Covit19 ASEAN. မေလ ၅ ရက်၊ ၆ ရက်၊ ၂၀၂၀
covid19.osinthk.org
မလေးရှားကတော့ သိသိသာသာ ကျဆင်းနေပါပြီ။ နှစ်ရက်ပေါင်းတောင် ပိုးတွေ့လူနာသစ်က ၇၅ ယောက်ပဲရှိပါတော့တယ်။ စင်ကာပူကတော့ ၆၀၀၊ ၇၀၀၊ ၈၀၀ တွေ့ရှိနေဆဲပါ။ ၆ ရက်နေ့မှာပဲ စင်ကာပူမှာ ရောဂါပိုးကူးစက်ခံရသူ ၂၀၀၀၀ ကျော်သွားခဲ့ပါပြီ။ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်းကတော့ အင်ဒိုနီးရှားမှာ ၈၉၅ ဦးနဲ့ အမြင့်ဆုံးဖြစ်နေပါတယ်။ ကူးစက်မှုနှုန်းကလည်း နှစ်ရက်ပေါင်း ၈၅၁ ယောက်ဖြစ်ပြီး တစ်ရက် ပျမ်းမျှ ၄၀၀ ကျော်ဖြစ်လာတဲ့ အတွက် တက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ နှစ်ရက်ပေါင်း ပိုးတွေ့လူနာသစ် ၅၁၉ ယောက်ဖြစ်ပါတယ်။ တစ်ရက်ပျမ်းမျှ ၂၅၀ ကျော် ဖြစ်ပါတယ်။ နေ့စဉ် ၂၀၀ နဲ့ ၃၀၀ ကြားမှာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှ ထိပ်ဆုံး ကူးစက်မှု ခံနေရတဲ့ နိုင်ငံကတော့ ယခင်နေ့တွေအတိုင်း စင်ကာပူ၊ အင်ဒို၊ ဖိလစ်ပိုင်နဲ့ မလေးရှားဖြစ်နေဆဲပါပဲ။
ထိုင်းနိုင်ငံကတော့ အောင်ပွဲရပြီလို့ ဆိုရမလား စောင့်ကြည့်ရတော့မယ့် အခြေအနေပါ နှစ်ရက်လုံးလုံး တစ်ရက်ကို ၁ ယောက်ပဲ တွေ့ပါတယ်။ ရှေ့တစ်ရက်ပဲ ၁၈ ယောက်ဖြစ်သွားပြီး ချက်ခြင်း ပြန်ကျသွားပါတယ်။ ဘရူနှိုင်းကတော့ ၁ ယောက်ထပ်တွေ့ပြီး စုစုပေါင်း ၁၃၉ ယောက် ဖြစ်သွားပါပြီ။ မြန်မာကတော့ ၂ ရက်တာကာလမှာ ပိုးတွေ့လူနာသစ်မရှိပါဘူး။
ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုကတော့ ပိုးတွေ့လူနာသစ် မရှိပါ။
သတင်းအနှစ်ချုပ်
စင်ကာပူ
- ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆလင်အတွဲ ၂၀၀ နီးပါးဟာ ထိမ်းမြားမင်္ဂလာပွဲတွေကို ရွေ့ဆိုင်းခဲ့ရပါတယ်။ ယခင်ကတော့ မူစလင်ဥပဒေအရ လက်ထပ်ဖို့အတွက် လူချင်းရှိနေဖို့ မှတ်ပုံတင်ပေးသူ အခမ်းအနားမှူးရဲ့ ရှေ့မှောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒါတွေကို အဆင်ပြေအောင် ဒီ COVID-19 ကူးစက်မှု ကာလအတွင်းမှာ ဗီဒီယိုကတစ်ဆင့် ထိမ်းမြားမင်္ဂလာပြုလို့ရကြောင်း၊ လက်ထပ်မှတ်ပုံတင်လို့ရကြောင်း ဥပဒေကြမ်းတစ်ခုကို တင်သွင်းထားပါတယ်။
- Inter-agency Task Force (ITF) ဟာ နိုင်ငံခြားသားလုပ်သားရဲ့ နေထိုင်တဲ့ နေရာဟာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လိုက်နာမှုရှိမရှိ လက်ခံနိုင်ဖွယ် ရှိမရှိဆိုတာကို သေချာစေဖို့အတွက် လိုက်လံစစ်ဆေးနေပါတယ်။ နိုင်ငံခြားသားလုပ်သားတွေ နေထိုင်တဲ့ နေထိုင်ရာအမျိုးအစားအသီးသီးဟာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း Forward Assurance and Support Teams (FAST) မှ တွေ့ရှိခဲ့ပါတယ်။
