Showing posts with label ဆီးချို၊သွေးတိုး၊နှလုံး. Show all posts
Showing posts with label ဆီးချို၊သွေးတိုး၊နှလုံး. Show all posts

Saturday, July 15, 2017

ဒေါက်တာတင့်ဆွေ မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, January 22, 2016

This Blog become alive again now!

ဒီဘလော့ခ်ကို ယူအက်စ်ကိုရွေ့ပြောင်းနေရကတည်းက အီးမေးလ်လိပ်စာကိုဝင်မရတော့လို့ သေသလိုဖြစ်သွားခဲ့ပါတယ်။ တင်ပြီးသားတွေလည်း ပြင်မရ၊ အသစ်လည်းထပ်တင်လို့မရဖြစ်သွားရလို့ ဘလော့ခ်အသစ်တခု ထပ်ရေးရပြန်တယ်။ အဲလိုဖြစ်တာတွေ အကြိမ်ပေါင်း မနည်းလှပါ။ 

အခုတော့ အရင်အီးမေးလ်ရော ဒီဘလော့ခ်ပါ အသက်ပြန်ဝင်လာကြပါပြီ။ ဘလော့ခ်အဟောင်းထဲက ပြင်စရာတွေလိုက်ပြင်ဘို့ အလုပ်လည်းပိုလာပြန်တယ်။ မောအုန်းမယ်။ အချိန်ကနည်းလွန်းလှတယ်။ ကူမယ့်သူလည်းမရှိ။ မတတ်နိုင်ပါ။ နိုင်သလောက်တော့လုပ်မယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၆
.
.
ကိုးကား
http://dts-medicaleducation.blogspot.com/

သွေးတိုး ရောဂါ အကြောင်း လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် - Saw Yaw Shu

 သွေးတိုး ရောဂါ အကြောင်း သိကောင်းစရာ

ေ သွးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီးအစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..
သွေးဖိအား အခြေအနေ အသက်(၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)
ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်

ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်
သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..

သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..



သွေးတိုးရောဂါ လက္ခဏာများ

သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း(နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..



သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..



သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ

JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..
ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်.

ကိုးကားချက်။
အောက်ပါ ဘလောက်မှာ မြန်မာလို ကျန်းမာရေးနဲ့ရောဂါများစွာ တင်ပြထားပါတယ်။ 
http://knowledgeforyourhealth.blogspot.com/2016/01/blog-post_95.html

နှလုံးရောဂါ ၊နှလုံးသွေးကြော ပိတ်ခြင်း - Thein Tun Aung, MBBS


၁။ ရင်ဘတ်အောင့်တာမပျောက်ရင်
ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်
လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်
တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။
သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။

