Saturday, July 15, 2017

နှလုံးရောဂါ ၊နှလုံးသွေးကြော ပိတ်ခြင်း - Thein Tun Aung, MBBS


၁။ ရင်ဘတ်အောင့်တာမပျောက်ရင်
ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်
လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်
တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။
သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။

 ဖိုးသူတော်(www.phothutaw.com)
Credit : Good Health
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒေါက်တာသိန်းထွန်းအောင် ဆောင်းပါး
နေ့စဉ်နေ့တိုင်း လူများ သေကြပါသည်။ သေဆုံးရခြင်း အကြောင်းများကို စုစည်းနှိုင်းယှဉ်ပါက နှလုံးသွေးကြော ပိတ်ခြင်းသည် ပထမ စွဲ၏။ နှလုံးသွေးကြော ပိတ်ခြင်းသည် အဓိက လူသတ်သမားဖြစ်သည်ဟု ရေးလေ့ပြောလေ့ ရှိပါသည်။ သို့သော် နှလုံးသွေးကြောများသည် ဘယ်လိုပိတ်သွားသနည်း။ ဘာကြောင့် ပိတ်သွားသနည်း။ ထိုအချက်သည် အလွန်တရာ အရေးကြီးသော အချက်ဖြစ်ပါသည်။ ပိတ်ရခြင်း အကြောင်းကို ရှင်းလင်းစွာ သိရလျှင် ကုစားရန် သိမည်ဖြစ်သည်။ ဘာကြောင့် ပိတ်သလဲ မပြောနိုင်ပဲ လင်ဇီး ပြုတ်သောက်။ ချင်းတက် ပြုတ်သောက်။ ကြက်သွန်ဖြူကို ပြုတ်သောက်ရုံဖြင့် နှလုံးသွေးကြော ပွင့်မည် မဟုတ်ပါ။ သည်လိုပြောသည်မှာ သူတပါး စီးပွားပျက်ရန် ပုတ်ခတ်ခြင်း မဟုတ်။ မပျောက်နိုင်သဖြင့် မပျောက်နိုင်ကြောင်း ပြောခြင်းသာ ဖြစ်သည်။
၁၈၅၄ ခုနှစ်ကတည်းက ဂျာမန်ဆရာဝန် ရုဒေါ့ ဗာချောင်း ဆိုသူက ကိုလက်စထရော အခဲများသည် သွေးကြောများကို ပိတ်ဆို့စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဆရာဝန်တိုင်း သူ့ကို သိကြသည်။ ဗာချောင်း၏ သွေးကြော ပိတ်ဆို့စေသော ဥပဒေသ သုံးခုကို တစ်ကမ္ဘာလုံးရှိ ဆေးကျောင်းတိုင်းတွင် သင်ကြသည်။ ၁၉၁၃ ခုနှစ်တွင် ရုရှားဆရာဝန် နစ်ကိုလိုင် အန်တက်စကိုးသည် ယုန်များကို အစာများများ ကျွေးပြီးနောက် ကိုလက်စထရော တက်လာကြောင်းနှင့် သွေးကြောများ ပိတ်ဆို့စေကြောင်းကို