သို့/
ဥက္ကဌ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း ဝဏ္ဍသိဒ္ဓိရပ်ကွက်
နေပြည်တော်
ပြည်ထောင်စုမြန်မာနိုင်ငံ
ဥက္ကဌကြီးရှင့်
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာပါနိုင်ငံတော်ရဲ့နစ်နာမှုများကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးနိုင်ဖို့တင်ပြပါရစေ
ဒီသတင်းဟာမြန်မာ့ နိင်ငံရေးလေ့လာသူများနဲ့သတင်းမီဒီယာများကြားလူထုစိတ်ဝင်စားမှုအမြင့်ဆုံးသတင်းဖြစ်နေပါတယ်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာ နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကိုအခြေပြုပြီးနိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုများကိုထုတ်ဖော်တင်ပြတိုင်တန်းပါရစေ။ဒီလို နစ်နာမှု ဖြစ်ရစေခြင်း များဟာ လုပ်ပိုင်ခွင့်ရှိသူများရဲ့ အဂတိ မကင်းတဲ့ ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပါတယ်။
အဂတိလိုက်စားမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာဆိုရင် ဘယ်သူမဆိုပြည်သူ့ဘဏ္ဍာ ငွေကိုစီမံကိုင်တွယ်ဆောင်ရွက်ရာတွင် တည်ဆဲ
ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကိုဖောက်ဖျက်လို့ နိုင်ငံတော်ရဲ့ငွေကြေးနဲ့ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေရင် အဂတိလိုက်စားမှုဖြစ်ကြောင်းပါရှိပါတယ်။
အစီရင်ခံစာပါကြီးမား တဲ့ နစ်နာမှုတစ်ခုကတော့
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်းလူပုဂ္ဂိုလ်တဦးထဲကို ပေ၄၀ပေ၆၀ ရှိ မြေကွက် ၂၁ ကွက် စာ အကျယ်အဝန်းကို သက်သာတဲ့နှုန်းထားများနဲ့ရောင်းချထားခြင်းအပါအဝင် နံမည်ကျော်
ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကိုစီမံကိန်းအကြောင်းပြပြီးမြေဧကထောင်ချီပေးအပ်ခဲ့
တဲ့ကိစ္စဖြစ်ပါတယ်။အဲဒီမြေတွေအတွက်
မြေဂရန်ဝန်ဆောင်ခများသတ်မှတ်ရာမှာ
ဂရန်သစ်ဝန်ဆောင်ခနှုန်းနဲ့မကောက်ခံသည့် အတွက် နိုင်ငံတော်ဝင်ငွေ အနည်းဆုံး ၄၁.၉၇ ဘီလီယံကျော်နစ်နာခဲ့တာကိုအစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဥက္ကဌကြီးရှင်....
ကျမတို့ရဲ့ပြည်သူ့ဘဝအခြေအနေကိုတစေ့တစောင်းကြည့် မယ် ဆိုရင် ပြည်သူ့ဆေးရုံအများစုမှာ (တိုက်နယ် ဆေးရုံများ) အပါအဝင် ၂၄နာရီလျှပ်စစ်မီးရှိတာကရှာမှရှားဖြစ်ပါတယ်။
လူနာနဲ့ဆရာဝန်အချိုးမမျှတတာတွေအပြင် အချို့ ဆေးရုံတွေမှာ ကုတင်အပါအဝင် ဆရာဝန်၊ သူနာပြုနဲ့လူနာရှင်တွေအတွက်နေရာထိုင်ခင်း မလုံလောက်ခြင်းများ၊ တစ်နိုင်ငံလုံးမှာအရေးပေါ်ကုသမှုတွေအတွက်လိုအပ်တဲ့ ဆေးဝါးအပါအဝင်အခြေခံကျတဲ့သွေးစစ်ဆေးရေး၊နှလုံးနဲ့
ကျောကိကပ်ဆိုင်ရာစက်ကိရိယာများ၊ ကင်ဆာ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည် ပေးသည့် စက်ကရိယာများ အစရှိသဖြင့် အလုံအလောက် မရှိလို့ အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးသွားတဲ့ပြည်သများစွာရှိနေကြဆဲဆိုတာဘယ်သူမှမငြင်းနိုင်ကြပါဘူး။ အခု ကျမတို့ဆုံးရှုံးနေတဲ့၄၂ ဘီလီယံ နီးပါး ဟာပြည်သူထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်တဲ့ဆုံးရှုံးမှုပမာဏ
ဖြစ်ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံလေးစားစွာတင်ပြအပ်ပါတယ်။