 ဖိုးသူတော်(www.phothutaw.com)
Credit : Good Health
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒေါက်တာသိန်းထွန်းအောင် ဆောင်းပါး
နေ့စဉ်နေ့တိုင်း လူများ သေကြပါသည်။ သေဆုံးရခြင်း အကြောင်းများကို စုစည်းနှိုင်းယှဉ်ပါက နှလုံးသွေးကြော ပိတ်ခြင်းသည် ပထမ စွဲ၏။ နှလုံးသွေးကြော ပိတ်ခြင်းသည် အဓိက လူသတ်သမားဖြစ်သည်ဟု ရေးလေ့ပြောလေ့ ရှိပါသည်။ သို့သော် နှလုံးသွေးကြောများသည် ဘယ်လိုပိတ်သွားသနည်း။ ဘာကြောင့် ပိတ်သွားသနည်း။ ထိုအချက်သည် အလွန်တရာ အရေးကြီးသော အချက်ဖြစ်ပါသည်။ ပိတ်ရခြင်း အကြောင်းကို ရှင်းလင်းစွာ သိရလျှင် ကုစားရန် သိမည်ဖြစ်သည်။ ဘာကြောင့် ပိတ်သလဲ မပြောနိုင်ပဲ လင်ဇီး ပြုတ်သောက်။ ချင်းတက် ပြုတ်သောက်။ ကြက်သွန်ဖြူကို ပြုတ်သောက်ရုံဖြင့် နှလုံးသွေးကြော ပွင့်မည် မဟုတ်ပါ။ သည်လိုပြောသည်မှာ သူတပါး စီးပွားပျက်ရန် ပုတ်ခတ်ခြင်း မဟုတ်။ မပျောက်နိုင်သဖြင့် မပျောက်နိုင်ကြောင်း ပြောခြင်းသာ ဖြစ်သည်။
၁၈၅၄ ခုနှစ်ကတည်းက ဂျာမန်ဆရာဝန် ရုဒေါ့ ဗာချောင်း ဆိုသူက ကိုလက်စထရော အခဲများသည် သွေးကြောများကို ပိတ်ဆို့စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဆရာဝန်တိုင်း သူ့ကို သိကြသည်။ ဗာချောင်း၏ သွေးကြော ပိတ်ဆို့စေသော ဥပဒေသ သုံးခုကို တစ်ကမ္ဘာလုံးရှိ ဆေးကျောင်းတိုင်းတွင် သင်ကြသည်။ ၁၉၁၃ ခုနှစ်တွင် ရုရှားဆရာဝန် နစ်ကိုလိုင် အန်တက်စကိုးသည် ယုန်များကို အစာများများ ကျွေးပြီးနောက် ကိုလက်စထရော တက်လာကြောင်းနှင့် သွေးကြောများ ပိတ်ဆို့စေကြောင်းကို ပြသနိုင်ခဲ့သည်။ ၁၉၂၇ တွင် ကိုလက်စထရော၏ ဓါတုဗေဒဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့သော ဂျာမန်ဆရာဝန် နှစ်ဦး နိုဗယ်ဆုရခဲ့သည်။ သူတို့၏ နာမည်များမှာ စာလုံးပေါင်းရန် အလွန်ခက်သဖြင့် ဖော်ပြခြင်း မပြုတော့ပါ။ ၁၉၃၈ တွင် နော်ဝေမှ ကားမစ်လာဆိုသူက မျိုးရိုးလိုက် ကိုလက်စထရော များသူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးသွေးကြော ပိတ်ပြီး သေဆုံးသည်ကို တွေ့ရှိခဲ့သည်။ ၁၉၆၄ တွင် ကွန်ရက်ဘလော့ ဆိုသူ အမေရိကန် ဆရာဝန်က ကိုလက်စထရော ထုတ်လုပ်သော အင်ဇိုင်းကို ဖော်ထုတ်ခဲ့ပြီး နိုဗယ်ဆု ရခဲ့ပြန်သည်။ ၁၉၈၅ တွင် ကိုလက်စထရောနှင့် ပတ်သက်ပြီး နောက်ထပ် နိုဗယ်ဆုတစ်ခု ထပ်ပေးသေးသည်။
ရှေးလူကြီးများသည် ကိုလက်စထရောကို နှိမ့်ချခြင်းဖြင့် နှလုံးသွေးကြောပိတ်ခြင်းကို လျှော့ချနိုင်သည်ကို အမျိုးမျိုး အဖုံဖုံ သက်သေပြခဲ့သည်။ ထို့နောက် ၁၉၅၅ မှ ယခုအချိန်တိုင် မြောက်များစွာသော ဆရာဝန်တို့သည် ကိုလက်စထရောကို နှိမ့်ချနိုင်သော ဆေးများကို အမျိုးမျိုး စမ်းသပ်ကြသည်။ ထိုဆေးများကြောင့် သေဆုံးမှု လျော့ပါးခြင်း ရှိမရှိကို စမ်းသပ်ကြသည်။ ၁၉၈၇ မှ နောက်ပိုင်းတွင် ကိုလက်စထရောကို နှိမ့်ချသော ဆေးငါးမျိုးထက် မနည်းသည် သေဆုံးမှုကို လျော့ပါးစေကြောင်း ထင်ရှားစွာ သက်သေပြနိုင်ခဲ့ပြီး ဖြစ်၏။ ထိုဆေးများကို ထုတ်ရောင်းသော ကုမ္ပဏီများ သူဌေးဖြစ်သွားကြသည်။
ကြားရသော သတင်းများသည် အလွန်ကောင်းပါ၏။ သို့ဆိုလျှင် အဓိက လက်သည်ကို သိပြီဖြစ်သည်။ ကိုလက်စထရောကို သုညအထိ လျှော့ချနိုင်လျှင် ကိစ္စပြီးပြီ ဖြစ်သည်။ ကိုလက်စထရော မရှိတော့လျှင် ဘယ်သွေးကြောမှာမှ ကိုလက်စထရော ပိတ်ဆို့မှု ဖြစ်တော့မည် မဟုတ်။ သို့ဆိုလျှင် နှလုံးရောဂါလည်း မရှိတော့။ လူတွေလည်း သေတော့မည် မဟုတ်။ ... အဲ အဲ ... အဲလိုတော့လဲ မဖြစ်နိုင်သေးပါ။ ရေဘူးပေါက်တာ မသိချင် ရေပါတာပဲ လိုချင်သည်ထက် ဆိုးနေပြီ။
