားစနစ်များကို ဖြေလျှော့ပေးရမည် ဖြစ်သည်။

တစ်နေ့တွင် မန္တလေးရှိ Myanmar Diary Industry Ltd နွားနို့၊ နို့ဆီ၊ နို့မှုန့် စက်ရုံသို့ နိုင်ငံတော်သမ္မတကြီး ခေတ္တခဏ၊ ၁၅မိနစ်ခန့် လေ့လာရန် ရောက်လာပါသည်။ အစီအစဉ်မရှိသော်လည်း မန္တလေးမြို့တွင် အနောက်နိုင်ငံ၊ ဒိန်းမတ်နည်းပညာများဖြင့် မြန်မာပညာရှင်များ တည်ဆောက်ထားသော စက်ရုံဖြစ်သောကြောင့်၊ စိတ်ဝင်စားရခြင်းဖြစ်သည်။ သမ္မတကြီးက တော်တော် သဘောကျသွားသည်။ စိတ်ဝင်စားစွာဖြင့် ၂နာရီကြာအောင် လေ့လာ၊ မေးမြန်းသွားသဖြင့် ရန်ကုန်ပြန်မည့် သမ္မတကြီးလေယာဉ်ပင် စောင့်ဆိုင်း နေရသည်။ ပြည်ထောင်စုဝန်ကြီးများ ၁၀ဦးကျော် အတူပါလာပြီး၊ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စိတ်ဝင်စားစွာ မေးမြန်းလေ့လာသွားသည်။ နိုင်ငံတော်သမ္မတကြီးသည် ကလေးသူငယ်များ အဟာရဖြစ်ရေးအတွက်၊ အနာဂါတ်မြန်မာ့မျိုးဆက်များကို အထူးအားပေးသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက နွားနို့သောက်ပေးခြင်းဖြင့်၊ ကျန်းမာသန်စွမ်းသော လူငယ်များဖြင့် နိုင်ငံတိုးတက်မည်ဟူသော အမြင်ကို အထူးနှစ်ခြိုက်၊ အကောင်ထည်ဖေါ်လိုသည်။ ဟုတ်ပါသည်။ ငယ်စဉ်က နွားနို့သောက်သုံးရသော ကလေးသည် အရွယ်ရောက်လာသောအခါ အခြားသူများထက် သန်စွမ်းမှုအရာတစ်ပန်းသာနေပါသည်။ ကိုယ်ခန္တာနှင့်စိတ်ဓါတ်အင်အား ပိုသန်စွမ်းကြောင်း ဆေးပညာကဆိုသည်။ ကျွန်ုပ်ငယ်စဉ်က မိခင်ဖြစ်သူ မိခင်ကလေးစောင့်ရှောက်ရေးမှာ သူနာပြု၊သားဖွားဆရာမဖြစ်သည်။ မိခင်တို့ ဌာနက ယူနက်စကိုမှာ နို့မှုန့်များစွာကို မုံရွာမြို့ ကျောင်းများစွာသို့ အပတ်စဉ်ပို့ပေးက၊ ကလေးများကို ဖျော်တိုက်သည်။ ဝေငှသည်။ ကျွန်တော်တို့မိသားစုမှာ ထုံးစံအတိုင်း ယူနက်စကိုနို့မှုန့်ကို အမြဲသောက်ရသည်။ ဈေးထံမှနိုင်ငံခြားဖြစ် နှို့မှုန်က ပိုမိုမွှေးကြိုင်၊ ချိုဆိပ်သော်လည်း မဝယ်စားနိုင်ပါ။ ယူနက်စကိုနှို့မှုန့်ကို ထမင်းနှင့်နယ်ပြီးစား၊ ဖျော်သောက်ခဲ့ရသောကြောင့် ကျွန်တော်တို့ မောင်နှမများသည် ပိုမိုကျန်းမာကြခဲ့ပါသည်။ ထို့ကြောင့် ယူနက်စကိုကဲ့သို့ ကလေးများဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ကျောင်းများထိ နွားနို့ဖျော်တိုက်ခြင်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။

သမ္မတကြီးက ခေတ္တလာရောက်သော နွားနို့စက်ရုံကြီးသည်၊ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့ပြီး အောက်ပါ နွားနို့ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။
SWEETEN CONDENSED MILK
- 2000 CARTOONS PER DAY (FROM 100% FRESH MILK)
- 2500 CARTOONS PER DAY (FROM SMP COMBINED PROCESS)
COMBINED EVAPORATED MILK
- 700 CARTOONS PER DAY (RETORT STERILIZATION PROCESS)
- 1200 CARTOONS PER DAY (UHT STERILIZATION PROCESS)
UHT/PASTUERIZED MILK & FLAVOURED MILK
ICE CREAM
MILK POWDERS
- 1500 KG PER DAY (MEANT FOR DEDICATED POWDER)
- 8000 KG PER DAY (GENERAL PURPOSE PLANT)
BUTTER FAT , 1000 KG PER DAY

အဆိုပါစက်ရုံသည် စီးပွားရေးအောင်မြင်ခဲ့ပြီး မြန်မာပြည်တွင်းထုတ်၊ အရည်အသွေးမြင့် နွားနို့စက်ရုံဖြစ်လာသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်များတွင် စက်ရုံ (၃)ခုဖြင့် လည်ပတ်၊ ကုန်ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၁ မြန်မာအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း၊ အသေးစား၊ အလတ်စား စက်ရုံများ ကုန်ထုတ်လုပ်စရိတ် မတတ်နိုင်ခြင်း၊ ပြည်ပမှ ဝင်ရောက်လာသော နွားနို့ထွက်ကုန်များကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် စီးပွားပျက်ခဲ့ရသည်။ စက်ရုံအချို့ကို လုပ်ငန်းလျှော့ချလိုက်ရသည်။

သမ္မတကြီးကလည်း နွားနို့လုပ်ငန်း၊ ဒိန်ခဲ၊ နို့မှုန့် စသည်တို့တွင် နာမည်ကြီးသော ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး နိုင်ငံများမှ ကုမ္ပဏီများ၊ နယူးဇီလန်၊ သြစတြေးလျှားတို့မှ လာရောက်ရင်းနှီးမြှတ်နှံ နွားနို့လုပ်ငန်း ထုတ်လုပ်ဖို့ ဖိတ်ခေါ်သောကြောင့် ကုမ္ပဏီးကြီးများ လာရောက်အခြေအနေကြည့်ပြီး ပြန်သွားကြသည်။ မလုပ်နိုင်သေးပါ။

ပြည်တွင်း နွားနို့၊ နို့ချက်စက်ရုံလေးများကို အားကိုးရုံသာရှိသည်။ သမ္မတကြီးစိတ်ဝင်စားသော မြန်မာ့အနာဂတ် လူသားအရင်းမြစ် ကျန်းမာကြံ့ခိုင်ရေး စီမံကိန်းဖြစ်သောကြောင့် အားလုံးက စိတ်ဝင်စားစွာ လေ့လာကြသည်။ နောက်ပိုင်း Follow up နောက်ဆက်တွဲ တာဝန်ပေးချက်များဖြင့် ဝန်ကြီးများက အဖွဲ့များဖြင့်၊ ထိုကဲ့သို့ စက်ရုံများ မြန်မာပြည်တွင် ရေရှည် ပြည်တွင်းနည်းပညာဖြင့်လုပ်ကိုင်နိုင်ဖို့ စက်ရုံသို့ လာရောက်၊ နည်းနာခံယူကြသည်။ ဝန်ကြီးများ သိလိုသည်များကို လုပ်ပေး၊ ဆောင်ရွက်ပေးရသည်မှာ စရိတ်ထောင်းသည်။ အစိုးရက ထောက်ပံ့ငွေ၊ ဈေးကွက်များကို မရပဲ၊ အစိုးရဝန်ကြီးများ နာလည်ချင်ဇောနှင့် လေ့လာမှုမှာ အားရစရာကောင်းလှသည်။ လအနည်းငယ် ကြာသွားသောအခါ ဝန်ကြီးများ မလာနိုင်တော့။ ထုံးစံအတိုင်း အေးသွားသည်။ စက်ရုံမှာလည်း နိုင်ငံခြားမှ ဝင်လာသော ဒိန်းမတ်၊ နယူးဇီလန်၊ သြစတြေးလျှားမှ ဝင်လာသည့် အခွန်မဲ့၊ နွားနို့၊ နို့ဆီ၊ နို့မှုန့်များကို ဘယ်လိုမှ မယှဉ်နိုင်ပါ။ များများလည်ပတ်လျှင် များများရှုံးမည်ဖြစ်သောကြောင့် အသက်ငင်ပြီး၊ လည်တယ်ဆိုရုံလောက်သာ လည်ပတ်နိုင်တော့သည်။ မြန်မာအစိုးရ ပြည်တွင်းကုန်ထုတ်မှု အားပေးသော သွင်းကုန်အခွန်စနစ် မှန်ကန်စွာကျင့်သုံးလာနေသောကြောင့် မကြာမီ စီးပွားကောင်းလာတော့မည်ဖြစ်သည်။