ပြသနိုင်ခဲ့သည်။ ၁၉၂၇ တွင် ကိုလက်စထရော၏ ဓါတုဗေဒဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့သော ဂျာမန်ဆရာဝန် နှစ်ဦး နိုဗယ်ဆုရခဲ့သည်။ သူတို့၏ နာမည်များမှာ စာလုံးပေါင်းရန် အလွန်ခက်သဖြင့် ဖော်ပြခြင်း မပြုတော့ပါ။ ၁၉၃၈ တွင် နော်ဝေမှ ကားမစ်လာဆိုသူက မျိုးရိုးလိုက် ကိုလက်စထရော များသူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးသွေးကြော ပိတ်ပြီး သေဆုံးသည်ကို တွေ့ရှိခဲ့သည်။ ၁၉၆၄ တွင် ကွန်ရက်ဘလော့ ဆိုသူ အမေရိကန် ဆရာဝန်က ကိုလက်စထရော ထုတ်လုပ်သော အင်ဇိုင်းကို ဖော်ထုတ်ခဲ့ပြီး နိုဗယ်ဆု ရခဲ့ပြန်သည်။ ၁၉၈၅ တွင် ကိုလက်စထရောနှင့် ပတ်သက်ပြီး နောက်ထပ် နိုဗယ်ဆုတစ်ခု ထပ်ပေးသေးသည်။
ရှေးလူကြီးများသည် ကိုလက်စထရောကို နှိမ့်ချခြင်းဖြင့် နှလုံးသွေးကြောပိတ်ခြင်းကို လျှော့ချနိုင်သည်ကို အမျိုးမျိုး အဖုံဖုံ သက်သေပြခဲ့သည်။ ထို့နောက် ၁၉၅၅ မှ ယခုအချိန်တိုင် မြောက်များစွာသော ဆရာဝန်တို့သည် ကိုလက်စထရောကို နှိမ့်ချနိုင်သော ဆေးများကို အမျိုးမျိုး စမ်းသပ်ကြသည်။ ထိုဆေးများကြောင့် သေဆုံးမှု လျော့ပါးခြင်း ရှိမရှိကို စမ်းသပ်ကြသည်။ ၁၉၈၇ မှ နောက်ပိုင်းတွင် ကိုလက်စထရောကို နှိမ့်ချသော ဆေးငါးမျိုးထက် မနည်းသည် သေဆုံးမှုကို လျော့ပါးစေကြောင်း ထင်ရှားစွာ သက်သေပြနိုင်ခဲ့ပြီး ဖြစ်၏။ ထိုဆေးများကို ထုတ်ရောင်းသော ကုမ္ပဏီများ သူဌေးဖြစ်သွားကြသည်။
ကြားရသော သတင်းများသည် အလွန်ကောင်းပါ၏။ သို့ဆိုလျှင် အဓိက လက်သည်ကို သိပြီဖြစ်သည်။ ကိုလက်စထရောကို သုညအထိ လျှော့ချနိုင်လျှင် ကိစ္စပြီးပြီ ဖြစ်သည်။ ကိုလက်စထရော မရှိတော့လျှင် ဘယ်သွေးကြောမှာမှ ကိုလက်စထရော ပိတ်ဆို့မှု ဖြစ်တော့မည် မဟုတ်။ သို့ဆိုလျှင် နှလုံးရောဂါလည်း မရှိတော့။ လူတွေလည်း သေတော့မည် မဟုတ်။ ... အဲ အဲ ... အဲလိုတော့လဲ မဖြစ်နိုင်သေးပါ။ ရေဘူးပေါက်တာ မသိချင် ရေပါတာပဲ လိုချင်သည်ထက် ဆိုးနေပြီ။