တစ်ဖက်မှလှည့်၍ စဉ်းစားကြည့်ရအောင်။ ကိုလက်စထရော ပိတ်လျှင် သွေးကြောများ ကျဉ်းသည်ကတော့ ဟုတ်ပါသည်။ သို့သော် ဘယ်လို ကျဉ်းသနည်း။ ဘယ်လောက်ကြာမှ ကျဉ်းသနည်း။ သွေးကြောများသည် ဂျိုးဖြူပိုက် အနည်ထိုင်ပြီး သံချေးကိုက် ပိတ်သလို တဖြည်းဖြည်းချင်း ပိတ်ခြင်းပေလော။ သုတေသန လုပ်ကြည့်သူများ တွေ့ရှိသည်မှာ ထိုသို့ မဟုတ်ချေ။ အကြောင်းမှာ လူ၏ သွေးကြောများသည် ဂျိုးဖြူပိုက်လို သံပိုက်အမာ မဟုတ်သောကြောင့်ပေတည်း။
ကျွန်တော် နားလည်သလို ပြန်ပြောရလျှင် သွေးကြော ပိတ်ခြင်းသည် မြို့တွင်း ကားပိတ်ခြင်းနှင့် အလားတူသည်။ ရန်ကုန်မြို့တွင်း၌ လမ်းဘေးဈေးသည်များ ဈေးရောင်းသဖြင့် ကားလမ်း ကျဉ်းသွားသည်။ သို့သော် လုံးဝ ပိတ်သွားသည်အထိ မကျဉ်းချေ။ အဘယ်ကြောင့်နည်း။ ကားများက ဟွန်းတီးပြီး အတင်းမောင်းသောကြောင့် ဖြစ်၏။ လမ်းဘေးဈေးသည်များသည် အတင်းမောင်းလာသော ကားကို ရှောင်ကိုရှောင်ရ၏။
လူတွင်လည်း ကိုလက်စထရော ပိတ်လာသောအခါ သွေးကြောများက ဆန့်ထွက်ကာ ကျယ်အောင် လုပ်ခြင်းဖြင့် တုန့်ပြန်သည်။ ကိုလက်စထရော ပိတ်လာသဖြင့် တစ်ဖက်သို့ သွေးမရောက်သောအခါ တစ်ဖက်က အော်၏။ ထိုအခါ သွေးကြောများက ကျယ်လာလေသည်။ ကိုလက်စထရော ပိတ်နေသော်လည်း သွေးကြော၏ အတွင်းဖက် အပေါက်ဝကတော့ အတူတူသာ ဖြစ်သည်။ ယင်းကြောင့် ကိုလက်စထရော တက်လာရုံသက်သက်ဖြင့် နှလုံးသွေးကြော ကျဉ်းကောင်း ကျဉ်းမည်။ သို့သော် လုံးဝပိတ်ဖို့ကတော့ အတော်ကလေး ခက်ပါသည်။ သွေးကြောလုံးဝ ပိတ်သွားဖို့ မီးပွားကလေး တစ်ခုခု ကျလာမှ ပိတ်မည် ဖြစ်သည်။ ထိုအခြင်းအရာကို ၁၉၈၀ ၀န်းကျင်တွင် သုတေသန စာတမ်းများ ထွက်လာတော့မှ လူသိများလာ၏။
.
.
.
ရန်ကုန်မြို့တွင်းကို ပြန်သွားကြစို့။
မြို့တွင်းကားပိတ်ရန်အတွက် လက်သည်မှာ စည်ပင်သာယာပင် ဖြစ်သည်။ တစ်နှစ်လျှင် နှစ်ခါ။ တစ်ခါလျှင် ခြောက်လ စည်ပင်သာယာ၏ စီမံကိန်းများ ရှိလေသည်။ ပလက်ဖောင်းများ နိမ့်နေသဖြင့် မြင့်အောင် လုပ်သည်။ ပလက်ဖောင်းများ မြင့်နေသဖြင့် ဖြိုသည်။ လူသွားလမ်း ပလက်ဖောင်းများကို ကားသွားလမ်းအဖြစ် ဖောက်သည်။ ထို့နောက် လူသွားလမ်း မရှိတော့သဖြင့် ပလက်ဖောင်းများကို ပြန်ဆောက်လေသည်။ လူသွားလမ်း၏ ဘေးတွင် မြောင်းတူးရန် လမ်းပိတ်သည်။ မြောင်းကို ဖုံးရန်အတွက် လမ်းပိတ်သည်။ မြောင်းဖုံးသွားသဖြင့် ပြန်ဖော်ရန် လမ်းပိတ်သည်။ ဤသို့ဖြင့် တစ်နှစ်လျှင် နှစ်ခါ။ တစ်ခါလျှင် ခြောက်လစီ စည်ပင်သာယာ စီမံကိန်းများ ရှိလေသည်။
ဆိုလိုသည်မှာ ကျဉ်းနေသော သွေးကြော ပိတ်သွားရန်အတွက် တစ်ခုခု ဖြစ်ရန် လိုအပ်သည်။ ကိုလက်စထရောများ ပေါက်ထွက်သွား လျှင်သော်လည်းကောင်း၊ သွေးကြောတွင် ဒါဏ်ဖြစ်ပြီး ထိုနေရာတွင် သွေးခဲကလေး ဖြစ်လာလျှင် သော်လည်းကောင်း၊ အခြားတစ်နေရာမှ သွေးခဲက လာပြီး ပိတ်လျှင်သော်လည်းကောင်း၊ ဆေးလိပ်မှာ ပါသည့် နစ်ကိုတင်းဓါတ်ကြောင့် သွေးကြောများ ဆတ်ကနဲ ပိတ်သွားလျှင်သော်လည်းကောင်း နှလုံးသွေးကြော ပိတ်တတ်သည်။
နှလုံးသွေးကြော ကျဉ်းခြင်းနှင့် နှလုံးသွေးကြော ပိတ်ခြင်း မတူပါ။ အကြွေးကင်းသောလူနှင့် သူဌေး မတူသကဲ့သို့ မတူပါ။ အကြွေးကင်းသော လူတိုင်းသည် သူဌေးမဟုတ်။ သူဌေးတိုင်းသည်လည်း အကြွေး မကင်းချေ။ နှလုံးသွေးကြော ပိတ်ခြင်းက ခေါက်ကနဲ သေစေနိုင်သည်။ နှလုံးသွေးကြော ကျဉ်းခြင်းကိုကား သိချင်မှတောင် သိမည်ဖြစ်သည်။ လမ်းဘေးဈေးသည်များ ရန်ကုန်မြို့အနှံ့ရှိသည်။ မည်သူကမျှ လမ်းဘေးဈေးသည်တွေကို အကုန်ရှင်းပစ်မည်ဟု မတောင်းတချေ။ သို့သော် စည်ပင်သာယာကိုကား အပြုတ်နှံချင် ကြသူသာ များ၏။
ဟုတ်ပါပြီ။ နှလုံးသွေးကြော ပိတ်ခြင်းသည် လူသေစေတတ်၏။ ကိုလက်စထရော များခြင်းသည် လူသေစေတတ်၏။ ကိုလက်စထရော နည်းသွားလျှင် ကျဉ်းနေတာတွေ ပြေသွားမည်လော။ အဲလိုတော့လဲ မဟုတ်သေးချေ။ ကိုလက်စထရောကို နှိမ့်ချသည့် ဆေးများကို နှစ်နှစ်၊ သုံးနှစ် သောက်ပြီးသူများကို စမ်းသပ်ကြည့်သောအခါ နည်းနည်းကလေး လျော့သွားသည်ကို တွေ့ရပါသည်။ သို့သော် ဆီးသီးလောက်ရှိသည့် ကိုလက်စထရော အခဲကြီးသည် ဆံလုံးသာသာ လျော့သွားခြင်း ဖြစ်သည်။ ပြောပလောက်အောင် လျော့နည်းခြင်း မရှိချေ။