စက်ရုံလည်ပတ်ရာတွင် နွားနို့ကုန်ကြမ်းတစ်ခုတည်း အရင်းနှီးမဟုတ်ပါ။ ပစ္စည်းရောင်းရဖို့က ပိုပြီးအရေးကြီးပါသည်။ ပြည်တွင်းပညာရှင်များနှင့် တပ်ဆင်ထားသော စက်ရုံဆိုသော်လည်း နွားနို့စက်ရုံအတွက် သံမဏီထည်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မိုတာ၊ UHT, Pasteurize, Condense, Packing, Bottle စက်နှင့်အပိုပစ္စည်းအများစုမှာ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းရသည်။ အရေးကြီးဆုံး ဝယ်လိုအား ပြည်တွင်းစားသုံးသူများ မဝယ်တော့ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများကလည်း ဒိန်းမတ်၊ နယူးဇီလန်မှာ နွားနို့၊ နို့ဆီ၊ နို့မှုန့်များက ပိုပြီးဈေးချိုသောအခါ ပြည်တွင်းဖြစ်ကို အားပေးချင်သော်လည်း ပြည်တွင်းဖြစ်ကို ဘိုင်ဘိုင် လုပ်လိုက်ရသည်။ နို့မှုန့်သည် နိုင်ငံခြားအရက်၊ ဆေးလိပ်ကဲ့သို့ ကန့်သတ်သတ်ကုန်ဖြစ်သည်။ တင်သွင်းရန် လိုင်စင်လိုသည်။ သို့သော် မြန်မာပြည် ကျေးရွာအနှံ့ကုန်စုံဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဆေးလိပ်များကို တွေ့နိုင်သော်လည်း၊ ပုပ်သိုးသွားနိုင်သော နွားနို့စက္ကူပါကင်ဗူး အကြီးအငယ်များ၊ နို့ဆီ၊ နို့မှုန့်များ နေရာတကာ ရောက်နေခြင်းမှာ၊ ပြည်တွင်းနွားနို့ကုန်ထုတ်၊စက်မှုလုပ်ငန်းကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။

ကုန်ကျစရိတ်များတွင် နိုင်ငံခြားမှ ကုန်ကြမ်းဓါတုပစ္စည်းများ၊ စက်အပိုပစ္စည်းများ ဈေးကြီးလာခြင်း၊ လျှပ်စစ်နှင့်လောင်စာဆီများ ဈေးကြီခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သော်လည်း၊ အခွန်မဲ့နီးပါး ဝင်ရောက်လာသော နိုင်ငံခြားနွားနို့ထုတ်ကုန်များကို မယှဉ်နိုင်ခြင်းသည် အဓိကဖြစ်လေတော့သည်။



နွားနို့ထုတ်လုပ်မှုအတွက် ဆွေးနွေးမည့်အချက်များတွင်

၁။ ဘာကြောင့်ဝယ်မသောက်ကြသလဲ

၂။ နွားနို့ကို လူတွေသောက်ချင်ကြပါသည်။

၃။ နွားနို့လုပ်ငန်း ဘာကြောင့်မလုပ်ကြပါသလဲ။

၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်ပါသလား ဟူသော ကဏ္ဍများဖြင့် စဉ်းစားမိပါသည်။



၁။ ဘာကြောင့်နွားနို့ဝယ်မသောက်သနည်း.. မေးခွန်းမှာ မြန်မာများအတွက် ရှင်းနေပါသည်။ ဈေးမတတ်နိုင်သည့်အပြင်၊ နွားနို့ကြိုက်သူမြန်မာများ နည်းပါးလှသည်။ ကလေးများကတော့ ကြိုက်ကြသော်လည်း မိဘများက ငွေမတတ်နိုင်ပါ။ ကျွန်ုပ်ငယ်စဉ်က မိခင်နို့ရည် သောက်သုံးခဲ့သော ကလေးဖြစ်ပြီး၊ ယူနီဆက်မှ ပေးဝေသော နို့မှုန့်များကို ပုံမှန်ဖျော်သောက်နိုင်ပါသည်။ ကျွန်တော်တို့ မူလတန်းဘဝ ၁၉၇၀၊ ၁၉၈၀ ခုနှစ်လောက်က ယူနီဆက်မှ နွားနို့များစွာ မူလတန်းကျောင်းများတွင် သောက်သုံးခဲ့ရသည်။ ယခုအခါ ထိုကဲ့သို့မရှိတော့ပါ။ အကျင့်ပျက်များလာသောကြောင့် ယူနီဆက်ကလဲ မပေးတော့သလား မသိ။

၂။ နွားနို့ကို လူကြီးများမသောက်ကြသော်လည်း၊ မိမိ သားသမီးများကို တိုက်ကျွေးချင်ပါသည်။ အသက်၁၀နှစ်ပတ်ဝန်းကျင် မြန်မာကလေးများကို မေးကြည့်ပါ။ အားလုံးနွားနို့ကြိုက်ပါသည်။ မိဘချမ်းသာသော ကလေးများက ချေးများပြီး၊ မသောက်ချင်တာ ချွင်းချက်ဖြစ်သည်။ နွားနို့သောက်ချင်ရခြင်းမှာနွားနို့သည် ဈေးကြီးသောကြောင့်၊ လူတိုင်းမသောက်နိုင်ပါ။ နွားနို့သည် လူဆင်းရဲသားများအတွက် မတတ်နိုင်သောအစားအစာ ဖြစ်သောကြောင့်၊ ကလေးများ နွားနို့သောက်ချင်ပါသည်။ လူကြီးများလည်း နေမကောင်းချိန်၊ နလံထချိန် နွားနို့သောက်သည်။

၃။ နွားနို့လုပ်ငန်းကို လူတွေမလုပ်ကြခြင်းမှာ နွားမွေးမြူခြင်းသည် ရင်းနှီးမှုကြီးပါသည်။ ကရိကထလည်း များသောကြောင့်ဖြစ်သည်။ နွားမမွေးပြီး နွားနို့ညစ်ရောင်းခြင်းသည် တောရွာများတွင် စီးပွားရေးမဟုတ်ပဲ၊ လယ်သမားများ၏ ခိုင်းနွားအမများ သားမွေးသောအခါ အပိုဝင်ငွေတစ်ခု ဖြစ်လာသည်။ နို့စားနွားမ မွေးမှ အမြတ်အစွန်းရမည်ဖြစ်သည်။

၎။ နွားနို့ကို အမျိုးသားထုတ်ကုန်အဖြစ် လုပ်သင့်သော်လည်း၊ လယ်ယာလုပ်ငန်းတွင် ဆန်စပါးစိုက်ပျိုးခြင်းကိုပင် အစိုးရက ပံ့ပိုးမပေးနိုင်သေးပါ။ ကျေးရွာများတွင် နွားမွေးနိုင်သူများကို ငွေချေး၊ နွားပေး၊ နို့စားနွားမ နွားနို့လုပ်ငန်း လုပ်ကိုင်စေပါက လူတိုင်းလုပ်မည် ဖြစ်သည်။ ဥပမာ .. နွားနို့စက်ရုံတစ်ခု တည်ဆောက်ပြီးပါက ကုမ္ပဏီသည် အနီးနား၊ ကျေးရွာများတွင် နွားမွေးမြူအောင် ပံ့ပိုး၊ ငွေချေး၊ လုပ်ငန်းမတည်ပေးရတော့မည်ဖြစ်သည်။ သို့မှသာ ကုန်ကြမ်း နွားနို့ရရှိမည်။ နွားမွေးသူများအဖို့လည်း နွားနို့ဝယ်မည့်သူ အဆင်သင့်ရှိနေသောကြောင့် ပိုမိအဆင်ပြေမည်ဖြစ်သည်။



ထိုမျှကောင်းမွန်သော လုပ်ငန်းဖြစ်သော်လည်း တနိုင်လုပ်ငန်းလည်း မလုပ်နိုင်၊ စက်ရုံအဖြစ်လဲ မလုပ်နိုင်၊ အရက်နှင့်ဆေးလိပ်လုပ်ငန်းများသာ တစ်နိုင်လုပ်ငန်း၊ စက်ရုံလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်နေကြပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှတ်နှံမှု ကော်မရှင်က လိုင်စင်ချပေးလိုက်သော ပြည်ပရင်းနှီးမြှတ်နှံမှုများတွင် နွားနို့၊ နို့ဆီ စက်ရုံ ရင်းနှီးမြှတ်နှံမှု ရှိမည်မထင်ပါ။ အရက်၊ဘီယာနှင့်ဆေးလိပ်စက်ရုံ မြောက်များစွာ လိုင်စင်ချပေးလိုက်သောကြောင့် ရင်းနှီးမြှတ်နှံကော်မရှင်ကိုပင် အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်ရရှာသည်။ မဟုတ်တာ အတောမသတ် ဆက်ကာ၊ ဆက်ကာလုပ်နေသူများကို လိုက်တားဆီးနေရခြင်းကလည်း အစိုးရသစ်အတွက် အလုပ်ကြီးတခု ဖြစ်နေသည်။

