သတိထားလုပ်ဆောင်သင့်သည့် ပီပီပီများ
ခိုင်ဝင်း
ပီပီပီ(public-private partnership) အစီအစဉ်ဖြင့် ဟဲဟိုး၊ ကောသောင်းနှင့်မော်လမြိုင်လေဆိပ်များ အဆင့်မြှင့်တင်ခြင်းနှင့်လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီ များပူးပေါင်းဖွဲ့စည်းထားသည့် ကုမ္ပဏီအုပ်စုများထံမှတင်ဒါခေါ်ယူရန် အီးအိုအိုင်ဟုခေါ်သည့် (expression of interest) စိတ်ပါဝင်စားကြောင်းအဆိုတင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနအောက်ရှိ လေကြောင်းညွှန်ကြားမှုဦးစီးဋ္ဌာန၏ ဖိတ်ခေါ် ကြော်ငြာကို ၂၀၁၇ခုနှစ်သြဂုတ်လ၂၈ရက် ရက်စွဲဖြင့်ထုတ်ဝေသည့် ကြေးမုံသတင်းစာတွင် ဖတ်ရှု လိုက်ရသည်။
မြန်မာနိုင်ငံ၌ ကြီးမားသည့် အခြေခံအဆောက်အုံလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပီပီပီများသည် အရေး ပါသည့် အခန်းကဏ္ဍမှာရှိနေသည်။ အစိုးရဘဏ္ဍာငွေနှင့်နိုင်ငံတကာအထောက်အပံ့များက မြန်မာ နိုင်ငံ၏ အခြေခံအဆောက်အအုံလိုအပ်ချက်ကို မည်သို့မျှမဖြည့်ဆည်းနိုင်ချေ။ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)၏ ၂၀၁၆ခုနှစ် အာရှနိုင်ငံများ၏ စီးပွားရေးအလားအလာသုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍကိုအဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာဘီလီယံ၆၀ခန့်ကို ၂၀၁၆-၂၀၃၀ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားရန်လိုအပ်သည်ဟုရေးသားထားသည်။ နှစ်စဉ်ဂျီဒီပီ၏ ၃-၄ရာခိုင်နှုန်း ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟုဖေါ်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်များ အတွင်းက ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုသည် ဂျီဒီပီ၏၁ရာခိုင်နှုန်းကျော်သာ ရှိသည်ဟုလည်း အဆိုပါအစီရင်ခံစာ၌ဖေါ်ပြထားသည်။ ထိုကဲ့သို့ ပို့ဆောင်ရေးကဏ္ဍတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် သယ်ယူပို့ ဆောင်ရေးစရိတ် သုံးပုံတစ်ပုံခန့် သက်သာသွားမည်ဟုလည်းဆိုထားသည်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုများ အခြေခံအဆောက်အအုံကဏ္ဍအတွင်းစီးဝင်ခြင်းဖြင့် မြန်မာ့စီးပွားရေး အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို စီးပွားရေး ဦးမော့လာမှုကိုလည်းများစွာအထောက်အကူဖြစ်နိုင်သည်။ လေဆိပ်အဆင့်မြှင်တင်ခြင်းကဲ့သို့သော စီမံချက်များမှ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးနိုင်လိမ့်မည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖိုရမ်၌လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပီပီပီများသည် အရေးပါသည့် အခန်းကဏ္ဍမှာ ရှိကြောင်း ပညာရှင်များဆွေးနွေးခဲ့သည်ကို ကြားသိရသည်။
ပီပီပီတိုင်းအောင်မြင်သည်လား၊ ပီပီပီတိုင်းအများပြည်သူအတွက်အကျိုးဖြစ်ထွန်းစေသည်လား
ပီပီပီတိုင်းအောင်မြင်သည်တော့မဟုတ်ပါ။ ပီပီပီတိုင်းအများပြည်သူအတွက် အကျိုးဖြစ်ထွန်းစေသည် တော့မဟုတ်ပါ။ ပီပီပီများကို လက်မခံသင့်ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းလုပ်ဆောင်မှုများ မည်သည့်အတွက်ကြောင့် မအောင်မြင်ရသနည်းဟုသောခေါင်းစဉ်ဖြင့် Public Services Inter- national (PSI) အဖွဲ့မှထုတ်ပြန်သည့် “Why Public Private Partnerships Don’t Work” အစီရင်ခံစာ၌ အင်တာဗျူးဖြေကြားသူတစ်ဦးက အောက်ပါအတိုင်းဖြေကြားထားသည်ကိုတွေ့ရသည်။
“If you’re a good public sector, you shouldn’t need PPPs. If you’re bad, you shouldn’t go near them.”
သင်တို့၏ဗြူရိုကရေစီယန္တရားသည် ကောင်းမွန်သည့်ဗြူရိုကရေစီယန္တရားဖြစ်လျှင် ပီပီပီများကို မလိုအပ်သင့်။ သင်တို့၏ဗြူရိုကရေစီယန္တရားသည် မကောင်းမွန်သည့်ဗြူရိုကရေစီယန္တရား ဖြစ်လျှင်လည်း ပီပီပီများကို မလုပ်ဆောင်သင့်ဟုဖြေကြားထားသည်။
ဆိုလိုသည်မှာ စွမ်းဆောင်ရည်ရှိသည့် ဗြူရိုကရေစီယန္တရားအနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရန် ပုဂ္ဂလိကဖြင့် ပူးပေါင်း လုပ်ဆောင်ရန်မလို။ ကိုယ်တိုင်ကိုယ်ကျ လိုအပ်သည့် ငွေအရင်းအနှီးကို အစိုးရမှပင် တိုက်ရိုက် ချေးငှား၍သော်၎င်း သို့တည်းမဟုတ် နိုင်ငံတော်ဘတ်ဂျက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်သော်၎င်း ဆောင်ရွက်နိုင်သည်။ တဖန် ဗြူရိုကရေစီယန္တရား၌ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မရှိပါကလည်း ပီပီပီများကို မလုပ်ဆောင်သင့်။ အဘယ်ကြောင့်ဆိုသော် ပီပီပီချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊ စာချုပ်ပါ အချက်အလက်များသည် ရှုပ်ထွေးလှပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုလုပ်ကိုင်သည့် ပီပီပီများကို စီမံခန့်ခွဲရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။
နိုင်ငံများစွာ၌လည်း မအောင်မြင်ခဲ့သည့် ပီပီပီများစွာရှိနေသဖြင့် အထက်ပါကဲ့သို့ ပီပီပီများကို မထောက်ခံသူများ၏ ပြောဆိုဆွေးနွေးမှုများကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ပြုသင့်သည်။ ပီပီပီများတွင် လန်ဒန်မြေအောက်ရထားစီမံကိန်း (Metronet London)၊ အိန္ဒိယနိုင်ငံရှိ နယူး ဒေလီလေဆိပ်သစ်နှင့်ယင်းအားချိတ်ဆက်ထားသည့် အမြန်ရထား ဒေလီမက်ထရို (Delhi Metro) စီမံကိန်း၊ မဂ္ဂာဝပ်၄၀၀၀ကျော်ထုတ်လုပ်မည့် တာတာ(TaTa)အုပ်စု၏ ဂူဂျာရက်ပြည်နယ်၌ အကောင်အထည်ဖေါ်သည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများသည် ထင်ရှားသော မအောင်မြင်သည့် ပီပီပီများဖြစ်ကြပြီး ပညာရှင်များ၏စာတမ်းများတွင် ပီပီပီများ၏ အားနည်းချက်များကို ကိုးကားဆွေးနွေးရာ၌ ယင်းတို့ကိုဖေါ်ပြလေ့ရှိသည်။ လက်တင်အမေရိက တိုက်ရှိ ချီလီ၊ပီယူးနှင့်ကိုလံဘီယာနိုင်ငံများတွင်လည်း အဝေးပြေးလမ်းစီမံကိန်းများအတွက် ပုဂ္ဂလိက ဖြင့် ချုပ်ဆိုထားသည့် ပီပီပီ အမြောက်အမြားကို ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ရပြီး ၄င်းတို့၏အစိုးရများ အနေဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်းမှုများအတွက် အပိုဘဏ္ဍာငွေများစွာသုံးစွဲခဲ့ရသည်။ အလားတူပင် ဥရောပရှိ ပေါ်တူဂီနှင့်ဆိုက်ပရပ်စ်နိုင်ငံများတွင်လည်း မအောင်မြင်သည့် ပီပီပီများစွာရှိခဲ့သည်။ အမေ ရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ယာဉ်ရပ်နားစခန်းများကို ပုဂ္ဂလိကသို့ ၇၅နှစ် နှစ်ရှည်စာချုပ်ချုပ်ဆို လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြင့် ယာဉ်ရပ်နားခများ အဆမတန်မြင့်တက်သွားခဲ့သလို ချီကာဂိုမြို့ အုပ်ချုပ်ရေးအဖွဲ့မှလည်း ဒေါ်လာသန်းပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီသာ ဒေါ်လာသန်းရာထောင်ချီ အကျိုးအမြတ်ရရှိသွားခဲ့သည်။
ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း မအောင်မြင်သည့် ပီပီပီ (ဘီအိုတီဟု လူသိများ)များ အများအပြား ရှိနေသဖြင့် လက်ရှိအစိုးရအနေဖြင့် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ပီပီပီများဆောင်ရွက်မည်ဆိုလျှင် ပီပီပီ၏ အားသားချက်၊ အားနည်းချက်နှင့် မည်သည့်အတွက်ကြောင့် ပီပီပီလုပ်ဆောင်သင့်ကြောင်းကို ဘက်စုံ ဒေါင့်စုံမှ တွက်ချက်စဉ်းစားပြီးမှသာ အကောင်အထည်ဖေါ်သင့်သည်။
ပီပီပီဆိုသည်မှာ
ပီပီပီဆိုသည်ကို အလွယ်ပြောရလျှင် ယခင်က အစိုးရတစ်ဦးတည်းကသာ လုပ်ကိုင်ခဲ့ပြီး ပုဂ္ဂလိကအား ၀င်ရောက်လုပ်ကိုင်ခွင့်မပြုခဲ့သည့် လျှပ်စစ်ထုတ်လုပ်ရေး၊ လေဆိပ်တည်ဆောက်ပြုပြင်အဆင့် မြှင့်တင်ခြင်း၊ အဝေးပြေးလမ်းများတည်ဆောက်ခြင်းအစရှိသည့် ကြီးမားသည့် အခြေခံအဆောက် အအုံဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကအားရင်းနှီးမြှုပ်နှံခွင့်ပြုပြီး လုပ်ကိုင်ခွင့်ပေးခြင်း၊ နိုင်ငံတော်ပိုင် လောပိတကဲ့သို့ ဓါတ်အားထုတ်လုပ်သည့်စက်ရုံများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးသည့် လုပ်ငန်းများ၊ နိုင်ငံတော်ပိုင်စက်ရုံများအား ပုဂ္ဂလိကသို့အပြီးလွှဲပြောင်းရောင်းချခြင်း (သို့) နှစ်ရှည် ငှားရမ်းစာချုပ်များချုပ်ဆို၍ ပုဂ္ဂလိကအားလုပ်ကိုင်ခွင့်ပြုခြင်းတို့ကိုခေါ်ဆိုခြင်းဖြစ်သည်။ ပီပီပီများကို ဘီအိုတီဟုသိသည်ကများသည်။ ပီပီပီဆိုသည်မှာ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (privatization) ဖြင့်လည်း သက်ဆိုင်သည်။
ပီပီပီအကောင်အထည်ဖေါ်ဆောင်ခြင်း၏ ရည်ရွယ်ချက်များ
လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရေဖြန့်ဖြူးရေး၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများကဲ့သို့ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်အမင်း ကြီးမား ပြီး ပြိုင်ဆိုင်မှုအားနည်းကာ တစ်ဦးတည်းက လက်ဝါးကြီးအုပ်လုပ်ကိုင်နိုင်သည့် လုပ်ငန်းများ ဖြစ်သဖြင့် ယခင်ကအစိုးရတစ်ဦးကသာ ထိန်းချုပ်လုပ်ကိုင်ရာမှ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးလာ ခြင်းတွင် အဓိက အကြောင်းရင်း(၂)ခုရှိသည်။
ပထမအကြောင်းရင်းမှာ အစိုးရများ ဘဏ္ဍာငွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်လာရခြင်းနှင့် အခြေခံ အဆောက်အအုံလိုအပ်ချက်များ များပြားလာသောကြောင့်ဖြစ်သည်။ လူဦးရေတိုးပွားလာမှု၊ သုံးစွဲသူအသစ်ဦးရေးတိုးပွားလာမှုတို့ကြောင့်လည်း လျှပ်စစ်အပါအ၀င်အခြေခံအဆောက်အအုံ လို အပ်ချက်များသည် တစ်နေ့တခြား ကြီးထွားလာခဲ့သည်။ သို့သော် ထိုလိုအပ်ချက်အသစ်များကို ဖြည့်ဆည်းရန် နိုင်ငံတော်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာဝင်ငွေမရှိသည့်အပြင် လက်ရှိပေးဝေနေသည့် ၀န်ဆောင်မှုလုပ်ငန်းများကလည်း အရှုံးပေါ်နေသည့် ပြဿနာဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ပုဂ္ဂလိက အားခွင့်ပြုလာခြင်းဖြစ်သည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအား ဆွဲဆောင်လာခြင်းဖြစ်သည်။ လေဆိပ်မွမ်းမံပြင်ဆင်ခြင်း စီမံကိန်းများတွင်လည်း လက်ရှိတည်ရှိနေသည့် ဟဲဟိုး၊မော်လမြိုင်၊ ကော့သောင်းလေဆိပ်များသည် ပြေးလမ်းတိုးချဲ့ရန်လိုအပ်ခြင်း၊ ခေတ်မီလေကြောင်းအချက်ပြ စက်ကိရိယာများတပ်ဆင်ခြင်း၊ လေဆိပ်အဆောက်အအုံအား မွမ်းမံခြင်း (သို့) အသစ်တိုးချဲ့ဆောက် လုပ်ခြင်းတို့ပြုလုပ်ရန် လိုအပ်နေသည်။ သို့သော် နိုင်ငံတော်တွင်လည်း လုံလောက်သည့် ဘဏ္ဍငွေအသုံးစရိတ်မရှိဖြစ်နေပြီး ပုဂ္ဂလိကအားဖိတ်ခေါ်ခြင်းဖြစ်သည်။ နိုင်ငံတော်ပိုင် အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းများအား ပုဂ္ဂလိကသို့ ရောင်းချခြင်းဖြင့်လည်း အစိုးရများသည် ဘဏ္ဍာဝင်ငွေ ရှာဖွေနိုင်သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းမှ ရရှိလာသည့် ဘဏ္ဍာဝင်ငွေများအား အခြား အစိုးရ အသုံးစရိတ်များအတွက် သုံးစွဲနိုင်ခြင်းကြောင့်လည်း ပုဂ္ဂလိကပိုင်ပြုလုပ်လာခြင်းဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာတော့ လက်ရှိနိုင်ငံတော်ပိုင် ၀န်ဆောင်မှုလုပ်ငန်းများ အရှုံးပေါ်နေခြင်းဖြင့် လည်းသက်ဆိုင်သည်။ အရှုံးပေါ်ရခြင်းသည် စီမံခန့်ခွဲမှုအားနည်းခြင်း၊ လက်ရှိလည်ပတ်နေသည့် လုပ်ငန်းများ၌လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုအသစ်များမပြုလုပ်နိုင်ခြင်း၊ စက်ကိရိယာအသစ်များ မတပ်ဆင်နိုင်ခြင်းတို့ဖြင့် သက်ဆိုင်လေသည်။ ဥပမာ နိုင်ငံတော်ပိုင် လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများ အရှုံးပေါ်နေခြင်းတွင် လျှပ်စစ်ခိုးယူသုံးစွဲသူဦးရေးများပြားလာခြင်းကြောင့် ဆုံးရှုံးသည့် လျှပ်စစ် ပမာဏ ကြီးထွားလာခြင်းဖြင့် သက်ဆိုင်လေသည်။ တချိန်တည်းမှာပင် လျှပ်စစ်ဖြန့်ဖြူးရာတွင် လိုအပ်သည့် စက်ပစ္စည်းများ မတပ်ဆင်နိုင်မှုကြောင့် လမ်းခုလတ်၌ ဆုံးရှုံးရမှုများ ဓါတ်အား ပြတ်တောက်မှုများဖြင့် ရင်ဆိုင်ကြရသည်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကအား လွှဲပြောင်းပေးခြင်းဖြင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာပြီး လျှပ်စစ်သုံးစွဲသူများထံမှ ထိရောက်စွာ မီတာခ ကောက်ခံနိုင်ခြင်း၊ ပြုပြင်ထိန်သိမ်းရန် လိုအပ်သည့်နေရာများ၌ ပြုပြင်ထိန်သိမ်းခြင်းဖြင့် လုပ်ငန်းထိရောက်မှုနှင့် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးမြင့်လာမည်ဟုသော ယူဆချက်ဖြစ်သည်။ လုပ်ငန်းစွမ်းဆောင်ရည် (Efficiency) တိုးမြင့်လာသဖြင့် ကုန်ကျစရိတ်များ သက်သာလာပြီး ၀န်ဆောင်မှုနှုန်းထားများလည်း ကျဆင်းလာမည်ဟု ယူဆသောကြောင့်ဖြစ်သည်။ နည်းပညာသစ်များကိုရှာဖွေခြင်းဖြင့်လည်းသက် ဆိုင်သည်။ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူထံမှနည်းပညာသစ်များ ဆန်းသစ်တီထွင်မှုများ (innovations)ရရှိ နိုင်သည့် ရည်ရွယ်ချက်ဖြင့်လည်း ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်သည်။ လေဆိပ်စီမံကိန်းများတွင်လည်း ခေတ်မီလေဆိပ်တည်ဆောက်ပြုပြင်ခြင်းနှင့်ထိန်းသိမ်းခြင်း၊ ၀န် ဆောင်မှုပေးခြင်းလုပ်ငန်းများတွင် အစိုးရ၌ နည်းပညာအားနည်းချက်များရှိနေခြင်းကြောင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်ပြင်ဆင်ခြင်းဖြစ်သည်။
အကျဉ်းချုပ်တင်ပြရလျှင် မိမိနိုင်ငံလိုအပ်သည့် အခြေခံအဆောက်အအုံများအတွက် ပုဂ္ဂလိက၏ ရင်းနှီးမြှုပ်နှံမှုကိုရယူရန်နှင့် အစိုးရ၌မရှိသည့် နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများကို ပုဂ္ဂလိကထံမှ ရယူခြင်းဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ၀န်ဆောင်မှုများ၏ စွမ်းဆောင်ရည်နှင့်ကုန်ကျစရိတ်များ သက်သာလာပြီး နှုန်းထားများလည်းကျဆင်းလာရန် အဓိကရည်ရွယ်ချက်၂ခုဖြင့် ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်သည်။
ထိုကြောင့် ပီပီပီများ အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်သည့်အခါ အစိုးရအနေဖြင့် ထိုရည်ရွယ်ချက် ၂ချက်အား မျက်ခြေမပြတ်သင့်ပေ။
ပီပီပီ၏ စိန်ခေါ်မှုများ
အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းပြီး ပီပီပီများကို နှစ်ရှည်စာချုပ်ချုပ်ဆိုလုပ်ကိုင်သည့်အခါ နှစ်ဦးစလုံးတွင် ဆုံးရှုံးနစ်နာနိုင်သည့် အခြေအနေများရှိကြသည်။ အစိုးရနှင့်ပြည်သူ့ဘဏ္ဍာငွေမြောက်မြားစွာ ထိခိုက် နစ်နာနိုင်သကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာနိုင်သည်။ ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် ချေးငွေထုတ်ပေးထားသူများတွင်လည်း ဆုံးရှုံးနိုင်သည့်အန္တရာယ် ရှိသည်။ အဆိုပါ နှစ်ဦးနှစ်ဘက် ဆုံးရှုံးနိုင်သည့်အန္တရယ် (risks)များကို အစိုးရနှင့်ပုဂ္ဂလိကမှ မိမိတို့နှင့်သက်ဆိုင်ရာ ဆုံးရှုံးနိုင်သည့်အန္တရာယ်များကို မျှဝေယူမှသာ အောင်မြင်သည့် ပီပီပီများ ပေါ်ထွက်လာမည်ဖြစ်သည်။ အထက်ဖေါ်ပြပါ မအောင်မြင်သည့် ပီပီပီများတွင် တာတာ၏ ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းမှလွှဲပြီး ကျန်ပီပီပီများ၌ အစိုးရဘက်မှနစ်နာခဲ့သည်ကများသည်။ တာတာစီမံကိန်းတွင်တော့ မျှော်လင့်မထားဘဲ အင်ဒိုနီးရှားနိုင်ငံမှ ဓါတ်အားထုတ်လုပ်ရန် တင်သွင်းရသည့် ကျောက်မီးသွေးဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် တာတာကုမ္ပဏီအနေဖြင့် ဆုံးရှုံးမှု များဖြင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဘက် ဆုံးရှုံးနိုင်သည့်အန္တရာယ်များ၏ အဓိက အကြောင်းရင်း၂ခုမှာ နှစ်ရှည်စာချုပ်များ၏ အနာဂတ်ကို တင်ကြိုမခန့်မှန်းနိုင်မှုကြောင့် ရှေ့ဖြစ်လာနိုင်သည့် အခြေအနေအကုန်လုံး ထည့်သွင်း စဉ်းစား၍ ရေးဆွဲထားသည့် စာချုပ်များမဟုတ်ခြင်း (incompleteness)နှင့် အကျိုးစီးပွားအုပ်စုတစ်ခု၏ ထိန်းချုပ်အမြတ်ထုတ်ခြင်း(capture)တို့ဖြစ်သည်။ ယင်းအဓိကအကြောင်းရင်း၂ခုသည်လည်း အခြေခံ အဆောက်အအုံဆိုင်ရာ ပီပီပီများ၏ သဘောသဘာဝြဖင့်လည်းသက်ဆိုင်သည်။ ရေအားလျှပ်စစ်၊ အဝေးပြေးလမ်း၊ မြို့သစ်စီမံကိန်း၊ လေဆိပ်အသစ် (သို့) လက်ရှိလေဆိပ်အားအဆင့်မြှင့်တင်ခြင်း အစရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများသည် အရင်းအနှီးကြီးမားပြီး နှစ်ရှည်ရင်းနှီး မြှုပ်နှံမှုကိုပြုလုပ်ရသည်။ ထိုပြင်အခြေခံအဆောက်အအုံများသည် တည်ဆောက်ပြီး အဆင်မပြေ၍ ပြောင်းရွှေ့သွားလို့လည်းမဖြစ်နိုင်။ ထိုအတွက်ကြောင့် ပုဂ္ဂလိကဘက်တွင် ဆုံးရှုံးနိုင်သည့် အန္တရာယ်များစွာရှိသကဲ့သို့ နိုင်ငံတော်အစိုးရဘက်တွင်လည်း ချီကာဂိုမြို့ယာဉ်ရပ်နားစခန်းများကဲ့သို့ ပုဂ္ဂလိကအကျိုးစီးပွား၏ ထိန်းချုပ်မှုကိုခံရပါက ယင်းတို့အတွက်သာ အကျိုးရှိမည့် တဘက်သတ် စာချုပ်များချုပ်ဆိုမိပြီး နှစ်ပေါင်းများစွာ ထိခိုက်ဆုံးရှုံးခြင်းကို ခံစားရမည်ဖြစ်သည်။ သို့တည်းမဟုတ် တရားရုံးတွင် ပုဂ္ဂလိကအား နစ်နာကြေးသန်းပေါင်းများစွာ ပေး၍ဖြေရှင်းရမည်။ အထက်ဖေါ်ပြပါ ဆုံးရှုံးနိုင်သည့်အန္တရာယ်များ၏ အဓိကအချက်၂ချက်အား မတင်ပြမီ ဆုံးရှုံးနိုင်သည့်အန္တရာယ်များကို တင်ပြလိုပါသည်။
ပီပီပီများကို အများအားဖြင့် ဘီအိုတီ(Build-Operate-Transfer:BOT)ဟုလူသိများကြသည်။ ဘီအိုတီ များ၏ အထက်ဖေါ်ပြပါ သဘောသဘာဝများကြောင့် ယင်းတို့၏ရင်းနှီးမြှပ်နှံမှုပုံစံကလည်း ပုံမှန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့်လည်းမတူညီ။ မြစ်ဆုံကဲ့သို့ ဘီအိုတီစီမံချက်၏ ရင်းနှီးမြှုပ်နှံမှု ပုံစံမှာ မိခင်ကုမ္ပဏီ၏အစုရှယ်ယာနှင့်ပိုင်ဆိုင်မှုတို့အားမထိခိုက်စေရန် စီမံချက်အတွက် သီးခြား ရင်းနှီးမြှုပ်သည့် ကုမ္ပဏီတစ်ခုထူထောင်လုပ်ကိုင်ခြင်းဖြစ်သည်။ ပြီးလျှင် အစုရှယ်ရာထည့်ဝင်မှုမှာ ၂၅ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု၇၅ရာခိုင်နှုန်းအား နိုင်ငံတကာငွေကြေး ဈေးကွက်မှချေးယူလေ့ရှိသည်။ တနည်းအားဖြင့်ဆိုရလျှင် equityထည့်ဝင်မှုနည်းပြီး ချေးငွေ များသည့် highly leveraged ရင်းနှီးမြှုပ်နှံမှုပုံစံဖြစ်သည်။ ထိုပြင် မိခင်ကုမ္ပဏီဖြင့် မသက်ဆိုင်သဖြင့် ချေးငွေပေးအပ်သူများအတွက်လည်း နှစ်စဉ်အတိုးနှင့်အရင်း ပြန်လည်ရရှိမှုသည် စီမံချက်တစ်ခု တည်းဖြင့်သာသက်ဆိုင်သည်။ စီမံချက်မှခန့်မှန်းထားသည့် နှစ်စဉ်ဝင်ငွေမရရှိပါက ချေးငွေများ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးသည် စီမံချက်အောင်မြင်မှုအပေါ် လုံးဝတည်မှီနေသည်။ အန္တရာယ်လျှော့နည်းရန် risk diversification လုပ်မရချေ။ ထိုအတွက်ကြောင့် စီမံချက် ဘဏ္ဍာငွေရှာဖွေမှု (project finance)နှင့် ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်သည့်အန္တရာယ်များ လျှော့ချရေးသည် ဘီအိုတီ ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကကျသည်။