.
.
.
တစ်ဖက်တွင် ကိုလက်စထရောကို နှိမ့်ချခြင်းသည်
အတိုင်းအတာ တစ်ခုထိသာ လျော့စေသည်။ ကိုလက်စထရောကို သုညအထိ ရောက်အောင် နှိမ့်ချရန် မဖြစ်နိုင်ချေ။ ဈေးကွက်ထဲတွင် ရှိသော အေတော်ဗာ စတက်တင်၊ ဆင်ဗာ စတက်တင်၊ ရိုဆူဗာ စတက်တင်၊ စသည့်စသည့် စတက်တင် ဖြင့် ဆုံးသော ဆေးများသည် ကိုလက်စထရောကို ရှိရင်းစွဲ၏ ငါးပုံတစ်ပုံမှ သုံးပုံတစ်ပုံခန့်သာ နှိမ့်ချနိုင်စွမ်းရှိသည်။ သို့စဉ်လျက် သည်ဆေးများကြောင့် နှလုံးရောဂါ ဖြစ်နှုန်း ကျသွားသည်မှာ မျက်မြင်ဖြစ်သည်။ ကိုလက်စထရော ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသော ဆယ်စုနှစ်တစ်ခု ကျော်ပြီးနောက် နှလုံးသွေးကြော ပိတ်သူများ နည်းသည်ထက် နည်းလာသည်ကောတ့ အမှန်ပင် ဖြစ်သည်။
သည်တွေ့ရှိချက်များကို သုံးသပ်ပါက သွေးကြော ကျဉ်းခြင်းကို ကိုလက်စထရော ဆေးများက ကောင်းစွာ မကုစားနိုင်။ သို့သော် သွေးကြောပိတ်ခြင်း ကိုတော့ ကာကွယ်ပေးနိုင်သည်ဆိုသော အဖြေကို ရ၏။
ကိုလက်စထရောသည် အစားအသောက်နှင့် ဆိုင်သည်။ အစားအသောက် ဆင်ခြင်လျှင် ကိုလက်စထရော မတက်နိုင်ဆိုသော အတွေးသည် စိတ်ချမ်းသာဖို့ ကောင်းပါသည်။ သို့သော် လက်တွေ့တွင် ပြဿနာ များစွာ ရှိ၏။
ပထအဆုံး အချက်မှာ ကိုလက်စထရော တက်စေသော အစာများကို ကျွန်တော်တို့ သိသည်။ ကိုလက်စထရောကို နည်းစေသော အစာများကို သေချာမသိချေ။ (ကိုလက်စထရော အများဆုံး တက်စေသော အစာမှာ အသားနှင့် ဆီပြန်ကြော်များ ဖြစ်သည်။ ဆီပြန်ဟင်း၊ နှစ်ပြန်ကြော်၊ ၀က်သား သုံးထပ်သားနှင့် အမဲသားတို့သည် ကိုလက်စထရော အများဆုံးပါသည်။) လင်ဇီး၊ ကြက်သွန်ဖြူ၊ ချင်း၊ မြင်းခွာရွက်၊ သာဂဒိုး အပင်၊ ရွှေပြာ၊ ပြဒါးပြာ၊ ဓါတ်လုံး၊ စသဖြင့် မြောက်မြားစွာသော ဆေးနည်းများအနက် ကိုလက်စထရောကို ထိထိရောက်ရောက် နှိမ့်ချနိုင်သော အရာ တစ်ခုမျှ မရှိပါ။
ဒုတိယ အချက်မှာ ကိုလက်စထရောကို အသည်းက ထုတ်လုပ်သည်။ ကိုလက်စထရောကို မစားပဲ ကိုလက်စထရော တက်နေသော လူများစွာ ရှိသည်။ ၁၉၃၈ တွင် နော်ဝေမှ ကားမစ်လာဆိုသူက မျိုးရိုးလိုက် ကိုလက်စထရော များသူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးသွေးကြော ပိတ်ပြီး သေဆုံးသည်ကို တွေ့ရှိခဲ့သည်။ ထိုလူများသည် ဘာမျှ မည်မည်ရရ မစားပါပဲလျက် ကိုလက်စထရောများ အလွန်တက်နေပြီး စောစောစီးစီး နှလုံးသွေးကြောပိတ်ကာ သေဆုံးကုန်ကြသည်။
သင်ခန်းစာမှာ အစားမရှောင်ပဲ ဆေးချည်းပဲ သောက်၍မရ။ ဆေးမသောက်ပဲ အစားရှောင်ရုံဖြင့် အလုပ်မဖြစ်။ ဆေးလည်းသောက် အစားလည်း ရှောင်ပါမှ ကိုလက်စထရော နည်းပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။
နှလုံးသွေးကြော ပိတ်တော့ ဘာအရေးလဲ။ ပိတ်နေသော နေရာကို ချဲ့ပြီး ပိုက်ကလေးတွေ ထည့်လိုက်လျှင် ပြန်ကောင်းတာပဲ မဟုတ်လားဟု မေးလိုသူက မေးနိုင်သည်။ အိုကွာ ခွဲစိတ်ပြီး သွေးကြောတွေကို ပြောင်းပြန် ပြန်ဆက်လိုက်ရင်ရောဟု မေးနိုင်သည်။
ရသည့်နေရာ နှစ်နေရာရှိပါသည်။ တရုတ်သိုင်းကားနှင့် မြန်မာရုပ်ရှင်ကားများ ဖြစ်ပါသည်။
.
.
.
နှလုံးသွေးကြော ပိတ်လျှင် နှလုံးသား သွေးမရတော့ပါ။
နှလုံးသား သွေးမရလျှင် နှလုံးခုန်တော့မည် မဟုတ်ပါ။ နှလုံးမခုန်ခြင်းသည် သေခြင်းနှင့် အတော်ကလေး နီးစပ်နေပြီ ဖြစ်သည်။ နီးသမှ တော်တော့်ကို နီးနေပြီဖြစ်သည်။