ထိုသို့ ကျယ်ပြန့်လာသည့် ဒီဘိတ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အရက်နှင့်ပတ်သက်၍ ကျမ်းပြု ပညာရှင်ဖြစ်သူ ဆရာမူးရစ်ညွန့်(ကောက်ညှင်းမြေ) ဆွေးမြေ့စွာ “လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဟောဒီမြန်မာနိုင်ငံမှာ ကျွန်တော် ဘယ်တော့မှ မရှာဖွေတော့ဘူး" ဟု ပြောကြားခဲ့သည်။ ကျွန်တော်က အရက်လည်းမသောက်ရန်၊ နွားနို့သောက်ရန်ကို ထောက်ခံရေးသားပါသည်။ အားမလျှော့ပါ။ မိထ္ထီလာ၊ပျော်ဘွယ်၊ ပျဉ်းမပင် စသည့်ဒေသများစွာမှ မလိုင်မုန့်လုပ်ငန်း၊ ပြည်တွင်းမှ လဘက်ရည်ဆိုင်များအတွက် ဒေသချက်နို့ဆီများကတော့ ဆက်လက်ရှင်သန်နေဦးမည်။ မကြာမီ အခွန်ကောက်ခြင်း စနစ်ကောင်းများကြောင့် ပြည်ပမှ ပြည်တွင်းအရည်သွေးကို မမှီသော နွားနို့ထုတ်ကုန်များ တင်သွင်းမှုရပ်သွားမည်။ လယ်ယာထွက်ကုန်စက်မှုလုပ်ငန်း စက်ပစ္စည်းများ အခွန်မဲ့၊ လွယ်ကူစွာတင်သွင်းခွင့်ရလာမည့်နေ့သည် သိပ်မဝေးတော့ပါ။ ပြည်တွင်လယ်ယာ ကုန်ချော၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြင့်မားစွာ ပေါ်လာတော့မည်ဟု မျှော်လင့်နေပါသည်။ လက်ရှိအခြေအနေတွင် အသက်ငင်နေသော ပုဂ္ဂလိကစက်ရုံ အသေး၊ အလတ်များစွာ ခက်ခဲစွာ ဆက်လက်လည်ပတ်နေပါဦးမည်။ လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို တရုပ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများကဲ့သို့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများက ထောက်ပံ့ငွေပေးရန် မျှော်လင့်နေဆဲ ဖြစ်သည်။

ထို့ကြောင့် မြန်မာအနာဂါတ် ကလေးများအဟာရ ဖြည့်ဆည်းလိုပါက။ အလှုရှင်များ ကိုယ်တိုင် နို့မှုန်ဖျော်ပြီး ကျောင်းများရှိကလေးသူငယ်များကို အလှုဒါန၊ တိုက်ကျွေးခြင်းသည် ခေတ်စားနေပါသည်။ လက်ရှိအချိန်တွင် မြန်မာ့အစိုးရကလည်း စာသင်ကျောင်းများကို ယူနက်စကိုမှ နွားနို့များ ဈေးနှုန်းချိုသာစွာ (အခမဲ့ဖြစ်စေ) ကြိုးစားရယူပြီး၊ ဆရာမများကိုယ်တိုင် ဖျော်တိုက်ကျွေးခြင်းနည်းလမ်းသာ အကောင်းဆုံးဖြစ်ပါတော့သည်။

ဒါမြန်မာပြည်. . ဘဏ်တိုးအပေါ်အခွန်ကောက်ခြင်း (ဆွေးနွေးချက်များ)


ဒါမြန်မာပြည်. . ဘဏ်တိုးအပေါ်အခွန်ကောက်ခြင်း
.
/////
ဒီရက်အတွင်း မီဒီယာတစ်ခုက စလိုက်တဲ့
ဘဏ်တိုးငွေအပေါ် အခွန်ကောက်မယ်ဆိုတဲ့ ကောလဟာလကို အစိုးရက ပြန်ဖြေရှင်းပါတယ်။
ဘဏ်တိုးငွေအပေါ် အခွန်မကောက်ပါဘူးတဲ့။
ကောလဟာလပါတဲ့။
အဲ့ကိစ္စနဲ့ပက်သက်ပြီး ငြင်းကြခုံကြ ကမ္ဘာကြီးနှစ်ခြမ်းကွဲကြ
အစိုးရကို ဆဲကြ
သဘောထားအဖုံဖုံကို မြင်ရတော့ ပြုံးသာပြုံးမိတော့တယ်။
အခွန်မဆောင်ရခင်အချိန်ထိ ဒီမိုကရေစီလိုချင်တယ်။
ဒီမိုကရေစီယူမလား အခွန်ဆောင်မလားဆိုရင်
ဒုတိယအရာကို ငြင်းတယ်။
အဲ့လိုမျိုး . . . . . .
အရင်ခေတ်က အခွန်ဆိုတာ ခဏခဏမကြားရပါဘူး။
အင်း . . . . ဘယ်ကြားဖူးမလဲ
တစ်နိုင်ငံလုံး ရှိသမျှသယံဇာတ သူခိုးဈေးနဲ့ပတ်ရောင်း
Under tableတွေ အိတ်ထဲထည့်
ကျန်ငွေကို တိုင်းပြည်ဘဏ္ဍာထဲထည့်
အဲ့လို အလွယ်လမ်း လိုက်ခဲ့ကြတာ။
ဖင်ခါဆင်းသွားချိန်မှာ အစိုးရသစ်လက်ထဲ အကြွေးတွေရယ်
ဘဏ္ဍာငွေမဆိုစလောက်ရယ်
နှစ်ရှည်ရောင်းစားပြီးသား စီမံကိန်းစာချုပ်တွေရယ်
ပြသနာတက်နေတဲ့ လျော်ကြေးပေးရမယ့် စီမံကိန်းတွေရယ်။
နိုင်ငံတကာ အမေ့မျက်နှာပြပြီး ပတ်ချေးနေရတာ ဘယ်သူမှမသိဘူး။
အခွန်လေးကောက်မယ်ဆိုတော့ ဟိုဒင်းကင်းကိုက် ငယ်သံပါအောင်အော်တယ်။
လိုချင်လိုက်တဲ့ ဒီမိုကရေစီဆိုတာလည်း သူတို့အပြင်မရှိဘူး။
အစိုးရ အသုံးမကျဘူး
ကြိုက်သလို ဆဲခွင့်ရှိတယ်။
ဒါ ခင်ဗျားတို့ အခွင့်အရေး
နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး။
အင်း. . . .နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ရဖို့
နိုင်ငံသားတာဝန်ကျေဖို့လိုတယ်။
အခွန်ထမ်းတယ်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။
မဲလေးတစ်ပြားပေးပြီး အစအဆုံး ကန့်လန့်တိုက်နေမယ်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်မကလို့ သိကြားမင်း နားကင်းကြီးနဲ့ဆင်းအုပ်ချုပ်လည်း ပြောင်းလဲချိန်မတန်ဘူး။
နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေစုတ်ပြတ်ခဲ့တဲ့ စနစ်ကြီးကို
အတူတူပြောင်းလဲတွန်းလှန်ဖို့ပဲ လိုပါတယ်။
အားလုံးရဲ့ အင်အားလိုတယ်။
အရင်က စစ်တစ်ပိုင်းအစိုးရ
အခုက အရပ်သားတစ်ပိုင်းအစိုးရ
အပြည့်အဝဖြစ်ခွင့်မရတဲ့ ခြေချုပ်တွေ ဥပဒေတွေကို
မြင်အောင်ကြည့်ပြီး ပြည်သူ့အစိုးရတခြမ်းပဲ့လေးကို
နားလည်ဖေးမကြပါလို့
ဒါနဲ့ စကားမစပ်
တကယ်အသုံးမကျတဲ့လူတွေတော့ ပြောသာပြောဗျ
အားပေးတယ် တကယ်. . .
:P
Credit to PanSalLo
//////
မိမိကတော့ အိမ်တလုံးမြန်မာပြည်မှာမပိုင်ဘူး။ မြန်မာပြည် ဘဏ်ထဲလဲ သိန်း၁၀၀ မထည့်ဖူးပါဘူး။ ဒီတော့ အိမ်မြေအများကြီးပိုင်ရင် မြေခွန်ကောက်မယ်. .ငွေစုငွေကရတဲ့ ဘဏ်တိုးအပေါ် အခွန်ကောက်မယ် . . ဆိုတော့ သူဌေးကြီးတွေ လှုပ်ခါသွားတယ်။
.
ဒါကြောင့် လယ်ဝယ်တဲ့ သူဌေးကြီးတွေက စင်ကာပူဘဏ်မှာ ဒေါ်လာ ဘီလျံများစွာ အပ်ထားတာ ဒါတွေကြိုမြင်ထားတာကိုး. . လို့ ပြောကြတယ်။ အခုတော့ နှစ်တိုင်း. . မရှိမဲ့ငွေနဲ့ ဝယ်ထားတဲ့ မြေတကွက်ကို မြေခွန် ၅သိန်းပေးရမယ် . . စုစားတဲ့ ငွေသိန်း၁၀၀ အတိုး ၈သိန်းကို ၁သိန်း အခွန်ကောက်မယ် ဆိုတော့ လူလတ်တန်းစားတွေလဲ စိုးရိမ်စရာပါ။
.
သိန်း၁ရာ သိန်း၁ထောင်အထိ ပြသနာမရှိလောက်ပါ။ ပေးချင်မှလဲ ပေးရမှာလို့ ထင်ပါတယ်။
.
.
ထုံးစံအတိုင် ဝီကီနဲ့ဂူဂယ် ရှာဖတ်တော့ https://en.m.wikipedia.org/wiki/Capital_gains_tax အတိုးနဲ့ရှယ်ယာအတ်ြငွေအပေါ် အခွန်ကောက်ခြင်းဟာ တနိုင်ငံနဲ့ တနိုင်ငံ မတူပါဘူး။
.
သူဌေးကြီးတွေ ၁% တောင်မရှိသူများ အလုပ်မလုပ်ပဲ ဘဏ်တိုးနဲ့ထိုင်စားနေသူများ ပြာနေချိန်မှာ စီးပွားလုပ်နေသူများကတော့ ဝမ်းသာစရာပါ။ ငွေလိုနေတဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်များ အခွန်မှန်မှန်ဆောင်သူများကို ပိုင်ဆိုင်မှုမလိုပဲ ငွေချေးပေးမဲ့ ရွှေခေတ်ကာလ ရောက်ခါနီးပြီလေ။
.
ခရစ်ယန် သမ္မာကျမ်းစာမှာ အလုပ်မလုပ်သောသူ မစားစေနဲ့. .လို့ ရေးထားပါတယ်။ အလုပ်မလုပ်တော့တဲ့ သူဌေးကြီးများက အလုပ်လုပ် စီးပွာလုပ်ငန်းတွေ လုပ်ကိုင်လာရင် အလုပ်မရှိတဲ့ မြန်မာပြည် လူထုကြီး အလုပ်ရတော့မဲ့ အချိန် နီးလာတယ် လို့ပဲ အကောင်းမြင်မိပါတယ်။
.
မြင်တဲ့အတိုင်း ဖြစ်မယ်လို့ ပျှော်လင့်မိပါတယ်။ မနေ့ကလည်း တီဗွီမှာ လွှတ်တော်ကိုယ်စားလှယ်များ မြန်မာနိုင်ငံ အခွန်ဥပဒေအသစ်ကို ဆွေးနွေးနေကြပါတယ်။ ဥပဒေဆိုတာ အာဏာရှိသူတွေက ပြည်သူလူထုအကျိုး နိုင်ငံအကျိုးအတွက် ပြဌာန်း ပြင်ဆင်လေ့ရှိပါတယ်။ ဥပဒေစိုးမိုးဖို့ လိုတာမှန်ပေမဲ့ .. လွှတ်တော်နဲ့အစိုးရအဇွဲ့ထဲက လူတွေ .. ငွေမက်သူ၊ အာဏာမက်သူများ မဖြစ်ဖို့ ပိုပြီး အရေးကြီးလှပါတယ်။
.
ဇာနီကြီး...
၂၁-၂-၂၀၁၇