တစ်ဖက်မှလှည့်၍ စဉ်းစားကြည့်ရအောင်။ ကိုလက်စထရော ပိတ်လျှင် သွေးကြောများ ကျဉ်းသည်ကတော့ ဟုတ်ပါသည်။ သို့သော် ဘယ်လို ကျဉ်းသနည်း။ ဘယ်လောက်ကြာမှ ကျဉ်းသနည်း။ သွေးကြောများသည် ဂျိုးဖြူပိုက် အနည်ထိုင်ပြီး သံချေးကိုက် ပိတ်သလို တဖြည်းဖြည်းချင်း ပိတ်ခြင်းပေလော။ သုတေသန လုပ်ကြည့်သူများ တွေ့ရှိသည်မှာ ထိုသို့ မဟုတ်ချေ။ အကြောင်းမှာ လူ၏ သွေးကြောများသည် ဂျိုးဖြူပိုက်လို သံပိုက်အမာ မဟုတ်သောကြောင့်ပေတည်း။
ကျွန်တော် နားလည်သလို ပြန်ပြောရလျှင် သွေးကြော ပိတ်ခြင်းသည် မြို့တွင်း ကားပိတ်ခြင်းနှင့် အလားတူသည်။ ရန်ကုန်မြို့တွင်း၌ လမ်းဘေးဈေးသည်များ ဈေးရောင်းသဖြင့် ကားလမ်း ကျဉ်းသွားသည်။ သို့သော် လုံးဝ ပိတ်သွားသည်အထိ မကျဉ်းချေ။ အဘယ်ကြောင့်နည်း။ ကားများက ဟွန်းတီးပြီး အတင်းမောင်းသောကြောင့် ဖြစ်၏။ လမ်းဘေးဈေးသည်များသည် အတင်းမောင်းလာသော ကားကို ရှောင်ကိုရှောင်ရ၏။
လူတွင်လည်း ကိုလက်စထရော ပိတ်လာသောအခါ သွေးကြောများက ဆန့်ထွက်ကာ ကျယ်အောင် လုပ်ခြင်းဖြင့် တုန့်ပြန်သည်။ ကိုလက်စထရော ပိတ်လာသဖြင့် တစ်ဖက်သို့ သွေးမရောက်သောအခါ တစ်ဖက်က အော်၏။ ထိုအခါ သွေးကြောများက ကျယ်လာလေသည်။ ကိုလက်စထရော ပိတ်နေသော်လည်း သွေးကြော၏ အတွင်းဖက် အပေါက်ဝကတော့ အတူတူသာ ဖြစ်သည်။ ယင်းကြောင့် ကိုလက်စထရော တက်လာရုံသက်သက်ဖြင့် နှလုံးသွေးကြော ကျဉ်းကောင်း ကျဉ်းမည်။ သို့သော် လုံးဝပိတ်ဖို့ကတော့ အတော်ကလေး ခက်ပါသည်။ သွေးကြောလုံးဝ ပိတ်သွားဖို့ မီးပွားကလေး တစ်ခုခု ကျလာမှ ပိတ်မည် ဖြစ်သည်။ ထိုအခြင်းအရာကို ၁၉၈၀ ၀န်းကျင်တွင် သုတေသန စာတမ်းများ ထွက်လာတော့မှ လူသိများလာ၏။
.
.
.
ရန်ကုန်မြို့တွင်းကို ပြန်သွားကြစို့။
မြို့တွင်းကားပိတ်ရန်အတွက် လက်သည်မှာ စည်ပင်သာယာပင် ဖြစ်သည်။ တစ်နှစ်လျှင် နှစ်ခါ။ တစ်ခါလျှင် ခြောက်လ စည်ပင်သာယာ၏ စီမံကိန်းများ ရှိလေသည်။ ပလက်ဖောင်းများ နိမ့်နေသဖြင့် မြင့်အောင် လုပ်သည်။ ပလက်ဖောင်းများ မြင့်နေသဖြင့် ဖြိုသည်။ လူသွားလမ်း ပလက်ဖောင်းများကို ကားသွားလမ်းအဖြစ် ဖောက်သည်။ ထို့နောက် လူသွားလမ်း မရှိတော့သဖြင့် ပလက်ဖောင်းများကို ပြန်ဆောက်လေသည်။ လူသွားလမ်း၏ ဘေးတွင် မြောင်းတူးရန် လမ်းပိတ်သည်။ မြောင်းကို ဖုံးရန်အတွက် လမ်းပိတ်သည်။ မြောင်းဖုံးသွားသဖြင့် ပြန်ဖော်ရန် လမ်းပိတ်သည်။ ဤသို့ဖြင့် တစ်နှစ်လျှင် နှစ်ခါ။ တစ်ခါလျှင် ခြောက်လစီ စည်ပင်သာယာ စီမံကိန်းများ ရှိလေသည်။
ဆိုလိုသည်မှာ ကျဉ်းနေသော သွေးကြော ပိတ်သွားရန်အတွက် တစ်ခုခု ဖြစ်ရန် လိုအပ်သည်။ ကိုလက်စထရောများ ပေါက်ထွက်သွား လျှင်သော်လည်းကောင်း၊ သွေးကြောတွင် ဒါဏ်ဖြစ်ပြီး ထိုနေရာတွင် သွေးခဲကလေး ဖြစ်လာလျှင် သော်လည်းကောင်း၊ အခြားတစ်နေရာမှ သွေးခဲက လာပြီး ပိတ်လျှင်သော်လည်းကောင်း၊ ဆေးလိပ်မှာ ပါသည့် နစ်ကိုတင်းဓါတ်ကြောင့် သွေးကြောများ ဆတ်ကနဲ ပိတ်သွားလျှင်သော်လည်းကောင်း နှလုံးသွေးကြော ပိတ်တတ်သည်။
နှလုံးသွေးကြော ကျဉ်းခြင်းနှင့် နှလုံးသွေးကြော ပိတ်ခြင်း မတူပါ။ အကြွေးကင်းသောလူနှင့် သူဌေး မတူသကဲ့သို့ မတူပါ။ အကြွေးကင်းသော လူတိုင်းသည် သူဌေးမဟုတ်။ သူဌေးတိုင်းသည်လည်း အကြွေး မကင်းချေ။ နှလုံးသွေးကြော ပိတ်ခြင်းက ခေါက်ကနဲ သေစေနိုင်သည်။ နှလုံးသွေးကြော ကျဉ်းခြင်းကိုကား သိချင်မှတောင် သိမည်ဖြစ်သည်။ လမ်းဘေးဈေးသည်များ ရန်ကုန်မြို့အနှံ့ရှိသည်။ မည်သူကမျှ လမ်းဘေးဈေးသည်တွေကို အကုန်ရှင်းပစ်မည်ဟု မတောင်းတချေ။ သို့သော် စည်ပင်သာယာကိုကား အပြုတ်နှံချင် ကြသူသာ များ၏။
ဟုတ်ပါပြီ။ နှလုံးသွေးကြော ပိတ်ခြင်းသည် လူသေစေတတ်၏။ ကိုလက်စထရော များခြင်းသည် လူသေစေတတ်၏။ ကိုလက်စထရော နည်းသွားလျှင် ကျဉ်းနေတာတွေ ပြေသွားမည်လော။ အဲလိုတော့လဲ မဟုတ်သေးချေ။ ကိုလက်စထရောကို နှိမ့်ချသည့် ဆေးများကို နှစ်နှစ်၊ သုံးနှစ် သောက်ပြီးသူများကို စမ်းသပ်ကြည့်သောအခါ နည်းနည်းကလေး လျော့သွားသည်ကို တွေ့ရပါသည်။ သို့သော် ဆီးသီးလောက်ရှိသည့် ကိုလက်စထရော အခဲကြီးသည် ဆံလုံးသာသာ လျော့သွားခြင်း ဖြစ်သည်။ ပြောပလောက်အောင် လျော့နည်းခြင်း မရှိချေ။
.
.
.