စီမံချက်ကာလတလျှောက်လုံးတွင်ကြုံရနိုင်သည့် ဆုံးရှုံးနိုင်မှုများကို အောက်ပါအတိုင်းခွဲခြားသတ်မှတ် နိုင်သည်။
၁။ စီမံချက်အကောင်အထည်ဖေါ်ရန် စတင်ပြင်ဆင်မှုနှင့် တည်ဆောက်ရေးကာလ (development and construction)
၂။ လုပ်ငန်းလည်ပတ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း (operation and maintenance)
၃။ ဘဏ္ဍငွေကြေးဆိုင်ရာ (financial)
၎။ နိုင်ငံရေးနှင့်ဥပဒေဆိုင်ရာ (political and legal)
၅။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (environmental)
၆။ သဘာဝဘေးအန္တရာယ်ကဲ့သို့သော တင်ကြိုမှန်းဆ၍မရသည့် အဖြစ်အပျက်များ (force majeure)
ချေးငွေထုတ်ပေးသူများနှင့်အခြားသောရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိခင်ကုမ္ပဏီ၏ လုပ်ငန်းအသီး သီးမှရရှိသည့်ဝင်ငွေဖြင့် မသက်ဆိုင်ဘဲ စီမံချက်မှရရှိမည့် ၀င်ငွေတခုတည်းအပေါ် မှီခိုအားထားနေရ ခြင်းသည် အန္တရာယ်များလွန်းလှသည်။ စီမံချက်ဖြစ်သည့်အတွက် ရေအားလျှပ်စစ်စီမံချက်မျိုးတွင် ၀င်ငွေသည် စီမံချက်တည်ဆောက်ရေးကာလပြီး၍ လုပ်ငန်းလည်ပတ်မှသာ စတင်ရရှိမည် ဖြစ်သည်။ တည်ဆောက်ရေးကာလသည် အရေးကြီးဆုံးအပိုင်းဖြစ်သည်။ ဥပမာ မြစ်ဆုံကဲ့သို့ ရပ်ဆိုင်းခံထားရခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းသည်ထက် ပိုကုန်ခြင်း၊ ကွန်ထရက်တာမှ သတ်မှတ် အချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းနှင့် နည်းပညာအလွဲအချော်များကြောင့် ခန့်မှန်းထား သည့် ပမာဏအတိုင်း မထွက်ရှိခြင်းတို့ဖြစ်နိုင်သည်။ ဆောက်လုပ်ရေးကာလ၌ စီမံချက်အတွက် မြေယာသိမ်းဆည်းရမှုများရှိနိုင်ပြီး အစိုးရ၏ တိကျခိုင်မာသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ မရှိခြင်းက ရင်းနှီးမြှုပ်နှံမှုကို တည်ဆောက်ရေးကာလ၌ပင် များစွာထိခိုက်သွားနိုင်သည်။
ဆောက်လုပ်ပြီးစီးသွားပြီး လုပ်ငန်းလည်ပတ်သည့်အဆင့်တွင်လည်း အခက်အခဲများစွာကြုံတွေ့ရ နိုင်သည်။ ရေအားလျှပ်စစ်စီမံချက်မျိုးတွင် လျှပ်စစ်ထုတ်လုပ်ရန် လောင်စာဆီမလိုသော်လည်း တာတာကဲ့သို့ ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံချက်တွင် ပြည်ပမှတင်သွင်းရမည် ဆိုပါက တင်သွင်းမည့်ကျောက်မီးသွေးဈေးနှုန်းတည်ငြိမ်ရေးသည် လုပ်ငန်းလည်ပတ်မှုအတွက် အင်မတန်အရေးကြီးသည်။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီးလျှင်လည်း အစိုးရဘက်မှ ထွက်ရှိသည့် ပမာဏ၏ ရာခိုင်နှုန်း အများစုကို ၀ယ်ယူမည်ဖြစ်ကြောင်း အာမခံချက်ပေးရမည်။ ဓါတ်အားစက်ရုံမှ ဓါတ်အားများထွက်လာသော်လည်း အဆိုပါဓါတ်အားများကို ပို့လွှတ်ရန်နှင့်ဖြန့်ဖြူးရန် သွယ်တန်း ထားသည့် ဓါတ်အားလိုင်းများမရှိပါက လုပ်ငန်းလည်ပတ်ရန် အခက်အခဲများစွာရှိနိုင်သည်။ ထိန်းသိမ်း ပြုပြင်ရာတွင်လည်း အလားတူ အခက်အခဲများရှိနိုင်သည်။
ဘဏ္ဍာငွေကြေးဆိုင်ရာ အန္တရာယ်မှာလည်း ကြီးမားလှသည်။ လျှပ်စစ်ကဲ့သို့သော အခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် ၀န်ဆောင်မှုအတွက် အခွန်မီတာခများကို ပြည်တွင်းသုံးငွေဖြင့်သာ ကောက်ခံရသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်သည့် စက်ယန္တရားများ အပါအ၀င် အခြားလိုအပ်ချက်အားလုံးကို အများအားဖြင့် အမေရိကန်ဒေါ်လာဖြင့်ပေးချေရသလို ယူထားသည့် ချေးငွေများနှင့်အတိုးတို့ကို အမေရိကန်ဒေါ်လာဖြင့်သာ ပေးဆပ်ရမည်ဖြစ်သောကြောင့် အစိုးရဖြင့် စာချုပ်ချုပ်ဆိုရာတွင် ဒေါ်လာနှုန်းသတ်မှတ်ချုပ်ဆိုမည်ဖြစ်သည်။ ထိုအတွက်ကြောင့် ပြည်တွင်းသုံးငွေတန်ဘိုးကျဆင်းသွားပါက အစိုးရအနေဖြင့် အရှုံးပေါ်မည်ဖြစ်သည်။ ငွေတန်ဘိုး ကျလေအရှုံးများလေဖြစ်မည်။ ငွေတန်ဘိုးကျခြင်းကြောင့် အစိုးရအနေဖြင့် ဗဟိုဘဏ်မှ ချေးငွေများ တိုးယူလျှင်လည်း ငွေကြေးဖေါင်းပွမှုဖြစ်စေပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိခိုက်နိုင်သည်။ မတည်ငြိမ်မှုကြောင့် ငွေတန်ဘိုးကျလေ ချုပ်ဆိုထားသည့် ဘီအိုတီများအတွက် ပေးချေရာတွင် အရှုံးများလေဖြစ်ပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပိုထိခိုက်လေဖြစ်နိုင်သည်။ ထိုအတွက် ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများသည် အစိုးရအဖွဲ့၏ နိုင်ငံစီးပွားရေးစီမံခန့်ခွဲမှု စွမ်းရည်ကို စဉ်ဆက်မပြတ် သုံးသပ်လေ့ရှိသည်။ ထိုပြင် နိုင်ငံတကာငွေကြေးဈေးကွက်မှလည်း ချေးငွေတောင်းခံရာ၌ ကန့်သတ်ချက်များရှိသည်။ တတိယနိုင်ငံအများစု၏ ချေးငွေထုတ်ပေးရန် အဆင့်အတန်းသတ်မှတ်ချက်သည် နိမ့်ကျသည်။ ဥပမာ အေအေ၊ဘီဘီ၊စီဟု ရှိလျှင် မြန်မာနိုင်ငံလို တတိယနိုင်ငံအတွက် အဆင့်အတန်းသတ်မှတ်ချက်ပင် မရှိဖြစ်နိုင်သည်။ ထိုအခါ အန္တရာယ်များသည့် ရေရှည်ရင်းနှီးမြှုပ်နှံမှုဟုသတ်မှတ်ပြီး ထိုအန္တရာယ်အတွက် အတိုးနှုန်း သာမန်ချေးငွေထက် ပိုမိုကောက်ယူသည်။ ယင်းကို risk premium ဟုခေါ်သည်။ ထိုအခါမှာ စီမံချက် ရင်းနှီးမြှုပ်နှံမှုသည်လည်း အတိုးနှုန်းမြင့်မားသည်နှင့်အမျှ အရင်းအနှီးပိုမိုကြီးမားသွားသည်။ တဖန် ထိုသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသွားသည့်အတွက် ကောက်ခံရမည့် အခွန်မီတာနှုန်းထား များသည်လည်း မြင့်တက်သွားမည်ဖြစ်သည်။ ထပ်မံပြီး အခွန်မီတာနှုန်းထားများ တိုးမြှင့်ကောက်ခံ သည့်အတွက် ပြည်သူလူထုမှလည်း ယခင်ကပေးနေကျထက် အဆပေါင်းများစွာ မြင့်တက်သွားပါက မကျေမနပ် ဖြစ်ပြီး ဆူပူဆန္ဒပြမှုများဖြစ်ပွားနိုင်သည်။ ထိုအခါအဆိုးသံသရာလည်တော့သည်။