နောက်ထပ်ဆုံးရှုံးမှုဖြစ်စဉ် တစ်ခု ကတော့ ရွှေတိဂုံစေတီတော်ကြီး ၏ အနောက်ဖက်မုဒ်ရဲ့မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာပုဂ္ဂလိကကုမ္ပဏီတခုကိုကာလပေါက်ဈေးထက်အများကြီးဈေးလျော့ပြီးဌားရမ်းထားတာကို သိရပါတယ်။ဒီ ဖြစ်ရပ်မှာ ဆိုရင်လည်း ပြည်သူ လူထုရရန်ငွေတွေဟာ လစဉ်တစ်ဘီလီလျံနစ်နာနေတာဖြစ်ပါတယ်။
ဒီငွေပမာဏဟာ ရန်ကုန်တိုင်းမှာရှိတဲ့ ခိုကိုးရာမဲ့ပြည်သူ ၁၆၆၀၀ ကျော်ကို တစ် ထောင်ကျပ်တန် တန်ဖိုးသင့် ထမင်း နှင့် ဟင်းကိုနေ့စဉ် ည/မနက်ကျွေးမွေးနိုင်တဲ့ပမာဏဖြစ်ပါတယ်
ဥက္ကဌကြီးရှင်
မဖြစ်မနေတင်ပြချင်တာ နောက် တစ်ခုက
နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရြှိ ၄၅ လမ်း ကစီမံကိန်းတစ်ခု အကြောင်းပဲဖြစ်ပါတယ်။ ဒီ စီမံကိန်းမှာ ဆိုရင် နိုင်ငံတော်မှ နစ်နာငွေဟာ ၉.၂ ဘီလီယံဖြစ်ပါတယ်လို့အစီရင်ခံစာကထုတ်ဖော်ထားပါတယ်။
ဒါ့ အပြင်ဗဟန်းမြို့နယ်မှာ ဌားရမ်းထားတဲ့မြေ ၁၅ ဧက အတွက်နှစ်စဉ် ၃.၈
ဘီလီယံဆုံးရှုံးနေပြီးကန်တော်ကြီး ကန်တော်မင်နဲ့ မြိုင်ဟေဝန် ဥယျာဉ်များ မှာ ဆိုရင် နိုင်ငံတော်ရဲ့ဆုံးရှုံးမှုဟာနှစ်စဉ် ၂ ဘီလီယံ ရှိနေပါတယ်။
ဒီဆုံးရှုံးမှုပမာဏဟာ
ရွှေ့ပြောင်းနေထိုင်မှုအများဆုံးဖြစ်ပြီးအိမ်ဌားခမြင့်မားလွန်းတဲ့ရန်ကုန်မြို့ကသာမန်ပြည်သူများအတွက်သိန်း ၁၀၀ တန် တန်ဖိုးနည်းတိုက်ခန်းပေါင်း
၂၅၀၀ခန့်ကို ကျန်ရှိသက်တမ်း ၃နှစ်အတွင်း
ဆောက်လုပ်ချထားပေးနိုင်တဲ့ပမာဏ
ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့နစ်နာမှုများကိုလေ့လာကြည့်ရင်တူညီတာတခုကတော့
လုပ်ပိုင်ခွင့်ရှိသူတယောက် သို့မဟုတ် တဖွဲ့က လူတဦးတယောက် ဒါမှမဟုတ် ပုဂ္ဂလိကကုမ္ပဏီများကိုတည်ဆဲဥပဒေများကိုချိုးဖောက်ပြီးအခွင့်အရေးပေးခဲ့မှုကြောင့်
သာနိုင်ငံတော်မှာ အခုလိုကြီးမားတဲ့နစ်နာမှုများဆက်တိုက်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
နိုင်ငံရေးစောင့်ကြည့်သူများအကြားစိုးရိမ်နေတာတခုကတော့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာပါကိစ္စများကိုကျော်စောသတင်းအဖြစ်မှတ်ယူပါ့မလားဆိုတာပါပဲ၊ဥပဒေအရတော့ကျော်စောသတင်းဆိုတာဟာအများပြည်သူုအတွင်းပျံ့နှံ့နေသောသတင်းတရပ်ရပ်တွင်တယောက်ယောက်ဟာအဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးခိုင်လုံတဲ့အထောက်အထားရှိနိုင်တယ်လို့ကော်မရှင်ကယုံကြည်ရန်ပေါ်ပေါက်သောသတင်းဖြစ်ပါတယ်၊
ဒီအစီရင်ခံစာကိုယ်တိုင်ကခိုင်လုံတဲ့အထောက်အထားဖြစ်တာမို့အခုကိစ္စဟာကျော်စောသတင်းဖြစ်ကြောင်းထင်ရှားလှပါတယ်၊ဒါအပြင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က)အပိုဒ်၂ ပါ
အဂတိလိုက်စားမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်
နဲ့ထင်ထင်ရှားရှားအကြုံးဝင်နေတဲ့
နိုင်ငံတော်ရဲ့ဆုံးရှုံးများ
ှုဖြစ်ပါကြောင်းထပ်ဆင့်တင်ပြရင်းပြည်သူများကိုယ်စားတိုင်ကြားအပ်ပါသည်။
မှန်ကန်တည်ကြည်စွာဖြင့်
ဒေါက်တာညိုညိုသင်း
ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ
ဖုန်း ၀၉၅၁၃၆၅၁၉ , ၀၉၉၇၇၇၄၃၁၁၁
Show quoted text
No comments:
Post a Comment