နှလုံးသွေးကြောကို ချဲ့ခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပါ။ သွေးကြော ပြဲသွားနိုင်သည်။ ကွဲသွားနိုင်သည်။ ပြတ်ထွက်သွားနိုင်သည်။ အလွန်ကောင်းသော ဆေးရုံကြီးများတွင် လုပ်နေကျ ဆရာဝန်များ လုပ်သည့်တိုင်အောင် နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းခန့် အဖိတ်အစင်ရှိသည်။ လုပ်လေ့လုပ်ထ မရှိသော၊ ပစ္စည်းမပြည့်စုံသော နေရာများတွင် ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာနှုန်း အထိ အဖိတ်အစင်ရှိသည်။
ပိုက်ထည့်ပြီး ချဲ့လိုက်တာကတော့ ဟုတ်ပါပြီ။ ထည့်ထားသော ပိုက်က မပိတ်တော့ဘူးလော။ သည်လို ပိုက်ထည့်ပြီးချဲ့သည့် နည်းပညာ ပေါ်သည်မှာ အနှစ်သုံးဆယ် ပြည့်လုပေပြီ။ ပထမပိုင်းတွင် ချဲ့ထားသော သွေးကြောများ တစ်နှစ်အတွင်း ပြန်ပိတ်သည်မှာ မနည်းချေ။ အမြင့်ဆုံး သုံးဆယ်ရာနှုန်းအထိ ရှိသည်။ ဆိုလိုသည်မှာ လူနာသုံးယောက်ကို နှလုံးသွေးကြော ချဲ့လိုက်ပါက တစ်ယောက်ကတော့ တစ်နှစ်အတွင်း ပြန်ပိတ်လိမ့်မည်။ အခုနောက်ပိုင်းတွင် သွေးကျဲဆေးများ လှိုင်လှိုင်သုံးကာ ပိုက်များကို မပိတ်အောင် ထိန်းနိုင်သဖြင့် အများကြီး တော်သွားသည်။
သေနေ့မစေ့သေးသဖြင့် ပိုက်ထည့်ပြီး ချဲ့နိုင်ပြီပဲ ထားဘိဦးတော့။ နောက်တစ်နေရာက ထပ်ပိတ်မည်မှာ သေချာလှသည်။ ကိုလက်စထရောသည် တစ်နေရာတည်းတွင် စုပုံပြီး ပိတ်ခြင်း မဟုတ်။ ဟိုနားနည်းနည်း၊ သည်နားနည်းနည်းဖြင့် ခေါင်းမှ ခြေအထိ ပြန့်နေသော သွေးကြောတိုင်းတွင် နည်းနည်းစီ ပိတ်မည်သာ ဖြစ်သည်။ ထို့ကြောင့် ပိတ်နေသော နေရာကလေး တစ်ခုကို ချဲ့လိုက်ရုံဖြင့် သေမင်းကို အံတုနိုင်ပြီဟု ထင်လျှင်တော့ အလွဲကြီး လွဲမည်သာ ဖြစ်သည်။
နှလုံးသွေးကြောကို ပိုက်ထည့်ပြီး ချဲ့လိုက်ပြီးနောက် သွေးကျဲဆေးများ သောက်မည်။ ကိုလက်စထရော ကျစေသော ဆေးများကို မှန်မှန်သောက်မည်။ ဆေးလိပ်ဖြတ်မည်။ အစားရှောင်မည်။ လေ့ကျင့်ခန်း လုပ်မည် ဆိုပါက ကျန်သေးသော အသက်ကို ဆန့်ထုတ်ရန် အခွင့်အလမ်းများမည် ဖြစ်သည်။ ဥစ္စာ ကံစောင့်ပြီး အသက် ဥာဏ်စောင့်ပါသည်။
.
.
.
စာရေးသူ ဘ၀အကြောင်း
ကျွန်တော်သည် ဆေးကျောင်းကို ၂၀၀၁ ခုနှစ်တွင် စတက်ခဲ့သည်။ ရန်ကုန် မြောက်ဥက္ကလာပ ဆေး (၂) မှ အောင်ခဲ့ပြီး ယခုတော့ နိုင်ငံရပ်ခြားတွင် နှလုံးအထူးကု လုပ်ရန် သင်ကြားနေပါသည်။ အချိန် ဆယ့်ခြောက်နှစ် အတွင်း နှလုံးသွေးကြော ပိတ်ပြီး သေကောင်ပေါင်းလဲ ဖြစ်နေသူများကို နေ့စဉ်နေ့တိုင်း တွေ့ရင်းဖြင့် သည်စာကို ရေးခြင်း ဖြစ်သည်။ မြင်ခဲ့ပြီးသော ဆယ့်ခြောက်နှစ် အတွင်း ဆေးပညာ အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ များစွာ ပြောင်းလဲလာခဲ့သည်ကို သုံးသပ်ကြည့်ပြီး ကျွန်တော့်အမြင်ကို တင်ပြခြင်း ဖြစ်ပါသည်။ လိုရင်းအချက်မှာ အရာရာကို ဥာဏ်ဖြင့် နှိုင်းဆရန်ပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ စုဆောင်းထားသော ကိုလက်စထရောများကြောင့် နှလုံးသွေးကြော ကျဉ်းခြင်းသည် တစ်ရက် တစ်လလောက် ဆေးသောက်လိုက်ရုံဖြင့် မပျောက်နိုင်ပါ။ ခွဲစိတ်ကုသခြင်း၊ သွေးကြောချဲ့ခြင်းများသည် အရေးပေါ် အသက်လုရန်အတွက် ရကောင်းရမည်။ သို့သော် တစ်ကိုယ်လုံးတွင် စုခဲနေသော ကိုလက်စထရောများကို ဘယ်လိုနည်းနှင့်မှ ဖယ်မပစ်နိုင်ပါ။ အသက်ကို ဥာဏ်စောင့်ပါသည်။ သတိရှိနိုင်ပါစေ။
Thein Tun Aung, MBBS
Diplomate of the American Board of Internal Medicine,
Currently a Cardiovascular Fellow, Dayton, Ohio, USA
.
my comment.
ဘန်ကောက်ကို ပြွန်ထည့် ဆေးသွားကုရင် ငွေ သိန်း၅ရာကျော် ကုန်မယ်။ ငွေထက် ကျန်းမာရေးဥိးစားပေးရတော့တယ်။ အလုပ်ပိခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ စိတ်ညစ်စရာများကို ဥပခါပြုမပြုနိုင်ခြင်းတွေက နှလုံးသွေးတက် တာကို အနေထိုင် အစားသောက် အကျင့်စရိုက်များ ပြောင်းနိုင်ရင် ဆေးကုစရာမလိုတဲ့လူများလဲ ရှိပါတယ်။