တစ်ဖက်တွင် ကိုလက်စထရောကို နှိမ့်ချခြင်းသည်
အတိုင်းအတာ တစ်ခုထိသာ လျော့စေသည်။ ကိုလက်စထရောကို သုညအထိ ရောက်အောင် နှိမ့်ချရန် မဖြစ်နိုင်ချေ။ ဈေးကွက်ထဲတွင် ရှိသော အေတော်ဗာ စတက်တင်၊ ဆင်ဗာ စတက်တင်၊ ရိုဆူဗာ စတက်တင်၊ စသည့်စသည့် စတက်တင် ဖြင့် ဆုံးသော ဆေးများသည် ကိုလက်စထရောကို ရှိရင်းစွဲ၏ ငါးပုံတစ်ပုံမှ သုံးပုံတစ်ပုံခန့်သာ နှိမ့်ချနိုင်စွမ်းရှိသည်။ သို့စဉ်လျက် သည်ဆေးများကြောင့် နှလုံးရောဂါ ဖြစ်နှုန်း ကျသွားသည်မှာ မျက်မြင်ဖြစ်သည်။ ကိုလက်စထရော ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသော ဆယ်စုနှစ်တစ်ခု ကျော်ပြီးနောက် နှလုံးသွေးကြော ပိတ်သူများ နည်းသည်ထက် နည်းလာသည်ကောတ့ အမှန်ပင် ဖြစ်သည်။
သည်တွေ့ရှိချက်များကို သုံးသပ်ပါက သွေးကြော ကျဉ်းခြင်းကို ကိုလက်စထရော ဆေးများက ကောင်းစွာ မကုစားနိုင်။ သို့သော် သွေးကြောပိတ်ခြင်း ကိုတော့ ကာကွယ်ပေးနိုင်သည်ဆိုသော အဖြေကို ရ၏။
ကိုလက်စထရောသည် အစားအသောက်နှင့် ဆိုင်သည်။ အစားအသောက် ဆင်ခြင်လျှင် ကိုလက်စထရော မတက်နိုင်ဆိုသော အတွေးသည် စိတ်ချမ်းသာဖို့ ကောင်းပါသည်။ သို့သော် လက်တွေ့တွင် ပြဿနာ များစွာ ရှိ၏။
ပထအဆုံး အချက်မှာ ကိုလက်စထရော တက်စေသော အစာများကို ကျွန်တော်တို့ သိသည်။ ကိုလက်စထရောကို နည်းစေသော အစာများကို သေချာမသိချေ။ (ကိုလက်စထရော အများဆုံး တက်စေသော အစာမှာ အသားနှင့် ဆီပြန်ကြော်များ ဖြစ်သည်။ ဆီပြန်ဟင်း၊ နှစ်ပြန်ကြော်၊ ၀က်သား သုံးထပ်သားနှင့် အမဲသားတို့သည် ကိုလက်စထရော အများဆုံးပါသည်။) လင်ဇီး၊ ကြက်သွန်ဖြူ၊ ချင်း၊ မြင်းခွာရွက်၊ သာဂဒိုး အပင်၊ ရွှေပြာ၊ ပြဒါးပြာ၊ ဓါတ်လုံး၊ စသဖြင့် မြောက်မြားစွာသော ဆေးနည်းများအနက် ကိုလက်စထရောကို ထိထိရောက်ရောက် နှိမ့်ချနိုင်သော အရာ တစ်ခုမျှ မရှိပါ။
ဒုတိယ အချက်မှာ ကိုလက်စထရောကို အသည်းက ထုတ်လုပ်သည်။ ကိုလက်စထရောကို မစားပဲ ကိုလက်စထရော တက်နေသော လူများစွာ ရှိသည်။ ၁၉၃၈ တွင် နော်ဝေမှ ကားမစ်လာဆိုသူက မျိုးရိုးလိုက် ကိုလက်စထရော များသူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးသွေးကြော ပိတ်ပြီး သေဆုံးသည်ကို တွေ့ရှိခဲ့သည်။ ထိုလူများသည် ဘာမျှ မည်မည်ရရ မစားပါပဲလျက် ကိုလက်စထရောများ အလွန်တက်နေပြီး စောစောစီးစီး နှလုံးသွေးကြောပိတ်ကာ သေဆုံးကုန်ကြသည်။
သင်ခန်းစာမှာ အစားမရှောင်ပဲ ဆေးချည်းပဲ သောက်၍မရ။ ဆေးမသောက်ပဲ အစားရှောင်ရုံဖြင့် အလုပ်မဖြစ်။ ဆေးလည်းသောက် အစားလည်း ရှောင်ပါမှ ကိုလက်စထရော နည်းပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။
နှလုံးသွေးကြော ပိတ်တော့ ဘာအရေးလဲ။ ပိတ်နေသော နေရာကို ချဲ့ပြီး ပိုက်ကလေးတွေ ထည့်လိုက်လျှင် ပြန်ကောင်းတာပဲ မဟုတ်လားဟု မေးလိုသူက မေးနိုင်သည်။ အိုကွာ ခွဲစိတ်ပြီး သွေးကြောတွေကို ပြောင်းပြန် ပြန်ဆက်လိုက်ရင်ရောဟု မေးနိုင်သည်။
ရသည့်နေရာ နှစ်နေရာရှိပါသည်။ တရုတ်သိုင်းကားနှင့် မြန်မာရုပ်ရှင်ကားများ ဖြစ်ပါသည်။
.