- စင်ကာပူမှာ COVID-19 ကပ်ရောဂါကြောင့် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ယာယီကယ်ဆယ်ရေး အစီအမံတွေကို ချမှတ် ဆောင်ရွက်နေပါတယ်။ အသေးစိတ်ကိုတော့ အောက်က လင့်မှာ ကြည့်နိုင်ပါတယ်။
https://www.mnd.gov.sg/newsroom/press-releases/view/temporary-relief-measures-for-property-sector-due-to-coronavirus-disease-2019-(covid-19)-pandemic
- Enterprise Singapore ဟာ လုပ်ငန်းခွင်မှာ လုံခြုံတဲ့ အကွာအဝေးအစီအမံကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ (၂) ခုကို ဒဏ်ငွေ ဒေါ်လာ (၁၀၀၀) စီ ချမှတ်ခဲ့ပါတယ်။
- Enterprise Singapore ဟာ အီးကောမက် တိုးမြှင့်ရေးမှာ အစီအမံကို တိုးချဲ့လိုက်ပါတယ်။ သုံးလတာ ဒစ်ဂျစ်တယ် မားကက်တင်း အကြံပေးဝန်ဆောင်မှုတွေကို ၉၀ ရာနှုန်းအထိ အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ဒစ်ဂျစ်တယ်မားကက်တင်းအတွက် အခြေခံတွေကို တည်ဆောက်ဖို့ လိုအပ်တဲ့ အဖွဲ့တွင်း စွမ်းဆောင်ရေတည်ဆောက်ဖို့ လူ့စွမ်းအားရင်းမြစ်ကူညီမှာ ဖြစ်ပါတယ်။
- Emerging Stronger Taskforce (EST) ဟာလည်း COVID-19 အလွန်ကာလ စီးပွားရေးအတွက် (၁) COVID-19 ကြောင့် ဖြစ်သွားတဲ့ စနစ်အရွေ့အပြောင်းကို လေ့လာသုံးသပ်သတ်မှတ်ခြင်း (၂) အဲ့အရွေ့တွေဟာ စင်ကာပူစီးပွားရေးကို ဘယ်လို သက်ရောက်မှုရှိစေပြီး အဲ့သက်ရောက်မှုကို အခွင့်အလန်းနဲ့ စိန်ခေါ်မှုတွေအဖြစ် ဘယ်လို ပြောင်းလဲယူဆလို့ရမလဲဆိုတာကို ဆန်းစစ်ခြင်း (၃) FUTURE ECONOMY COUNCIL (FEC) ကို COVID-19 အလွန်ကာလမှာ စင်ကာပူဟာ ဘယ်လို ပြန်လည်နိုးထမလဲ၊ စိတ်ကူးအသစ်တွေ ဘယ်လို ကွန့်မြူးမလဲ၊ စီးပွားရေးဗျူဟာတွေကို ဘယ်လို ပြန်စတင်မလဲ၊ စီးပွားရေးအရ ခံနိုင်ရည်ကောင်းအောင် ဘယ်လို နေထိုင်မလဲ၊ သက်ဝင်လှုပ်ရှားမှု ရင်းမြစ်သစ်ကို ဘယ်လို တည်ဆောက်မလဲဆိုတာကို အကြံပေးခြင်း စတဲ့ အဓိက လုပ်ငန်း (၃) ရပ်ကို အာရုံထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား
- အင်ဒိုနီးရှားဟာ လူဦးရေ ထူထပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အခုဆိုရင် အင်ဒိုနီးရှားဟာ အစားအသောက် ဖူလုံရေး ပြဿနာ ကြုံနေရပါပြီ။ COVID-19 အကြပ်အတည်းကာလ မတိုင်ခင်က အင်ဒိုနီးရှားရဲ့ အစားအသောက်ဖူလုံရေးဟာ အဓိက စားသောက်သွင်းကုန်တွေအပေါ်ကို မူတည်နေပါတယ်။ အခုလို စီးပွားရေး၊ ကျန်းမာရေး အကျပ်အတည်းကာလမှာ အစားအသောက်ဖူလုံရေး ပြဿနာ ဖြစ်လာတာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။