အခွန်မီတာနှုန်းထားများမြင့်တက်မှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားလျှင်လည်း ရင်းနှီးမြှုပ်နှံ မှုကို ထိခိုက်နစ်နာနိုင်လေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ယခင်က လျှပ်စစ်အပါအ၀င် ၀န်ဆောင်မှု အများစုကို နိုင်ငံတော်မှ အရှုံးခံဖြန့်ဖြူးပေးနေသည့် သမိုင်းကြောင်းရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ယနေ့ထက်တိုင်အောင် လျှပ်စစ်ကို နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်သွယ်တန်းဖြန့်ဖြူးပေးနေရသည်။ ထိုအတွက်ကြောင့် ပြည်သူအများစုသည် အခွန်မီတာနှုန်းများတက်မည်ဆိုလျှင် ဒေါသတကြီး ကန့်ကွက်ဆန္ဒပြတတ်ကျသည်။ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း (သို့) ဖြစ်ပွားရန် အလားအလာရှိခြင်း၊ အခြားလူမျိုးရေး ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် (သို့) ဖြစ်ပွားနိုင်သည့် နိုင်ငံများကို ရင်းနှီးမြှုပ်နှံသူအများစုက ရင်းနှီးမြှုပ်နှံရန် ၀န်လေးတတ်ကြသည်။ အမြတ်အစွန်းများများ အတိုးနှုန်းမြင့်မြင့်မားမား ရရှိမှသာ ရင်းနှီးမြှုပ်နှံကျမည်ဖြစ်သည်။ ထိုပြင် တတိယနိုင်ငံ အများစုတွင် နိုင်ငံတကာနှင့်ဆက်ဆံရန်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ပြုလုပ်နိုင်ရန် ခိုင်မာသည့် ဥပဒေများမရှိခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများကို လက်တွန့်စေသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုများ၊ နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တိကျခိုင်မာမှုမရှိခြင်းက ရင်းနှီးမြှုပ်နှံသူကို များစွာထိခိုက်စေ နိုင်သည်။ ရင်းနှီးမြှပ်နှံသူအပိုင်းမှလည်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများ အတိုင်း လိုက်နာကျင့်သုံးသင့်သည်။
နောက်ဆုံး ဘီအိုတီ စီမံချက်များ အန္တရာယ်ကတော့ သဘာဝဘေးကဲ့သို့ မမျှော်လင့်ဘဲ ကျရောက် နိုင်သည့် အန္တရာယ်ဖြစ်ပါသည်။ စီမံချက်တည်ရှိသည့်နေရာတွင် ရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်း ဖြစ်နိုင်ချေ ရှိမရှိကို ကြိုတင်တိုင်းတာလေ့လာထားရန်လိုအပ်သည်။
ထိုသို့ ဆုံးရှုံးနိုင်သည့်အန္တရာယ်များစွာရှိသည့် ပီပီပီ ဘီအိုတီများကို အကောင်အထည်ဖေါ်ဆောင်ရာ၌ စာချုပ်များ၏ မပြည့်စုံမှု (incompleteness)နှင့် အကျိုးစီးပွားအုပ်စုတစ်ခု၏ထိန်းချုပ်မှု(capture)မှုကို စနစ်တကျ ဖြေရှင်းနိုင်မှသာ အစိုးရ-ပုဂ္ဂလိကနှင့် ပြည်သူအားလုံးအကျိုးရှိပြီး အောင်မြင်သည့် ပီပီပီများပေါ်ထွက်လာမည်ဖြစ်သည်။
အနာဂတ်ကို တင်ကြိုမခန့်မှန်းနိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများသည် အစိုးရပေါ် ကျရောက်နိုင်သလို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအပေါ်လည်း ကျရောက်နိုင်သည်။ ဥပမာ လျှပ်စစ်မီတာ ဈေးနှုန်းများကို တသမတ်တည်း သတ်မှတ်ထားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းရသည့် ကျောက်မီးသွေးလောင်စာဈေးနှုန်း မြင့်တက်သွားခြင်းကြောင့် တာတာကုမ္ပဏီ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ ရသည်။ တဘက်တွင်လည်း ကျောက်မီးသွေးဈေးနှုန်းများ စာချုပ်ချုပ်ဆိုစဉ်ကထက် အဆမတန် ကျဆင်းသွားခဲ့ပါကလည်း တာတာကုမ္ပဏီအနေဖြင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကာလ တလျှောက် အမြတ်ငွေများစွာရရှိမည်ဖြစ်ပြီး ပြည်သူများကိုယ်စား တာတာကုမ္ပဏီမှ လျှပ်စစ်ဝယ်ယူ ဖြန့်ဖြူးသည့် နိုင်ငံတော်အစိုးရမှာတော့ မြင့်မားသည့် လျှပ်စစ်မီတာနှုန်းထားခများဖြင့် ပေးချေ နေရမည်ဖြစ်သည်။ အလားတူ တိုင်းပြည်စီးပွားရေးအခြေအနေကြောင့် လျှပ်စစ်လိုအပ်ချက် ကျဆင်း သွားနေချိန် အစိုးရအနေဖြင့် စာချုပ်ထဲတွင် ထွက်ရှိသည့်ဓါတ်အားအားလုံးကို ၀ယ်ယူမည်ဟု ချုပ်ဆို ထားပါက တိုင်းပြည်စီးပွားရေးကျဆင်းသဖြင့် ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံတွေ့နေရ သော်လည်း မလိုအပ်သည့် လျှပ်စစ်များကို ဆက်လက်ဝယ်ယူနေရမည်။ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း ခရီးသွားလုပ်ငန်းများက မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပါက အသစ် တည်ဆောက်ထားသည့် လေဆိပ်သို့ လေယာဉ်နှင့်ခရီးသည် ၀င်ရောက်ထွက်ခွာမှုနှုန်း များစွာ ကျဆင်းသွားပါက ရင်းနှီးမြှပ်နှံသူအနေဖြင့် ခန့်မှန်းထားသလောက် ၀င်ငွေမရရှိဘဲ ဘဏ္ဍာငွေ အခက်အခဲများဖြင့် ရင်ဆိုင်ရနိုင်သည်။ အစိုးရဘက်မှလည်း အနည်းဆုံး ၀င်ငွေမည်မျှရရှိရမည်၊ မ၀င်ပါက နိုင်ငံတော်မှ လိုအပ်သည့် ပမာဏကို ကျခံမည်ဆိုသည့် အပိုဒ်မျိုး စာချုပ်တွင် လက်မှတ် ရေးထိုးမိပါက နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ် ပုဂ္ဂလိကကုမ္ပဏီကို ငွေသန်းပေါင်းများစွား ပေးချေနေ ရမည်။ လျင်မြန်စွာပြောင်းလဲနေသည့် နည်းပညာကလည်း စာချုပ်ပါအချက်များနှင့် ၀ယ်ယူသည့် နှုန်းထားများအပေါ် များစွာသက်ရောက်မှုရှိနိုင်သည်။ ယခုပင် နေရောင်ခြည်စွမ်းအင်သည် ဈေးနှုန်း ကျဆင်းနေပြီဖြစ်သည်။ အစဉ်အမြဲ ကျောက်မီးသွေးသည် ဈေးအချိုဆုံး လောင်စာမဖြစ်နိုင်။ ပြည်လည်ဖြည့်ဖြိုးစွမ်းအင်ဆိုင်ရာ နည်းပညာများ အဆင့်မြင့်လာသည်နှင့်အမျှ ယင်းမှထုတ်လုပ်သည့် လျှပ်စစ်ဈေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် ကျောက်မီး သွေးလောင်စာမှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားကို ၀ယ်ယူရန် စာချုပ်များချုပ်ဆိုထားပါက ဈေးချိုပြီး သန့်ရှင်းသည့်လောင်စာစွမ်းအင်ကို ရရှိနိုင်လျက်နှင့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ကို ဆက်လက်ဝယ်ယူနေရမည်။ ထိုကြောင့် စာချုပ်ပါအချက်များသည် အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ နှစ်ဦးစလုံးအတွက် အရေးကြီးသည်။ တဘက်သတ်မဖြစ်စေရ။ မည်သူမှ အနာဂတ်ကို တင်ကြိုမခန့်မှန်းနိုင်သည့်အတွက် စာချုပ်များသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သင့် သည်။ သို့သော် စာချုပ်ပါအချက်များကို မည်သို့ပြောင်းလဲသင့်သည်၊ နှုန်းထားအသစ်များ မည်သို့ သတ်မှတ်သင့်သည်ကို အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူနှင့် အစိုးရကိုယ်စား ဆွေးနွေးညှိနှိုင်းပေးမည့် ကော်မရှင်ကော်မတီများ ထူထောင်ရေးသည်လည်း ပီပီပီများ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရေးတွင် အရေးပါလှသည်။ စာချုပ်များ၏ မပြည့်စုံမှုကို ဖြေရှင်းရေးတွင် ကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင်ကော်မတီများသည် အဓိကကျသည်။