.
.
နှလုံးသွေးကြော ပိတ်လျှင် နှလုံးသား သွေးမရတော့ပါ။
နှလုံးသား သွေးမရလျှင် နှလုံးခုန်တော့မည် မဟုတ်ပါ။ နှလုံးမခုန်ခြင်းသည် သေခြင်းနှင့် အတော်ကလေး နီးစပ်နေပြီ ဖြစ်သည်။ နီးသမှ တော်တော့်ကို နီးနေပြီဖြစ်သည်။
နှလုံးသွေးကြောကို ချဲ့ခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပါ။ သွေးကြော ပြဲသွားနိုင်သည်။ ကွဲသွားနိုင်သည်။ ပြတ်ထွက်သွားနိုင်သည်။ အလွန်ကောင်းသော ဆေးရုံကြီးများတွင် လုပ်နေကျ ဆရာဝန်များ လုပ်သည့်တိုင်အောင် နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းခန့် အဖိတ်အစင်ရှိသည်။ လုပ်လေ့လုပ်ထ မရှိသော၊ ပစ္စည်းမပြည့်စုံသော နေရာများတွင် ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာနှုန်း အထိ အဖိတ်အစင်ရှိသည်။
ပိုက်ထည့်ပြီး ချဲ့လိုက်တာကတော့ ဟုတ်ပါပြီ။ ထည့်ထားသော ပိုက်က မပိတ်တော့ဘူးလော။ သည်လို ပိုက်ထည့်ပြီးချဲ့သည့် နည်းပညာ ပေါ်သည်မှာ အနှစ်သုံးဆယ် ပြည့်လုပေပြီ။ ပထမပိုင်းတွင် ချဲ့ထားသော သွေးကြောများ တစ်နှစ်အတွင်း ပြန်ပိတ်သည်မှာ မနည်းချေ။ အမြင့်ဆုံး သုံးဆယ်ရာနှုန်းအထိ ရှိသည်။ ဆိုလိုသည်မှာ လူနာသုံးယောက်ကို နှလုံးသွေးကြော ချဲ့လိုက်ပါက တစ်ယောက်ကတော့ တစ်နှစ်အတွင်း ပြန်ပိတ်လိမ့်မည်။ အခုနောက်ပိုင်းတွင် သွေးကျဲဆေးများ လှိုင်လှိုင်သုံးကာ ပိုက်များကို မပိတ်အောင် ထိန်းနိုင်သဖြင့် အများကြီး တော်သွားသည်။
သေနေ့မစေ့သေးသဖြင့် ပိုက်ထည့်ပြီး ချဲ့နိုင်ပြီပဲ ထားဘိဦးတော့။ နောက်တစ်နေရာက ထပ်ပိတ်မည်မှာ သေချာလှသည်။ ကိုလက်စထရောသည် တစ်နေရာတည်းတွင် စုပုံပြီး ပိတ်ခြင်း မဟုတ်။ ဟိုနားနည်းနည်း၊ သည်နားနည်းနည်းဖြင့် ခေါင်းမှ ခြေအထိ ပြန့်နေသော သွေးကြောတိုင်းတွင် နည်းနည်းစီ ပိတ်မည်သာ ဖြစ်သည်။ ထို့ကြောင့် ပိတ်နေသော နေရာကလေး တစ်ခုကို ချဲ့လိုက်ရုံဖြင့် သေမင်းကို အံတုနိုင်ပြီဟု ထင်လျှင်တော့ အလွဲကြီး လွဲမည်သာ ဖြစ်သည်။
နှလုံးသွေးကြောကို ပိုက်ထည့်ပြီး ချဲ့လိုက်ပြီးနောက် သွေးကျဲဆေးများ သောက်မည်။ ကိုလက်စထရော ကျစေသော ဆေးများကို မှန်မှန်သောက်မည်။ ဆေးလိပ်ဖြတ်မည်။ အစားရှောင်မည်။ လေ့ကျင့်ခန်း လုပ်မည် ဆိုပါက ကျန်သေးသော အသက်ကို ဆန့်ထုတ်ရန် အခွင့်အလမ်းများမည် ဖြစ်သည်။ ဥစ္စာ ကံစောင့်ပြီး အသက် ဥာဏ်စောင့်ပါသည်။
.