Wednesday, February 15, 2017

ရှမ်းပြည်ထွက်ကုန် ''ဥာဏ်ကြီးရှင်ကော်ဖီ'' လုပ်ငန်းရှင် ဦးငွေထွန်းနဲ့ တွေ့ဆုံခြင်း (မိုးမခ). (Product of Myanmar)


ရှမ်းပြည်ထွက်ကုန် ''ဥာဏ်ကြီးရှင်ကော်ဖီ'' လုပ်ငန်းရှင် ဦးငွေထွန်းနဲ့ တွေ့ဆုံခြင်း (မိုးမခ). . အခြေခံလူတန်းစားတွေအတွက် ဈေးအများဆုံးဝယ်တယ် . . အကောင်းဆုံးနည်းပညာနဲ့ ထုတ်လုပ်မယ်။ အသင့်လျှော်ဆုံးဈေးနဲ့ ရောင်းတဲ့ အာစီယံနိုင်ငံများမှာ ဒုတိယအကောင်းဆုံးကောဖီ . . သြဂဲနစ်လက်မှတ်ရကော်ဖီ . .
.
လွန်ခဲ့တဲ့ ၇နှစ်ကတည်းက မြန်မာပြည်လည်း အဆင့်မြင့်ကော်ဖီ ရနိုင်တယ် လေ့လာပြီး အခြေခံစိုက်ပျိုး စီးပွားရေးလုပ်လုပ်ဖို့
* ကိုယ်တိုင် သွားရောက် လေ့လာဝယ်ယူတယ်။
* အိမ်မှာ ကော်ဖီကြိတ်ပြီး လူမှုဟောပြောပွဲတွေကို စပွန်စာလုပ် မြည်းစမ်းစေခဲ့တယ်။
* မိုးရွာတာတောင် ခွက်မှောက်ရေခံတတ်တဲ့ ဒေသတောင်ယာသမားများကို သင်တန်းပို့ချ သူတို့ဆီက ကောင်းတဲ့ကော်ဖီ ဈေးပိုပေးဝယ်တယ်။ သူတို့ဖာသာ အချင်းချင်း ပညာယူစေတယ်။
* သင်တန်းပို့ချမှု သိပ်မထိရောက်ပါ။ On Job Training လက်တွေ့နည်းပြ တကယ့်စိုက်ခင်းမှာ လက်တွေ့ ဘယ်လိုလုပ်တယ်ဆိုတာ ပြမှ အတုယူကြတယ်။
* ကော်ဖီစိုက်ခင်းများစွာ စနစ်တကျစိုက် ထိန်းသိမ်းနည်းတွေ လိုက်နာလေလေ ဈေးကောင်းရလေလေ သိလာကြတယ်။
* ဒီလုပ်ငန်းလုပ်ပြီး သုံးနှစ်အတွင်းမှာတော့ သေချာတာတခုပြောနိုင်တာက
နံပါတ်(၁) မြန်မာကော်ဖီဆိုတာကို လူသိများလာတယ်။
နံပါတ်(၂) ရှမ်းပြည်ကထွက်တယ်ဆိုတာကို လူသိလာတယ်။
နံပါတ်(၃) အနေနဲ့ ဈေးကွက်တခုရလာတယ်။
* နိုင်ငံတကာ အသိမှတ်ပြု လက်မှတ်များစွာ . .
ခင်စန္တာမြင့် (မိုးမခ)


ခင်စန္ဒာမြင့် ● တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးနေတဲ့
လူမှုစီးပွား စွန့်ဦးတီထွင်သူ ဉာဏ်ကြီးရှင်နှင့် တွေ့ဆုံခြင်း အပိုင်း(၁)
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆
ကုန်ပစ္စည်းတခုကို အနည်းဆုံးဈေးနဲ့ဝယ်၊ ကိုယ်ကတန်ဖိုးမြှင့်ထုတ်ကုန်လုပ်၊ ပြီးတော့ ဈေးကွက်မှာ ဈေးအကြီးဆုံးရောင်းတဲ့ အခြားလုပ်ငန်းတွေရဲ့ ပုံစံမျိုးမလုပ်ဘူး။ အမြတ်ရအောင်တော့လုပ်တယ်၊ ဒါပေမယ့် တောင်သူတွေကို ဘယ်လိုထုတ်ရမယ်ဆိုတာကို သင်ပေးတယ်။ ပြီးတော့မှ သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ပြန်ဝယ်တယ်။ ပြီးရင် ဈေးကွက်ကို လူတိုင်းစားသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းတယ်။ အခု အပြင်မှာ ကော်ဖီတခွက်ကို ဆိုင်ကြီးတွေပေါ်မှာ ၄၀၀၀ နဲ့ရောင်းတယ်။ ကျွန်တော်မရောင်းဘူး Expresso တခွက်မှ ၁၈၀၀နဲ့ပဲရောင်းတယ်။ ဆိုလိုချင်တာက တောင်သူတွေကို တတ်အာင်သင်တယ်။ ပြီးရင် သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ၀ယ်တယ်။ ဈေးကွက်မှာ လူတိုင်းစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းတယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်တဲ့ Process တခုလုံးက ကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းနိုင်တယ်။ ကမ္ဘာ့အဆင့်မီတဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီထုတ်နိုင်တယ်။
±±±±± ±±±±± ±±±±±
■ တွေ့ဆုံမေးမြန်းရေးသားသူ – ခင်စန္ဒာမြင့်
■ တည်းဖြတ်ပြင်ဆင်သူ – ငြိမ်းချမ်းအေး

အစေ့မှသည် ထုတ်ကုန်ဖြစ်သည်အထိ လုပ်ဆောင်နေသော ဩဂဲနစ်လက်မှတ်ရ ဉာဏ်ကြီးရှင်ကော်ဖီ တည်ထောင်သူ ဦးငွေထွန်း အား ရှမ်းပြည် ရွာငံ ဒေသခံ ကော်ဖီစိုက်ပျိုးသူများနှင့် အတူ တွေ့ရစဉ်

ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

စီးပွားရေးလုပ်ငန်းတခုကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ များသောအားဖြင့် ကိုယ်ကျိုးစီးပွား အမြတ်အစွန်း ရရှိရေးအတွက်ကိုသာ ရှေ့တန်းတင်ပြီး လုပ်ဆောင်ကြတာများပါတယ်။ အတ္တနဲ့ ပရကိုမျှတအောင် လုပ်ဆောင်နိုင်တဲ့ စီးပွားရေး၊ အများရဲ့အောင်မြင်မှုကိုရှေးရှုပြီး စီးပွားရှာကြတဲ့ စီးပွားရေးသမား လုပ်ငန်းရှင်က နည်းပါးပါတယ်။ အဲ့ဒီထဲမှာမှ လူမှုရေးအခြေပြုစီးပွားလုပ်ကိုင်ခြင်းလို့ခေါ်တဲ့ အောက်ခြေမှာ တကယ်အလုပ်လုပ်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘ၀ကိုမြှင့်တင်ပေးရင်း ကမ္ဘာ့အဆင့်မီတဲ့လုပ်ငန်းတခုကို ဖော်ဆောင်လုပ်ကိုင်နိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ ဒီလိုခက်ခဲတဲ့ လူမှုအကျိုးစီးပွားတိုးတက်ရေးကို ရှေးရှုပြီး ကိုယ့်အတွက်ရော အများအတွက်ပါ လမ်းသစ်ဖောက်ပေးခဲ့သူကတော့ ဉာဏ်ကြီးရှင်(Genius) ကော်ဖီရယ်လို့ လူသိများလာတဲ့ ရှမ်းတောင်တန်းက ကော်ဖီကို ပြည်တွင်း ထုတ်ကုန် စစ်စစ်အဖြစ် အာဆီယံဒေသတွင်းမှာ ဒုတိယအကောင်းဆုံး ကော်ဖီနှင့် နိုင်ငံတကာ အဆင့် သြဂဲနစ်လက်မှတ်ရ ကော်ဖီ ကြိုးစားဆောင်ရွက်ခဲ့သူ ဦးငွေထွန်းပဲဖြစ်ပါတယ်။

သမားရိုးကျကော်ဖီစိုက်ပျိုးနေတဲ့ ရှမ်းတောင်တန်းက တိုင်းရင်းသားတောင်သူတွေရဲ့ လူမှုစီးပွားအကျိုး တိုးတက်ရေးအတွက်ရှေးရှုပြီး ကော်ဖီလုပ်ငန်းကို လူမှုစီးပွားလုပ်ငန်းတခုအဖြစ် လမ်းသစ်ဖောက်ပေးခဲ့သော ကိုငွေထွန်းနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် လူသိများလာတဲ့ ဉာဏ်ကြီးရှင်ကော်ဖီအကြောင်းကို သူ့ရဲ့ ဆိုင်ခွဲ တခု ဖြစ်တဲ့ Café Genius ၃၁ လမ်း အပေါ် ဘလောက်၊ Central Hotel နောက်ကျောဘက်က ဆိုင်မှာ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။


၃၁ လမ်းက Genius Café ဉာဏ်ကြီးရှင်ကော်ဖီဆိုင်
ဓာတ်ပုံ – ငြိမ်းချမ်းအေး

မေး) – ပထမဦးဆုံးအနေနဲ့ ဒီကော်ဖီလုပ်ငန်းကို ဘယ်အချိန်ကတည်းက စပြီး လုပ်ခဲ့တယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ်။

ဖြေ) – လွန်ခဲ့တဲ့ ၇ နှစ် ၈နှစ်လောက်ကတည်းက ကျွန်တော်နိုင်ငံခြားသွားတဲ့အခါတိုင်း ကော်ဖီဆိုင်တွေထိုင်ဖြစ်တယ်။ လေဆိပ်ရောက်ရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ရင်း လေယာဉ်စောင့်တယ်။ အစည်းအဝေးတွေလုပ်တော့လည်း ကော်ဖီဆိုင်တွေမှာ လုပ်ဖြစ်တော့ အဲ့ဒီဓလေ့ကို မြင်တွေနေရတော့ ကျွန်တော် မြန်မာပြည်ပြန်လာတိုင်း ကော်ဖီဆိုင်ထိုင်ချင်တယ်။ ဒါပေမယ့် ဒီမှာက ကော်ဖီဆိုင်ကောင်းကောင်းဆိုရင် လူတိုင်းသောက်နိုင်လောက်တဲ့ ဈေးမျိုးမဟုတ်ဘူး။ မေးလိုက်ရင်လည်း နိုင်ငံခြားကကော်ဖီတွေကိုပဲ သုံးတယ်ဆိုတာချည်းတွေ့ရတယ်။ နောက် ကျွန်တော် အမေရိကားဘက်သွားတော့လည်း အဲ့ဒီမှာ ကျွန်တော် ကော်ဖီဆိုင် တော်တော်များများကို တွေ့ခဲ့ရတယ်။ ငါတို့ရော ကော်ဖီထုတ်ရင်မဖြစ်နိုင်ဘူးလားဆိုတဲ့ အတွေးလည်းဝင်လာတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့် မိတ်ဆွေတယောက်က မြန်မာပြည်မှာလည်း ကော်ဖီထုတ်ရင် ရနိုင်တယ် စုံစမ်းကြည့်ပါလားဆိုပြီး ကျွန်တော့်ကို Assignment တခုပေးလာတယ်။

အဲ့ဒီထဲက ကျွန်တော်က ကော်ဖီထွက်နိုင်တဲ့ နေရာတွေလိုက်ပြီးကြည့်တယ်။ တကယ်တော့ အဲ့ဒီအချိန်တုန်းက ကော်ဖီအကြောင်းကို ကျွန်တော် ဘာမှ မသိဘူး။ ကျွန်တော်သိတာက ကော်ဖီဆိုင်မှာ ကော်ဖီမှာလိုက်ရင် သောက်ရမယ်ဆိုတာပဲသိတယ်။ ကျွန်တော်သိတာ ဒီလောက်ပဲ။ ဒီထက်ပိုပြီးဘာမှမသိဘူး။ ဒါပေမယ့် ကျွန်တော် ပြင်ဦးလွင်၊ နောင်ချို၊ ရပ်စောက် စတဲ့ နေရာတွေကို လိုက်ကြည့်တယ်။ ပြဿနာက ဘာလဲဆိုတော့ အဲ့ဒီနေရာတွေမှာ ကော်ဖီကို ကောင်းကောင်းသောက်တဲ့ လူမရှိဘူး။ သူတို့ ကျေးရွာတွေမှာရှိတဲ့ ကော်ဖီဆိုင်တွေမှာ သွားထိုင်တယ်၊ လာချပေးတဲ့ ကော်ဖီမစ်ကိုသောက်တယ်။ အဲ့တော့ ကော်ဖီဆိုတဲ့ဟာက ကျွန်တော်တို့နိုင်ငံမှာထုတ်ပြီး၊ ကျွန်တော်တို့ကောင်းကောင်း မသောက်ရဘူး။ စူပါမားကတ်တွေမှာသွားကြည့်တော့လည်း ကျွန်တော်တွေ့တဲ့ ကော်ဖီတွေက အကုန်လုံး ပြောင်ပြောင်လက်လက်တွေချည်းပဲ။ နောက်ပြီး ပုံတွေအများကြီးထည့်ထားပြီး ကော်ဖီအကြောင်း တခုမှမပါဘူး။ ဘယ်မှာစိုက်တယ် ဆိုတာလည်းမပါဘူး။ ကော်ဖီစိုက်တဲ့ တောင်သူတွေ အကြောင်းလည်းမပါဘူး။ အဲ့ဒီမှာ ကျွန်တော်ဆုံးဖြတ်လိုက်တယ် ငါတော့ ကော်ဖီလုပ်ငန်းလုပ်သင့်ပြီလို့။

အခု အချိန်မှာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ သြဂဲနစ် ကော်ဖီ အဖြစ် တက်လှမ်းနေပါပြီ၊
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ
ပထမ စတာကတော့ အိမ်တွင်းမှုအနေနဲ့စတာပါ။ ကျွန်တော့်အိမ်မှာ ကော်ဖီလှော်တဲ့ စက်လေးတခုရှိတော့ အဲ့ဒီစက်လေးနဲ့လှော်၊ ပြီးတော့ အသိတွေပေး။ ပညာရေးကွန်ရက်က လုပ်တဲ့ပွဲလိုမျိုး ပွဲတွေရှိရင် အဲ့ဒီမှာ လူနှစ်ထောင်ကျော်လောက် သွားတိုက်။ အဲ့ဒီ လူတွေဆီကနေ Feedback တွေရ။ အခုဒီဆိုင်က အရင်တုန်းက ရှမ်းရိုးရာပစ္စည်းတွေရောင်းတာ၊ နောက်တော့ ကော်ဖီပါတွဲရောင်းမယ်ဆိုပြီး လုပ်လိုက်တယ်။