- အင်ဒိုနီးရှားဟာ ကျွန်းစုတွေမှာ ကပ်ရောဂါပျံ့နှံ့မှုနှုန်းအမှန်ကို ပိုမိုရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့အတွက် ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေရာတဲ့ ကြားကနေ တိုင်းပြည်တစ်ပြည်လုံးမှာ ရှိတဲ့ အတည်ပြုလူနာနဲ့ ဖြစ်နိုင်တဲ့ လူနာတွေနဲ့ ပတ်သက်တဲ့ ခြုံငုံအချက်အလက်တွေကို ဧပြီလ အစောပိုင်း WHO က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစံနှုန်းတွေနဲ့အညီ ပြန်လည် သုံးသပ်ပြင်ဆင်သွားဖို့ ရှိပါတယ်။
ဖိလစ်ပိုင်
- ဖိလစ်ပိုင်ကတော့ အခြေအနေတိုးတက်လာပြီလို့ ဆိုပါတယ်။ နှစ်ပတ်တာကာလအတွင်း စီရင်စုနယ်မြေ ၄၁ ခုမှာ ပိုးတွေ့လူနာသစ်မရှိပါဘူး။ COVID-19 လူနာသစ်တွေ့ရှိနှုန်းနဲ့ သေနှုန်းနှစ်ဆတိုးကြာချိန်နဲ့ ချိန်ညှိပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပိုးတွေ့လူနာသစ် နှစ်ဆတိုးကြာချိန်ဟာ ကပ်ရောဂါစတင်ပျံ့နှံ့ချိန်ကထက်စာရင် ထူးထူးခြားခြား လျော့ကျသွားပါတယ်။ သေနှုန်းနှစ်ဆတိုးကြာချိန်ကလည်း ယခင် ၃ ရက်ကနေ ၇ ရက်ထိဖြစ်လာပါပြီ။
- ဖိလစ်ပိုင်က ကက်သလစ်ဘုရားကျောင်းတွေဟာ နှစ်လလောက် ပိတ်ထားရာကနေ ပြန်ဖွင့်ချင်နေကြပါပြီ။ အစိုးရဟာ တစ်ချို့ကို ဖြေလျှော့ပေးထားပေမယ့် ဘာသာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ဘုရားရှိခိုးကျောင်းတွေကိုတော့ ဖွင့်ခွင့် မပေးသေးပါဘူး။ ဘာသာရေးဝန်ဆောင်မှုတွေဟာ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို ခွင့်ပြုဖို့ စဉ်းစားမယ်ဆိုရင် ဘာသာရေးဝန်ဆောင်မှုတွေ၊ ဘုရားရှိခိုးကျောင်းတွေဟာလည်း အခက်အခဲကြုံတဲ့ အချိန်မှာ ရင်ဆိုင်နိုင်ဖို့ ခွန်အားကို ပေးစွမ်းနိုင်တဲ့အတွက် အရေးကြီးတဲ့ ဝန်ဆောင်မှုဖြစ်တယ်လို့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ဆိုခဲ့ပါတယ်။
- တိုင်းပြည်ထဲက အတည်ပြုလူနာ ၁၀၀ ကျော်ဟာ ဂျပန်နိုင်ငံက လာတဲ့ Avigan ဆေးကို ဒီကူးစက်မြန်ရောဂါကုသရာမှာ စမ်းသပ်ဆေးဝါးအဖြစ် ပေးထားတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေးဦးစီးဌာနက ဆိုပါထားပါတယ်။
- ၅ ရက်နေ့မှာတော့ ဖိလစ်ပိုင်ရဲ့ ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းကို ထပ်မြှင့်ပေးမယ့် Palacio de Maynila Tent စမ်းသပ်စင်တာအသစ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီစင်တာဟာ တစ်နေ့ကို နမူနာ ၅၀၀၀ လောက်ကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီစင်တာဟာ မိခင်နိုင်ငံထဲ ပြန်လာတဲ့ ဖိလစ်ပိုင်နိုင်ငံသား နိုင်ငံခြားသွားလုပ်သား ၂၀၀၀၀ ခန့်ကို ၆ ရက်နေ့က စတင်ပြီး ဓာတ်ခွဲစမ်းသပ်မှာ ဖြစ်ပါတယ်။