.
.
စာရေးသူ ဘ၀အကြောင်း
ကျွန်တော်သည် ဆေးကျောင်းကို ၂၀၀၁ ခုနှစ်တွင် စတက်ခဲ့သည်။ ရန်ကုန် မြောက်ဥက္ကလာပ ဆေး (၂) မှ အောင်ခဲ့ပြီး ယခုတော့ နိုင်ငံရပ်ခြားတွင် နှလုံးအထူးကု လုပ်ရန် သင်ကြားနေပါသည်။ အချိန် ဆယ့်ခြောက်နှစ် အတွင်း နှလုံးသွေးကြော ပိတ်ပြီး သေကောင်ပေါင်းလဲ ဖြစ်နေသူများကို နေ့စဉ်နေ့တိုင်း တွေ့ရင်းဖြင့် သည်စာကို ရေးခြင်း ဖြစ်သည်။ မြင်ခဲ့ပြီးသော ဆယ့်ခြောက်နှစ် အတွင်း ဆေးပညာ အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ များစွာ ပြောင်းလဲလာခဲ့သည်ကို သုံးသပ်ကြည့်ပြီး ကျွန်တော့်အမြင်ကို တင်ပြခြင်း ဖြစ်ပါသည်။ လိုရင်းအချက်မှာ အရာရာကို ဥာဏ်ဖြင့် နှိုင်းဆရန်ပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ စုဆောင်းထားသော ကိုလက်စထရောများကြောင့် နှလုံးသွေးကြော ကျဉ်းခြင်းသည် တစ်ရက် တစ်လလောက် ဆေးသောက်လိုက်ရုံဖြင့် မပျောက်နိုင်ပါ။ ခွဲစိတ်ကုသခြင်း၊ သွေးကြောချဲ့ခြင်းများသည် အရေးပေါ် အသက်လုရန်အတွက် ရကောင်းရမည်။ သို့သော် တစ်ကိုယ်လုံးတွင် စုခဲနေသော ကိုလက်စထရောများကို ဘယ်လိုနည်းနှင့်မှ ဖယ်မပစ်နိုင်ပါ။ အသက်ကို ဥာဏ်စောင့်ပါသည်။ သတိရှိနိုင်ပါစေ။
Thein Tun Aung, MBBS
Diplomate of the American Board of Internal Medicine,
Currently a Cardiovascular Fellow, Dayton, Ohio, USA
.
my comment.
ဘန်ကောက်ကို ပြွန်ထည့် ဆေးသွားကုရင် ငွေ သိန်း၅ရာကျော် ကုန်မယ်။ ငွေထက် ကျန်းမာရေးဥိးစားပေးရတော့တယ်။ အလုပ်ပိခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ စိတ်ညစ်စရာများကို ဥပခါပြုမပြုနိုင်ခြင်းတွေက နှလုံးသွေးတက် တာကို အနေထိုင် အစားသောက် အကျင့်စရိုက်များ ပြောင်းနိုင်ရင် ဆေးကုစရာမလိုတဲ့လူများလဲ ရှိပါတယ်။

No comments:

Post a Comment