အဲ့ဒီကနေပြီးလုပ်ငန်းစလိုက်တယ်။ ဒီကော်ဖီဆိုင်မှာရောင်းရင်းနဲ့ လူတော်တော်များများက ပြည်တွင်းကော်ဖီလည်း ကောင်းပါလားဆိုတာကို သိလာတယ်။ ပြီးတော့ ကျွန်တော်တို့က လူမှုစီးပွား( Social Enterprise) ပုံစံလုပ်တာဆိုတော့လူတွေက ပိုစိတ်ဝင်စားတယ်။ ကျွန်တော်တို့က ကုန်သွယ်(Trading) လုပ်ငန်းပဲ ဒါပေမယ့် ကျွန်တော်တို့က ကုန်ပစ္စည်းကို အရောင်းအ၀ယ်လုပ်တာထက် လူမှုရေးတွေလုပ်ရင်း စီးပွားလုပ်တာ။

ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ဆိုလိုတာက ကုန်ပစ္စည်းတခုကို အနည်းဆုံးဈေးနဲ့ဝယ်၊ ကိုယ်ကတန်ဖိုးမြှင့်ထုတ်ကုန်လုပ်၊ ပြီးတော့ ဈေးကွက်မှာ ဈေးအကြီးဆုံးရောင်းတဲ့ အခြားလုပ်ငန်းတွေရဲ့ ပုံစံမျိုးမလုပ်ဘူး။ အမြတ်ရအောင်တော့လုပ်တယ်၊ ဒါပေမယ့် တောင်သူတွေကို ဘယ်လိုထုတ်ရမယ်ဆိုတာကို သင်ပေးတယ်။ ပြီးတော့မှ သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ပြန်ဝယ်တယ်။ ပြီးရင် ဈေးကွက်ကို လူတိုင်းစားသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းတယ်။ အခု အပြင်မှာ ကော်ဖီတခွက်ကို ဆိုင်ကြီးတွေပေါ်မှာ ၄၀၀၀ နဲ့ရောင်းတယ်။ ကျွန်တော်မရောင်းဘူး Expresso တခွက်မှ ၁၈၀၀နဲ့ပဲရောင်းတယ်။ ဆိုလိုချင်တာက တောင်သူတွေကို တတ်အာင်သင်တယ်။ ပြီးရင် သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ၀ယ်တယ်။ ဈေးကွက်မှာ လူတိုင်းစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းတယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်တဲ့ Process တခုလုံးက ကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းနိုင်တယ်။ ကမ္ဘာ့အဆင့်မီတဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီထုတ်နိုင်တယ်။

ဉာဏ်ကြီးရှင် က နိုင်ငံတကာက ကျွမ်းကျင်သူများကို ခေါ်ယူပြီး ကော်ဖီသင်တန်းလည်း ပို့ချပါတယ်၊ တာမွေ ဈေးဟောင်းနဲ့ မျက်စောင်းထိုး အမှတ် ၄၅၅၊ မြေညီထပ်၊ ကျိုက္ကဆံလမ်းမှာ ရှိတဲ့ ဆိုင်ခွဲက သင်တန်း အတွက် အဓိက ထားပါတယ်။
Genius Lab Café/Coffee Training
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ


မေး) – အရည်အသွေးကောင်းရင် ကောင်းသလို ဈေးလည်းကြီးတတ်ပေမယ့် အစ်ကိုတို့က ဘာဖြစ်လို့ လူတိုင်း သောက်နိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းဖို့ ဆုံးဖြတ်ရတာပါလဲ။ 

ဖြေ) – ကိုယ်က အရည်အသွေး ဘယ်လောက်ကောင်းအောင် ထုတ်ထုတ် လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းမဟုတ်လို့ လူမသိတာထက်စာရင်၊ အရည်အသွေးကောင်းကောင်းနဲ့ လူတိုင်းသောက်နိုင်အောင်လုပ်ချင်တယ်။ ပြီးတော့ ဒီလို လူမှုစီးပွား (Social Enterprise) ကနေ ဒီလိုတွေ လုပ်လို့ရတယ်ဆိုတာကိုလည်း စံပြအနေနဲ့ လုပ်ပြချင်တယ်။ စီးပွားရေးလုပ်ငန်းအများစုကတော့ ဘယ်လို အမြတ်ရအောင်လုပ်မလဲပဲ စဉ်းစားတယ်။ ကျွန်တော်တို့ကတော့ အမြတ်ရအောင်လည်းလုပ်မယ်၊ အဲ့ဒီရလာတဲ့ အမြတ်ထဲကမှ ၁၀ ရာခိုင်နှုန်းကိုလည်း ပြန်လှူမယ်။ အဲ့လိုနဲ့ပဲ ဒီလုပ်ငန်းလေး စဖြစ်သွားတာပါ။

ရှမ်းတောင်တန်းမှာ ဉာဏ်ကြီးရှင်ကော်ဖီအတွက် စိုက်ပျိုးထားတဲ့ စိုက်ခင်းတခုက ကော်ဖီသီးချိန် မြင်ကွင်း တခု
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ


မေး) – လူတော်တော်များများက လုပ်ငန်းလုပ်ပြီဆိုထဲက ကိုယ့်အမြတ်ကျန်မလားဆိုတာကို ဦးစားပေးတတ်ကြတယ်။ ဒါပေမယ့် အစ်ကိုက ကိုယ်အမြတ်ရဖို့တင်မဟုတ်ပဲ အခြားလူတွေပါ အကျိုးရှိစေတဲ့ လူမှုစီးပွားပုံစံမျိုး ဘာကြောင့် လုပ်ခဲ့ရတာပါလဲ။