- ၆ ရက်နေ့မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ Enderun CollegesinTaguigCity ထဲက နောက်ထပ် ဓာတ်ခွဲစမ်းသပ်စင်တာကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီစင်တာကတော့ တစ်ရက်ကို ၁၀၀၀ ကနေ ၁၅၀၀ လောက်ထိ နေ့စဉ်စမ်းသပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
မလေးရှား
- မလေးရှားမှာ သွားလာကန့်သတ်စင်တာကနေ ထွက်ပြေးသွားတာ ၁၄၇ ယောက်ရှိပါတယ်။ အဲ့ဒီထွက်ပြေးသွားသူအများစု ဆောက်လုပ်ရေးကဏ္ဍက ဖြစ်ကြပါတယ်။ သူတို့တွေရဲ့ ဓာတ်ခွဲစမ်းသပ်အဖြေကတော့ ပိုးမတွေ့ရှိ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၁၄ ရက် အသွားအလာကန့်သတ် နေထိုင်ရဦးမှာ ဖြစ်ပါတယ်။
- မလေးရှားဟာ ပြည်နယ်အကြား အသွားအလာ ကန့်သတ်ထားပါတယ်။ ၅ ရက်နေ့မှာ ပြည်နယ်အကြား သွားလာခွင့် (၄) ရက်ပေးကြောင်း ကြေညာခဲ့ပါတယ်။ ၇ - ၁၀ ရက်နေ့မှာ သွားလာနိုင်မှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်တာကတော့ တစ်ခြားပြည်နယ်တွေမှာ ပိတ်မိနေတဲ့ သူတွေ ကိုယ့်အိမ် ကိုယ်ပြန်နိုင်စေဖို့ ဖြစ်ပါတယ်။ အဲ့ဒီ (၄) ရက်ပြီးရင်တော့ သွားလာခွင့် ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။
ထိုင်း
- ထိုင်းမှာ လုပ်နေတဲ့ ကာကွယ်ဆေး စမ်းသပ်တာကတော့ တိုးတက်မှု တစ်ချို့ရှိနေပါတယ်။ ထိုင်းသုတေသနအဖွဲ့ဟာ ကြွက်ကို ထိုးပြီး စမ်းသပ်တဲ့ အချိန်မှာ ကြွက်မှာတော့ ပိုးကို တိုက်ထုတ်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတာကို တွေ့ရပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူတွေမှာလည်း ကြွက်တွေလို ကိုယ်ခံအားစနစ်က ပဋိပစ္စည်းတွေ ထွက်လာမလားဆိုတာ စမ်းသပ်ကြည့်မှာ ဖြစ်ပါတယ်။
မြန်မာ
- COVID-19 ရောဂါ ရှာဖွေဖို့အတွက် တပ်မတော်ဆေးရုံတွေမှာ ရှိတဲ့ COBAS 6800 စက်နှစ်လုံးကိုပါ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ၄င်းစက်ဟာ စမ်းသပ်မှုကို အစအဆုံး အလိုအလျောက် ဆောင်ရွက်ပါတယ်။ တစ်ရက်မှာ နမူနာ (၁၄၀၀) ခန့် စစ်ဆေးနိုင်ပါတယ်။
- တပ်မတော်မှ စစ်သည်တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ပြီးနောက် ၄င်းနဲ့ အနီးကပ် ထိတွေ့သူ (၃၆၃) ဦးကို ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ တစ်ဦးတွင်မှ ပိုး မတွေ့ရှိခဲ့ပါ။ ပိုးကူးစက်တဲ့ ရင်းမြစ်ကို ရှာမတွေ့ပါ။ ထို့ကြောင့် ထိုရင်းမြစ်မှ ထပ်မံ ကူးစက်နေနိုင်ပါသေးသည်။
- မေလ (၁) ရက်မှ (၁၅) ရက်အထိ မီတာခ ယူနစ် (၇၅) အထိကို ဆက်လက် အခမဲ့ ပေးသွားမှာ ဖြစ်ပါတယ်။