ဒုတိယအချက်ဖြစ်သည့် အကျိုးစီးပွားအုပ်စုတစ်ခု (သို့) အုပ်စုများ၏ ထိန်းချုပ်ခံရခြင်းသည် ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် အကြီးမားဆုံး ပြဿနာဖြစ်သည်။ အကျိုးစီးပွားဟုဆိုရာတွင် ပီပီပီ များကို စောင့်ကြပ်ကြည့်ရှုရမည့် (သို့) တာဝန်ယူ အကောင်အထည်ဆောင်ရွက်ရမည့် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဋ္ဌာနကဲ့သို့ ၀န်ကြီးဋ္ဌာနများ၏ အကြီးအကဲများကိုယ်တိုင်က အကျင့်ပျက်ခြစားသူများ ဖြစ်နေပါက နိုင်ငံနှင့်ပြည်သူအကျိုးထက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏အကျိုးကို တဘက်သတ် ကြည့်ခြင်းမျိုးဖြစ်လာနိုင်သည်။ စာချုပ်၌ နိုင်ငံတော်မှ အာမခံချက် မပေးသင့်သည့် ပုဂ္ဂလိက ချေးယူသည့် ချေးငွေများအပေါ် ယင်းတို့ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက နိုင်ငံတော်မှ ၀င်ရောက်ပေးဆပ်မည်ဟု ချေးငွေထုတ်ပေးသူများအား အာမခံချက်ပေးခြင်းမျိုးဖြစ်နိုင်သည်။ အကျင့် ပျက်ခြစားမှုများမရှိလျှင်ပင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူသည် အများအားဖြင့် အစိုးရထက် ပီပီပီများ၏ အားနည်းချက် အားသာချက်များကို ပိုမိုသိရှိနားလည်သဖြင့် ယင်းတို့ယူရမည့် ဆုံးရှုံးနိုင်သည့် အန္တ ရာယ်များကို ယင်းတို့ကမယူဘဲ အစိုးရအပေါ်ပုံချခြင်းမျိုးလည်းဖြစ်နိုင်သည်။ အမြတ်များကို ရသ လောက်ယူပြီး ဆုံးရှုံးလာပါက အစိုးရကို ကျခံစေခြင်းမျိုးဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏ ထိန်းချုပ်မှုကို ခံရနိုင်သည်။ ထိုအတွက်ကြောင့် ပီပီပီများ အကောင်အထည်ဖေါ်ရာ၌ တာဝန်ယူအကောင်အထည် ဖေါ်ဆောင်သည့် လေကြောင်းဦးစီးဋ္ဌာနကဲ့သို့သောဋ္ဌာနများတွင် ပီပီပီများကို ကောင်းစွာ နားလည် သဘောပေါက်ပြီး စနစ်တကျ ဆန်းစစ်နိုင်သည့် စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှု အင်မတန် လိုအပ်သည်။ တဘက်တွင်လည်း ပီပီပီများသည် အများပြည်သူ ၀န်ဆောင်မှုများဖြစ်သည့်အတွက် သုံးစွဲသူများမှ ခေတ်ကာလပြောင်းလဲလာသော်လည်း ပေးသင့်ပေးထိုက်သည့် အခွန်နှုန်းထားများ ပေးဆောင်ရန် ငြင်းဆိုခြင်းဖြင့်လည်း ရင်ဆိုင်နိုင်သည်။ ယင်းကို သုံးစွဲသူများ၏ ထိန်းချုပ်ခံရခြင်းဟု ခေါ်ဆိုသည်။ ဥပမာ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရဖြန့်ဖြူးသည့် လျှပ်စစ်ဓါတ်အား၏ မီတာနှုန်းထား များသည် ထုတ်လုပ်စရိတ်ပင် မကာမိဖြစ်နေခြင်းမျိုးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် သတိထားသင့်သည့်အချက်များ
နိုင်ငံတော်အစိုးရအနေဖြင့် ပီပီပီများကို လုပ်ကိုင်မည်ဟုဆုံးဖြတ်လျှင် အထက်တွင်ဖေါ်ပြခဲ့သည့် ပီပီပီ များ၏ အဓိက ရည်ရွယ်ချက် (၂)ရပ်အား မမေ့လျှော့သင့်။ ပီပီပီများကိုဆောင်ရွက်ရခြင်း၏ ပထမ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ၏ အရင်းအနှီးကို ရယူလိုခြင်းဖြစ်သည်။ နိုင်ငံတော်တွင် အခြေခံအဆောက်အအုံ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းရန် ဘဏ္ဍာငွေကြေးမရှိသဖြင့် ပုဂ္ဂလိ ကဖြင့် ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်သည်။ အကယ်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ စီမံချက်အတွက် လိုအပ်သည့် ချေးငွေများကို နိုင်ငံတော်မှရယူပေးရခြင်း (သို့) ယင်းတို့ပြန်လည်မပေးဆပ်နိုင်ပါက အစိုးရမှပေးဆပ်မည်ဟု အာမခံခြင်းမျိုးပြုလုပ်ပါက မူလပထမ ရည်ရွယ်ချက်ဖြင့် မကိုက်ညီတော့ပေ။ အစိုးရအနေဖြင့် လောလောဆယ် ဘတ်ဂျက်မှဘဏ္ဍာငွေသုံးစွဲရန်မလိုသော်လည်း အာမခံချက်များ ကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်လာသည့်အခါ နိုင်ငံတော်ဘဏ္ဍာငွေမှပေးလျှော်ရခြင်းမျိုးဖြစ်လာနိုင်သည်။ ထိုအချက်ကို အင်္ဂလိပ်လို contingent liabilities ဟုခေါ်သည်။ ဥပမာ လန်ဒန်မြေအောက်ရထား စီမံကိန်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများသည် ယင်းစီမံကိန်းအတွက် ချေးငွေများကို နိုင်ငံတကာ ငွေကြေးဈေးကွက်မှ ရယူထားသော်လည်း အစိုးရပို့ဆောင်ရေးဋ္ဌာနမှ ချေးငွေများ၏ ၉၅ရာခိုင်နှုန်းကို အာမခံပေးထားခြင်းကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ အရှုံးပေါ်သည့်အခါ ပို့ဆောင်ရေးဋ္ဌာနမှ ယင်းတို့၏ချေးငွေများ အားလုံးလိုလိုကို ယင်းတို့ကိုယ်စားပေးဆပ်ပေးရသည်။ ထိုကဲ့သို့ အစိုးရမှ အာမခံပေးထားခြင်းကြောင့် ချေးငွေထုတ်ပေးသူများအနေဖြင့်လည်း စီမံကိန်း၏ဖြစ်နိုင်ချေ အကျိုး အမြတ် အမှန်တကယ် ရရှိနိုင်ချေကို စနစ်တကျမတွက်တော့ဘဲ စီမံကိန်းမအောင်မြင်၍ ချေးငွေများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ ပြန်မဆပ်နိုင်ပါက အစိုးရဆပ်လိမ့်မည်ဟု သဘောထားပြီး ပေါ့လျှော့နိုင် သည်။ ထိုအတွက်ကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်ပါက အစိုးရကိုပုံချနိုင်သည့် contingent liabilities ဖြစ်ပေါ်နိုင်သည့် အာမခံချက်များကို အစိုးရအနေဖြင့် ရှောင်ရှားသင့်သည်။