ဖြေ) – ကျွန်တော် စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးနဲ့ ပတ်သက်တာတော့ ဘာမှ မလုပ်ခဲ့ဖူးပါဘူး။ ဘာမှလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်စဉ်းစားတယ် ကျွန်တော်တို့နိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက နယ်မှာနေကြပြီး ၃၀ ရာခိုင်နှုန်းကသာ မြို့ပြမှာနေကြတာဆိုတော့ ဒီ ၇၀ရာခိုင်နှုန်းလုံးကို ကျွန်တော်တတ်သိ ကျွမ်းကျင်တဲ့ နည်းပညာနဲ့ မကူညီနိုင်ဘူး။ အဲ့တော့ ဒီလူတွေကို ဘယ်လိုကူညီနိုင်မလဲ တွေးတယ်။ ပြီးတော့ ကျွန်တော် နယ်တွေ သွားတဲ့ အခါမှာ အဲ့ဒီနယ်တွေမှာရှိတဲ့ လူတွေ အထူးသဖြင့် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်တတ်တဲ့ လူတွေနဲ့ တွေ့ဆုံမေးမြန်းကြည့်တယ်။ သူတို့ကို မေးကြည့်တယ်။ ခင်ဗျားမှာ ပိုက်ဆံ သိန်း ၁၀၀ လောက်ရှိရင် ဘာလုပ်မလဲပေါ့။ လူလေးယောက်ကို မေးကြည့်တယ်။ တယောက်က အဲ့ဒီ သိန်း၁၀၀ကို ငွေးတိုးချပေးမယ်တဲ့။ အဲ့တော့ ကျွန်တော်ထပ်မေးတယ်။ အဲ့ဒီလူက အတိုးရောအရင်းကော ခင်ဗျားကို ပြန်မပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ ဒီတော့ သူမဖြေနိုင်ဘူးဖြစ်သွားတယ်။ နောက်တယောက်ကလည်း ဒီလိုပဲ သိန်း၁၀၀ကို ဆယ်ပုံ ပုံမယ် ဆင်းရဲတဲ့ လူတွေကိုပေးမယ်။ အဲ့လိုပေးလို့ ချမ်းသားသွားမလားမေးတယ်။ သူ မဖြေနိုင်ဘူး။ နောက်လူတွေကတော့ ဒီသိန်း ၁၀၀နဲ့ စီးပွားလုပ်မယ်တဲ့။ ရလာတဲ့ အမြတ်ကို ဆင်းရဲတဲ့ လူတွေပေးမယ်တဲ့။ ဒါတော့ မဆိုးဘူးပေါ့ ကျွန်တော်ဆက်မေးတယ်။ ဘာစီးပွားလုပ်မလဲပေါ့။ ကားဝယ်မယ်တဲ့။ ဆက်မေးတယ် ကားဝယ်ပြီးဘာလုပ်မလဲပေါ့။ ကိုယ်တိုင်ကားမမောင်းတတ်လို့ ကားမောင်းတဲ့လူရှာရမယ် အဲ့ဒီလူက မကောင်းရင် ဘာဆက်လုပ်မလဲပေါ့။ အဲ့ဒီတော့ သူဘာမှ ဆက်မပြောနိုင်တော့ဘူး။
ရှမ်းပြည် ရွာငံ ဒေသ နွားဘန်းကြီးကျေးရွာ ဉာဏ်ကြီးရှင် ကော်ဖီ စိုက်ခင်းတွင် ပနားမား ကော်ဖီပင်ပေါက် ၁,၂၀၀ စိုက်ပျိုးထားသည့် မြင်ကွင်း
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ
ဉာဏ်ကြီးရှင် ကော်ဖီ ရရှိထားသည့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ
ဉာဏ်ကြီးရှင် သြဂဲနစ် ကော်ဖီ ဝယ်ယူရရှိနိုင်သည့် ရန်ကုန်က လိပ်စာများ
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ
ဆိုလိုချင်တာက အဲ့ဒီဒေသတွေမှာရှိနေတဲ့ လူတွေက လက်ထဲမှာ ပိုက်ဆံရှိနေရင်တောင် ဘာလုပ်ရမယ်ဆိုတဲ့ ငွေကြေးကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတဲ့ ဗဟုသုတနည်းကြတယ်။ ပြီးတော့ ကြုံတွေ့လာရမယ့် ပြသနာတွေအတွက် စဉ်းစားထားတာမရှိဘူး။ တခုခုလုပ်မယ်ဆိုရင် တယောက်တည်း ပဲလုပ်ချင်တယ်။ စုပေါင်းပြီးလုပ်ရမယ်ဆိုတာကို လက်မခံချင်ဘူး ဆိုတာကို တွေ့လာရတယ်။ အဲ့တော့ ကျွန်တော် လန့်သွားတယ်။ ငါက ကူညီချင်တယ်ဆိုရင်တောင် သူတို့မှာ ဘာမှ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လန့်သွားတယ်။ သဘောက မိုးသာရွာနေတာ သူတို့မှာ ခွက်ကို မှောက်ပြီးခံနေတာမျိုးဖြစ်နေတယ်။
အခု ကျွန်တော်တို့ စိုက်ပျိုးရေ လုပ်ငန်းကြီးတခုလုံးမှာ ဖြစ်နေတာက အစိုးရက ချေးငွေပေးတယ်။ အဲ့ဒီချေးငွေက တောင်သူတွေမှာ အိမ်တောင်မရောက်ဘူး ကုန်သွားတယ်။ ဘာဖြစ်လို့လဲမေးကြည့်တယ်။ ချေးငွေစပြီး ရကတည်းက ပုဆိုးဝယ်ရတယ်တဲ့။ ဓာတ်မြေသြဇာဝယ်ရတယ်တဲ့။ မျိုးစပါးဝယ်ရတယ်တဲ့။ အဲ့တော့ ပိုက်ဆံချေးတာ ဘာအတွက်လဲ။ အစကတည်းက ပိုက်ဆံချေးမယ့်အစား စိုက်ပျိုးဖို့လိုအပ်တာတွေ ပေးလိုက်ပါလား။
ဥပမာ ချေးငွေ သုံးသိန်းမှာ ၁သိန်းပဲ ပိုက်ဆံပေး။ ၂သိန်းက စိုက်ပျိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေပေးပေါ့။ အဲ့လို မဟုတ်ပဲ အစိုးရက သုံးသိန်းလုံးပေးတယ်။ ဒါပေမယ့် တကယ်လိုအပ်တဲ့ စိုက်ပျိုးရေးပစ္စည်းတွေကိုကျတော့ ပြန်ဝယ်ရတယ်။ အဲ့ဒါကလည်း အစိုးရက ရောင်းတာမဟုတ်ဘူး။ အဲ့ဒီဘဏ်နဲ့ ဆက်စပ်တဲ့ လူတွေက ပုဆိုးလည်းရောင်းတယ်။ မျိုးစေ့လည်းရောင်းတယ်။ ဓာတ်မြေသြဇာလည်းရောင်းတယ်။ အဲ့တော့ ဒီချေးငွေတွေက တောင်သူတွေကို ပိုပြီးဒုက္ခပေးနေသလိုဖြစ်နေတယ်။ သူတို့မှာချေးငွေ လက်ထဲရောက်တာနဲ့ ပိုက်ဆံက ကုန်တာပဲ။ အဲ့ဒီဘဏ်နားမှာ အရက်ဆိုင်ရှိတယ်။ လက်ထဲမှာငွေရတယ်။ စောစောက ပြောတဲ့ဟာတွေကို ၀ယ်ရလို့ ငွေဖြတ်ခံရတယ်။ ပြီးတော့ အဲ့ဒီအရက်ဆိုင်မှာ စားသောက်ပြန်သွားကြတယ်။ အဲ့တော့ သူတို့လက်ထဲမှာ ဘာကျန်ခဲ့လဲ မေးတော့ အကြွေးရယ်၊ မျိုးစေ့ရယ်၊ ဓာတ်မြေသြဇာရယ်ပဲ ကျန်ခဲ့တယ်။

ကျွန်တော် ဒါတွေကို သိခဲ့ရတော့ တော်တော်လေးကို ထိတ်လန့်သွားတယ်။ ငါတို့စနစ်က လူတွေကို ပိုပြီးကောင်းအောင်လုပ်နေတာမျိုး မဟုတ်တော့ဘူးဆိုတာ သိလာတယ်။ ဒါက အစိုးရက ထုတ်ပေးတဲ့ ချေးငွေ အပိုင်း။

ပိုပြီးဆိုးတာက NGO တွေ။ သူတို့က အသေးစားချေးငွေပုံစံ (Micro Financing) နဲ့ငွေချေးပေးတယ်။ ဥပမာ လူငါးယောက်စုလိုက်တယ်။ အဲ့ဒီငါးယောက်က သူတို့ အမျိုးတွေချည်း ငါးယောက်စုလိုက်တာ။ ပြီးတော့ အဲ့လို ဟာတွေက တပတ်ဆပ်ရတာရှိတယ်။ တလနေမှ ပြန်ဆပ်ရတာရှိတယ်။ လုပ်ငန်းလေးတခု စလုပ်ပါတယ် ဆိုမှ ဘယ်လို တပတ်နဲ့ လုပ်နိုင်မှာလဲ၊ ခေါင်းရွက်ဗျက်ထိုးရောင်းရင်တောင်မှ အကြွေးရောင်းရတာ။ ဒီလိုနည်းနဲ့ ဘယ်လို ပြန်ဆပ်မလဲ။ ဒီလူတွေက ငွေပဲ ပေးလိုက်တာ ဒီငွေတွေကို ဘယ်လို သုံးရမယ်ဆိုတာကို သင်မပေးလိုက်ဘူး။ ဒီငွေတွေကို ပြန်ဆပ်ရမယ် ဆိုတဲ့ အသိပညာပေးမှု မပါဘူး။ ပြီးတော့ သူတို့နဲ့ အဆင်ပြေတဲ့သူဆို ပိုပေးမယ်။ အဆင်မပြေရင် မပေးဘူး။ နောက်ပြီး တပတ်ကို တခါ ပြန်ဆပ်ရမယ်ဆိုတဲ့ စနစ်ကြောင့် မဆပ်နိုင်တဲ့ လူတွေက အပြင်မှာ ၂ရက်ကို ၁၅ကျပ်တိုး ၂၀ကျပ်တိုးနဲ့ သွားယူပြီးဆပ်တယ်။ အဲ့တော့ တပတ်အတွင်းမှာ ဟိုဖက်အကြွေးအတွက် ဒီဘက်ကနေ အတိုးကြီးကြီးယူပြီး ပြန်ဆပ်နေရတယ်။ ဥပမာ ပိုက်ဆံ ၂သိန်းချေးယူထားတဲ့လူက တလမှာ ၆၀ရာခိုင်နှုန်း အတိုးတက်နေပြီ။ သူတို့မှာ ချေးငွေသာရလာတယ်။ ဘာလုပ်ရမယ်ဆိုတဲ့ Idea မရှိဘူး။ ဘယ်လိုကုန်အောင်သုံးမယ်ဆိုတာပဲရှိတယ်။

အဲ့ဒီလိုစနစ်တွေ အောက်ခြေမှာဖြစ်နေတဲ့ အကြောင်းတွေကို သိလာရတော့ ဒီလူတွေရဲ့ဘ၀နဲ့ အသိဉာဏ်တွေကို တိုးတက်လာစေဖို့ စဉ်ဆက်မပြတ် ပြန်လည်ပြည့်ဖြိုးလာစေတဲ့ လုပ်ငန်းတခုလုပ်မှဖြစ်မယ်လို့ တွေးမိတယ်။ အဲ့ဒါဘာလဲဆိုတော့ တောင်သူတွေကိုကူညီတဲ့နည်းပဲ။ သူတို့ရဲ့ဘ၀တွေကို မြှင့်တင်ပေးဖို့ပဲ။ သူတို့ကို ငွေဆိုတာ ဘယ်လို စီမံခန့်ခွဲပြီး သုံးရတယ်ဆိုတာကို အသိပညာပေးဖို့ပဲ။ ဒါကြောင့် ကျွန်တော် Social Enterprise လုပ်ငန်းကို လုပ်ဖြစ်ခဲ့တာပါပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အောက်ခြေတောင်သူတွေမှာဖြစ်နေတဲ့ လူမှုရေးပြသနာတွေကိုပါ ဖြေရှင်းပြီးသားဖြစ်သွားနိုင်တာကြောင့် ကျွန်တော်ဒါကို လုပ်ဖို့ရွေးချယ်လိုက်တယ်။