- တရုတ်ပြည်ကနေ ရွေ့ပြောင်းလုပ်သားပေါင်း ၁၅၀၀၀ လောက် ပြန်လာဖို့ ရှိတာကို မြန်မာပြည်က လက်ခံလာတာ စုစုပေါင်း ၄ ရက်နေ့အထိ ၅၀၀၀ ကျော် ရှိလာခဲ့ပါပြီ။ လွယ်ဂျယ်ဘက်ကနေ ပုံမှန် ၂၀၀ ဝန်းကျင်လောက်က နေ့စဉ်ဝင်လာပြီး ကန်ပိုင်တီဘက်ကနေ ဆယ်လေး ငါးယောက်ဝင်တော့ တစ်ဖြည်းဖြည်းနဲ့ ၁၅၀၀၀ ကို ရောက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
- ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခက်အခဲကြုံနေတဲ့ မြန်မာ (၁၃၅) ယောက်ကို MAI ကယ်ဆယ်ရေး လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်လာခဲ့ပြီး (၆) ရက်နေ့ ည (၈) နာရီမှာ ရန်ကုန် လေဆိပ်ကို အောင်မြင်စွာ ရောက်ရှိလာခဲ့ပါတယ်။
- မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာအများဆုံး အင်းစိန်မြို့၊ တောင်သူကုန်းရပ်ကွက်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်နှင့် ရွာမအရှေ့ရပ်ကွက်များရှိ လူဦးရေ ၅၀၀၀၀ ဝန်းကျင်ခန့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ပါတယ်။ (၃) ဦးကို ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူစေခဲ့ပြီး ၁၆ ဦးကို လှိုင်သွားလာကန့်သတ်စင်တာသို့ ပို့ပြီး အသွားအလာကန့်သတ်ထားခဲ့ပါတယ်။
- မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း သတင်းမီဒီယာသမားများအတွက် COVID ရန်ပုံငွေ ထူထောင်ထားပါတယ်။ သတင်းလိုက်ရင်း သွားလာကန့်သတ်ခံရခြင်း၊ COVID-19 ကူးစက်ခံရခြင်း ရှိပါက တစ်ဦးလျှင် ကျပ် (၂) သိန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သိန်း (၁၀၀) မတည်ထားပါတယ်။
- ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၂၆၀၀၀ ကျော်ဟာ သံရုံးကို စာရင်းသွင်းပြီး ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြပါတယ်။ ထိုင်းအစိုးရဟာ စီရင်စုနယ်မြေကြားဖြတ်သန်းသွားလာကို COVID-19 ကူးစက်မှု လျော့ချရေးအတွက် ပိတ်ပင်ထားပါတယ်။
- ၂၀၂၀ မြန်မာရွေးကောက်ပွဲကိုတော့ ဒီ COVID-19 ကူးစက်ပျံ့နှံ့မှုကြားကနေ ဖြစ်အောင် လုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးက ပြောကြားထားပါတယ်။ လူအများက ရွေးဆိုင်းလိမ့်မယ်လို့ ခန့်မှန်းထားချိန်မှာ ကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်
- ပြည်တွင်းကူးစက်မှု မရှိတာ စုစုပေါင်း (၂၁) ရက်ရှိသွားခဲ့ပါပြီ။ ၂၇၁ ယောက်နဲ့ ကူးစက်မှု ရပ်တန့်သွားခဲ့ပြီလို့ ယူဆလို့ ရသွားပါပြီ။ COVID-19 ကို အောင်ပွဲခံနိုင်ပြီလို့ ဆိုလို့ရတဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။ "အသစ်ပုံမှန်နေထိုင်ခြင်း" လို့ ဆိုလို့ရတဲ့ အနေအထားတစ်ရပ်ကို တစ်ဖြည်းဖြည်း ရောက်ရှိလာပါပြီ။