ဆီးချိုဆိုတာ ဘာလဲတဲ့ - အေးငြိမ်း

ဆီးချိုဆိုတာ ဘာလဲတဲ့
လူ့ခန္ဓာကိုယ် သရက်ရွက်က ထုတ်ပေးနေကျ အင်ဆူလင်ကို အပြည့်အ၀ မထုတ်ပေးနိုင်တော့လို့ဖြစ်စေ၊ လုံးဝ မထုတ် နိုင်တော့လို့ ဖြစ်စေ၊ ထုတ်လိုက်တဲ့ အင်ဆူလင် အာနိသင် မပြည့်ဝတော့တာကြောင့်ဖြစ်စေ သွေးချိုဖြစ်ပါတော့၏။ အင်ဆူလင်သည် စားလိုက်သမျှအစာထဲရှိ ဂလူးကို့စ်၊ ဖရူးတို့စ် စသော သကြားဓါတ်များကို အင်အားအဖြစ် ပြောင်းပေး၏။ အင်ဆူလင်က အလုပ်မလုပ်တော့ ထို ဂလူးကို့စ် စသော သကြားဓါတ်များသည် အားမဖြစ်တော့ဘဲ သကြားအဖြစ်သာ ဆက်ရှိနေခြင်းကို သွေးချိုသည်ဟု ခေါ်သည်။ ထိုချိုနေသော သွေးမှ သကြားဓါတ်အချို့ကို ကျောက်ကပ်က နိုင်သလောက် ချက်ပေးပါ၏။ သူမနိုင်တော့သည့်အခါတွင်မူ ဆီးပါချိုလာကာ ဆီးချိုရောဂါ ဖြစ်ပါတော့သတည်း။ 

ဆီးချိုနှစ်မျိုး
ဆီးချိုကား မျိုးရိုးလိုက်တတ်၏။ မျိုးရိုးအလိုက်ဖြစ်သော ဆီးချိုကို ကု၍မရ။ ၎င်းကို Diabetic Type A ဟု ခေါ်သည်။ အများအားဖြင့် ဆေးသောက်၍ မရ။ အင်ဆူလင် ထိုးရသည်။ ဆီးချိုအနုအရင့်ကို လိုက်၍ အင်ဆူလင် ဘယ်နှယူနစ် စသဖြင့် ထိုးရ၏။
မျိုးရိုးမဟုတ်ဘဲ အကြောင်းကြောင်းကြောင့်ဖြစ်လာသော ကျွန်တော့်လို ဆီးချိုးသမားကျတော့ Diabetic Type B ဟု ခေါ်၏။ သူကတော့ ကုလို့ရရန် မျှော်လင့်ချက်ကလေး ခပ်ရဲ့ရဲ့ ရှိသေးသည်။ ကောင်းတာကတော့ အစားအသောက်နှင့်ထိန်း။ Control by meal. ဒါပေသိ။ အင်မတန်ခက်တာကလား။ လူဆိုတာမျိုးဟာ အချိုကြိုက် တတ်လေတော့။ မလွယ်ပါချေ။ သည်တော့ ဆေးနှင့်ထိန်း။ ဆေးခန်းပုံမှန်ပြ။ 