ဒုတိယရည်ရွယ်ချက်ဖြစ်သည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူသည် နည်းပညာနှင့်စွမ်းဆောင်ရည် အစိုး ရထက် ပိုရှိသောကြောင့် ၀န်ဆောင်မှုနှုန်းထားနှင့်ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် သက်သာနိုင်သည် ဆိုသည့် ယူဆချက်ကိုလည်း ပထမရည်ရွယ်ချက်ကဲ့သို့ပင် ဆန်းစစ်ရမည်ဖြစ်သည်။ အရင်းအနှီး ကုန်ကျစရိတ် (capital cost)တွက်ချက်မှုသည် အရေးကြီးသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအနေဖြင့် အထက်တွင်ဖေါ်ပြခဲ့သည့် အခြေခံအဆောက်အအုံများ၏ သဘောသဘာဝကြောင့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို ကောင်းစွာနားလည်သဖြင့် မိမိ၏အရင်းအနှီးနှင့်အမြတ်အား အချိန်တိုအတွင်း ပြန်လည်ရရှိရန် အဝေးပြေးလမ်း၊လေဆိပ်၊ဆိပ်ကမ်းများတည်ဆောက်ရာတွင် ကျခံရမည့် အရင်းအ နှီးကို အမှန်တကယ် ကုန်ကျသင့်သည်ထက် ပိုမိုတွက်ချက်တင်ပြခြင်းမျိုးလည်းဖြစ်နိုင်သည်။ ဥပမာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်သည် အမေရိကန် ဒေါ်လာ သန်း၁၀၀၀ခန့်ရှိနိုင်သည်။ သို့သော်ရင်းနှီးမြှုပ်နှံသူမှ သန်း၂၀၀၀ဟုတင်ပြထားခြင်းကို အစိုးရ ဘက်မှ လက်ခံခဲ့ပါက ယင်းတို့အနေဖြင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံရသည့်ငွေပမာဏ ပြန်လည်ရရှိပြီး ဖြစ်သော်လည်း အရှုံးပေါ်နေသည် (သို့) အရင်းမရရှိသေးဟုဆိုနိုင်သည်။ အထူးသတိထားရမည်မှာ ဘီအိုတီစာချုပ်တွင် လေဆိပ်စီမံကိန်းအား အကောင်အထည်ဖေါ်မည့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်မည့် ကန်ထရိုက်အတူတူဖြစ်နေခြင်းဖြင့်သည်။ ထိုကဲ့သို့ဖြစ်ခြင်းမျိုးကို tied supply change ဟုခေါ်ဝေါသည်။ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ပီပီပီ ဘီအိုတီများတွင် ရင်းနှီး မြှုပ်နှံသူက အမှန်တကယ် ထည့်ဝင်သည့် အရင်းအနှီး အစုရှယ်ရာ (equity)က စုစုပေါင်း ရင်းနှီးမြှုပ် နှံမှု၏ ၂၅ရာခိုင်နှုန်း (သို့) တခါတရံ ထိုထက်ပင်နည်းနိုင်ပြီး၊ ကျန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံ တကာငွေကြေးဈေးကွက်မှချေးယူပြီး ရင်းနှီးကြသည်။ အရှုံးအမြတ်သည်လည်း မိခင်ကုမ္ပဏီဖြင့် မသက်ဆိုင်ဘဲ စီမံကိန်းအောင်မြင်မှုနှင့်သာ သက်ဆိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တွက်ချက်မှုသည် အရေးကြီးလှသည်။ လေဆိပ်တည်ဆောက်ရေး ဘီအိုတီစီမံချက်ကို ဆက်လက်ပြီး ဥပမာအဖြင့် တင်ပြပါမည်။ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ကုန်ကျမည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံ သူ၏ အစုရှယ်ရာသည် ၂၅ရာခိုင်နှုန်းဆိုလျှင် သန်း၂၅၀ဖြစ်မည်။ သန်း၇၅၀ကိုချေးငွေယူရမည်။ အကယ်၍သူက သန်း၂၀၀၀ကုန်ကျမည်ဟုတင်ပြပြီး သန်း၁၅၀၀ကိုချေးယူခဲ့သည်ဆိုပါစို့။ တည် ဆောက်မည့် ကန်ထရိုက်မှာလည်း မိမိ၏ကုမ္ပဏီပင်ဖြစ်နေသောကြောင့် ချေးငွေကို ယင်းအား ပေးလိုက်ခြင်းဖြင့် ယင်းအနေဖြင့် အရင်းနှင့်အမြတ်ရရှိပြီးဖြစ်နေနိုင်သည်။ ပို၍ဆိုးသည်က ချေးငွေ များကို အစိုးရမှ ယင်းတို့ပြန်လည်မပေးဆပ်နိုင်ပါက ယင်းတို့ကိုယ်စားပြန်လည်ပေးဆပ်ပါမည်ဟု အာမခံချက်ပေးထားခဲ့လျှင်ဖြစ်သည်။ အစိုးရအာမခံချက်ရရှိပြီးဖြစ်သောကြောင့် ချေးငွေထုတ်ပေး သူများအနေဖြင့်လည်း အထက်တွင်တင်ပြခဲ့သလို ပေါ့လျှော့နေနိုင်သည်။ လန်ဒန်မြေအောက်ရထား စီမံကိန်း ပီပီပီတွင် ဘူတာရုံများ၊ ရထားလမ်းများ၊အချက်ပြများ ပြင်ဆင်မွမ်းမံတည်ဆောက်သည့် ကန်ထရိုက်များနှင့် မြေအောက်ရထားလိုင်းအား ၀န်ဆောင်မှုပေးရန် အစိုးရဖြင့် နှစ်ရှည်ဘီအိုတီ စာချုပ်ချုပ်ဆိုသည့် ကုမ္ပဏီအုပ်စုအဖွဲ့ဝင်များ အတူတူဖြစ်နေသည်ကိုတွေ့ရသည်။ အကျိုးစီးပွား ပဋိပက္ခ (conflict of interest) ရှိနေခြင်းဖြစ်သည်။ ထိုကြောင့်လည်း လန်ဒန်မြေအောက်ရထား စီမံချက် ပီပီပီ မအောင်မြင်ရခြင်းဖြစ်သည်။ ထိုပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအနေဖြင့် အကျိုးအမြတ် မည်သည့်ရာခိုင်နှုန်း (rate of returns) ရသင့်သည်ဆိုသည်ကိုလည်း စနစ်တကျ တွက်ချက်သုံးသတ် ထားသင့်သည်။
ထိုကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပီပီပီဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက် (၂)ရပ်ကို မသွေဖီစေရန်နှင့် ပီပီပီများ အကောင်အထည်ဖေါ်ရာတွင် ထည့်ဝင်ရမည့် ငွေလုံးငွေရင်း အသုံးစရိတ် (capital cost)ကိုစနစ်တကျ တွက်ချက်နိုင်ရန် ကြိုးပမ်းသင့်သည်။ တည်ရှိပြီး လေဆိပ်၊ ဆိပ်ကမ်းနှင့် နိုင်ငံပိုင်အဆောက်အအုံများကို ပီပီပီဖြင့် အဆင့်မြင့်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း ပြုလုပ်ပြီး ၀န်ဆောင်မှုပေးရာတွင်လည်း မူလတည်ရှိပြီး အခြေခံအဆောက်အအုံများ၏ တန်ဘိုးကို ကာလ ပေါက်ဈေးဖြင့် စနစ်တကျ တွက်ချက်နိုင်ရန်လည်း အရေးကြီးသည်။
တတိယ သတိထားသင့်သည့် အချက်မှာ ပုဂ္ဂလိကအား မူလတည်ရှိပြီးဖြစ်သည့် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများအား နှစ်ရှည် ဘီအိုတီစာချုပ်ဖြင့် ငှားရမ်းမည်ဆိုပါက နိုင်ငံတော်၏ ရည်မှန်းချက်နှင့် ပုဂ္ဂလိက၏ ငှားရမ်းသည့် ရည်ရွယ်ချက်တို့ ကိုက်ညီရန်လိုအပ်သည်။ ယခင်တည်ရှိပြီး နိုင်ငံတော်ပိုင် စက်ရုံများသည် မြို့တွင်းတွင်တည်ရှိနေခဲ့လျှင် လူဦးရေထူထပ်လာမှုနှင့်အတူ မြေငှားရမ်းခများလည်း ထိုမြို့တွင် မြင့်တက်လာနိုင်ခဲ့သည်။ ထိုအခါ ငှားရမ်းသူသည် စက်ရုံတွင် အမှန်တကယ် ကုန်ထုတ်စွမ်းအား မြင့်တက်လာရန် ရင်းနှီးမြှုပ်နှံခြင်းထက် စက်ရုံပိုင်မြေကို ထပ်ဆင့် ငှားရမ်းမှုကို အဓိကထားလုပ်ဆောင်နိုင်သည်။ ထိုကြောင့် ဘီအိုတီများကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်သည့် ကော်မရှင်များကော်မတီများ ဖွဲ့စည်းရေးသည် နိုင်ငံတော်အတွက် အရေးကြီးသည်။
အထက်ပါအချက်၃ချက်သည် အဓိက သတိထားသင့်သည့်အချက်များဖြစ်ပြီး လက်တွေ့လုပ်ဆောင် သည့်အခါမှာလည်း အခြားသတိထားစရာများပေါ်ကောင်းပေါ်လာနိုင်သည်။ ထိုကြောင့် ပီပီပီများကို စနစ်တကျ ဆန်းစစ်လေ့လာပြီးမှသာ လုပ်ဆောင်သင့်သည်ဟုထင်မြင်ပါသည်။
အောင်မြင်သည့် ပီပီပီများ ပေါ်ထွန်းရန် ဆောင်ရွက်သင့်သည်များ