လာအို
- ပိုးတွေ့လူနာသစ် မရှိတာ ၂၃ ရက်ကြာပြီးသွားချိန်မှာ လာအိုဟာ စီးပွားရေးလုပ်ငန်းတွေကို သတ်မှတ်ညွှန်ကြားချက်များနဲ့ အညီ ဖွင့်လှစ်ခွင့်ပြုလိုက်ပါပြီ။ ပြန်ဖွင့်ပြီးနောက်ပိုင်း ဘယ်လို အခြေအနေဖြစ်လာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား
- စက်ရုံ (၁၈၀) လောက်ကို COVID-19 ရဲ့ သက်ရောက်မှုကြောင့် ဆိုင်းငံထားလိုက်ရပါတယ်။ အလုပ်သမားပေါင်း ၁၅၀၀၀၀ လောက် အလုပ်လက်မဲ့ ဖြစ်သွားကြပါပြီ။ ဒါ့အပြင် သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်ပေါင်း ၂ သန်းလောက်ကိုလည်း ထိခိုက်တာ အသေအချာပါပဲ။ ဒီရက်မှာတော့ ကမ္ဘောဒီးယားအတွက် အဆိုးဝါးဆုံး အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဘရူနှိုင်း
- ဘရူနှိုင်းကတော့ (၁၆) ရက် ပိုးမတွေ့ရှိရာကနေ တစ်နိုင်ငံလုံး စောင့်ကြပ်စစ်ဆေးခြင်းကနေ ပိုးရှိသူ တစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။ အနီးကပ် ထိတွေ့သူတွေကိုတော့ ဆက်လိုက် လိုက်လံ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။
စုစည်းတင်ပြသူ
ASK
.
.
သုံးသပ်ရရင်
.
အာစီယံနိုင်ငံများမှာ အထူးစံပြ နိုင်ငံကတော့ ဗီယက်နမ် ဖြစ်ပါတယ်။ နောက်တစ်နိုင်ငံကတော့ စင်ကာပူ ဖြစ်တယ်။ ပိုးတွေ့လူနာ အမြောက်များ (၂သောင်းကျော်) အများဆုံး ဖြစ်ပေမဲ့ သေနှုန်း အလွန် နည်း ပါတယ်။ ဆေးကုသမှု အထူးကောင်းမွန်ပြီး မြန်မာ ၁၀၀ကျော် ပိုးတွေ့ ကုသနိုင်ပါတယ်။ ထိုင်းနိုင်ငံကလည်း ထိန်းထားနိုင်ပြီး ထိုင်းပြန် မြန်မာသိန်းချီ Q ထားပေမဲ့ (လူငယ်အများစု) ရောဂါ လက်ခဏာ ပြသူ နည်းပါတယ်။ မြန်မာက Test မလုပ်နိုင်လို့ ပိုးတွေ့ ၁၆၀ ဦးနဲ့ အနည်းဆုံး ဖြစ်တယ်။ .. အခု အာစီယံ နိုင်ငံများ ကြိုးစားနေတာက ကိုရိုနာကို ထိန်းထားပြီး လုပ်ငန်းခွင်နဲ့ကျောင်းတွေ သတိကြီးစွာ ပြန် ဖွင့်လစ်ဖို့ ဖြစ်တယ်။
.
.သက်ကြီးသူများ ၆၀ကျော် များအနီး လူများ ခပ်ခွာခွာ ကြိုးစားနေရပါမယ်။
.
လူငယ်များ ရောဂါ ခုခံအားကောင်းပြီး ပိုးတွေ့ရင်တောင်မှ လက်ခဏာမပြကြပါ။ မြန်မာပြည် ပိုးတွေ့ 160 ဦးမှာ 58% လက်ခဏာ မပြ ကျန်းမာကြတယ်။ တလ အကြာ ပိုးမတွေ့ ဆေးရုံဆင်းသွားကြပါတယ်။
.
မြန်မာပြည်မှာ ရန်ကုန်လူထု စည်းကမ်းလိုက်နာကြဖို့ (အထူးသဖြင့် ဗီယက်နမ်လို mask တပ်ဆင်ကြဖို့) လျို့ဆော် နေပါတယ်။
.
M Zaw Aung
6-5-2020
.
Cred>>.
https://m.facebook.com/story.php?story_fbid=124485179223739&id=101504571521800
.
Origin Link
https://covid19.osinthk.org/my/


No comments:
Post a Comment