ဘာတွေမတည့်ဘူးလဲ
အဓိကရန်သူကား ကာဘိုဟိုက်ဒြိတ် ဖြစ်၏။ မိတ်ဆွေတို့သိပြီးဖြစ်သည့်အတိုင်း ကာဘိုဟိုက်ဒြိတ် ဆိုသည်မှာ ခင်ဗျားတို့ ကျွန်တော်တို့ တစ်နေ့သုံးထပ်စားနေသော ထမင်း (ပေါင်မုံ့) ဖြစ်ပါ၏။ (ထမင်းနဲ့မတည့် ဆိုမှတော့ သေပြီဆရာ။) ဗီတာမင်နှင့် ပရိုတိန်း အဓိကထား စားပေး။ (ဗမာပြည်က လူတွေနဲ့ဆိုရင်တော့ ရိုက်ပေါက်။ ဟဲ့အကောင်၊ ပရိုတိန်း၊ ပရိုတိန်းနဲ့ လျှောက်လျှောက်ပြောမနေနဲ့။ ၀က်သားတစ်ပိဿာ ဘယ်လောက်များမှတ်လို့လဲ။) ဒါဆို ငါး စားပေါ့ဗျာ။ (အောင်မယ်၊ လာချေသေး၊ အကြောင်းသိရအောင် ရှင် တစ်ခါလောက် ဈေးသွားကြည့်စမ်းပါ။) 
ချိုတာမှန်သမျှ အကုန်ရှောင်ပါ။ (ချိုပြုံးဓါတ်ပုံတောင် မချိတ်ပါနဲ့။) စေးကပ်တဲ့ ဥပမာ၊ အာလူး၊ မျောက်ဥ၊ ကောက်ညှင်း မတည့်ပါ။ သကြား၊ နို့ဆီများနှင့် ဖျော်ထားသည့် လဖက်ရည်၊ ကော်ဖီ မတည့်ပါ။ အချိုရည်အားလုံး မတည့်ပါ။ အရက်၊ ဘီယာ မတည့်ပါ။ ဆေးလိပ်- ကြိုက်တတ်လျှင်တောင် ဖြတ်ဖြစ်အောင် ဖြတ်လိုက်ပါ။ 
သစ်သီး (fruit) အားလုံးလိုလို မတည့်ပါ (ပြီးပါလေရော။) ကျွန်တော်ကတော့ သခွားသီးခပ်လတ်လတ်တွေ ၀ယ်၊ ရေဆေး၊ ဆားနဲ့တို့ပြီး ဒီအတိုင်းကိုက်စားလိုက်တယ်။ (ဆားနဲ့တို့စားဗျ၊ ဒီအတိုင်းစားရင် သိပ်အရသာမရှိဘူး)။

တည့်တာ
ကိုက်လန်၊ မုန်ညင်း၊ မုန်လာ၊ ကျောက်ဖရုံသီး၊ ငြုပ်သီး၊ ပဲသီး၊ သခွားသီး၊ ကြက်ဟင်းခါးသီး။ (ကိုက်သာ ကြည့်လိုက်ပါဗျာ၊ မချိုဘူးဆို အကုန်တည့်တယ်။)
အသား (နီတဲ့အသားဆို ပိုတည့်တယ် ဆိုပဲ။)၊ ဥ၊ ငါး၊ ပုဇွန်(ကြိုက်သလောက်စား)
ဆန်ကြမ်း (မနန်းခမ်းမြစိန်ကတော့ ဘာစမာတီဆန် စားခိုင်းတယ်)။ ဂျုံကြမ်း၊ ဂျုံကြမ်းနဲ့လုပ်ထားတဲ့ မုံ့ (ပေါင်မုံ့ကြမ်း)။

နောက်ဆက်တွဲ ရောဂါများ
ဆီးချိုကား ကြောက်ဖို့ကောင်း၏။ သူတစ်ယောက်ထဲ မနေတတ်။ ကြာလာသောအခါ ပျင်းလှသည်ဟု သွေးတိုး၊ နှလုံး၊ ကျောက်ကပ် စသော အပေါင်းအပါများကိုပါ ခေါ်ယူတတ်ချေသေးသည်။ very complicated ဟု ပြောကြပါသည်။ ဆီးချိုတက်တာကြာလျှင် ကျောက်ကပ်ကို ဒုက္ခပေးနိုင်သည်။ မျက်လုံးကို ပြဿနာရှာသည်။ ခြေထောက်များကို မျက်စောင်းထိုးသည်။ ကြပ်ကြပ်သတိထားကြပါ။
.



.
ဆီးချိုစဖြစ်ခြင်း (ရောဂါလက္ခဏာများ)
လမ်းမလျှောက်နိုင်။ လှေခါးမတက်နိုင်။ လမ်းအနည်းငယ်မျှ လျှောက်လျှင်ပင် အလွန် ပင်ပန်းမောဟိုက်ကာ ခြေမသယ်ချင်၊ လက်မသယ်ချင် ဖြစ်နေပါသည်။ တော်သေး၏။  ပိုဆိုးသည်က ညဘက်တွင် ခြေလက်များ မခံမရပ်နိုင်အောင် ပူခြင်းဖြစ်ပါသည်။ အဘယ်မျှ ပူသနည်းဟူမူ မအိပ်နိုင်၍ ရေခွက်ကို နံဘေးတွင်ထားကာ ခြေခုံနှင့် လက်ဖမိုးများကို အ၀တ်ရေစိုဖြင့်မပြတ် အုပ်ထားပေးရပါသည်။
ခါင်းများဂျွမ်းသဒ္ဓါလန်အောင်မူးကာ ချွေးစေးများပြန်လျှက် ဘယ်လိုမှနေလို့မရ  ဆီးချိုတိုင်းကြည့်တော့ လူကောင်းတစ်ဦးအနေနှင့် ဆီးချို ပမာဏမှာ 5.5 mmoL/L သို့မဟုတ် 99 mg/dL သာဖြစ်ရပါမည်။  ဆီးချိုမီတာက 33 mmoL/L ပြနေပါသည်။ အဆမတန်တက်နေခြင်း ဖြစ်၏။ .
ဆီးချိုကျခြင်း အန္တရာယ် စားတာ နည်းနည်းများသွားလျှင် ဖြစ်တတ်သည်။ လက္ခဏာမှာ တစ်ကိုယ်လုံး တုန်ရီလာကာ ချွေးစေးများပြန်လာခြင်း ဖြစ်ပါသည်။ မူးဝေ အော့ အန်ခြင်းများလည်း ဖြစ်တတ်သည်။ ပုံမှန်ဆိုလျှင် ထမင်းစားပြီးခါစ၌ ဆီးချိုတိုင်းကြည့်ပါက 9.0 မှ 10.5 ထိ ရှိရမည်။ ယခု 3.6 ဆိုတော့ အတော်အခြေအနေဆိုးသည် ခေါ်ရပါ မည်။ အခန့်မသင့်လျှင် သတိတောင်လစ်နိုင်သည်။ အိမ်မှာ သို့မဟုတ် ရုံးမှာ ဆိုလျှင် ကိစ္စမရှိ။ အကယ်၍ ကားမောင်းနေစဉ် သို့မဟုတ် ဘတ်စ်ကားပေါ်၊ ရထားပေါ်လို ဘာမှ မရနိုင်သည့် နေရာမျိုးမှာ အလွန် အန္တရာယ်များပါသည်။ ထိုအန္တရာယ်မှ ကာကွယ်ရန် ဆီးချိုသမားများသည် သကြားလုံးကဲ့သို့သော စားစရာများ အိတ် အတွင်း အဆင်သင့်ဆောင်ထားသင့်ပါသည်။ သို့မှ အချိန်အခါ နေရာမရွေး ဆီးချိုကျသည်နှင့် တစ်ခုခု ကောက်စား လိုက်လို့ ရပါသည်။ ဆီးချိုရှိသူများ အထူးသတိထားသင့်ပါ၏။ ဆီးချိုကျလျှင် သကြားဓါတ်ပါသော အစာတစ်ခုခုကို အလျှင်အမြန်စားရန် လိုပါသည်။