ရှုပ်ထွေးလှသည့် ပီပီပီများကို အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရန် အစိုးရ၏ စီမံခန့်ခွဲမှုစွမ်း ရည်သည် အဓိကကျသည်။ လျှပ်စစ်၊စွမ်းအင်၊ပို့ဆောင်ရေး အစရှိသည့် ကဏ္ဍများတွင်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ပီပီပီဖြင့် အကောင်အထည်ဖေါ်သည့်အခါ နိုင်ငံတော် အစိုးရအနေဖြင့် တွေးဆနိုင်သည်မှာ ယင်းကဏ္ဍများဖြင့် သက်ဆိုင်သည့် အင်ဂျင်နီယာများက ဦးဆောင်သင့်သည်ဟုဖြစ်သည်။ နည်းပညာရှုထောင့်တခုတည်းမှသုံးသပ်နိုင်သည်။ တကယ်တော့ ပီပီပီများသည် သက်ဆိုင်ရာကဏ္ဍ၏ နည်းပညာ ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် သက်ဆိုင်သည်မဟုတ်။ အထက်တွင်ဖေါ်ပြခဲ့သည့် စီမံကိန်းကာလတလျှောက် ကြုံတွေ့ရနိုင်သည့် ဆုံးရှုံးနိုင်သည့်အန္တရာယ် အားလုံးဖြင့်သက်ဆိုင်သည်။ ထိုအတွက်ကြောင့် ပီပီပီစာချုပ်များမချုပ်ဆိုမီ ပုဂ္ဂလိကမှတင်ပြလာသည့် စီမံကိန်းအဆိုပြုလွှာများကို စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်သည့် အင်ဂျင်နီယာကျွမ်းကျင်သူများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးကျွမ်းကျင်သူများ၊ ဥပဒေရေးရာနှင့်နိုင်ငံရေး ကျွမ်းကျင်သူများ၊ သဘာဝပတ် ၀န်းကျင်နှင့်လူမှုရေးရာကျွမ်းကျင်သူ ပညာရှင်များအဖွဲ့မှ ဆန်းစစ်သုံးသပ်ပေးသင့်သည်။ ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်မသင့်ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ဆုံးဖြတ်သင့်သည်။
အဆိုပြုလွှာများကိုလည်း စနစ်တကျ တောင်းခံတတ်သည့် စွမ်းဆောင်ရည် တင်ဒါခေါ်သည့် ၀န်ကြီး ဋ္ဌာနအဖွဲ့အစည်းများတွင်ရှိရန်လိုအပ်သည်။ အထူးသဖြင့် တင်ဒါအဆိုပြုလွှာ၌ တည်ဆောက်မည့် အခြေခံအဆောက်အအုံ၏ တည်ဆောက်ရေးပုံစံနှင့်နည်းပညာ၊ ကုန်ကျစရိတ်တွက်ချက်မှု၊ စီမံကိန်း၏ စီးပွားရေးအရ ဖြစ်နိုင်ချေတွက်ချက်မှုနှင့်အစီအစဉ် (business feasibility and plan)၊ စီမံကိန်း၏ ဘဏ္ဍငွေအရင်းအနှီးရှာဖွေမှုနှင့်ဘဏ္ဍာငွေစီးဆင်းမှုအစီအစဉ် (financial plan and cash flows) အစရှိသည်တို့သည် မပါမဖြစ် တောင်းခံရမည့်အရာများဖြစ်သည်။ ယင်းတို့တင်ပြလာသည့် အသေးစိတ် အစီအစဉ်များပေါ်မူတည်၍ ပီပီပီများကို ဆုံးဖြတ်သင့်သည်။ အသေးစိတ် အစီအစဉ်များ မပါရှိသည့် အဆိုပြုလွှာများကို လက်မခံသင့်။
ပီပီပီများအောင်မြင်မှုတွင် ပွင့်လင်းမြင်သာမှုသည် အရေးကြီးဆုံးဖြစ်သည့်အတွက် မည်သည့် ပီပီပီ စီမံကိန်းမဆို အသေးစိတ် အစီအစဉ်များကို ပြည်သူလူထုသို့ ချပြရှင်းလင်းသင့်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ပီပီပီနှင့်ပတ်သက်ပြီး ၂၀၁၆ခုနှစ်က ရှင်းလင်းတင်ပြမှုတစ်ခုအရ မြန်မာအစိုး ရသည် မည်ကဲ့သို့သော ပီပီပီများသည် ကောင်းမွန်သည့် ပီပီပီများဖြစ်သည်ကို မသိရှိ (Not knowing what is a good deal in the PPP context)၊ ၀န်ဆောင်မှု များ၏ ဈေးကွက်တန်ဘိုးကိုလည်းမသိရှိ (Not knowing what is market price for goods)၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူထံမှ ဘာတွေ တောင်းဆို၍ရနိုင်သည်ဆိုသည်ကိုလည်းမသိ (Not knowing what is possible to ask from private sector)နှင့် အစိုးရထံမှယင်းတို့ဘာတွေပြန်တောင်းဆိုလိမ့်မည်ဆိုသည်ကိုလည်းမသိ(Not knowing what they will demand from government)ဟုတင်ပြထားသည်ကိုဖတ်ရှုခဲ့ရသည်။
နောက်ဆုံးတင်ပြလိုသည်မှာ လက်ရှိအစိုးရ၀န်ကြီးဋ္ဌာနများတွင် အာရှဖွံ့ဖြိုးရေးဘဏ် ရှင်းလင်းတင် ပြခဲ့သလို ပီပီပီများကို အကောင်အထည်ဖေါ်ဆောင်ရန်နှင့်စီမံခန့်ခွဲရန် စွမ်းဆောင်ရည်မရှိသဖြင့် အစိုးရအနေဖြင့် ပီပီပီ ဗဟိုကော်မတီကဲ့သို့ ပြည်ထောင်စုအဖွဲ့တစ်ခုကို ဥပဒေအရဖွဲ့စည်းပြီး ပီပီပီမူဘောင်ရေးဆွဲရမည်။ ထိုနောက် ၄င်းအဖွဲ့မှ ကဏ္ဍအလိုက် ပီပီပီဖြင့် အကောင်အထည်ဖေါ်ဆောင်လိုသည့် စီမံကိန်း အမျိုးအစား၊ တည်နေရာ၊ အစရှိသည်တို့ကို စံချိန်စံညွှန်းများသတ်မှတ်၍ ဖေါ်ထုတ်သင့်သည်။ ပြီးမှသာ ယင်းဗဟိုအဖွဲ့၏လမ်းညွှန်ချက်အတိုင်း သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများမှ တင်ဒါများခေါ်ယူ၍ တင်လာသည့်အဆိုပြုလွှာများကိုလည်း ဗဟိုကော်မတီမှ ဆန်းစစ်သုံးသပ်ပြီး အကောင်အထည်ဖေါ်ဆောင်ရန် ခွင့်ပြုသင့်သည်။ တချိန်တည်း မှာပင် သက်ဆိုင်ရာ အကောင်အထည်ဖေါ်ဆောင်မည့် ၀န်ကြီးဋ္ဌာနများတွင်လည်း ပီပီပီယူနစ်များ ဖွဲ့စည်း၍ ပီပီပီများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့် စွမ်းဆောင်ရည်မြင့်မားလာအောင် လေ့ကျင့် သင်ကြားပေးရမည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ ပီပီပီလုပ်ဆောင်လိုလျှင်လည်း ဗဟိုပီပီပီအဖွဲ့၏ လမ်းညွှန်ချက်နှင့်ခွင့်ပြုချက်ရမှသာ ၀န်ကြီးဋ္ဌာနများကဲ့သို့ပင် လုပ်ဆောင်သင့်သည်။ အောင်မြင်သည့် ပီပီပီများပေါ်ထွန်းရေးတွင် ပြည်ထောင်စုအဆင့် ပီပီပီ ဗဟိုဋ္ဌာန ဖွဲ့စည်းရေးနှင့် ယင်း၏စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ယင်းမှတဆင့် အစိုးရ၀န်ကြီးဋ္ဌာနများနှင့်တိုင်းဒေသကြီး ပြည်နယ် အစိုးရများ၏ ပီပီပီ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အလျင်အမြန်ဆောင်ရွက်သင့်သည်။ လတ်တလော အကောင်အထည်ဖေါ်ဆောင်မည့် ပီပီပီများကိုလည်း နည်းပညာ၊ စီးပွားရေး၊ဘဏ္ဍာရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့်နိုင်ငံရေး ဆန်းစစ်သုံးသပ်သူများဖြင့် စနစ်တကျ ဆန်းစစ်သုံးသပ်ပြီးမှသာ အကောင် အထည်ဖေါ်ဆောင်သင့်သည်။ အလျင်စလို မဆောင်ရွက်သင့်ပါ။ ဖြစ်နိုင်လျှင် နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ပီပီပီဆိုင်ရာ နည်းပညာအကူအညီ တောင်းခံသင့်သည်။
နောက်ဆုံးတင်ပြရလျှင် အောင်မြင်သည့် ပီပီပီများဆိုသည်မှာ အစိုးရနှင့်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတို့ အကြား စီမံကိန်းကာလတလျှောက် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို ယူသင့်သူက မျှဝေယူခြင်းဖြင့်သာ ပေါ်ထွန်းလာမည်ဖြစ်သောကြောင့် အောက်ပါ အာရှဖွံ့ဖြိုးရေး ဘဏ်၏ ၂၀၁၇ခုနှစ်ကထုတ်ပြန်သည့် အာရှတိုက်၏ အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက် ပြည့်မီရန် “Meeting Asia’s Infrastructure Needs” အထူးအစီရင်ခံစာ၌ဖေါ်ပြထားသည့် ဆုံးရှုံးနိုင် သည့်အန္တရာယ်များ မည်သို့ခွဲဝေယူသင့်သည်ဆိုသည့် ဇယားများကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။

No comments:
Post a Comment