မေး) – ဒီလိုလုပ်ခြင်းအားဖြင့်ဘယ်လို အကျိုးကျေးဇူးတွေရှိလာမယ်လို့ ထင်ပါသလဲ။

ဖြေ) – ကျွန်တော်တို့က တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးတာပါပဲ။ အခုတောင်သူတွေတွေက မျိုးလိုချင်တယ်ပြောတယ်။ သူတို့လိုချင်တဲ့မျိုးနဲ့ ပတ်သက်တာတွေကို သေချာလေ့လာတယ်။ Analysis လုပ်တယ်။ ကျွန်တော်တို့မှာက နည်းပညာရှိတယ်။ Idea ရှိတယ်။ အဲ့တော့ သူတို့လိုအပ်တာကို ပံ့ပိုးပေးနိုင်တယ်။ အဲ့တော့ ကျွန်တော်တို့မှာ Impact က ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင်၊ ၈၀ရာခိုင်နှုန်းတော့ကျော်တယ်။ ၂၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့က မျိုးကောင်းပေးတယ်၊ သူတို့လိုအပ်ချက်တွေပေးတယ်။ ဒါပေမယ့် သူတို့က မစိုက်ဘဲ ရောင်းစားရင် ဘယ်လို လုပ်မလဲနော်။ ဒါတော့ ကျွန်တော်တို့ မတက်နိုင်တော့ဘူး။
ဒါပေမယ့် ဒီလုပ်ငန်းလုပ်ပြီး သုံးနှစ်အတွင်းမှာတော့ သေချာတာတခုပြောနိုင်တာက
နံပါတ်(၁) မြန်မာကော်ဖီဆိုတာကို လူသိများလာတယ်။
နံပါတ်(၂) ရှမ်းပြည်ကထွက်တယ်ဆိုတာကို လူသိလာတယ်။
နံပါတ်(၃) အနေနဲ့ ဈေးကွက်တခုရလာတယ်။
ဒါတွေကတော့ ဒီ သုံးနှစ်အတွက်မှာ တိုင်းတာလို့ရလာတဲ့ အကျိုးအမြတ်ပဲ။ တောင်သူတွေကို ကူညီပေးနိုင်တာ၊ လုပ်ငန်းတူတွေကို အကူအညီတွေပေးနိုင်တာကတော့ တိုင်းတာလို့ မရနိုင်တဲ့ အကျိုးအမြတ်တွေပါပဲ။


မေး) – အစ်ကိုပြောသလို တောင်သူတွေမှာက ပညာဗဟုသုတနည်းကြတော့ အစ်ကိုလိုချင်တဲ့ လူမှုစီးပွားပုံစံတခုဖြစ်လာအောင် သူတို့တွေနဲ့ ဘယ်လိုမျိုး ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ရပါသလဲ။

ဖြေ) – ကျွန်တော်က ကျောင်းဆရာတပိုင်းလည်းဖြစ်ခဲ့ဖူးသလို၊ အကြံပေးလုပ်ငန်းတွေလည်း လုပ်ငန်းဖူးတော့ အပြောင်းအလဲဆိုတဲ့ သဘောတရားကိုနားလည်တယ်။ ကျွန်တော်အပါအ၀င် လူတော်တော်များများက အပြောင်အလဲလို့ ပြောလိုက်တာနဲ့ ဆန့်ကျင်တတ်ကြတာ သဘာဝပဲ။ ဒါကို သိဖို့လိုတယ်။ လူတိုင်းကို တွေ့တာနဲ့ ငါပြောတာမလုပ်ဖူးလားဆိုတာမျိုး လုပ်လို့မရဘူး။
အဲ့ဒီတော့ ကျွန်တော်တို့က ပုံစံသုံးမျိုးနဲ့ တောင်သူတွေကို ချဉ်းကပ်တယ်။
ပထမနည်းက ကျွန်တော်တို့ ရွေးချယ်ထားတဲ့ တောင်သူတွေကို သင်ပေးတယ်။ ဒုတိယအဆင့်က အဲ့လို သင်ပေးလိုက်တာကို လက်တွေ့လုပ်ကြည့်တယ်။ နောက်ဆုံးတခုက စံပြအနေနဲ့ဦးဆောင်လုပ်ပြတယ်။ အဲ့ဒါကအရေးကြီးတယ်။ နယ်တွေမှာက စာတွေပေးဖတ်တာထက်စာရင် အဲ့ဒီလူကဘာလုပ်နေလဲ ဆိုတာကိုကြည့်ပြီး လိုက်လုပ်တတ်ကြတယ်။ လိုက်ခေါ် သင်ပေးတာကို စိတ်မ၀င်စားဘူး။ ဘာမှမပြော၊ ပြလည်းမပြဘဲ လုပ်ကြည့် အရမ်းစိတ်ဝင်စားကြတယ်။ လိုက်လုပ်ချင်ကြတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ စိတ်အခြေခံကိုက အဲ့ဒီလိုဖြစ်နေတာ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့စာသင်ပေးနေတဲ့ လူတွေကို ကျွန်တော်တို့က တနေ့ကို ဘယ်လောက်ဆိုပြီးပေးခဲ့တယ်။ အဲ့ဒီမှာတောင်ကျွန်တော့်ကိုလိမ်ပြီးတင်သေးတယ်။ လူက ၂၀ ပဲလာတာကို ၂၄ ယောက်ဆိုပြီးလုပ်တာရှိသေးတယ်။ ကျွန်တော်က လေ့လာဖို့စာအုပ်တွေပေးလိုက်တယ်။ အဲ့စာအုပ်တွေကို မဖြန့်ဘူး။ သူတယောက်တည်း ယူထားတယ်။
အဲ့တော့ သင်လို့ မဖြစ်တော့ဘူး ဆိုပြီး On Job Training လိုမျိုးလုပ်တယ်။ မျိုးတွေပျိုးထောင်မယ် ဒီလိုလုပ်ရမယ် သင်ပြတယ်။ အဲ့ဒါကို သူတို့ စိတ်ဝင်စားကြတယ်။ ပြောပြတယ် ခင်ဗျားတို့ အသက်မွေးဝမ်းကျောင်းဖို့လုပ်တဲ့ဟာ ကို ကျွန်တော်က လာသင်ပေးရတာ။ ရန်ကုန်ကနေလာတာ အနည်းဆုံး သုံးသိန်းကုန်တယ်။ တကယ်ပေးကြကြေးဆို ခင်ဗျားတို့ကနေတောင့် ကျွန်တော့်ကိုပြန်ပေးရမှာ လို့ပြောပြရတယ်။ ဒါပေမယ့် လာသင်တဲ့ ဆရာဆရာမတွေကိုတော့ ကျွန်တော်တို့က ထောက်ပံ့ပေးတယ်။

နောက်တဆင့်ဖြစ်တဲ့ စံပြအနေနဲ့ ဦးဆောင်လုပ်ပြတာမှာ ပစ္စည်းတွေကို ကောင်းကောင်းလုပ်တဲ့ လူတွေဆီက ဈေးပိုပေးပြီး ၀ယ်တယ်။ ကောင်းကောင်း မလုပ်ရင် ဈေးလျှော့ပြီးဝယ်တယ်။ တော်တော်ဆိုးရင် လုံးဝမ၀ယ်ဘဲထားလိုက်တယ်။ အဲ့တော့ လူတွေက သူတို့အချင်းချင်း ဟာ မင်းသွားရောင်းတာ လယ်လောက်ရလဲ။ ငါကတော့ ဒီလောက်ပဲရတယ် ဆိုပြီး ယှဉ်ပြိုင်လာကြတယ်။ မင်း ဉာဏ်ကြီးရှင်မှာ သွားရောင်း သူတို့ပြောတဲ့အတိုင်း ငါ စိုက်တာ ဒီလောက်ရတယ် ဆိုပြီးဖြစ်လာကြတယ်။

တခုရှိတာက Domino Effect လိုပေါ့နော်၊ ရှေ့က ကောင်းကောင်းလုပ်ပြရင် အကုန်ကူးစက်သလို။ ရှေ့ကမှားရင်လည်း အကုန်မှားသွားနိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့ သင်တန်းတွေလည်း လိုအပ်ပါတယ်။ အဲ့တော့ တောင်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ခက်ခဲလားမေးရင် ကျွန်တော်တို့အတွေ့အကြုံအရ ခက်ခဲတယ်တော့ မဟုတ်ဘူး။ သူတို့က အရိုးခံနဲ့ ဆက်ဆံကြတော့ တချို့ကိစ္စတွေမှာ သူတို့က မသိလို့ မလုပ်တာဘဲ ရှိတယ်။ သိရင်သူတို့လည်း လုပ်ကြမှာပါ။

(ဆက်လက်ဖော်ပြပါမည်။)
တွေ့ဆုံမေးမြန်းရေးသားသူ – ခင်စန္ဒာမြင့်
တည်းဖြတ်ပြင်ဆင်သူ – ငြိမ်းချမ်းအေး
(မိုးမခ)