ကုသနည်းသုံးလလျှင် တစ်ခါ ဆေးစစ်ရပါသည်။
Metformin 850mg မနက်တစ်လုံး၊ ည တစ်လုံး၊ Glitazone 5mg မနက်နှစ်လုံး၊ ညနှစ်လုံး သောက်နေရာမှ ယခု Glitazone ကို မနက်သုံးလုံး၊ ညသုံးလုံး တိုးပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ဆီးချိုက ကျမသွား။ တက်မြဲတမ်းတက်နေ၏။  ဆီးချိုအကြောင်းပြောသဖြင့် ဆရာဝန်က စစ်ကြည့်ရာ 10.2 ဖြစ်နေသဖြင့် သူက Metformin မနက် 1000mg, နေ့လည် 1000mg, ည 1000mg တစ်နေ့ သုံးကြိမ်သောက်ခိုင်းရာ နေ့ခင်း ဆေးသောက်အပြီး ဆီးချို ကျသဖြင့် နေရထိုင်ရ အတော်မသက်သာ၍ ကျွန်တော်လည်း ကိုယ့်သဘောနှင့်ကိုယ် နေ့ခင်းဆေးကို ဖြတ်လိုက်သည်။ (မူလက မနက် 850, ည 850 သာ သောက်နေရာမှ ယခု တစ်နေ့ကို 3000 ထိ တိုး ပေးလိုက်တာ အတော်များမှန်း သိပါသည်။) ဇက်ကြောတက်တာအတွက်မူ ဆေးထိုးပေးလိုက်၏။ သောက်ဆေးလည်း တစ်နေ့နှစ်ကြိမ်သောက်ရန် ပေးလိုက်သည်။ အားဆေးအဖြစ် B12 ပါပေးလိုက်သည်။ 

ကိုးကားချက်း 
http://shwenyein.blogspot.com/2010/06/blog-post.html
.
.
ကျွန်မနှင့်ဆီးချိုလူနာများ (ပါမောက္ခသန်းသန်းအေး ဆေး-၂)
စာအုပ် .. ဆီးချိုဖြစ်သူများ မြန်မာနိုင်ငံမှာ ၁၀% ရှိပါတယ်။ မြို့ကြီးများမှာ ပိုပြီးများပြားပါတယ်။ သွေးချို ကြာလာရင် နှလုံးသွေးကြောကို ထိခိုက်ပြီး၊ ၇၀% က နှလုံးရောဂါနဲ့အဆုံးသတ်ကြပါတယ်။

သွေးတွင်းအချိုဓါတ်ကျလွန်းခြင်း - Hypoglycemia ကြောင့် အသက်တိုစေပါတယ်။

သွေးတွင်းအချိုဓါတ်များလွန်းခြင်း Diabetes Ketoacidosis ဖြစ်ရင်လဲ အသက်အန္တရယ်ရှိပါတယ်။ ဆီးချိုများလွန်းရင် သတိလစ်၊ Coma ဖြစ်တာမျိုး ရှိပါတယ်။
.
အရေးကြီးဆုံးက ဆီးချိုကို ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ စားဆေး(၁)မျိုး ကနေ (၂)မျိုး ၁၀နှစ်ကြာထိန်းနိုင်ပြီး နောက်ပိုင်း အင်ဆူလင် နေ့တိုင်း ဆေးထိုး အနှစ်၃) အထိ ထိန်းနိုင်ပါတယ်။
.
အိပ်စက်မှု ..အိပ်ရေးမပျက်အောင် နေရပါမယ်။ ၈နာရီလောက် အိပ်နိုင်ရင် ကောင်းပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အိပ်ယာထဲ တုံးလုံးလှဲနေချိန် များပေမဲ့ နှစ်ခြိုက်စွာ အိပ်စက်မှု နည်းလာလေ့ ရှိပါတယ်။ ဖေ့ဘုတ် ကွန်ပြူတာကြည့်မှု၊ ခန္တာစိတ်ဖိစီးမှု၊ ညလုံးပေါက်အလုပ်၊ ပျော်ပွဲများတွေကြောင့် ဖြစ်တတ်ပါတယ်။ အိပ်စက်မှုမှာ တနေ့ စုစုပေါင်းအိပ်ချိန်၊ ကောင်းမွန်နှစ်ခြိုက်စွာအိပ်ခြင်း တို့နဲ့ ဆိုင်ပါတယ်။